ရွေးချယ်မှု
Vol. 11 Ch. 132
‘ဘယ်လိုပဲဖြစ်ဖြစ် စီနီယာအစ်မကြီးရော နန်းတော်သခင် နှစ်ယောက်စလုံးကပါ ပျက်စီးနေတဲ့ နတ်လက်နက် တစ်ခုကို ရွေးချယ်မှာ မဟုတ်ပါဘူး’
လီယွမ်က စိတ်ထဲမှ တွေးလိုက်၏။
သူ့အနေဖြင့် ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ်မြောက် ရွေးချယ်ခွင့် ရသည့်အချိန်မှသာ ၎င်းကို ရွေးချယ်မည်ဆိုပါက ပို၍ သဘာဝကျပေလိမ့်မည်။
ရတနာသိုက်ကြီး၏ နဝမထပ်တွင် ရှိသော ဒုတိယမြောက် ပစ္စည်းမှာ သိုင်းပညာ ကျင့်စဉ်တစ်ခုကို ရေးသားထားသော ရှေးဟောင်း စာအုပ်တစ်အုပ် ဖြစ်သည်။
ဒါကလည်း အပြည့်အစုံ မဟုတ်ဘဲ ရှေးဟောင်း သိုင်းနတ်ဘုရား တစ်ပါးက ဖန်တီးခဲ့သည်ဟု ယူဆရသည်။
လီယွမ်ကတော့ ၎င်းကို လုံးဝ လျစ်လျူရှုထားလိုက်၏။
ချို့ယွင်းချက် ရှိနေတဲ့ သိုင်းနတ်ဘုရားရဲ့ ကျင့်စဉ် လား..
သူက မာနကြီးလွန်းနေတာ မဟုတ်ပေမယ့် လူတွေကို တကယ်ပဲ အထင်သေးနေတာတော့ အမှန်ပင်။
‘ဘယ်လိုပဲဖြစ်ဖြစ် သိုင်းနတ်ဘုရား ထိုက်ဇူ ကိုယ်တိုင် လက်ဆင့်ကမ်း ပေးခဲ့တဲ့ နတ်ဘုရားအဆင့် သိုင်းပညာ သုံးခုတောင် ငါ့ဆီမှာ ရှိနေတာပဲလေ..
အဲဒါတွေက ငါ့အတွက် လေ့ကျင့်ဖို့ လုံလောက်နေပါပြီ..’
တတိယမြောက် ပစ္စည်းမှာ ကျောက်စိမ်းတုံး တစ်တုံး။
ဒါကလည်း ကျိုးပဲ့နေသည်။
လီယွမ်လည်း အဲဒါက ဘာအမျိုးအစားလဲ ဆိုတာကို မသိသလို ရှောင်ချိုက်ကလည်း စိတ်မဝင်စားပေ။
ဝူမေ့၏ ဆင့်ကဲပြောင်းလဲမှု အပေါ် အကျိုးသက်ရောက်နိုင်စွမ်းကို ကြည့်မည်ဆိုပါက ၎င်းတို့ထဲမှ မည်သည့်အရာကမျှ အဋ္ဌမထပ်ရှိ ရတနာလောက် အစွမ်းမထက်လှချေ။
“ဘယ်လိုလဲ ဂျူနီယာ မောင်လေး မျက်စိကျတာ တစ်ခုခု တွေ့ပြီလား”
နင်ဟုန်ယွီက မေးမြန်းလိုက်၏။
“မတွေ့ပါဘူး”
လီယွမ်က ခေါင်းယမ်းပြလိုက်သည်။
“နဝမထပ်မှာ ရှိတဲ့ ပစ္စည်းတွေ အားလုံးက ပျက်စီးနေတာတွေချည်းပဲ.. ကူသခင်တွေအတွက်တော့ ဘာမှ အသုံးမဝင်ပါဘူး.. တခြားပစ္စည်းတွေနဲ့ လဲလှယ်ဖို့လောက်ပဲ အသုံးဝင်မှာပါ”
“အဲဒါက ပုံမှန်ပါပဲ”
နင်ဟုန်ယွီက ရယ်ရင်း ဆိုလိုက်၏။
“ချက်ချင်း အသုံးဝင်နိုင်ပြီး အရေးကြီးတဲ့ အချိန်တွေမှာ အသက်ကို ကယ်တင်နိုင်တဲ့ ဒါမှမဟုတ် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စွမ်းရည်တွေ ရှိတဲ့ ရတနာမျိုးသာ ဆိုရင်တော့ လင်းယွဲ့က ဒီနေရာမှာ ထားမှာ မဟုတ်ဘူးလေ”
“တစ်ခုခုတော့ ရွေးလိုက်ကြတာပေါ့”
“ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်မယ် ဆိုရင် နောက်နောင်ကျရင် ဒီလောက် ရတနာ အများကြီးကို လွယ်လွယ်ကူကူ ရဖို့ဆိုတာ.. နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ကို ဓားပြတိုက်ရသလိုမျိုး ခက်ခဲသွားလိမ့်မယ်”
“အင်း”
လီယွမ်က ခေါင်းညိတ်လိုက်၏။
နောက်ဆုံးတွင် သူသည် အဋ္ဌမထပ်သို့ သွားရောက်ကာ ဝူမေ့နှင့် လိုက်ဖက်မည့် ရတနာကို ရွေးချယ်လိုက်၏။
[ အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သား - ဝေးကွာလှတဲ့ ကျွန်းတစ်ကျွန်းမှာ ပေါက်ရောက်လေ့ရှိတယ်။ ထောင်သောင်းချီတဲ့ မိုးကြိုးပစ်ခတ်မှုတွေနဲ့ ရေတွက်လို့ မရနိုင်တဲ့ မီးလောင်ကျွမ်းမှုတွေ ကနေတစ်ဆင့် အသွင်ပြောင်းလဲလာတဲ့ သစ်ပင် တစ်ပင်
ဒါဟာ ကောင်းကင်နဲ့ မြေကြီးက ထုဆစ်ဖန်တီးထားတဲ့ အရာတစ်ခု ဖြစ်ပြီး အလွန်ကို အစွမ်းထက်ကာ ယဉ်ပါးမှု မရှိတဲ့ မိုးကြိုးနဲ့ မီးစွမ်းအင်တွေ ပါဝင်နေလို့ အလွန်ကို အန္တရာယ်များလှပါတယ်..
ဒါပေမဲ့ အလွှာ တစ်ထောင်လောက် ရှိတဲ့ မိုးကြိုးနဲ့ မီးလျှံတွေရဲ့ ပုံသွင်းမှုကို ခံထားရတဲ့ အနက်ရှိုင်းဆုံး အလွှာမှာတော့ ‘အံ့မခန်း’ လို့ ခေါ်ဆိုနိုင်လောက်တဲ့ အသက်ဓာတ်တွေ ပါဝင်နေပါတယ်..]
အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သားကို ဝူမေ့ ကိုယ်တိုင် ရွေးချယ်ခဲ့လေ၏။
[ဒါဟာ အလွန်ကို ယဉ်ပါးအောင် လုပ်ဖို့ ခက်ခဲတဲ့ ရတနာ တစ်ခုဖြစ်ပြီး အဖိုးအခလည်း အရမ်းကြီးမားသလို အောင်မြင်နိုင်ချေကလည်း နည်းပါးလှပါတယ်..
ဒါ့အပြင် အဲဒီအထဲမှာ ပါဝင်နေတဲ့ ကောင်းကင်မိုးကြိုးနဲ့ မြေကမ္ဘာမီးလျှံ စွမ်းအားတွေရဲ့ ပြန်လည် ရိုက်ခတ်မှုကြောင့် ကိုယ်တိုင်တောင် ထိခိုက်ဒဏ်ရာ ရနိုင်ချေ ရှိပါတယ်..]
စနစ်က ရှင်းပြလာလေ၏။
“ကျွန်တော် ဒါကိုပဲ ရွေးလိုက်မယ်”
လီယွမ်က ဆုံးဖြတ်ချက် ချလိုက်သည်။
“ဂျူနီယာ မောင်လေး… မင်း သေချာရဲ့လား”
နင်ဟုန်ယွီမှာ အံ့ဩသွားပြီး သူမ၏ ပါးစပ်လေးပင် အနည်းငယ် ဟသွား၏။
“မင်းက.. ချီ သန့်စင်တဲ့ သွေးကို ဖန်တီးဖို့ ဒါကို အသုံးပြုမလို့တော့ မဟုတ်ပါဘူးနော်.. အဲဒါက လက်ခံလို့ မရဘူး.. အရမ်းကို အန္တရာယ်များလွန်းတယ်”
“ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ် စီနီယာအစ်မကြီး”
လီယွမ်က ရယ်လိုက်သည်။
နင်ဟုန်ယွီက ခဏမျှ တွေးတောလိုက်၏။
‘ဂျူနီယာ မောင်လေးက ကူအင်မော်တယ်ရဲ့ စိတ်ဆန္ဒကတောင် အသိအမှတ်ပြုထားတဲ့သူ ဖြစ်ပြီး ဓားနတ်သမီးတောင် သူ့နောက်ကို နာနာခံခံ လိုက်နေတာပဲလေ.. ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုတော့ သူ့ဆီမှာ သေချာပေါက် ရှိနေမှာပါ..’
“ကောင်းပြီလေ”
သူမက ခေါင်းညိတ်လိုက်ပြီး နန်းတော်သခင် နှစ်ပါးဖြစ်သည့် ချီယန်နှင့် ရွှီရွှမ်း တို့ကို သွားရှာလိုက်၏။
“ဦးလေး ယန်.. ဦးလေး ရွှီ.. ကျွန်မ ရွေးပြီးပါပြီ”
နင်ဟုန်ယွီသည် စာရင်းပေါ်တွင် အမှတ်အသား တစ်ခု ပြုလုပ်လိုက်၏။
“ကျွန်မ ဒီ အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သားကိုပဲ ရွေးလိုက်ပါမယ်”
“ဟုန်ယွီ.. မင်းက အရင်ကလိုပဲ သတ္တိကောင်းတုန်းပဲနော်”
ချီယန်က ပြုံးလိုက်၏။
“ငါလည်း ရွေးပြီးသွားပြီ”
ချီယန် ရွေးချယ်ခဲ့သော ရတနာမှာလည်း အဋ္ဌမထပ်တွင်ပင် ရှိသည်။ ဒါက သိုင်းပညာရှင်များ အသုံးပြုလေ့ရှိသော ရွှေချည်ထိုး ချပ်ဝတ်အင်္ကျီ တစ်ထည် ပင်။
အထူး သတ္တုဖြင့် ပြုလုပ်ထားကာ လက်ရာမြောက်သော ပန်းထိမ်ဆရာ တစ်ဦးက လျှို့ဝှက်နည်းလမ်းများကို အသုံးပြု၍ ဖန်တီးထားလေ၏။
လီယွမ် အနေဖြင့် သူ ဘာကို ဆိုလိုသလဲ ဆိုတာကို အကြမ်းဖျင်းတော့ နားလည်လိုက်၏။
ဒုတိယနန်းတော်သခင် ချီယန်၏ ပင်မကူကောင်မှာ ထူးခြားကူကောင် ‘အန်းရွှမင်’ ပင် ဖြစ်တော့သည်။
ပိုးဖလံဆိုသည်မှာ အလွန် သေးငယ်သော ပိုးလောင်း တစ်မျိုးဖြစ်ပြီး လူတွေ၏ အယူအဆအရဆိုလျှင် အဖျက်ပိုးမွှား တစ်မျိုးအဖြစ် သတ်မှတ်ခံထားရသည်။ ကူသခင်များ ပင်လျှင် ပိုးဖလံများကို အသုံးပြု၍ ကူသန့်စင်လေ့ သိပ်မရှိကြပေ။
ရယ်စရာကောင်းသည်မှာ ထို ‘ပိုးဖလံ’ များထဲမှနေ၍ ထူးခြားကူကောင် တစ်ကောင် မွေးဖွားလာခဲ့ခြင်းပင်။
ဒါက ကူလမ်းစဉ်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဆွဲဆောင်မှု တစ်ခုပင် ဖြစ်တော့သည်။
အလောင်းကောင်တွေ၊ သားရဲတွေ အပင်တွေ၊ ကပ်ပါးကောင်တွေပဲ ဖြစ်ဖြစ် အတွေ့ရအများဆုံး အင်းဆက်တွေပဲ ဖြစ်ဖြစ်.. သတ္တဝါ အားလုံးမှာ အလွန် မြင့်မားသော အလားအလာတွေ ရှိကြပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင်..
ဆင့်ကဲပြောင်းလဲလာအောင်နှင့် မျိုးဗီဇ ပြောင်းလဲလာအောင် လုပ်ဆောင်နိုင်ကြ၏။
လီယွမ်သည် ထူးခြားကူကောင် အန်းရွှမင်ကို သန့်စင်သည့် နည်းလမ်းကို မသိသော်လည်း ၎င်းကို ယခင်က လေ့လာ စူးစမ်းဖူးသည်။
အန်းရွှမင် သည် ကူသခင်အား မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းကို ပေးစွမ်းနိုင်၏။ လိုက်လျောညီထွေ ဖြစ်သွားပြီးနောက်တွင် တစ်ဖက်လူ၏ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ကာ ရန်သူကို ပြန်လည် တိုက်ခိုက်နိုင်၏။
ဒါက ရှားပါးကူကောင် ‘လိုက်လျောညီထွေဖြစ်သော ကူကောင်’ ၏ အဆင့်မြင့် ကူကောင် အမျိုးအစား ဖြစ်သည်။
တိုက်ခိုက်မှု တစ်ခုကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ပြီးနောက် အားနည်းချက်များကို ရှာဖွေနိုင်သောကြောင့် ဒါက စည်းမျဉ်းသစ် တစ်ခုကို ဖန်တီးကာ တစ်ဖက်လူကို အသာစီး ရယူလိုက်ခြင်းနှင့် အတူတူပါပင်။
ထို့ကြောင့်ပင်.. ‘အန်းရွှ’ (စနစ်တကျ နေထိုင်ခြင်း) လို့ နာမည် ရလာခဲ့ခြင်းပါ။
ထူးခြားကူကောင် အန်းရွှမင် သည် အချိန်ကြာမြင့်စွာ တိုက်ခိုက်ရသော တိုက်ပွဲများနှင့် အဆင့်တူ တိုက်ပွဲများအတွက် သင့်တော်သည်။ အချိန်တိုအတွင်း အသတ်မခံရသရွေ့ ဒါက အောင်ပွဲခံနိုင်မည်မှာ သေချာလှသည်။
သို့သော် အားနည်းချက်များမှာလည်း သိသာ ထင်ရှားလှ၏။
အကယ်၍ အလွန် အစွမ်းထက်သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရမည် ဆိုပါက ‘အန်းရွှမင်’ အနေဖြင့် ၎င်း၏ စွမ်းအားများကို ထုတ်ဖော်ကာ လိုက်လျောညီထွေ မဖြစ်ခင်မှာပင် အသတ်ခံရနိုင်ချေ ရှိသည်။
ထို့ကြောင့် ဒုတိယနန်းတော်သခင် ချီယန်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် သိုင်းပညာ လက်နက်တစ်ခုကို ရွေးချယ်ခဲ့လေ၏။
ချီယန်၏ ငယ်ရွယ်နုပျိုသော အသွင်အပြင်မှာ ကြီးရင့်အိုမင်းခြင်း ဖြစ်စဉ်နှင့် ‘လိုက်လျောညီထွေ’ ဖြစ်မှု အားနည်းချက်များကို နားလည်သဘောပေါက်မှုနှင့် ကူအိမ် ဖန်တီးခြင်းကဲ့သို့သော လျှို့ဝှက်နည်းလမ်း အချို့ကို အသုံးပြုကာ နောက်ပြန် အိုမင်းခြင်းကို ရရှိခဲ့ခြင်း ဖြစ်နိုင်ကြောင်း.. လီယွမ် ခန့်မှန်းမိလိုက်ပါ၏။
‘အန်းရွှမင် နဲ့ ပြန်လည်ရှင်သန်ခြင်း ကူကောင်တို့က ပြီးပြည့်စုံတဲ့ တွဲဖက်တွေပဲ’
အတွေးတစ်ခုက လီယွမ်၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
သူတစ်ယောက်တည်းသာ ဤသို့ တွေးဝံ့ပြီး ထူးခြားကူကောင် အများအပြားကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ကာ ပေါင်းစပ် အကျိုးသက်ရောက်မှု တစ်ခုကို ဖန်တီးပြီး ဆွေးမြည့်နေသော အရာကို မှော်ဆန်သော အရာအဖြစ် အမှန်တကယ် ပြောင်းလဲနိုင်သူ ဖြစ်သည်။
လီယွမ် အတွေးများထဲတွင် နစ်မြောနေစဉ်မှာပင် သတ္တမနန်းတော်သခင် ရွှီရွှမ်း သည်လည်း သူ၏ ရတနာကို ရွေးချယ်ပြီးသွားခဲ့တော့၏။
ရွှီရွှမ်း ရွေးချယ်ခဲ့သည်မှာ နတ်ဆိုးနယ်မြေမှ နဂါးချို တစ်ခုဖြစ်ပြီး မြွေများနှင့် စပါးအုံးမြွေများ အသုံးပြုရန်အတွက် အလွန်ပင် သင့်တော်လှသည်။
“လီယွမ် ..မင်းကော ဘယ်လိုလဲ”
ချီယန်က လီယွမ်ဘက်သို့ လှည့်ကြည့်လိုက်၏။
“ကျွန်တော်.. ဒါကိုပဲ ရွေးလိုက်မယ်”
လီယွမ်နှင့် နင်ဟုန်ယွီတို့သည် မျက်စိချင်း ဖလှယ်လိုက်ကြပြီး “နေ့နှင့်ည နှလုံးသားသော့ခလောက်” ဟု ခေါ်သော အရာတစ်ခုကို ရွေးချယ်လိုက်ကြသည်။ ဒါက လူတစ်ယောက်၏ နှလုံးသားကို သော့ခတ်ထားနိုင်သည်ဟု ဆိုကြသည်။
ဒါက “စစ်မှန်သောချစ်ခြင်းကူ” နှင့် “ကတိသစ္စာကူ” တို့နှင့် ဆင်တူသော လုပ်ဆောင်ချက်မျိုး ရှိ၏။
ချီယန်သည် လီယွမ်အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။ တစ်ကျောင်းတည်းဆင်း မောင်နှမ နှစ်ယောက် အချင်းချင်း ကူညီကြသည်မှာ ပုံမှန်သာ ဖြစ်သည် မဟုတ်ပါလား..။
ထို့နောက် ဒုတိယအကြိမ် ရွေးချယ်မှု စတင်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ နင်ဟုန်ယွီသည် သူမ လိုအပ်သော ရတနာဖြစ်သည့် “တောက်ရှင်း” ဟု ခေါ်သော သိုင်းပညာ လျှို့ဝှက်သိုင်းကျမ်း တစ်အုပ်ကို ရွေးချယ်လိုက်၏။
ချီယန်ကတော့ နဝမထပ်ရှိ အပြည့်အစုံ မဟုတ်သော နတ်ဘုရားအဆင့် သိုင်းပညာ လျှို့ဝှက်သိုင်းကျမ်းကို ယူလိုက်၏။
သူ၏ အမြင်တွင် လျှို့ဝှက်သိုင်းကျမ်း၏ ပုံတူပွား တစ်ခုမှာ ပျက်စီးနေသော နတ်လက်နက် တစ်ခုထက် ပို၍ တန်ဖိုးရှိသည်ဟူ၍ပင်။ သူသာ တစ်စုံတစ်ဦးနှင့် လဲလှယ်မည် ဆိုပါက သူ့ကို မည်သူမျှ လိမ်ညာရဲမည် မဟုတ်ပေ။
ရွှီရွှမ်းကတော့ မည်းနက်နေသော နဂါးသားရေ တစ်ခုကို ရွေးချယ်လိုက်၏။
သူသည် ပင်မကူကောင်ကို အထောက်အကူ ပြုနိုင်မည့် ရတနာများကိုသာ ဂရုစိုက်ပြီး ကျန်သည့် အရာအားလုံးကို လျစ်လျူရှုထားလိုက်၏။
လီယွမ်ကတော့ သူ ဆန္ဒရှိသည့်အတိုင်း ပျက်စီးနေသော နတ်လက်နက်ကို ရွေးချယ်လိုက်တော့သည်။
...
ရတနာသိုက်၏ အပြင်ဘက်။
ညဇီးကွက်အစောင့်တပ်၏ အခြေစိုက်စခန်း။
တဲတော်အတွင်း၌ အရှေ့တောင်ပိုင်း တပ်မှူး ပိုင်လင် သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် စားပွဲကို လက်ချောင်းလေးများဖြင့် ညင်သာစွာ ခေါက်ကာ သာယာနာပျော်ဖွယ်ကောင်းသော တေးသံလေးကို ညည်းတွားနေသည်။
သူမ၏ ဘေးတွင် ထိုင်နေသူမှာ ညဇီးကွက်အစောင့်တပ်၏ နယ်မြေရှစ်ခု တပ်မှူးများထဲမှ တစ်ဦးဖြစ်သည့် အရှေ့တောင်ပိုင်း ဗိုလ်ချုပ် ချန်းလု ဖြစ်ပြီး သူ၏ မျက်နှာမှာ လေးနက်နေသည်။
အချိန်အတော်ကြာပြီးနောက်တွင်မူ အသာယာဆုံးသော တေးသံလေးများကပင် သူ၏ စိတ်မရှည်မှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။
ချန်းလု သည် ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
“ငုံးလေး ..နဝမကူနန်းတော်က လူတွေ အားလုံး ဝင်သွားကြပြီလေ ..ငါတို့ ဘယ်တော့ စလှုပ်ရှားကြမလဲ”
“စိတ်မလောပါနဲ့”
ပိုင်လင်က တည်ငြိမ်စွာ ဆိုလိုက်၏။
“နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့ လျှို့ဝှက်မြို့စားရဲ့ အိမ်မွေးငှက်ဆီကနေ ဘာသတင်းမှ မရသေးဘူးလေ.. ငါတို့ အလောတကြီး လှုပ်ရှားလို့ မဖြစ်ဘူး”
“ငါတို့ ဘာကို စောင့်နေရတာလဲ….”
ချန်းလု မှာ အလွန်ပင် စိတ်တိုနေခဲ့တော့၏။
“ဒီ လျှို့ဝှက်မြို့စား အသစ်က ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာတော့ ငါ မသိဘူး.. ဒါပေမဲ့ သူ့ရဲ့ မာနကတော့ တော်တော်လေး ကြီးပုံရတယ်”
“မတတ်နိုင်ဘူးလေ”
ပိုင်လင်က ပခုံးတွန့်လိုက်၏။
“အဲဒါက ညဇီးကွက်ဘုရင် ကိုယ်တိုင် ခန့်အပ်ထားတဲ့သူပဲ ..အရှင်မင်းကြီးက ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေ .. လူမှုရေး အရ ထောက်ထားညှာတာမှုတွေ အပေါ် အခြေခံပြီး လူတွေကို ရာထူးပေးတတ်တဲ့ သူမျိုး မဟုတ်ဘူးလေ..
အရှင်မင်းကြီးက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အိမ်မွေးငှက်ကို လျှို့ဝှက်မြို့စား အဖြစ် ခန့်အပ်ရတဲ့ အကြောင်းရင်း တစ်ခုတော့ သေချာပေါက် ရှိမှာပါ”
“အဲဒီလူမှာ ငါတို့ တပ်မှူးတွေရော နယ်မြေရှစ်ခု တပ်မှူးတွေပါ အစားထိုးလို့ မရနိုင်တဲ့ စွမ်းရည်တွေ ရှိနေလို့ ဖြစ်ရမယ်”
“သူ တစ်ယောက်တည်းပဲ လုပ်နိုင်တဲ့ ကိစ္စတွေလည်း ရှိချင် ရှိနေမှာပေါ့”