← Chapters

အခန်း ၁၇၈၉

Vol. 120 Ch. 1789

အခန်း ၁၇၈၉

Vol. 120 Ch. 1789

အခန်း (၁၇၈၉)

သူလွယ်လွယ်နှင့် သေမည်မဟုတ်

ထျန်းရန်နတ်ဘုရားနယ်မြေ။

တောင်ပိုင်းနယ်မြေ။

ခမ်းနားသော ကောင်းကင်ခန်းမ။

မီးခိုးငွေ့များ ရစ်သိုင်းနေသည့် နန်းဆောင်အတွင်း၌ နတ်ဘုရင် ချင်းယွမ်သည် သူ၏ ပလ္လင်‌ပေါ်၌ ထိုင်နေ၏။ နတ်ဘုရင်ခံကွေးဟိုင်၏ မှတ်ဉာဏ်ကျောက်တုံးထဲမှ အကြောင်းအရာများကို ဖတ်ရှုနေသည့် သူ၏ မျက်နှာထားမှာ အလွန်ပင် တည်ကြည်လေးနက်နေသည်။

လုချန်းက တကယ်ပဲ မသေသေးတာလား။

သူ အမှတ်မမှားဘူးဆိုလျှင် လုချန်းကို အရှင်ဖမ်းဆီးနိုင်ရန်အတွက် ဝူယာနတ်သခင်က နတ်ဘုရင် အမြောက်အမြားကို ထျန်းရှနတ်ဘုရားနိုင်ငံတော်သို့ စေလွှတ်ခဲ့ဖူးသည်။ လုချန်း၏ ကိုယ်တိုင်ပေါက်ကွဲမှုကိုလည်း သူတို့အားလုံး ကိုယ်တိုင်မြင်တွေ့ခဲ့ကြခြင်း ဖြစ်၏။

သို့သော် ယခုတော့ ထိုလုချန်း တစ်ဖန် ပြန်လည်ရှင်သန်လာပြန်ပြီ။

ယခုတစ်ကြိမ်တွင်လည်း လုချန်းက ကိုယ်တိုင်ပေါက်ကွဲရန် ထပ်မံရွေးချယ်ခဲ့ပြန်ရာ သူ နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာဦးမလားဆိုတာကား မသေချာချေ။

ထိုအချက်ကို စဉ်းစားရင်း နတ်ဘုရင် ချင်းယွမ် အတွေးနက်သွားသည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်သည့် ကိစ္စသည် အစီအစဉ်အတိုင်း ဖြစ်မလာပဲ နောက်ဆုံးတွင် သူတို့ကို လွတ်မြောက်ခွင့် ပေးလိုက်ရ၏။ ဤအချက်က ဝူယာနတ်သခင်ထံ ဖြေရှင်းချက်ပေးရန် ခက်ခဲသော်လည်း လုချန်း၏ အကြောင်းကိုသာ အစီရင်ခံတင်ပြလိုက်ပါက နတ်သခင်က အပြစ်ပေးမည် မဟုတ်ပေ။

နတ်ဘုရင် ချင်းယွမ်က နတ်ဘုရင်ခံကွေးဟိုင်ကို

“ခင်ဗျား ကျုပ်နဲ့အတူ ဝူယာခန်းမကို လိုက်ခဲ့ရမယ်”

နတ်ဘုရင်ခံကွေးဟိုင်က

“ဟုတ်ကဲ့ပါ”

ထို့နောက် နတ်ဘုရင်ခံကွေးဟိုင်ကို နတ်ဘုရင် ချင်းယွမ်က ဝူယာခန်းမဆီသို့ ခေါ်ဆောင်သွားသည်။

……

ဝူယာခန်းမအတွင်း။

သူတို့နှစ်ဦး ရောက်ရှိလာချိန်တွင် ပေတစ်ရာခန့် မြင့်မားသော ခန်းမကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသည့် ခေါင်းလောင်းသံကြီးကဲ့သို့ ဝူယာနတ်သခင်၏ အသံဟိန်းထွက်လာ၏။

ဝူယာနတ်သခင်က

“ဘာကိစ္စရှိလို့လဲ”

နတ်ဘုရင် ချင်းယွမ်က ရိုသေစွာဖြင့်

“နတ်သခင်... လျှို့ဝှက်လဝန်းနန်းတော်ကို ကိုင်တွယ်နေရင်း လုချန်းရဲ့ သဲလွန်စတွေကို တွေ့ရှိခဲ့ပါတယ်။”

ထိုစကားကို ကြားလျှင် စင်မြင့်ထက်ရှိ ဝူယာနတ်သခင် မျက်မှောင်ကြုတ်သွားပြီးနောက်

“မှတ်ဉာဏ်ကျောက်တုံး ယူခဲ့”

ဝူယာနတ်သခင်၏ စကားကို ကြားသည်နှင့် နတ်ဘုရင်ခံကွေးဟိုင်သည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူ ကြုံတွေ့ခဲ့ရသမျှကို မှတ်ဉာဏ်ကျောက်တုံးအတွင်းသို့ လျင်မြန်စွာ စုစည်းထည့်သွင်းလိုက်သည်။

နတ်ဘုရင်ခံကွေးဟိုင် စုစည်းထားသည့် မှတ်ဉာဏ်ကျောက်တုံးကို ဝူယာနတ်သခင်က လက်ကို တစ်ချက် ဝှေ့ယမ်းကာ ဖမ်းယူလိုက်ပြီး အတွင်းရှိ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။

အကြောင်းအရာများကို ဖတ်ရှုပြီးနောက် ဝူယာနတ်သခင်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်ရင်း

“သူ ဒီလောက်လွယ်လွယ်နဲ့ သေမှာမဟုတ်မှန်း ကျုပ်သိနေသားပဲ”

ထိုသို့ပြောရင်း ဝူယာနတ်သခင် အတွေးနက်သွားပြန်သည်။ ပြီးခဲ့သည့်အကြိမ်က လုချန်းသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲပြခဲ့သော်လည်း မသေဆုံးခဲ့ချေ။

သို့ဖြစ်လျှင် ယခုတစ်ကြိမ်တွင်ရော လုချန်းတကယ်ပဲ သေဆုံးသွားခဲ့ပြီလား။

သို့မဟုတ် လွတ်မြောက်ရန်အတွက် သေချင်ယောင်ဆောင်လိုက်ပြန်ခြင်းလား။

သို့သော် လုချန်းနှင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထို့ကြောင့်လည်း လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို သတ်ဖြတ်ရဲခြင်း ဖြစ်လိမ့်မည်။ ဤကိစ္စတွင် လုချန်းက အဓိကနေရာမှ ပါဝင်နေကြောင်း ထင်ရှားလှပေသည်။

ထိုစဉ်က ခမ်းနားသော ကောင်းကင်ခန်းမက လုချန်းကို လိုက်လံဖမ်းဆီးရန် လူများစေလွှတ်ခဲ့သည့်အပြင် နတ်သခင်တစ်ဦးကိုပါ အသုံးပြုခဲ့ရာ လုချန်းအနေနှင့် ခမ်းနားသော ကောင်းကင်ခန်းမအပေါ် အငြိုးအတေးကြီးစွာ ထားရှိမည်မှာ ဧကန်မုချပင် ဖြစ်၏။ ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်လာသော ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို သူက သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ဝူယာနတ်သခင်သည် ဖန်သားကုလားထိုင်၏ လက်တင်ပေါ်တွင် လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်နေသည်။ နတ်သခင် စကားမဆိုပဲ ငြိမ်သက်နေသည်ကို တွေ့လျှင် နတ်ဘုရင် ချင်းယွမ်က

“နတ်သခင်... လျှို့ဝှက်လဝန်းနန်းတော် အသုံးပြုသွားတဲ့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက နန်းတော်တစ်ခုလုံးကို ရွှေ့ပြောင်းနိုင်တဲ့အပြင် အာကာသ ပိတ်ဆို့မှုကိုပါ ကျော်လွှားနိုင်ပါတယ်။ ဒီနည်းဗျူဟာ ပုံစံကို လုချန်းက ကစဉ့်ကလျား ပင်လယ်ထဲကနေ ရခဲ့တာ ဖြစ်နိုင်ပါတယ်။”

ကစဉ့်ကလျား ပင်လယ်အတွင်း၌ ပုဂ္ဂိုလ်ထူးများ၏ ဂူသင်္ချိုင်းများ ရှိနေလိမ့်မည်ဟု လူတို့က အမြဲတစေ ယုံကြည်ခဲ့ကြသည်။ ဂူသင်္ချိုင်းများ မရှိလျှင်ပင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များ ကစဉ့်ကလျား ပင်လယ်အတွင်း ကျဆုံးသွားခဲ့ပါက သူတို့၏ ရတနာများလည်း ထိုနေရာ၌ပင် ကျန်ရစ်နေပေလိမ့်မည်။ ထို့ကြောင့် ကစဉ့်ကလျား ပင်လယ်တွင် အခွင့်အလမ်း အမျိုးမျိုး ရှိနေမည်မှာ အမှန်ပင်။

သို့သော် ကစဉ့်ကလျား စွမ်းအားမှာ လူနတ်တို့၏ ခန္ဓာကိုယ်ကို တိုက်စားနိုင်စွမ်းရှိရာ ထိုစွမ်းအားများကို အလွန် စုပ်ယူမိပါက နတ်တစ်ဦးပင် ဖြစ်လင့်ကစား လျင်မြန်စွာ ကျဆုံးသွားနိုင်သည်။ ထို့ကြောင့် ကစဉ့်ကလျား ပင်လယ်တွင် ရတနာများစွာ ရှိနေသည်ဟု ယုံကြည်ကြသော်လည်း မည်သူမှ မဆင်မခြင် သွားရောက်ရန် မဝံ့ရဲကြချေ။

သို့သော် အဆင့်မြင့် အင်အားစုများကတော့ ကစဉ့်ကလျား ပင်လယ်ကို စူးစမ်းရှာဖွေခြင်းအား ဘယ်သောအခါမှ မရပ်တန့်ခဲ့ကြပေ။ ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မည်သို့ခုခံရမည်နည်းဆိုသည်ကို သူတို့ အမြဲတစေ သုတေသန ပြုလုပ်နေကြ၏။ အကယ်၍ ဤပြဿနာကိုသာ ဖြေရှင်းနိုင်ပါက ကျန်ရှိသော ကိစ္စရပ်အားလုံး အလွယ်တကူပင် ပြေလည်သွားပေလိမ့်မည်။

ယခုအခါ ထျန်းရန်နတ်ဘုရားနယ်မြေတွင် တစ်ခါမှ မပေါ်ပေါက်ဖူးသော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို လျှို့ဝှက်လဝန်းနန်းတော်က အသုံးပြုသွားခဲ့၏။ ယင်းအချက်က လုချန်းသည် ကစဉ့်ကလျား ပင်လယ်အတွင်းမှ အခွင့်အလမ်းကောင်း တစ်ခုကို ရရှိခဲ့ကြောင်း သေချာလှသည်။

၎င်းက ကစဉ့်ကလျား ပင်လယ်အတွင်း၌ အခွင့်အလမ်းများ တကယ် ရှိနေကြောင်းကိုလည်း သက်သေပြနေသည်။

လုချန်းအနေနှင့် ကစဉ့်ကလျား ပင်လယ်အတွင်းမှ အခွင့်အလမ်းကောင်း တစ်ခုကို ရရှိထားခဲ့လျှင် သေဆုံးရမည့်‌အရေးကို သူတတ်နိုင်သမျှ ရှောင်ရှားသင့်သည်ဟု ဝူယာနတ်သခင် တွေးတောမိသည်။

ကစဉ့်ကလျားပင်လယ်မှ အခွင့်အလမ်းတစ်ချို့ကို ရရှိပြီးနောက်တွင် အနာဂတ်တွင် ကလဲ့စားချေနိုင်မည့် အခြေအနေများပင် ရရှိလာနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် ကလဲ့စားမချေရသေးမီ ရန်သူနှင့်အတူ အသေခံရန်က မဖြစ်နိုင်ချေ။ သို့ဖြစ်ရာ ပေါက်ကွဲသွားသည်က ကိုယ်ပွားသာ ဖြစ်နိုင်ပြီး ပင်မကိုယ်တော့ မဟုတ်တန်ရာပေ။

တစ်နည်းအားဖြင့် ဆိုရသော် လုချန်း အသက်ရှင်နေဦးမှာ အလွန်ပင် ထင်ရှားလှသည်။

ဤဖြစ်နိုင်ခြေကို သဘောပေါက်သွားသည်နှင့် ဝူယာနတ်သခင်က နတ်ဘုရင် ချင်းယွမ်ကို

“လုချန်း ဘယ်အရပ်မှာ ရှိနေသလဲဆိုတာကို ချက်ချင်း လိုက်လံရှာဖွေဖို့ လူလွှတ်လိုက်ပါ။”

“ဒါ့အပြင် လျှို့ဝှက်လဝန်းနန်းတော်ကလည်း တောင်ပိုင်းနယ်မြေထဲမှာပဲ ရှိနေဦးမှာပဲ။ လုချန်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်တို့ ပူးပေါင်းနေကြတာဆိုတော့ လျှို့ဝှက်လဝန်းနန်းတော်ကို ရှာတွေ့ရင် လုချန်းရဲ့ သဲလွန်စကိုလည်း ရနိုင်လိမ့်မယ်။”

ဝူယာနတ်သခင်၏ အမြင်အရ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ရွှေ့ပြောင်းနိုင်သည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံသည် အားကောင်းလှသော်လည်း ရွှေ့ပြောင်းနိုင်သည့် အကွာအဝေးကတော့ အလွန် များနိုင်မည် မဟုတ်ချေ။

မည်သည့် နည်းဗျူဟာ ပုံစံမျိုးပင် ဖြစ်စေ နတ်အငွေ့အသက်များကို စုပ်ယူအသုံးပြုရသည်သာ ဖြစ်၏။

နည်းဗျူဟာ ပုံစံ အဆင့်မြင့်လေလေ နတ်အငွေ့အသက်ကို ပို၍သုံးစွဲရလေလေ ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးကို ရွှေ့ပြောင်းနိုင်သည့် နည်းဗျူဟာ ပုံစံမျိုးက နတ်အငွေ့အသက် မည်မျှ သုံးစွဲမလဲဆိုသည်က ခန့်မှန်းရ ခက်ခဲလှသည်။

ဤနည်းဗျူဟာ ပုံစံက အကွာအဝေး အလွန်ဝေးကွာသော နေရာအထိ ပို့ဆောင်ပေးနိုင်သည် ဆိုဦးတော့ လျှို့ဝှက်လဝန်းနန်းတော်တွင် လုံလောက်သော နတ်ကျောက်တုံးများ ရှိနေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်သည် တောင်ပိုင်းနယ်မြေအတွင်းရှိ အခြားတစ်နေရာသို့သာ ရွှေ့ပြောင်းသွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဝူယာနတ်သခင် ခန့်မှန်းသည်။

နေရာသစ်တစ်ခု၌ နတ်ဂိုဏ်းတစ်ဂိုဏ်း ရုတ်တရက် ပေါ်ပေါက်လာခြင်းကို ရှာဖွေတွေ့ရှိရန်ကလည်း အလွန် လွယ်ကူလှသည်။ နတ်ဂိုဏ်း၏ ဖုံးကွယ်ခြင်း နည်းဗျူဟာသည် ရွှေ့ပြောင်းနေစဉ်အတွင်း ပျက်စီးသွားနိုင်ရာ မြေပြင်ပေါ်ရှိ လူများအနေနှင့် ထိုမြင်ကွင်းကို ဧကန်မုချ တွေ့ရှိသွားနိုင်သည်။

ဝူယာနတ်သခင်က သူ၏ တာဝန်ပျက်ကွက်မှုကို အပြစ်မယူသည့်အတွက် နတ်ဘုရင် ချင်းယွမ် စိတ်သက်သာရာရသွားကာ

“ဟုတ်ကဲ့ပါ နတ်သခင်... လျှို့ဝှက်လဝန်းနန်းတော် ရှိနေမယ့် နေရာကို ရှာဖွေဖို့ ကျုပ် အခုပဲ လူတွေ စေလွှတ်လိုက်ပါ့မယ်။”

တောင်ပိုင်းနယ်မြေသည် ကျယ်ပြောလှသော်လည်း အဓိက အင်အားစုများကို ခမ်းနားသော ကောင်းကင်ခန်းမက ဦးဆောင်နေခြင်း ဖြစ်၏။ ခမ်းနားသော ကောင်းကင်ခန်းမကသာ လုချန်းကို ရှာဖွေရန် အင်အားစုအားလုံးကို ပူးပေါင်းဆောင်ရွက်ဖို့ အမိန့်ပေးလိုက်လျှင် လျှို့ဝှက်လဝန်းနန်းတော် တည်ရှိရာနေရာကို မကြာမီ ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

ထိုအတွေးနှင့်အတူ နတ်ဘုရင် ချင်းယွမ်လည်း ဝူယာခန်းမအတွင်းမှ ထွက်ခွာသွား တော့သည်။

နတ်ဘုရင် ချင်းယွမ် ထွက်ခွာသွားပြီးနောက် ဝူယာနတ်သခင် အတွေးနက်သွားပြန်၏။

သူ၏ ပါရမီသည် ကန့်သတ်ချက် ရှိနေခဲ့ရာ ကျင့်စဉ်ကိုသာ အားကိုးပြီး နတ်ဧကရာဇ် အဆင့်သို့ ရောက်ရှိရန်က လုံးဝ မဖြစ်နိုင်သလောက် ဖြစ်၏။ နတ်ဧကရာဇ် တစ်ဦး ဖြစ်လာရန်အတွက် နတ်ဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်း တစ်ခုအား သူတကယ် လိုအပ်နေသည်။

ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း၌ ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် လိုအပ်သည့် အခွင့်အလမ်းများ ကင်းမဲ့နေသည်မှာ ထင်ရှားလှရာ ဝူယာနတ်သခင်၏ အာရုံက ကစဉ့်ကလျား ပင်လယ်ဆီသို့ ရောက်ရှိလာခြင်းဖြစ်သည်။

နတ်ဧကရာဇ် အမြောက်အမြား ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီး ဘယ်သောအခါမှ ပြန်မလာခဲ့ကြချေ။ ထို့ကြောင့် ကစဉ့်ကလျား ပင်လယ်အတွင်း၌ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းများစွာ ကျန်ရစ်နေမည်မှာ အမှန်ပင် ဖြစ်၏။

ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ရှောင်ရှားနိုင်မည့် နည်းလမ်းကိုသာ လုချန်းထံမှ ရရှိခဲ့ပါက သူသည်လည်း ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ပြီး ဧကရာဇ်အဆင့် တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို ရှာဖွေနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ယခု လုချန်းသည် သူ့အတွက် အလွန်ပင် အရေးပါနေပေပြီ။

ဤကိစ္စကို ကိုင်တွယ်ရန် နတ်ဘုရင် ချင်းယွမ် တစ်ဦးတည်းအပေါ် အားကိုးနေခြင်းက မလုံလောက်နိုင်ဟု ဝူယာနတ်သခင်က တွေးတောမိပြန်သည်။

ထို့နောက် ဝူယာနတ်သခင်သည် စာလိပ်တစ်ခုကို ထုတ်ယူကာ သူ၏ နတ်စွမ်းအားကို အသုံးပြု၍ စာတိုတစ်ကြောင်း ရေးသားလိုက်၏။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ စာလိပ်သည် မိတ္တူပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းတန်းများ အဖြစ်ဖြင့် ခန်းမအတွင်းမှ ပျောက်ကွယ်သွားသည်။

တောင်ပိုင်းနယ်မြေရှိ အင်အားစုအားလုံး လျှို့ဝှက်လဝန်းနန်းတော်နှင့် လုချန်းကို ရှာဖွေရာတွင် ကူညီပေးကြရန် ဝူယာနတ်သခင်က နတ်အမိန့်တော် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

တောင်ပိုင်းနယ်မြေရှိ အင်အားစုများလည်းထိုနတ်အမိန့်ကို လက်ခံရရှိလျှင် အလွန်ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။ လုချန်းက ထျန်းရှနတ်ဘုရားနိုင်ငံတော်တွင် ကွမ်းရန်ဘုရင်ကို ကလဲ့စားပြီးနောက် ကိုယ်တိုင်ပေါက်ကွဲကာ သေဆုံးသွားခဲ့ပြီဟု အတည်ပြုခဲ့ကြသည် မဟုတ်ပါလား။

သို့သော် အဘယ်ကြောင့် ခမ်းနားသော ကောင်းကင်ခန်းမက လုချန်းကို ရှာဖွေရန် နတ်အမိန့် ထုတ်ပြန်ရသနည်း။

သို့သော် စဉ်းစားကြည့်မည်ဆိုလျှင် ခမ်းနားသော ကောင်းကင်ခန်းမက နတ်အမိန့်တော် ထုတ်ပြန်လိုက်ခြင်းမှာ လုချန်း အသက်ရှင်နေနိုင်သေးကြောင်း သက်သေပြနေခြင်း ဖြစ်၏။ လုချန်းကို ဖမ်းဆီးနိုင်ပါက ကစဉ့်ကလျား ပင်လယ်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို ရရှိနိုင်မည်ဟု တွေးတောမိကြရင်း တောင်ပိုင်းနယ်မြေရှိ အဓိက အင်အားစုများလည်း အလွန်ပင် စိတ်အားထက်သန်သွားကြသည်။

ခဏအတွင်းမှာပင် တောင်ပိုင်းနယ်မြေရှိ အင်အားစုအားလုံးနီးပါးသည် လုချန်းကို ဖမ်းဆီးရန် ဝရမ်းများကို ထုတ်ပြန်လိုက်ကြလေတော့သည်။

--

……….

All Chapters