လှောင်ချိုင့်
Vol. 11 Ch. 133
အလယ်ပိုင်းဒေသကို ငြိမ်းချမ်းအောင် လုပ်ဆောင်ပြီးနောက် နတ်ဆိုးများ ဖန်တီးခဲ့သော ကမောက်ကမများကို နယ်စပ်ဒေသများဆီသို့ တွန်းပို့လိုက်ကတည်းက ကြီးမားသော နဂါးမျိုးဆက်ကို သယ်ဆောင်ထားသည့် ခွန်လွန်တောင်သည် အရင်ကကဲ့သို့ပင် အေးချမ်းသွားခဲ့သည်။
တောင်ထိပ်ထက်၌။
မျက်နှာဖုံး တပ်ထားသော လူငယ်လေး တစ်ဦးသည် တင်ပျဉ်ခွေ ထိုင်ရင်း အသက်ကို ပြင်းပြင်း ရှူသွင်းနေသည်။
မြင့်မားသော တောင်တန်းများ၏ တိမ်တိုက်များနှင့် မြူခိုးများ ဝန်းရံထားမှုအောက်တွင် သူ၏ ပုံစံမှာ နတ်ဘုရား တစ်ပါးအလား တောင်တန်းကြီးနှင့် လုံးဝ တစ်သားတည်း ဖြစ်သွားသကဲ့သို့ ရှိနေတော့၏။
“ညဇီးကွက်ဘုရင်က ငါ့ကို သိုင်းပညာ တစ်ဆယ့်ရှစ်မျိုး သင်ပေးခဲ့သလို လျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်စွမ်းအင် ကျင့်စဉ်တစ်ခုကိုလည်း သင်ပေးခဲ့တယ် အဲဒါက ငါ့ကို ဒီခွန်လွန် မြေပြင်နဲ့ ပိုပိုပြီး လိုက်ဖက်လာစေပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုလည်း အများကြီး တက်သွားစေတယ်”
“သူက တကယ်တော့ ဘာလုပ်ချင်နေတာလဲ”
“လှောင်ချိုင့်ထဲက ငှက်” ဟု နာမည်ဝှက် ပေးထားသော လူငယ်လေးမှာ အခြားသူ မဟုတ်ဘဲ အရင်က မင်းသားတု ဖြစ်ခဲ့သည့် လီချန်ရှု ပင် ဖြစ်တော့၏။ ယခုအခါတွင် သူသည် လုံးဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး သူ၏ အရှိန်အဝါများမှာ အကျဉ်းထောင် တစ်ခုနှယ် နက်ရှိုင်းပြီး မှန်းဆရ ခက်လွန်းလှသည်။
ဤမျှ အစွမ်းထက်လှသော သိုင်းပညာနှင့် နက်ရှိုင်းသော ကျင့်ကြံခြင်းများမှာ အရင်က သူ တွေးတောင် မတွေးရဲခဲ့သော အရာများပါ..။
ယခုတော့ ထိုအရာများ အားလုံးကို သူ အလွယ်တကူ ရရှိသွားခဲ့ပါသည်။
သို့သော်ငြားလည်း သူ လုံးဝကို မပျော်ရွှင်နိုင်ခဲ့ပေ။ သူသည် ကောင်းကင်ကြီးနှင့် ပိုပိုပြီး ဝေးကွာသွားသကဲ့သို့ ခံစားနေရပြီး လွတ်လပ်ခြင်း၏ လေပြေလေညင်းမှာ သူ့ထံပါးသို့ ဘယ်သောအခါမျှ ရောက်လာတော့မည် မဟုတ်ဟု ထင်နေမိတော့၏။
လီချန်ရှု .မျက်လုံးကို မှေးကာ ခွန်လွန် တောင်တန်းများကို စောင့်ကြည့် နေလိုက်၏။
ညဇီးကွက်ဘုရင်က သူ့အား လျှို့ဝှက်နည်းလမ်းများကို သင်ပေးပြီးနောက်ပိုင်း လောကရှိ အခြား မည်သူမျှ မမြင်နိုင်သော ဟင်းလင်းပြင်ထဲမှ ချီစွမ်းအင်များကို သူ မြင်နိုင်လာခဲ့သည်။
“ငါ ခန့်မှန်းတာ မှန်တယ်..ကျင့်ကြံခြင်း မန္တန်ကို ရွတ်ဆိုပြီးနောက်မှာ ငါ မြင်လိုက်ရတာက ..တာ့ယန်အင်ပါယာရဲ့ ကံကြမ္မာ ပုံစံပဲ”
လျှို့ဝှက်မြို့စား၏ လှောင်ချိုင့်ထဲက ငှက်၏ အမြင်တွင်မူ ကျယ်ပြန့်လှသော ခွန်လွန် ဟင်းလင်းပြင်ကြီးကို ဧရာမ သံကြိုးကြီး ကိုးခုဖြင့် ချည်နှောင်ထားပြီး ၎င်းတို့ထဲမှ ရှစ်ခုမှာ အရပ်ရှစ်မျက်နှာဆီသို့ ဦးတည်နေသည်။
နောက်ဆုံး တစ်ခုမှာမူ ကောင်းကင်ကြီးနှင့် ဆက်သွယ်ထားသည်။
၎င်းသည် နေ့ဘက်တွင် မှေးမှိန်နေပြီး ညဘက်တွင်မူ တောက်ပနေတော့၏။
“သော့ခလောက် ကိုးခုနဲ့ နဂါးသွေးကြောကို ချိတ်ပိတ်ထားတာက တာ့ယန်ရဲ့ ကံကြမ္မာတွေ.. အမြဲတမ်း ခွန်လွန်မှာ စုစည်းနေပြီး ..အပြင်ကို မပေါက်ကြားသွားဖို့ သေချာစေတာပဲ”
အရပ်ရှစ်မျက်နှာဆီသို့ ဦးတည်နေသော ကံကြမ္မာ သံကြိုးများမှာ အတိုင်းအတာ တစ်ခုအထိ ပွန်းပဲ့နေပြီး အချို့ဆိုလျှင် ပြတ်လုနီးပါးပင် ဖြစ်နေကြောင်းကို လူငယ်လေး မြင်တွေ့နေရသည်။
အထင်ရှားဆုံး တစ်ခုမှာကား အရှေ့တောင်ဘက်သို့ ဦးတည်နေသော တစ်ခုတည်း။
“အရှေ့တောင်ဘက် ဒေသဆိုတာ ယူဘုရင် လင်းယွဲ့ အုပ်ချုပ်နေတဲ့ အရှေ့ပိုင်း ယူနယ်မြေလား”
လူငယ်လေးက တီးတိုး ရေရွတ်လိုက်၏။
“အခု လင်းယွဲ့ သေသွားပြီဆိုတော့ ဘိုးဘေး ဧကရာဇ်က အရှေ့ပိုင်း ယူနယ်မြေကို ပေးအပ်ခဲ့တဲ့ ဆန္ဒက လုံးဝကို ပြောင်းပြန် ဖြစ်သွားပြီပေါ့”
“ဒါကြောင့်ပဲ အရှေ့တောင်ဘက်က ကံကြမ္မာ သံကြိုးက ပြတ်လုနီးပါး ဖြစ်နေတာကို ပြသနေတာပဲ”
“ညဇီးကွက်ဘုရင်က ဒါကို ကြိုသိနေတာ ဖြစ်ရမယ်.. သူက လင်းယွဲ့ကို သတ်ရဲတယ် ယူဘုရင် ရာထူးကိုလည်း ဖျက်သိမ်းရဲတယ် ဆိုတော့ သူ့ဆီမှာ အခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်မယ့်.. လုံလောက်တဲ့ နည်းလမ်းတွေ ရှိနေလို့ပဲ ဖြစ်ရမယ်”
“ဒါဆိုရင်”
သူ၏ လက်ထဲရှိ ဓားကို ပွတ်သပ်ရင်း သူ တွေးလိုက်၏။
“အရှေ့ပိုင်း ယူနယ်မြေကို သွားတဲ့ နဝမကူနန်းတော်က အဖွဲ့က အကောင်းဆုံး.. အစားထိုးစရာတွေပဲ”
“ဒါပေမဲ့ သူတို့ချည်းပဲနဲ့တော့ မလုံလောက်သေးဘူး”
“ယူဘုရင် ဆိုတဲ့ နာမည်က ဘိုးဘေး ဧကရာဇ် ကိုယ်တိုင် ပေးသနားခဲ့တာ ဖြစ်ပြီး ..တာ့ယန် သိုင်းနတ်ဘုရားရဲ့ ဆန္ဒလည်း ဖြစ်တယ်.. ဒေသတစ်ခုရဲ့ ကံကြမ္မာ ဆိုတာ အပြင်လူ တစ်စုက သယ်ဆောင်သွားနိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ”
“အရပ်မျက်နှာ အားလုံးကို ဆက်သွယ်ပြီး အရာရာတိုင်းကို တာဝန်ယူပေးမယ့်သူ တစ်ယောက်တော့.. လိုအပ်သေးတယ်”
ထို့နောက် တာ့ယန် မင်းသားစစ်စစ်၏ သွေးမျိုးဆက်နှင့် ပေါင်းစပ်ထားသော သူကမှ အသင့်တော်ဆုံး ကိုယ်စားလှယ် ဖြစ်လာမည်သာ။
သူတို့က အပြင်လူများလည်း မဟုတ်သလို မည်သူကမျှလည်း သူတို့ကို သနားနေမည် မဟုတ်ချေ။
အသုံးချရသည်မှာ အလွန်လွယ်ကူပြီး အလွန်လည်း တန်နေသည်။
ထိုသို့ တွေးမိသောအခါ လူငယ်လေးမှာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် လှောင်ပြုံးလေး တစ်ခု ပြုံးလိုက်မိပါ၏။
“လျှို့ဝှက်မြို့စား” ဆိုသော ရာထူးကို မြေကြီးပေါ်ရှိ ရေတွက်၍ မရနိုင်သော လူအများအပြားက အားကျနေကြပြီး ခွန်လွန်ကို ရိုသေလေးစားကြကာ ကြီးကျယ်ခမ်းနားသော ရှုခင်းများကိုလည်း တပ်မက်ကြသည်ကို သူ သိထားသည်။
သို့သော်ငြားလည်း..ကောင်းကင်ယံကို ဖြတ်သန်းပြီး ပင်လယ်လေးစင်းနှင့် တောရိုင်းရှစ်ခုကို ဆက်သွယ်ထားသော သူတစ်ယောက်တည်းသာ မြင်နိုင်သည့် ထိုဧရာမ သံကြိုးကြီးကရော ချုပ်နှောင်မှု တစ်မျိုး မဟုတ်ပေဘူးလား..။
ကျယ်ပြန့်ပြီး အဆုံးအစမရှိသော ခွန်လွန် တောင်တန်းကြီးကရော နောက်ထပ် လှောင်ချိုင့်တစ်ခု မဟုတ်ဘူးလား..။
ဘဝတစ်လျှောက်လုံး ရုန်းကန်ခဲ့ရပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဘယ်သောအခါမျှ မထိန်းချုပ်နိုင်ခဲ့သော အရှင်သခင် တစ်ယောက်အနေဖြင့် သူသည် လှောင်ချိုင့်ထဲ ပိတ်လှောင်ခံထားရသော ငှက်တစ်ကောင် မဟုတ်ဘူး ဟု ဘယ်လိုလုပ် ပြောနိုင်မည်နည်း။
“ဟားဟား ..ငါက အရမ်း ခန့်တယ်လို့ ထင်နေတာ.. နောက်ဆုံးတော့ နောက်ထပ် ထောင်ချောက်တစ်ခုထဲကို ကျသွားပြန်ပြီ ..တကယ့်ကို ကပ်ဆိုးကြီးပဲ”
“အဟားဟားဟား”
လူငယ်လေးက ကိုယ့်ကိုယ်ကိုယ် နောက်ပြောင်ရင်း ဟားတိုက် ရယ်လိုက်၏။
သူ ခဏမျှ ရယ်နေပြီးနောက်တွင်မူ အသံများမှာ တိမ်ဝင်သွားရတော့၏။
သူ့လိုပင် ဤကဲ့သို့ အခြေအနေမျိုးကို အတင်းအကျပ် ရောက်လာခဲ့ရပြီး သူ၏ ကံကြမ္မာကို ပုံသွင်းပေးခဲ့သော ထိုလူနှင့် သူ သေချာပေါက် တွေ့ရမည်ဟု သူ၏ ရင်ထဲတွင် ကတိပြုလိုက်သည်။
အခွင့်အရေး ရမည်ဆိုပါက ထိုသူကို အရိုက်အနှက် ခံခိုင်းရမလား..။
သို့မဟုတ် သေအောင်ပင် ရိုက်သတ်ပစ်ရမလား..။
သူလည်း သေချာတော့ မပြောနိုင်ပါချေ။
မည်သို့ပင်ဖြစ်စေ ထိုလူမှာ အနာဂတ်တွင် လောကကြီးကို အုပ်စိုးရန် ကံပါလာသူ ဖြစ်ပြီး မိမိကတော့ အမြဲတမ်း လှောင်ချိုင့်ထဲက ငှက်တစ်ကောင် ဖြစ်နေမည်သာတည်း။
အရှေ့ပိုင်း ယူနယ်မြေ ညဇီးကွက်ဘုရင် တပ်စွဲထားသော နေရာ။
သီချင်းလေး ညည်းနေသော ပိုင်လင် မှာ ရုတ်တရက် ပါးစပ်ကို ပိတ်လိုက်ပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံလေးမှာ ရုတ်ချည်း ရပ်တန့်သွားသည်။
ဘေးတွင် ထိုင်နေသော နယ်မြေရှစ်ခု တပ်မှူး ချန်းလု က သူမအား စူးစိုက်ကြည့်လိုက်၏။
“လှောင်ချိုင့်ထဲက ငှက်က သတင်းပို့လိုက်ပြီလား”
“အင်း”
ပိုင်လင် က ခေါင်းညိတ်လိုက်၏။
တောင်ပိုင်းနယ်စပ် တပ်မှူး၏ ငှက်များကို နားလည်နိုင်သော စွမ်းရည်ကြောင့် ညဇီးကွက်အစောင့်တပ်သည် ငှက်ရာချီကို သတင်းပို့ရန် အမိန့်ပေးနိုင်သည်။ သူမသည် ငှက်များနှင့် ဆက်သွယ်ပြီး အသံမှတစ်ဆင့် သတင်းအချက်အလက်များကို နားထောင်နိုင်သည်။
“လှောင်ချိုင့်ထဲက ငှက်.. အဆင်သင့် ဖြစ်နေပြီ ငါတို့ စတင်လို့ ရပြီ”
ပိုင်လင် က ဆိုလိုက်၏။
“ကောင်းပြီ”
ချန်းလု သည် သူ၏ လက်မောင်းများနှင့် ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“မျှော်လင့်ထားတဲ့ အတိုင်းပဲ.. အရှင်မင်းကြီးက မဟာဗျူဟာမြောက် ကျွမ်းကျင်သူ တစ်ယောက်ပဲ.. နဝမကူနန်းတော်က လူတွေက ဘာ ရည်ရွယ်ချက်မှ မရှိဘူးဆိုတာ သိနေရင်တောင်.. သူတို့က လာကြမှာပဲ”
ပိုင်လင် သည် အံ့ဩခြင်း မရှိဘဲ တည်ငြိမ်စွာ ဆိုလိုက်၏။
“ရတနာသိုက်ထဲက ရတနာတွေက ကူသခင်တွေ အပါအဝင် လောကမှာရှိတဲ့ ဘယ်သူမဆို စွန့်စားရကျိုး နပ်ပါတယ်”
“သူတို့ ရောက်လာတယ် ဆိုတာက အကျိုးဆက်တွေကို ခံယူဖို့ ပြင်ဆင်ထားပြီးသား ဆိုတဲ့ သဘောပဲ”
“ဒါ့အပြင် အရှင်မင်းကြီးက သူတို့ကို ကောင်းကောင်း ဆက်ဆံခဲ့ပါတယ် အနည်းဆုံးတော့ ငါတို့က ရတနာသိုက်ထဲက ပစ္စည်း တစ်ခုကိုမှ မထိထားဘူးလေ ဒါက ကူသခင် လမ်းစဉ်အတွက် အများကြီး အထောက်အကူ ဖြစ်စေတာပဲ”
သူတို့နှစ်ဦး စကားပြောနေရင်းနှင့် အမှောင်ခန်း တစ်ခုဆီသို့ ရောက်လာကြသည်။
ဤနေရာတွင် ချိတ်ပိတ်မှု တစ်ခု ရှိနေသည်။
တာ့ယန်အင်ပါယာကို တည်ထောင်ကတည်းက ဤချိတ်ပိတ်မှုကို ညဇီးကွက်အစောင့်တပ်က ထိန်းချုပ်ထားခဲ့လေ၏။ နယ်စပ်ဒေသ ရှစ်ခုစလုံးတွင် အလားတူ လျှို့ဝှက်ခန်းများနှင့် အလားတူ ချိတ်ပိတ်မှုများ ရှိနေသည်။
“ဘိုးဘေး ဧကရာဇ် ထိုက်ဇူ က နိုင်ငံကို တည်ထောင်ပြီးကတည်းက တပ်မှူးတွေ ဗိုလ်ချုပ်တွေနဲ့ နယ်မြေရှစ်ခုက ဘုရင်တွေ အားလုံးက ချိတ်ပိတ်မှုကို စောင့်ကြပ်ခဲ့ကြပြီး အဲဒါကို ဘယ်တော့မှ မရွှေ့ပြောင်းခဲ့ဖူးဘူး”
“အခု ယူဘုရင် ရာထူးကို ဖျက်သိမ်းလိုက်ပြီ ဆိုတော့ အခြေအနေတွေက လုံးဝကို ပြောင်းလဲသွားပြီ.. ဒါက ကောင်းချီးလား ကျိန်စာလား ဆိုတာ ပြောဖို့ ခက်တယ်”
ချိတ်ပိတ်မှု ရှေ့တွင် ရပ်နေရင်း ပိုင်လင် မှာ နေမထိထိုင်မသာ ဖြစ်လာပြီး သူမ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ရီလာတော့၏။
သူမသည် အဋ္ဌမအဆင့် သိုင်းသူတော်စင် တစ်ဦး ဖြစ်သော်ငြားလည်း ဤချိတ်ပိတ်ထားသော အရာက သူမကို နက်ရှိုင်းသော ကြောက်ရွံ့မှုများကို ဖြစ်ပေါ်စေသည် ဖြစ်ရာ ဒါက မည်မျှအထိ ကြောက်စရာ ကောင်းသနည်း ဆိုသည်ကို ဖော်ပြနေခြင်းပင် ဖြစ်တော့သည်။
အကယ်၍သာ ကြီးမားလှသော ကြောက်မက်ဖွယ်ရာ တစ်ခုသာ မရှိခဲ့မည်ဆိုလျှင် အထွတ်အထိပ် အဆင့်တွင်ရှိသော တာ့ယန် သိုင်းနတ်ဘုရားက ချိတ်ပိတ်မှုကို ထိန်းချုပ်ရန်အတွက် တော်ဝင်နယ်မြေ ငါးခုကို တည်ထောင်ခဲ့မည် မဟုတ်ချေ။
“အများကြီး မတွေးပါနဲ့တော့.. စလိုက်ကြစို့”
ချန်းလု မှာလည်း ဘာဖြစ်လာမည်ကို မသိသောကြောင့် မျက်နှာမှာ လေးနက်နေ၏။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဒါက သမိုင်းကြောင်းကို ပြောင်းလဲစေမည့် အလွန် အရေးကြီးသော ဖြစ်ရပ်တစ်ခုပါ.. တစ်ခုခုသာ မှားယွင်းသွားခဲ့မည်ဆိုလျှင် သူတို့သည် အချိန်တိုင်းအတွက် အပြစ်သားများ အဖြစ် သတ်မှတ်ခံရမည်သာ။
သူတို့နှစ်ဦးမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရှုပ်ထွေးသော ပုံစံများ ထွင်းထုထားသည့် သော့တစ်ချောင်းစီကို ထုတ်ယူလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ငှက်တစ်ကောင် ပျံသန်းလာပြီး ၎င်း၏ နှုတ်သီးထဲမှ သော့တစ်ချောင်းကို ထွေးထုတ်လိုက်၏။
လူနှစ်ဦးနှင့် ငှက်တစ်ကောင်မှာ တစ်ပြိုင်နက်တည်း သူတို့၏ စွမ်းအားများကို အသက်သွင်းလိုက်ကြပြီး သော့ကို အမှောင်ခန်း၏ နံရံထဲသို့ ထိုးထည့်လိုက်ကြတော့၏။
“ဝေါင်း”
မျက်စိတစ်မှိတ် အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများမှာ အမှောင်ခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး ပိုင်လင် နှင့် ချန်းလု တို့၏ စိတ်ထဲတွင် ပေါက်ကွဲသွားသည့်အလား ဖြစ်နေတော့သည်။
“ဒါ.. ဘာကြီးလဲ”
အစွမ်းထက်လှသော ညဇီးကွက်အစောင့်တပ်၏ သိုင်းသူတော်စင် များမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြပြီး ကျောချင်းကပ် ရပ်လိုက်ကြသည်။
အမှောင်ခန်း တစ်ခုလုံးမှာ အေးစက်ပြီး စိုစွတ်လာခဲ့တော့၏။
မမြင်နိုင်သော သရဲတစ္ဆေများနှင့် နာမ်ဝိညာဉ်များက မြေအောက်ကမ္ဘာမှနေ၍ သူတို့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားရပြီး သူတို့၏ ဆံပင်များ ထောင်ထလာကာ ကျောရိုးထဲမှနေ၍ စိမ့်တက်သွားရတော့သည်။
“ဘိုးဘေး ဧကရာဇ်က.. ဒီနေရာမှာ ဘာကိုများ ချိတ်ပိတ်ထားခဲ့တာလဲ”
ပိုင်လင် ၏ အသံမှာ တုန်ရီနေပြီး အရင်ကကဲ့သို့ သာယာနာပျော်ဖွယ် မကောင်းတော့ပါချေ။
“အဲဒါတွေကို ဂရုမစိုက်နဲ့တော့.. သူတို့ကို ကူသခင်တွေဆီ မြန်မြန် ပို့လိုက်”
ချန်းလု က အော်လိုက်၏။
သူတို့နှစ်ဦးမှာ တစ်ပြိုင်နက်တည်း အားထုတ်လိုက်ကြပြီး ညဇီးကွက်ဘုရင် ကြိုတင် ပြင်ဆင်ထားသော ပူဇော်ပွဲ အခင်းအကျင်းကို အသက်သွင်းလိုက်ကြတော့၏။
ရတနာသိုက်ကြီး အတွင်း၌။
ရတနာများကို တစ်လှည့်စီ ရွေးချယ်နေကြပြီး နဝမကူနန်းတော်သို့ မည်သို့ သယ်ဆောင်သွားရမည်ကို တိုင်ပင်နေကြသော ချီယန် ၊ရွှီရွှမ်း ၊ နင်ဟုန်ယွီ နှင့် လီယွမ် တို့၏ မျက်နှာများမှာ ရုတ်တရက် ပြောင်းလဲသွားကြသည်။
တစ်ပြိုင်နက်တည်းမှာပင် ပြင်းထန်သော အန္တရာယ် တစ်ခု ကျရောက်လာသည်ကို အာရုံခံမိလိုက်ကြသည်။
“ဂျိန်း”
သူတို့ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် အစွမ်းထက်လှသော စွမ်းအား တစ်ခုက ရတနာသိုက်ကြီးကို လွှမ်းခြုံသွားပြီး ထူထပ်သော မြူခိုးမည်းများမှာ အထဲတွင် ထလာကာ လောကကြီး တစ်ခုလုံးကို အမှောင်ထု အတိ ဖုံးလွှမ်းသွားစေတော့၏။
“နတ်ဆိုးတွေရဲ့ သတင်းစကားများလား”
နင်ဟုန်ယွီ က တွေဝေစွာ မေးလိုက်၏။
“တော်တော်လေး ဆင်တူတယ်”
ချီယန် က ခေါင်းခါလိုက်သည်။
“ဒါပေမဲ့ မဟုတ်ဘူး.. ဒီစွမ်းအင်က နတ်ဆိုးတွေထက်တောင် ပိုပြီးတော့ ကြောက်စရာ ကောင်းသေးတယ်.. ဒါက ညဇီးကွက်ဘုရင်က ငါတို့အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ ဖြစ်ရမယ်”