မကောင်းဆိုးဝါးများ
Vol. 11 Ch. 134
ဖြစ်လာရမည့် ကိစ္စကတော့ နောက်ဆုံးတွင် ဖြစ်ပေါ်လာခဲ့ပါသည်။
“ဦးလေး ယန် ကျွန်မတို့ ဘာလုပ်ကြမလဲဟင်”
ထိုအခိုက်အတန့်တွင် ချီယန်သည် အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေပြီး ကျန်သုံးဦးစလုံးက သူ့အား ဝိုင်းကြည့်နေကြသည်။
“ငါတို့က ပြဿနာ မရှာပေမယ့် ပြဿနာကိုလည်း မကြောက်ဘူး”
ချီယန်သည် ဂုဏ်သိက္ခာရှိသော ဟန်ပန်ကို ဖမ်းယူလိုက်ပြီး ဆိုလိုက်၏။
“ဒါက ငါတို့ မျှော်လင့်ထားတဲ့ အတိုင်းပဲ.. ညဇီးကွက်ဘုရင် အပေါ် ငါတို့ရဲ့ အမြင်နဲ့လည်း ကိုက်ညီတယ်”
ရတနာများကို အလကား ရရှိခြင်းမှာ လုံးဝကို မမျှော်လင့်ထားသော ကိစ္စတည်း။
အကယ်၍ ဘာမှ မဖြစ်ခဲ့ဘူးလျှင် ချီယန်သည် ပိုပြီးတော့ပင် စိတ်မအေး ဖြစ်နေဦးမည်သာ။
ရှေ့တွင် ကျရောက်နေသော အန္တရာယ်က အနည်းဆုံးတော့ မျက်စိဖြင့် မြင်တွေ့နေရသေးသည်။
ထူထပ်သော မြူခိုးများ အတွင်း၌ မှုန်ဝါးဝါး အရိပ်များက လှုပ်ရှားနေကြ၏။
“ဝှစ်”
ရုတ်တရက် အရိပ်တချို့က ထူထပ်သော မြူခိုးများထဲမှ ထွက်ပေါ်လာပြီး သူတို့ လေးဦးအား တိုက်ခိုက်လာကြတော့၏။
“ဝိညာဉ်စားကူကောင်”
ချီယန်က ဟစ်ကြွေးကာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကူကောင် အမြောက်အမြား ပျံသန်းထွက်လာတောသည်။ ချဉ်းကပ်လာသော အရိပ်များကို မျက်စိတစ်မှိတ် အတွင်းမှာပင် ဝါးမြိုသွားကြ၏။
“သွားကြ.. အားလုံး သွားကြ”
ချီယန်သည် လက်ထဲရှိ ဘူးသီးကို လှုပ်ယမ်းလိုက်ရာ ဝိညာဉ်စားကူကောင်များ ပိုမို ပျံသန်းထွက်လာပြီး မြေပြင်ကို ဖြတ်သန်းလာသော ကျိုင်းကောင်အုပ်ကြီးအလား ထူထပ် ပြည့်နှက်နေတော့၏။
လီယွမ်သည် သူ၏ ကာကွယ်မှု အောက်မှနေ၍ တိတ်တဆိတ် စောင့်ကြည့် နေခဲ့သည်။
ဒုတိယနန်းတော်သခင်၏ စွမ်းအားကို အံ့ဩမှင်သက်သွားပြီး အဋ္ဌမအဆင့်များ အတွင်း၌ ပြိုင်ဘက်ကင်းသော တည်ရှိမှုဟု ခေါ်ဆိုရန် တကယ်ကို ထိုက်တန်သည်။ လက်အောက်ခံ ကူကောင်များကို အသုံးပြုလျှင်တောင်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။
“ညီလေး ရွှီ ..ဟုန်ယွီ နဲ့ လီယွမ် ကို မင်းနဲ့အတူ ခေါ်သွားလိုက်”
ချီယန်သည် လမ်းရှင်းရန်အတွက် ကူကောင် အမြောက်အမြားကို ထိန်းချုပ်လိုက်ပြီး မျိုးဆက်သစ် တပည့်နှစ်ဦး ဖြစ်သော လီယွမ်နှင့် နင်ဟုန်ယွီ တို့ကို အရင် ထွက်ခွာသွားစေရန် ပြင်ဆင်လိုက်၏။
“ဝေါင်း”
ထိုအခိုက်အတန့်၌ ထူထပ်သော မြူခိုးများထဲမှ ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
မည်သည့် နတ်ဆိုးထက်မဆို ပိုမို အငြိုးကြီးသော အရှိန်အဝါက ရုတ်တရက် ပြင်းထန်လာပြီး မြူခိုးများထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ရွှီရွှမ်း နင်ဟုန်ယွီ နှင့် လီယွမ် တို့ကို နောက်သို့ လွင့်စင်သွားစေတော့၏။
အဖွဲ့သားများမှာ ထူထပ်သော မြူခိုးများထဲမှ ထွက်ပေါ်လာသော ထိုပုံရိပ်ကို စူးစိုက် ကြည့်နေကြသည်။
ဒါက ယိမ်းယိုင်နေသော လူအရေခွံ တစ်ခုသာ။
ထို့နောက် တိရစ္ဆာန် သားရေများ ပိုမို ပေါ်ထွက်လာသလို အထဲတွင် ဘာမျှမရှိသော ချပ်ဝတ် အင်္ကျီအပြည့်အစုံများလည်း ပေါ်လာခဲ့သည်။
၎င်းတို့ အားလုံးမှာ သက်မဲ့ ပစ္စည်းများ ဖြစ်ကြသော်လည်း ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေ၏။ သူတို့၏ စွမ်းအားမှာ မယုံနိုင်လောက်အောင် ပြင်းထန်လှရာ အဖွဲ့သားများမှာ တုံ့ပြန်ရန်အတွက် သူတို့၏ ပင်မကူကောင်များကို အမြန် ထုတ်ဖော် လိုက်ကြရသည်။
“ညဇီးကွက်ဘုရင်က ဒီမကောင်းဆိုးဝါးကို ဖိနှိပ်ဖို့အတွက် ငါတို့ကို ဒီကို လွှတ်လိုက်တာ ထင်တယ်”
ချီယန်သည် လောကကြီးတွင် အများကြီး မြင်တွေ့ဖူးသူ တစ်ဦး ဖြစ်ရာ မည်မျှပင် ဆိုးရွားသော အရာဖြစ်ပါစေ.. သူ့အား ခြောက်လှန့်နိုင်စွမ်း မရှိချေ။
လူအများစု၏ အမြင်တွင်မူ ကူကောင်များကလည်း မကောင်းဆိုးဝါး သတ္တဝါများ မဟုတ်ပါလော။
“ငါ တံခါးဖွင့်မယ်”
ချီယန်က ဦးဆောင်ရင်း ဆိုလိုက်၏။
“ထူထပ်တဲ့ မြူခိုးတွေရဲ့ ရင်းမြစ်ကို ရှာပြီး အဲဒါကို ပိတ်လိုက်ရင် အဆင်ပြေသွားမှာပါ”
အန်းရွှမင် ပူးကပ်ထားသော ချီယန်မှာ တိုက်ခိုက်လေလေ ပိုမို ကြမ်းတမ်းလာလေလေ ပင် ဖြစ်တော့၏။
သူသည် မကောင်းဆိုးဝါး၏ တိုက်ခိုက်မှုများနှင့် လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်လိုက်ပြီး ရွှီရွှမ်းနှင့် မျိုးဆက်သစ် တပည့်နှစ်ဦးကို ရင်းမြစ်ရှိရာ မြေအောက် ရတနာသိုက်ဆီသို့ ခေါ်ဆောင်သွားသည်။
“ဟီးဟီးဟီး”
ထူထပ်သော မြူခိုးများ ထဲမှနေ၍ နောက်ထပ် ထူးဆန်းသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
ဝမ်းနည်းပူဆွေးသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအမြောက်အမြားမှာ သရဲတစ္ဆေများ ချီတက်လာသကဲ့သို့ ပေါ်လာပြီး သူတို့၏ အရေအတွက်မှာလည်း တိုးပွားလာနေတော့၏။
“ရွှီရွှမ်း.. မင်း တစ်ဖွဲ့ကို ဦးဆောင်ပြီး ထွက်သွားလိုက်”
“ဟုန်ယွီ.. လီယွမ် ..မင်းတို့ နှစ်ယောက် ဒီနေရာမှာပဲ နေပြီး မလှုပ်နဲ့ ..ငါ ရင်းမြစ်ကို ပိတ်လိုက်မယ်”
မကောင်းဆိုးဝါး သတ္တဝါများ၏ ရေစီးကြောင်းများ ကြားတွင် ချီယန်သည် ထူထပ်သော မြူခိုးများကို ဖောက်ဝင်ကာ သူ၏ ကိုယ်ပိုင် လမ်းကို ဖန်တီးခဲ့သည်။
သတ္တမနန်းတော်သခင် ရွှီရွှမ်းသည် အခြား လမ်းကြောင်းတစ်ခုဆီသို့ ထွက်ပြေးသွားပြီး မကောင်းဆိုးဝါး အမြောက်အမြားကို ဆွဲဆောင် သွားခဲ့သည်။
ဘီလူး ဝိညာဉ်ကူကောင် ပူးကပ်ထားသော လီယွမ်၏ ခန္ဓာကိုယ်မှာ မီးတောက်နေသော သွေးများ ဖုံးလွှမ်းနေပြီး သူ၏ ဆံပင်များမှာလည်း ထောင်နေတော့၏။ ကြွယ်ဝလှသော သွေးများနှင့် ယောက်ျားပီသသော စွမ်းအင်များက မကောင်းဆိုးဝါး ဝိညာဉ်များကို ဖိနှိပ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
မမျှော်လင့်ဘဲ မကောင်းဆိုးဝါး သတ္တဝါများက ပိုပြီးတော့ပင် စိတ်လှုပ်ရှား လာကြတော့သည်။
“ဂျူနီယာ မောင်လေး ..တစ်ခုခု မှားနေပြီ”
နင်ဟုန်ယွီက မျက်မှောင် ပြင်းပြင်း ကြုတ်လိုက်၏။
“ဘာလို့ မကောင်းဆိုးဝါးတွေက ငါတို့ဆီကို ပိုပိုပြီး လာနေရတာလဲ”
“အဲဒီလိုပဲ ထင်ပါရဲ့”
လီယွမ်လည်း ဤအရာကို သတိပြုမိလိုက်၏။
“ဂျူနီယာ မောင်လေး ..မင်းက တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ.. မကောင်းဆိုးဝါးတွေတောင် မင်းကို ဝါးမြိုချင်နေတယ် နော်”
နင်ဟုန်ယွီက နောက်ပြောင်လိုက်၏။
“စီနီယာအစ်မကြီး ..ကျွန်တော်တို့ လူစုခွဲကြမလား ..ကျွန်တော်နဲ့ အတူရှိနေတာက အစ်မကြီးကို နှောင့်နှေးစေရုံပဲ ရှိမှာပါ”
အဓိက ပြဿနာမှာ စီနီယာအစ်မကြီး ရှိနေပါက လီယွမ်သည် သူ၏ စွမ်းရည်များကို အပြည့်အဝ အသုံးမချနိုင်ခြင်း ပင်တည်း။
“ဟင့်အင်း.. အဲဒါ ..အရမ်း အန္တရာယ်များတယ်”
နင်ဟုန်ယွီက သဘာဝကျကျပင် သဘောမတူခဲ့ချေ။ ဂျူနီယာ မောင်လေးမှာ ဘယ်လောက်ပင် ထူးချွန်သော ပါရမီ ရှိနေပါစေ..သူသည် သတ္တမအဆင့် ကျင့်ကြံခြင်းတွင်သာ ရှိသေးပြီး မကောင်းဆိုးဝါးများ၏ လှိုင်းလုံးများအောက်တွင် အလွယ်တကူ လွှမ်းမိုးခံရနိုင်သည်။
“ရပါတယ်”
လီယွမ်က ရယ်ရင်း ဆိုလိုက်၏။
“ဦးလေး ယန် က အခြေအနေတွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ပြီး ရင်းမြစ်ကို ပိတ်ဆို့နိုင်မှာပါ..ကျွန်တော့်မှာ ကူအင်မော်တယ် ပေးထားတဲ့ နည်းလမ်းတွေ ရှိတယ်..ဒါကြောင့် ခဏလောက်တော့ တောင့်ခံထားနိုင်ပါတယ်”
နင်ဟုန်ယွီ၏ အဖြေကို မစောင့်တော့ဘဲ လီယွမ်သည် ထူထပ်သော မြူခိုးများထဲသို့ ခုန်ဆင်းသွားခဲ့သည်။
မျှော်လင့်ထားသည့် အတိုင်းပင် ထူထပ်သော မြူခိုးများထဲသို့ ဝင်ရောက်သွားသည်နှင့် မကောင်းဆိုးဝါး အုပ်စုကြီးမှာ လှည့်လာပြီး အစွယ်များနှင့် လက်သည်းများကို ပြသကာ သူ့ဆီသို့ ပြေးဝင်လာကြတော့၏။
“ဒါ.. တကယ်တော့ ..ဘာကြီးလဲ”
ချီယန် ပြောခဲ့သကဲ့သို့ပင် ဤအရာက နတ်ဆိုး အရှိန်အဝါ ရှိသော်ငြားလည်း ပိုပြီးတော့ ကြောက်စရာ ကောင်းနေသည်။
“ရှောင်ချိုက်.. ဝူမေ့”
လီယွမ်က ညင်သာစွာ ခေါ်လိုက်၏။
“မင်းတို့ ထွက်လာလို့ ရပြီ”
တစ်လမ်းလုံး အောင့်အည်း ထိန်းထားရသော ရှောင်ချိုက်နှင့် ဝူမေ့တို့မှာ လီယွမ်၏ ရင်ခွင်ထဲမှနေ၍ ခေါင်းပြူထွက်လာကြသည်။
“ဝှစ်”
စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ် အဖြစ် ဆင့်ကဲပြောင်းလဲပြီးနောက် ရှောင်ချိုက်သည် ရုပ် ခန္ဓာပဲ ဖြစ်ဖြစ်..ဝိညာဉ်ပဲ ဖြစ်ဖြစ်.. ယင်ချီပဲ ဖြစ်ဖြစ် မကောင်းဆိုးဝါး ချီပဲ ဖြစ်ဖြစ်.. ချက်ချင်းဆိုသလို ထူးဆန်းသော မီးတောက် မျိုးစုံကို အဆက်မပြတ် ပစ်လွှတ်နိုင်ပြီး အားလုံးကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိသည်။
“ဖောင်း ဖောင်း ဖောင်း”
အရောင်အသွေး စုံလင်သော မီးလုံး အမြောက်အမြားမှာ မကောင်းဆိုးဝါး အမြောက်အမြားကို ပြာကျသွားစေတော့၏။
၎င်းနှင့် နှိုင်းယှဉ်ပါက ဝူမေ့၏ ပင့်ကူမျှင်မှာ အများကြီး အကျိုးသက်ရောက်မှု နည်းပါးပြီး ဤရုပ်မဲ့ မကောင်းဆိုးဝါးများကို မကိုင်တွယ်နိုင်သလောက်ပင်.. တိရစ္ဆာန် သားရေများ လူအရေခွံများ ဝမ်းနည်းပူဆွေးသော အဝတ်အစားများနှင့် ချပ်ဝတ်များကို နံရံများတွင် ကပ်ထားပြီး မကောင်းဆိုးဝါးများ၏ လိုက်လံမှုကို နှောင့်နှေးစေရုံသာ တတ်နိုင်သည်။
သို့သော်လည်း အမှန်တကယ် လက်တွေ့ အခြေအနေမှာ လီယွမ် မျှော်လင့်ထားသည်ထက် အများကြီး ပိုမို ဆိုးရွားနေခဲ့တော့၏။
မကောင်းဆိုးဝါး အမြောက်အမြား မီးလောင်သွားပြီး နောက်မှာတောင်မှ လိုက်လံ ဖမ်းဆီးနေသော မကောင်းဆိုးဝါး အရေအတွက်မှာ လျော့ကျမသွားဘဲ ပိုမို များပြားလာနေတော့၏။
“ဘီလူး ဝိညာဉ်ကူကောင် က အဲဒီလောက်တောင် ဆွဲဆောင်မှု ရှိတာလား”
ယောက်ျားများ တိုက်ခိုက်ရမည် ဆိုသော ဘီလူး ဝိညာဉ်ကူကောင်၏ ယုံကြည်ချက်ကို လျစ်လျူရှုပြီး လီယွမ်သည် ဘီလူး ဝိညာဉ် ပူးကပ်ခြင်းကို အတင်းအကျပ် ဖယ်ရှားလိုက်ကာ သွေးချီကို ပုံမှန်အတိုင်း ပြန်လည် ထားရှိလိုက်သည်။
“အဲဒါ နည်းသွားသင့်ပြီ မဟုတ်လား”
ဆန်းကြယ်ပုံရိပ်ကူကောင်များမှာ သူ၏ ထံတွင် မရှိခဲ့ပေ။ ဓားနတ်သမီး၏ ရှိတည်မှုကို ဖုံးကွယ်ထားရန် အတွက် ရတနာသိုက် အပြင်ဘက်တွင် တာဝန်ပေးကာ ထားခဲ့လေ၏။
မဟုတ်ပါက ထူထပ်သော မြူခိုးများ ထဲတွင် ဆန်းကြယ်ပုံရိပ်ကူကောင်သည် ဉာဏ်ရည်မရှိသော မကောင်းဆိုးဝါးများကို ဆန့်ကျင်ရာ၌ အထိရောက်ဆုံးပင် ဖြစ်ပေလိမ့်မည်။
“ဟီးဟီးဟီး”
ထူထပ်သော မြူခိုးများ ထဲမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ရယ်သံများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
“မင်းတို့က ငါ့ကို တကယ် သဘောကျနေတာလား”
ပြဿနာမှာ သွေးချီ၏ အဆင့် မဟုတ်ဘဲ သူ ဖြစ်နေမှန်း လီယွမ် နားလည်သွားခဲ့သည်။
မကောင်းဆိုးဝါးများက သူ့အား တကယ် ပစ်မှတ်ထားနေခြင်း ပင်တည်း။
“ခက်ခဲတယ်”
သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
‘ဘိုးဘေး ဧကရာဇ်နဲ့များ သက်ဆိုင်နေမလား’
ရတနာသိုက်ထဲ မဝင်ခင် ချီယန်သည် မျိုးရိုးမတူသော ဘုရင် ငါးပါးကို တည်ထောင်ခြင်းမှာ သိုင်းနတ်ဘုရား ထိုက်ဇူက အရာတချို့ကို ဖိနှိပ်ရန် တမင် ချန်ထားခဲ့သော နည်းလမ်း တစ်ခုဖြစ်ကြောင်း ခန့်မှန်းခဲ့လေပြီ။
ဤမကောင်းဆိုးဝါးများ ဖိနှိပ်ခံထားရခြင်းများ ဖြစ်နိုင်ပါမည်လော။
ယူဘုရင် လင်းယွဲ့သည် အဖြစ်ဆိုးဖြင့် သေဆုံးသွားပြီး သူ၏ နန်းတော် ဖျက်ဆီးခံရသောကြောင့် အရာတချို့ ပျောက်ဆုံးသွားပြီး မကောင်းဆိုးဝါးများ လွတ်မြောက်လာခြင်း ပင် ဖြစ်၏။
ထို့နောက် ညဇီးကွက်ဘုရင်က သူ၏ နေရာတွင် အစားထိုးရန် နဝမကူနန်းတော်မှ အစွမ်းထက်သော သူတစ်ဦးကို ရှာတွေ့ခဲ့ခြင်း ဖြစ်ပေမည်။
“ပြဿနာ သိပ်ကြီးမှာ မဟုတ်ပါဘူး နော်”
လီယွမ် တွေးတောလိုက်၏။
“ယူဘုရင် လင်းယွဲ့ တောင်မှ ပြီးပြည့်စုံခြင်း နယ်ပယ်မှာပဲ ရှိတာလေ..နောက်ဆုံး ခြေလှမ်း မလှမ်းခင်မှာ သူက.. ဦးလေး ချီယန် လောက်တောင် ကောင်းချင်မှ ကောင်းမှာပါ”
“လင်းယွဲ့ က အဲဒါကို ထိန်းချုပ်ထားနိုင်တယ် ဆိုရင် ဦးလေး ချီယန် လည်း သေချာပေါက် ထိန်းချုပ်ထားနိုင်မှာပါ.. ညဇီးကွက်ဘုရင် က သူ့လက်မောင်းကို သူ ဖြတ်မှာ မဟုတ်ပါဘူး”
“ဒါက ကူသခင် လမ်းစဉ်ကို အလုပ်ကြမ်း လို သဘောထားတဲ့ ..နောက်ထပ် ဖြစ်ရပ်တစ်ခုလား”
သို့သော် ဤတစ်ကြိမ်တွင်မူ ညဇီးကွက်ဘုရင်က အများကြီး ပေးခဲ့သောကြောင့် ထောင်ချောက်မှန်း သိနေလျှင်တောင် နဝမကူနန်းတော်၏ အစွမ်းထက်သော သိုင်းသမားများ ရောက်လာခဲ့ကြသည်ပဲလေ။
‘လူတွေက ချမ်းသာချင်လို့ သေရပြီး ငှက်တွေကတော့ အစာအတွက် သေရတာပဲလေ...ဒါက အမြဲတမ်း ဖြစ်နေကျပါပဲ..’
ဤသို့ တွေးမိသောအခါ လီယွမ်၏ စိတ်အခြေအနေမှာ တောက်ပလာပြီး သူ၏ နောက်ကျောမှ အညစ်အကြေးကင်းစင်သည့် ဓားကြီးကို တိတ်တဆိတ် ဆွဲထုတ်လိုက်၏။
“မင်းတို့ ဘာတွေလဲ ဆိုတာတော့ ငါ မသိဘူး.. အဲဒီတုန်းက ဘိုးဘေး ဧကရာဇ် က မင်းတို့ကို ထိန်းချုပ်နိုင်ခဲ့သလို ငါ လီယွမ် လည်း မင်းတို့ကို ထိန်းချုပ်နိုင်တယ်”
“ကောင်းကင်ဖြစ်စဉ် အသင်္ချေ ဓားသိုင်း”
“မကောင်းဆိုးဝါး တွေကို သုတ်သင်မယ်”
လီယွမ်သည် ညင်သာစွာ ကြွေးကြော်လိုက်ပြီး ဘိုးဘေး ဧကရာဇ်၏ သွေးမျိုးဆက်ကို အသက်သွင်းကာ မကောင်းဆိုးဝါးများကို စတင် ခုတ်ပိုင်းလိုက်တော့သည်။
ဤတစ်ကြိမ်တွင်မူ ဆုတ်ခွာသွားသည်မှာ မကောင်းဆိုးဝါးများ ဖြစ်၏။
သူသည် ရွှေရောင် အလင်းတန်းများ ဝန်းရံခံထားရပြီး သူ၏ လှုပ်ရှားမှု တိုင်းတွင် နဂါး ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေသောကြောင့် မကောင်းဆိုးဝါးများ ဆုတ်ခွာသွားပြီး ထူထပ်သော မြူခိုးများပင် ပါးလွှာသွားခဲ့သည်။
သူ၏ အမြင်အာရုံများ ပြန်လည် ပွင့်လင်းလာသော အခါတွင်မူ စင်ပေါ်ရှိ ရတနာ အများအပြား ပျက်စီးနေသည်ကို လီယွမ် တွေ့လိုက်ရ၏။
“အာ..သေစမ်း”
တကယ်ကို နှမြောစရာပါလား။