အခန်း ၁၇၈၆
Vol. 120 Ch. 1786
အခန်း (၁၇၈၆)
လျှို့ဝှက်လဝန်းနန်းတော်အတွင်းမှ အပြောင်းအလဲများ
သူမကို လုချန်း စိုက်ကြည့်နေသည်ကို မြင်လျှင် ယွမ်ယုတိ၏ လှပသော မျက်ဝန်းအစုံ၌ မကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
ထိုအချိန်တွင် လုချန်းက
“ဆရာ... ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကျပ်အတည်းကို ကူညီဖြေရှင်းပေးခဲ့တာတောင် ဆရာက ကျုပ်ရဲ့ သရုပ်မှန်ကို ထုတ်ပြောလိုက်တယ်နော်။ ဒါက မသင့်တော်ဘူး မဟုတ်လား။”
ယွမ်ယုတိက
“သူက ကျွန်မရဲ့ တပည့်ပဲ။ သူ လမ်းမှားရောက်သွားမှာကို ကျွန်မ မလိုလားဘူး။”
ယွမ်ယုတိကို လုချန်း ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ ယနေ့တွင် ယွမ်ယုတိသည် ရိုးရှင်းသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်များကို တိမ်တိုက်သဖွယ် စည်းနှောင်ထား၏။ လက်ဝတ်ရတနာ အနည်းငယ်သာ ဆင်ယင်ထားသော်လည်း သူမ၏ အသွင်မှာ အေးစက်ကာ မြင့်မြတ်လွန်းနေဆဲပင်။
လုချန်း၏ အကြည့်များ သူမထံတွင် ရုတ်တရက် ကျရောက်သွား၏။ ထိုအကြည့်များအတွင်း ရမ္မက်ဆန္ဒအချို့ ပါဝင်နေသည်ကို မြင်လျှင် ယွမ်ယုတိ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ ထို့နောက် လုချန်းနှင့် ပြုလုပ်ထားသော သဘောတူညီချပ်ကို သူမ ရုတ်တရက် သတိရသွားသည်။
လုချန်းက ယွမ်ယုတိကို
“အခု လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကျပ်အတည်းက ပြေလည်သွားပြီဆိုတော့ ဆရာဘက်က ကတိတည်သင့်ပြီ မဟုတ်လား။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ၏ မျက်နှာ၌ မည်သည့် ခံစားမှု အရိပ်အယောင်မှ မပေါ်ပေ။
ယွမ်ယုတိက ခပ်အေးအေးပင်
“ကောင်းပြီ”
ဟု ဆိုလိုက်ပြီးနောက် သူမ၏ ကုတင်ဆီသို့ ကိုယ်တိုင် လျှောက်သွား၏။
ဤကဲ့သို့သော ကတိကဝတ်မျိုးအပေါ် ဖောက်ဖျက်ရန် သူမ၌ အစီအစဉ် မရှိပေ။ လုချန်းသည် မည်သူပင်ဖြစ်ပါစေ အဆုံးတွင်တော့ သူသည် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ကယ်တင်ခဲ့သူ မဟုတ်ပါလား။
ကတိမဖျက်သည့် ယွမ်ယုတိကို မြင်လျှင် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။
လုချန်းက ပြုံးလျက်
“လောစရာ မလိုပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ဖုံးကွယ်ခြင်း နည်းဗျူဟာ ပုံစံက ပျက်စီးသွားပြီဆိုတော့ ဒါကို အရင်မပြင်ရင် အောက်ကလူတွေ နေရောင်ကို မြင်ရမှာ မဟုတ်ဘူး။”
“ဒါကြောင့် ဆရာ အရင်ဆုံး နည်းဗျူဟာကို ပြင်လိုက်ပါဦး။ အားလုံး အဆင်ပြေသွားမှ ကျုပ် ဆရာ့ဆီ လာခဲ့မယ်။”
လုချန်းက သူမကို ဆရာဟု ထပ်တလဲလဲ ခေါ်ဆိုနေသည်ကို ကြားလျှင် ယွမ်ယုတိ စိတ်ထဲ၌ အလွန် အနေရခက်သွား၏။ သို့သော် သူမ ဘာမှထပ်မပြောတော့ပဲ
“ရတယ်”
ဟူသော စကားနှစ်ခွန်းကိုသာ ဆိုလိုက်သည်။
မကြာမီပင် ယွမ်ယုတိ၏ ခန္ဓာကိုယ်သည် ရေခဲပွင့်များအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွား၏။
ယွမ်ယုတိ အိပ်ဆောင်အတွင်းမှ ထွက်ခွာသွားပြီးနောက် လုချန်း မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ပေါ်လာ၏။ ယွမ်ယုတိသည် ကတိကဝတ်ကို နှစ်ကြိမ်ဟုသာ သဘောတူခဲ့သော်လည်း တစ်ကြိမ်တွင် အချိန်မည်မျှကြာမြင့်မည်ကိုတော့ အတိအကျ မသတ်မှတ်ခဲ့ပေ။
တစ်ကြိမ်မှာ တစ်ရက်လည်း ဖြစ်နိုင်သလို ဆယ်စုနှစ်တစ်ခုလည်း ဖြစ်နိုင်သည်။ နတ်များဖြစ်ကြသည့် သူတို့အဖို့ကတော့ တံခါးပိတ်ကျင့်စဉ်စခန်းအတွင်း နှစ်ပေါင်းထောင်ချီ၍ အစားမစား၊ ရေမသောက်ပဲ ကျင့်ကြံနေထိုင်ခြင်းမှာ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်၏။
ယွမ်ယုတိ လျှို့ဝှက်လဝန်းနန်းတော်၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးပါက သူမနှင့်အတူ သူအလိုရှိလောက် စုံတွဲကျင့်စဉ် လေ့ကျင့်မည် ဖြစ်သည်။
တစ်ကြိမ်လျှင် ရာစုနှစ်တစ်ခုလောက် ကြာမြင့်မည်ဆိုပါက နှစ်ကြိမ်ဆိုတည်း ဆိုတာက လက်မခံနိုင်စရာ မဟုတ်ပေ။
လုချန်း၏ အတွေးများကိုတော့ ယွမ်ယုတိ မသိပေ။ သူမ ဆိုလိုသည့် နှစ်ကြိမ်ဆိုသည်မှာ သာမန်လူသားများ ကာမဂုဏ်ခံစားသကဲ့သို့ အချိန်အတိုင်းအတာတစ်ခုကိုသာ ဆိုလိုခြင်း ဖြစ်၏။
ယွမ်ယုတိသည် အိပ်ဆောင်မှ ထွက်ခွာခဲ့ပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများကို ဦးဆောင်ကာ ပျက်စီးနေသော နည်းဗျူဟာပုံစံများကို ချက်ချင်း ပြုပြင်၏။
ယခုတစ်ကြိမ် နည်းဗျူဟာပုံစံများကို ပြုပြင်ရာတွင် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်ကျောက်တုံး မြောက်မြားစွာကို အသုံးပြုခဲ့ရ၏။ သို့သော် ကံကောင်းထောက်မစွာပင် လျှို့ဝှက်လဝန်းနန်းတော်သည် ချမ်းသာကြွယ်ဝနေဆဲဖြစ်ရာ နတ်ကျောက်တုံးများ ပြတ်လပ်ခြင်း မရှိသေးပေ။
နည်းဗျူဟာပုံစံများကို ပြုပြင်ပြီးနောက် ယွမ်ယုတိသည် အကြီးအကဲအားလုံးကို အစည်းအဝေးခန်းမသို့ ဆင့်ခေါ်လိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်သည် အကျပ်အတည်းကို ယာယီကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သော်လည်း လုပ်ဆောင်ရန် ကိစ္စရပ်များစွာ ကျန်ရှိနေသေးသည်။
ပထမအချက်မှာ သူတို့သည် နှစ်ပေါင်း ကုဋေချီ၍ အခြေချခဲ့သော နယ်မြေကို စွန့်ခွာခဲ့ရခြင်း ဖြစ်၏။ လတ်တလောတွင် နတ်ကျောက်တုံးများ မပြတ်လပ်သေးသော်လည်း ဤအတိုင်းသာ ဆက်သွားနေပါက လျှို့ဝှက်လဝန်းနန်းတော်၏ အရင်းအမြစ်များ တစ်နေ့တွင် ကုန်ခမ်းသွားပေလိမ့်မည်။
ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် နယ်မြေအသစ်များကို ပြန်လည်ချဲ့ထွင်ရမည် ဖြစ်၏။ သို့သော် ထိုသို့ပြုလုပ်ရာတွင် လူသူမနီးသော အရိုင်းနယ်မြေရှိ အင်အားစုအချို့နှင့် ထိပ်တိုက်တွေ့ဆုံရမည်မှာ မလွဲမသွေပင် ဖြစ်သည်။
ထျန်းရန်နတ်ဘုရားနယ်မြေသည် ကျယ်ပြောလှသော်လည်း နတ်အငွေ့အသက် ထူထပ်သော နေရာအများစုကိုတော့ အခြားသူများက သိမ်းပိုက်ထားပြီး ဖြစ်၏။ ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း မည်သူမှ မထိတွေ့ရသေးသော နေရာဟူ၍ မရှိသလောက်ပင် ရှားပါးလှသည်။
နယ်မြေအသစ်များ ရရှိရန်အတွက် အခြားသူများထံမှ လုယူရမည်ဖြစ်ရာ နယ်မြေလုပွဲများမှတစ်ဆင့် စစ်ပွဲများဆီသို့ သဘာဝအလျောက် ဦးတည်သွားပေလိမ့်မည်။
ထျန်းရန်နတ်ဘုရားနယ်မြေသည် ရက်စက်လှ၏။ ငါးကြီးက ငါးလေးကိုစား၊ ငါးလေးက ပုစွန်ကိုစားဆိုသည့်အတိုင်း စွမ်းအားကြီးသူက စွမ်းအားနည်းသူကို နှိပ်စက်သည့် လောကပင် ဖြစ်သည်။
အကြီးအကဲများ တိုင်ပင်ဆွေးနွေးပြီးနောက် အနီးနားဝန်းကျင်ကို အရင်ဆုံး စူးစမ်းရန် ဆုံးဖြတ်လိုက်ကြ၏။ အနီးအနားတွင် အခြားသော နတ်ဂိုဏ်းများ သို့မဟုတ် စွမ်းအားကြီး ပုဂ္ဂိုလ်များ ရှိမရှိကို ဦးစွာ စစ်ဆေးရမည် ဖြစ်၏။
အကယ်၍ မည်သူမှ မရှိပါက ဤနယ်မြေကို လျှို့ဝှက်လဝန်းနန်းတော်၏ သြဇာသက်ရောက်ရာ နယ်မြေအဖြစ် သတ်မှတ်မည် ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော်သည် စစ်ပွဲနှင့် ရုတ်တရက် ရင်ဆိုင်ခဲ့ရသူများ ဖြစ်သဖြင့် အစည်းအဝေးတက်ရောက်လာသော အကြီးအကဲများသည် အခြားဂိုဏ်းများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် တတ်နိုင်သမျှ သိမ်းသွင်းရန်နှင့် စစ်ပွဲကို ရှောင်လွှဲရန် ကြံရွယ်ထားကြ၏။
နယ်မြေချဲ့ထွင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် နတ်ဘုရင် လင်ရင်က ယွမ်ယုတိကို
“နန်းတော်သခင်... နတ်မြို့တော်က လူတွေကို ဘယ်လိုစီစဉ်သင့်လဲ။”
တည်နေရာ မရွှေ့ပြောင်းမီက လျှို့ဝှက်လဝန်းနန်းတော်သည် နတ်မြို့တော်အတွင်းရှိ နတ်ဘုရားပေါင်း သန်းချီကို နန်းတော်အတွင်းသို့ ခေါ်ဆောင်ခဲ့၏။ ထိုသန်းနှင့်ချီသော လူများသည် လျှို့ဝှက်လဝန်းနန်းတော်နောက်သို့ လိုက်ပါကာ ဤအရိုင်းနယ်မြေသို့ ရောက်ရှိလာကြသူများဖြစ်ရာ သူတို့ကို စနစ်တကျ အခြေချပေးရန်မှာ လျှို့ဝှက်လဝန်းနန်းတော်၏ တာဝန်ပင် ဖြစ်၏။
ယွမ်ယုတိ ခဏခန့် တိတ်ဆိတ်သွား၏။ ထို့နောက် အစည်းအဝေးတက်ရောက်နေသော အကြီးအကဲများကို သူမ ကြည့်လိုက်ရာ အများစုမှာ အဖော်များရှိကြပြီး ထို အဖော်များမှာလည်း လျှို့ဝှက်လဝန်းနန်းတော်သို့ လိုက်ပါလာသည်ကို တွေ့ရ၏။ ဥပမာအားဖြင့် နတ်ဘုရင်ခံ ဝေရွှီ၏ အဖော်ကဲ့သို့ ဖြစ်သည်။
ထိုအကြီးအကဲများ၏ အဖော်များသည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများမှ ဂိုဏ်းချုပ်များ သို့မဟုတ် အကြီးအကဲများ ဖြစ်ကြ၏။ သူတို့သည် သွေးလင်းယုန်ခန်းမနှင့် ၎င်း၏မဟာမိတ်များက သူတို့၏ ဂိုဏ်းများကို ချေမှုန်းနေချိန်၌ပင် လျှို့ဝှက်လဝန်းနန်းတော်အပေါ် နောက်ဆုံးအချိန်အထိ သစ္စာရှိခဲ့ကြသူများ ဖြစ်၏။ ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်က ရန်သူများကို ခုခံရာတွင်လည်း ဆက်လက်ကူညီပေးခဲ့ကြသေးသည်။
ယခုအခါ သူတို့၏ ကိုယ်ပိုင်အင်အားစုများ ပျောက်ကွယ်သွားပြီဖြစ်ရာ သူတို့အတွက် ကောင်းမွန်သော နေရာတစ်ခု မစီစဉ်ပေးပါက မသင့်လျော်ပေ။
ယွမ်ယုတိ၏ စိတ်ထဲ၌ အစီအစဉ်တစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာ၏။ သို့သော် ထိုအစီအစဉ်အပေါ် သူမ အနည်းငယ် စိတ်မပါသလို ခံစားနေရဆဲပင်။
လုချန်းနှင့် သူမ၏ အစ်မဖြစ်သူတို့ကြားမှ ကိစ္စရပ်များကြောင့် ယွမ်ယုတိသည် ယောက်ျားနှင့် မိန်းမကြားရှိ အချစ်ရေးကိစ္စများကို စက်ဆုပ်ရွံရှာခဲ့ပြီး ယောက်ျားများကိုလည်း အတိုင်းအတာတစ်ခုအထိ မုန်းတီးခဲ့၏။ ထို့ကြောင့်ပင် လျှို့ဝှက်လဝန်းနန်းတော်၌ မည်သည့် ယောက်ျားကိုမှ ဝင်ရောက်ခွင့် မပြုပဲ တားမြစ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်ရှိနေပြီဖြစ်ကာ သူမကိုယ်တိုင်လည်း ထိုလူယုတ်မာနှင့် စုံတွဲကျင့်စဉ်ကို မကြာမီ လေ့ကျင့်ရတော့မည် ဖြစ်ရာ ဟောင်းနွမ်းသောအမြင်များကို ဆုပ်ကိုင်ထားရန် မလိုအပ်တော့ပေ။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက တိုက်ရိုက်ပင် ကြေညာလိုက်၏။
“နောက်ပိုင်းမှာ ကျွန်မ တပည့်အသစ်တွေ ရွေးချယ်မယ်။ ကျား၊ မ မရွေး ဘယ်သူမဆို စမ်းသပ်မှုကို အောင်မြင်ရင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့် ဖြစ်ခွင့်ရှိမယ်။”
ယွမ်ယုတိ၏ စကားကို ကြားလျှင် အစည်းအဝေးတက်ရောက်နေသော အကြီးအကဲများ မှင်တက်သွားကြ၏။ ယောက်ျားလေး တပည့်များကို သူမ လက်ခံလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြသည်မှာ ထင်ရှားလှသည်။
မဟုတ်သေးပေ။
နန်းတော်သခင်က ယောက်ျားလေး တပည့်တစ်ယောက်ကို လက်ခံထားပြီးသားပဲ မဟုတ်လား...
သို့သော် ထိုယောက်ျားလေးတပည့်သည် သာမန်တပည့်တစ်ယောက် မဟုတ်ကြောင်း သိသာလှ၏။ တောင်ပိုင်းနယ်မြေအတွင်း ရှိနေစဉ်က သူတို့အားလုံး ယွမ်ယုတိ၏ စကားများကို ကြားခဲ့ကြရာ ချန်းလုမှာ တကယ်တော့ လုချန်းဖြစ်ကြောင်း သိသွားကြပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤအချက်မှာ လျှို့ဝှက်လဝန်းနန်းတော်အတွက် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်သည်။
နတ်ဘုရင် လင်ရင်က ဆက်လက်၍ ယွမ်ယုတိကို
“ပြီးတော့... လက်အောက်ခံ အင်အားစုတွေက ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေကိုရော ဘယ်လို စီစဉ်ပေးရမလဲ။”
ထိုဂိုဏ်းချုပ်များနှင့် အကြီးအကဲများသည် လျှို့ဝှက်လဝန်းနန်းတော်အတွက် အရာအားလုံးကို စတေးခဲ့ကြသူများဖြစ်ရာ သူတို့ကို လျစ်လျူမရှုသင့်ကြောင်း နတ်ဘုရင် လင်ရင် ယူဆမိ၏။ ယခုအခါ လျှို့ဝှက်လဝန်းနန်းတော်က ယောက်ျားလေး တပည့်များကို လက်ခံနေပြီဖြစ်ရာ လက်အောက်ခံဂိုဏ်းများမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများကိုလည်း လက်ခံသင့်သည်ဟု သူမ တွေးတောနေခြင်း ဖြစ်သည်။
ယွမ်ယုတိက နတ်ဘုရင် လင်ရင်ကို
“နတ်ဘုရင်ခံ ကျင့်စဉ်အဆင့် ရှိတဲ့သူတွေကို လုချန်းဆီ လွှတ်လိုက်ပါ။ သူတို့ လျှို့ဝှက်လဝန်းနန်းတော်အပေါ် သစ္စာဖောက်ခဲ့သလားဆိုတာကို သူ့ကို စစ်ဆေးခိုင်းလိုက်မယ်။ သစ္စာမဖောက်ခဲ့ရင် အပြင်စည်း အကြီးအကဲတွေအဖြစ် ခန့်ထားလို့ရတယ်။ တကယ်လို့ သူတို့ ကြိုးစားတယ်ဆိုရင် အတွင်းစည်းအကြီးအကဲတွေအဖြစ် ရာထူးတိုးပေးမှာပါ။”
လုချန်းအနေနှင့် သူတို့၏ သစ္စာရှိမှုကို စစ်ဆေးနိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤသတင်းသာ ပြန့်သွားပါက သစ္စာဖောက်များ မငြိမ်မသက်ဖြစ်ကာ အလိုအလျောက် သရုပ်မှန် ပေါ်ပေါက်လာလိမ့်မည်ဟု ယွမ်ယုတိ စိတ်ထဲ တွေးတောမိ၏။
အကယ်၍ လုချန်းတွင် သစ္စာရှိမှုကို ခွဲခြားနိုင်သော နည်းလမ်းရှိမည်ဆိုပါက ပို၍ပင် အဆင်ပြေပေမည်။ သစ္စာဖောက်များကို ဖော်ထုတ်ပြီး လိုအပ်သလို အရေးယူရုံသာ ဖြစ်၏။
လုချန်းသည် ဤကိစ္စတွင် ပြဿနာရှာလိမ့်မည်ဟု သူမ မစိုးရိမ်ပေ။ လျှို့ဝှက်လဝန်းနန်းတော်၏ တစ်ဝက်ခန့်မှာ လုချန်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူမ သိပြီး ဖြစ်သည်။
ထို့ပြင် လုချန်းသည် သူမ အစ်မ၏ ယောက်ျားဖြစ်နေသည့်အပြင် ထိုလူယုတ်မာသည် သူမအပေါ်၌လည်း စိတ်ဝင်စားမှု ရှိနေသည်ဖြစ်ရာ နန်းတော်ကို အန္တရာယ်ပြုလိမ့်မည် မဟုတ်ပေ။
ယွမ်ယုတိက လုချန်း၏ အမည်ကို တိုက်ရိုက် ထည့်သွင်းပြောဆိုလိုက်လျှင် အစည်းအဝေးတက်ရောက်နေသော အကြီးအကဲများ တိတ်ဆိတ်သွားကြ၏။
ထိုအခါမှ ယွမ်ယုတိ သတိဝင်လာကာ
“အခုကစပြီး သူ့ကို ချန်းလုလို့ပဲ ဆက်ခေါ်ကြပါ”
ဟု ဖြည့်စွက်ပြောကြားလိုက်သည်။
--
…………