အခန်း ၁၇၈၇
Vol. 120 Ch. 1787
အခန်း (၁၇၈၇)
အခွင့်အရေးလော လှည့်စားမှုတစ်ခုလော
ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း လုချန်းဟူသော အမည်မှာ အတန်ငယ် အထိမခံနိုင်သော ကိစ္စရပ်တစ်ခုအဖြစ် ရှိနေဆဲပင်။
အတိတ်ကာလက လုချန်းကို ဝိုင်းရံတိုက်ခိုက်ရန် အဆင့်မြင့်အင်အားစု အမြောက်အမြားက လူများ စေလွှတ်ခဲ့ကြဖူး၏။
အထူးသဖြင့် ခမ်းနားသော ကောင်းကင်ခန်းမသည် လုချန်းကို အမြစ်ပြတ်ပေမှုန်းရန် နတ်သခင်တစ်ပါးကိုပင် စေလွှတ်ခဲ့ဖူး၏။
လုချန်း လျှို့ဝှက်လဝန်းနန်းတော်တွင် ရှိနေသည့် သတင်းသာ ပြန့်နှံ့သွားပါက ထိုအဆင့်မြင့်အင်အားစုများသည် လုချန်းကို ဒုက္ခပေးရန် လူများ ထပ်မံစေလွှတ်လာကြပေလိမ့်မည်။
ထို့ပြင် လုချန်းသည် ထျန်းရန်နတ်ဘုရားနယ်မြေ သမိုင်းတစ်လျှောက် ကစဉ့်ကလျား ပင်လယ်အတွင်းမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ နှစ်ဦးထဲမှ တစ်ဦးဖြစ်၏။
အခြားတစ်ဦးမှာ နတ်ဆိုးဧကရာဇ်ပင် ဖြစ်သည်။
ထို့ကြောင့် ထိုအဆင့်မြင့်အင်အားစုများသည် ကစဉ့်ကလျား ပင်လယ်အတွင်း၌ တကယ် ဘာရှိနေသနည်းဆိုသည်ကို လုချန်းထံမှ သိရန် အလွန် တောင့်တနေကြပေလိမ့်မည်။
ဤအချက်က အစည်းအဝေးတက်ရောက်နေသော အကြီးအကဲအချို့ကို ဇဝေဇဝါ ဖြစ်စေ၏။
သူတို့အနက် အများစုမှာ ယွမ်ယုတိနှင့်အတူ လိုက်ပါလာကြသူများ ဖြစ်သဖြင့် လုချန်းအပေါ် ယွမ်ယုတိ မည်မျှအထိ အာဃာတကြီးမားခဲ့သည်ကို ကောင်းစွာ သိကြ၏။
ယခင်သူတော်စင်မဖြစ်သော ယွမ်ယုတိ၏ အစ်မသည် လုချန်းနှင့် ခိုးရာလိုက်ပြေးခဲ့ရုံသာမက သူသည် ယွမ်ချင်းရှုကို ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ခေါ်ဆောင်သွားခဲ့ရာ ယွမ်ချင်းရှု သေဆုံးရခြင်း၏ သွယ်ဝိုက်သောအကြောင်းရင်း ဖြစ်ခဲ့သည်။
သဘာဝအရဆိုလျှင် ယွမ်ယုတိသည် လုချန်းအပေါ် အလွန် နာကျည်းနေရမည်ဖြစ်သော်လည်း ယခုတော့ လုချန်းကို လျှို့ဝှက်လဝန်းနန်းတော်၌ နေထိုင်ခွင့်ပြုထားရုံသာ မက အမည်ခံတပည့်အဖြစ်ပင် လက်ခံထားသည်။
ယွမ်ယုတိ ဘာများ ကြံစည်နေသနည်းဟု သူတို့ စိတ်ဝင်တစား ရှိနေကြ၏။
သူမ လုချန်းကို မမုန်းတော့တာများလား။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက “လောလောဆယ်တော့ ဒီလောက်ပါပဲ။ အားလုံး တပည့်သစ်တွေ ရွေးချယ်ဖို့ သွားပြင်ကြတော့။”
အကြီးအကဲများက
“ဟုတ်ကဲ့ နန်းတော်သခင်”
လျှို့ဝှက်လဝန်းနန်းတော်က ယောက်ျားလေးတပည့်များ လက်ခံမည်ဟု အပြင်သို့ ကြေညာလိုက်သောအခါ နတ်မြို့တော်များအတွင်းရှိ နတ်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
လူအမြောက်အမြားသည် လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်လိုကြသော်လည်း အမျိုးသမီးများကိုသာ လက်ခံသည် ဟူသည့် စည်းကမ်းကြောင့် နတ်မြို့တော်များ၌သာ အခြေချနေထိုင်ခဲ့ကြရ၏။
ယခု လျှို့ဝှက်လဝန်းနန်းတော်က ယောက်ျားလေးတပည့်များကို လက်ခံတော့မည်ဖြစ်ရာ သူတို့သည်လည်း တရားဝင်တပည့်များ ဖြစ်လာနိုင်ရုံသာမက သူတို့၏ အဖော်များနှင့်လည်း အတူတကွ ပွင့်ပွင့်လင်းလင်း နေထိုင်နိုင်တော့မည် ဖြစ်၏။
……
တစ်ဖက်တွင်တော့။
လုချန်း၏ ဆောင်အတွင်း၌။
လုချန်းသည် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေ၏။
ကောက်ရှီယွမ်က စိုးရိမ်တကြီးဖြင့်
“နန်းတော်သခင်သာ သူ့ရဲ့ စွမ်းအားတွေ အပြည့်အဝ ပြန်ရသွားရင်... ကျွန်မ စိုးရိမ်မိတယ်”
ယွမ်ယုတိနှင့် သူ၏အကြား ကိစ္စရပ်များကို လုချန်းက ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို အကုန်အစင် ပြောပြထားသဖြင့် သူတို့နှစ်ဦးစလုံး အလွန် စိုးရိမ်နေကြခြင်း ဖြစ်၏။
လုချန်းသည် တကယ်ပင် သတ္တိခဲကြီး ဖြစ်၏။
သူတို့၏ နန်းတော်သခင်နှင့်ပင် အိပ်စက်ရန် ကြံစည်နေသည် မဟုတ်ပါလား။
နန်းတော်သခင်က သဘောတူထားသော်လည်း သူမ၏ စွမ်းအားများ အပြည့်အဝ ပြန်မရသေးသဖြင့် ယာယီ သဘောတူထားခြင်းသာ ဖြစ်နိုင်သည်။
သူမ စွမ်းအားများ ပြန်ရလာချိန်၌ ယခင်ကိစ္စများကို အရှက်ရစရာ တစ်ခုအဖြစ် သတ်မှတ်ကာ လုချန်းကို ပြန်လည် အရေးယူကောင်း ယူနိုင်ပေသည်။
ကောက်ရှီယွမ်၏ စိုးရိမ်မှုကို မြင်လျှင် လုချန်းက ပြုံးလျက်
“မစိုးရိမ်ပါနဲ့။ သူ့ရဲ့ စွမ်းအားတွေ ပြန်ရလာရင်တောင် ကျုပ်ကို ဘာမှလုပ်လို့ မရပါဘူး။
“သူ ကျုပ်ကို အန္တရာယ်မပြုပါဘူးလို့ ကောင်းကင်ဘုံ လမ်းစဉ်ကျိန်ဆိုချက် ပြုထားပြီးသားပါ။”
“တကယ်လို့ သူက ကျုပ်ကို အရေးယူဖို့ ကြိုးစားခဲ့မယ်ဆိုရင် သူရဲ့ ကျင့်စဉ်အဆင့်က နောက်ထပ် တိုးတက်တော့မှာ မဟုတ်ဘူး”
လုချန်း ထိုသို့ပြောသော်လည်း ကောက်ရှီယွမ် စိုးရိမ်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူမ၏ အမြင်အရ ယွမ်ယုတိ၏ ဝှက်ဖဲအစစ်အမှန်မှာ သူမ၏ ကိုယ်ပိုင်စွမ်းအားမဟုတ်ပဲ သူမ၏နောက်ကွယ်မှ ဆရာ ဖြစ်နေသောကြောင့်ပင်။
ယွမ်ယုတိသည် နတ်သခင် ကောင်းကင်နှင့် စိတ်ဝမ်းကွဲကာ စိတ်ဆိုးမာန်ဆိုးဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာလာခဲ့သော်လည်း တစ်နေ့တွင် သူမ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်မသွားဟု မည်သူက အာမခံနိုင်ပါသနည်း။
အကယ်၍ ယွမ်ယုတိက လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်သွားကာ နတ်သခင် ကောင်းကင်ကို တောင်းပန်ခဲ့မည်ဆိုပါက သူမသည် သူတော်စင်မအဖြစ် ဆက်မနေနိုင်တော့လျှင်တောင် ကောင်းကင်တောင်ထိပ်၌ တောင်ထိပ်သခင်လေးအဖြစ် ဆက်လက်နေထိုင်နိုင်ပေလိမ့်မည်။
ထိုနေ့ရောက်လာပြီး နတ်သခင် ကောင်းကင်က ယွမ်ယုတိ၏ အခြေအနေကို သိသွားပါက သူမအတွက် ဧကန်မုချ မားမားမတ်မတ် ရပ်တည်ပေးလိမ့်မည်။
နတ်သခင်တစ်ပါးသာ လုချန်းကို ဒုက္ခပေးရန် ရောက်လာပါက လုချန်းလည်း တကယ့် အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်။
လုချန်းက
“စီနီယာအစ်မ... စိတ်လျှော့ပါ၊ ကျုပ်က...”
လုချန်းက ကောက်ရှီယွမ်ကို ဆက်လက်ချော့မော့ရန် ကြိုးစားနေစဉ်မှာပင် အဆောင်အတွင်း၌ နတ်ဘုရင် လင်ရင် ပေါ်လာ၏။
နတ်ဘုရင် လင်ရင်သည် လုချန်းကို သခင်ဟု အလိုအလျောက် ခေါ်ဆိုချင်သော်လည်း လုချန်းက ဦးအောင် ပြောလိုက်၏။
လုချန်းက
“ဒုနန်းတော်သခင် လင်ရင်... ဘယ်လိုကိစ္စရှိလို့ ကျုပ်ဆီ ရောက်လာတာလဲ။”
နတ်ဘုရင် လင်ရင် ခဏခန့် မှင်တက်သွားပြီးမှ
“သခင်လေး... ခန်းမသခင်က လက်အောက်ခံအင်အားစုတွေနဲ့ နတ်မြို့တော်တွေက နတ်ဘုရင်ခံတွေကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတွေအဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲ့ဒီလူတွေထဲမှာ ဘယ်သူတွေက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခဲ့သလဲဆိုတာကို ခွဲခြားပေးဖို့ ရှင့်ကို တောင်းဆိုလိုက်ပါတယ်။”
လုချန်းက တွန့်ဆုတ်မနေပဲ
“ကောင်းပြီလေ”
နတ်ဘုရင် လင်ရင်က
“ဒါဆိုရင် နောက်ကို လိုက်ခဲ့ပါ။ အဲဒီ နတ်ဘုရင်ခံတွေ အားလုံး ကျင့်စဉ် ရင်ပြင်မှာ စုဝေးနေကြပါတယ်။”
လုချန်းက ဘာမှထပ်မပြောတော့ပဲ နတ်ဘုရင် လင်ရင်နောက်သို့ လိုက်ပါကာ ပြင်ပနန်းဆောင်ရှိ ကျင့်စဉ်ရင်ပြင်သို့ ထွက်ခွာလာခဲ့၏။
ထိုနေရာတွင် နတ်ဘုရင်ခံ နှစ်ဆယ်ကျော်ခန့် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
ဤမျှများပြားသော နတ်ဘုရင်ခံများကို မြင်ရသော်လည်း လုချန်း အံ့အားမသင့်ပေ။
အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်လဝန်းနန်းတော်တွင် လက်အောက်ခံအင်အားစုများနှင့် နတ်မြို့တော်များစွာ ရှိနေသောကြောင့်ပင်။
အကယ်၍ လက်အောက်ခံအင်အားစုအချို့သာ သစ္စာမဖောက်ခဲ့ပါက နတ်ဘုရင်ခံ အရေအတွက်မှာ ယခုထက် နှစ်ဆလောက်ပင် ပိုများနိုင်၏။
နတ်ဘုရင် လင်ရင်က လုချန်းကို ခေါ်ဆောင်လာလျှင် ဆူညံနေသော ကျင့်စဉ်ရင်ပြင် ချက်ချင်းပင် တိတ်ဆိတ်သွား၏။
သူတို့အားလုံး လုချန်း၏ ကိစ္စရပ်များကို ကြားသိထားကြပြီးဖြစ်သလို လုချန်းက မိစ္ဆာနတ်ဘုရင် သုံးပါးကို တစ်ဦးတည်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကိုလည်း ကိုယ်တိုင်မြင်တွေ့ခဲ့ကြသူများ ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော်က ဤချန်းလုသည် ယွမ်ယုတိ၏ တပည့်ဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ထားသော်လည်း မည်သူမှ လုချန်းကို တပည့်တစ်ယောက်အဖြစ် မဆက်ဆံရဲကြပေ။
မိစ္ဆာနတ်ဘုရင် သုံးပါးကို ကိုယ်ပိုင်စွမ်းအားနှင့် ချေမှုန်းနိုင်သူမှာ သာမန်တပည့်တစ်ယောက် မဖြစ်နိုင်ကြောင်း သူတို့ တွက်ဆမိကြ၏။
ထို့ပြင် ယခုတစ်ကြိမ် ယောက်ျားလေးများကို လျှို့ဝှက်လဝန်းနန်းတော်က လက်ခံခြင်းမှာလည်း ဤချန်းလုနှင့် ပတ်သက်နေနိုင်ကြောင်း သူတို့ ခန့်မှန်းနေကြ၏။
ရောက်ရှိနေသူများကို လုချန်းက ကြည့်လိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
လုချန်းက
“ခင်ဗျားတို့လည်း ကြားဖူးကြမှာပါ။ ကျုပ်မှာ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်တဲ့သူတွေကို ခွဲခြားနိုင်တဲ့ နတ်ရတနာတစ်ခု ရှိတယ်။
ဒါကြောင့် ခင်ဗျားတို့ထဲမှာ သစ္စာဖောက်တဲ့သူရှိရင် အခုချက်ချင်း ထွက်လာခဲ့ပါ။
ခင်ဗျားတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေကို ဝန်ခံမယ်ဆိုရင် ဆရာက ခွင့်လွှတ်ပေးကောင်း ပေးနိုင်လိမ့်မယ်။”
လုချန်းက ဆက်လက်၍
“ဒါပေမဲ့ ကျုပ်တိုင်ဖော်ထုတ်လိုက်ရရင်တော့ ခင်ဗျားတို့အတွက် သေခြင်းတရားပဲ ရှိလိမ့်မယ်။”
ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမှ ရှေ့သို့ ထွက်မလာကြပေ။
နတ်ဘုရင်ခံအချို့ကတော့ ဤအရာမှာ လှည့်စားခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးတောနေကြ၏။
အကယ်၍ သူ့တွင် ထိုကဲ့သို့သော နတ်ရတနာ တကယ် ရှိနေပါက ဤကဲ့သို့ အပိုစကားများ ပြောနေရန် အဘယ်ကြောင့် လိုအပ်ပါမည်နည်း။
လုချန်းက သက်ပြင်းချလျက်
“ကျုပ်ကတော့ အခွင့်အရေး ပေးလိုက်တာပဲ။ ခင်ဗျားတို့ကတော့ လျှောက်တွေးနေကြတုန်းပဲကိုး။ ဒါဆိုရင်လည်း အဆုံးသတ်ရောက်မှ ကျုပ်ကို လာအပြစ်မတင်နဲ့တော့။”
လုချန်းက
“ကောင်းပြီ... စလိုက်ရအောင်။ တစ်ယောက်ချင်းစီ ရှေ့ကို ထွက်လာခဲ့ကြပါ။”
လုချန်း စကားဆုံးသည်နှင့် နတ်ဘုရင်ခံ ရွှမ်ဟူ ရှေ့သို့ ပထမဆုံး တက်လာ၏။
သူသည် နတ်ဘုရင်ခံ ဝေရွှီ၏ အဖော်ဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်ရန် အချိန်အတော်ကြာ တောင့်တခဲ့သူ ဖြစ်၏။ ယခင်က သူ့၌ ကိုယ်ပိုင်ဂိုဏ်းရှိနေခြင်းနှင့် လျှို့ဝှက်လဝန်းနန်းတော်က ယောက်ျားများကို လက်မခံခြင်းတို့ကြောင့် အခြေအနေမပေးခဲ့ပေ။
ယခု လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေး ရပြီဖြစ်ရာ သူ လက်မလွှတ်တမ်း ဆုပ်ကိုင်ရမည် ဖြစ်၏။
နတ်ဘုရင်ခံ ရွှမ်ဟူကို လုချန်း ခပ်ဖျော့ဖျော့ တစ်ချက်ကြည့်လိုက်ပြီး
“နောက်တစ်ယောက်”
ထိုစကားကို ကြားလျှင် နတ်ဘုရင်ခံ ရွှမ်ဟူနှင့် ကျန်ရှိနေသော နတ်ဘုရင်ခံများ မှင်တက်သွားကြ၏။
ဒီလောက်ပဲလား။
သစ္စာဖောက် ဟုတ်မဟုတ် စစ်ဆေးမည့် နတ်ရတနာက ဘယ်မှာနည်း။
နတ်ဘုရင်ခံ ရွှမ်ဟူက
“ကျုပ် အောင်မြင်သွားပြီလား။ ဒါမှမဟုတ် မအောင်မြင်ဘူးလား”
လုချန်းက
“ခင်ဗျား မအောင်မြင်ဘူးဆိုရင် ကျုပ်က ‘နောက်တစ်ယောက်’ လို့ ပြောမှာ မဟုတ်ဘူး”
ရွှမ်ဟူလည်း လုချန်း၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားကာ အတိုင်းမသိ ဝမ်းသာသွားသည်။
နောက်ဆုံးတွင် သူသည် လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး အကြီးအကဲတစ်ဦး ဖြစ်လာပြီဖြစ်ရာ နတ်ဘုရင်ခံ ဝေရွှီနှင့် ထာဝရ အတူရှိနိုင်တော့မည် ဖြစ်၏။
နတ်ဘုရင်ခံ ရွှမ်ဟူက
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
--
…………