← Chapters

အခန်း ၁၇၉၇

Vol. 120 Ch. 1797

အခန်း ၁၇၉၇

Vol. 120 Ch. 1797

အခန်း( ၁၇၉၇ )

ကိုယ်ပွားအားလုံးသည် ပင်မကိုယ်

ယဲ့ချူယောင်၏ စကားကြောင့် လုချန်း ခဏခန့် မှင်တက်သွားမိသော်လည်း သူမ၏ ဆိုလိုရင်းကို နားလည်သွားကာ ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်၏။

လုချန်း၏ ကိုယ်ပွားကို နတ်အာရုံ အစအနလေး တစ်ခုဖြင့်သာ ထိန်းချုပ်ထားသည့် ရိုးရိုးကိုယ်ပွားတစ်ခုဟု ယဲ့ချူယောင် ထင်မှတ်နေတာ ထင်ရှားသည်။

ထိုအခိုက်အတန့်တွင် သူမ၏ နောက်ဘက်သို့ လုချန်း ရောက်လာပြီး နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

“ခင်ဗျား ဘာတွေ ပြောနေတာလဲ။ကျုပ် ဘယ်တုန်းက ကိုယ်ပွား သုံးခဲ့လို့လဲ။”

ယဲ့ချူယောင်က အေးစက်စွာဖြင့်

“ကျွန်မကို အဲ့ဒီလောက် အယုံလွယ်တယ်လို့ ရှင် တကယ် ထင်နေတာလား။”

သူမ၏ အနောက်ရှိ လုချန်း၏ ကျင့်စဉ်အဆင့်မှာ ရှေ့တွင်ရှိသော လုချန်းထက် သိသိသာသာ နိမ့်ကျနေသည်။

ဤသည်မှာ ကိုယ်ပွားမဟုတ်လျှင် အဘယ်နည်း။

ယဲ့ချူယောင် မယုံကြည်သည်ကို လုချန်း မြင်လျှင် ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်၏။

လုချန်းက

“စီနီယာအစ်မ... ခင်ဗျား ကျုပ်ကို အထင်လွဲနေပြီ။ ကျုပ်မှာ တကယ့်ကိုယ်ပွားဆိုတာ မရှိဘူး။”

“ဒါမှမဟုတ် ကိုယ်ပွားအားလုံးက ပင်မကိုယ်တွေပဲလို့ ပြောရမယ်။”

လုချန်း၏ စကားကို ကြားလျှင် ယဲ့ချူယောင် မျက်မှောင်ကြုတ်သွား၏။ ကိုယ်ပွားအားလုံးက ပင်မကိုယ်ဟုတ်လား။

ထိုအရာက ဘာကို ဆိုလိုတာပါလိမ့်။

ကိုယ်ပွားဆိုတာ ကိုယ်ပွားသာဖြစ်ပြီး ပင်မကိုယ် မည်သို့ ဖြစ်နိုင်မည်နည်း။

လုချန်း အဘယ်အရာကို ပြောနေခြင်း ဖြစ်သနည်း။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်၏ မျက်နှာသည် နီမြန်းနေပြီး မျက်ဝန်းအိမ်၌ မျက်ရည်စများ ဝိုင်းနေသည်။ သူမသည် လုချန်း အဘယ်သို့ ဆက်လက် ငြင်းဆန်ဦးမည်ကို သိလိုသဖြင့် စိုက်ကြည့်နေမိ၏။

ယဲ့ချူယောင် မယုံသင်္ကာဖြစ်နေသည်ကို လုချန်း မြင်လျှင် တိုက်ရိုက်ပင် ရှင်းပြလိုက်၏။

လုချန်းက

“ဒါက ကျုပ်ရဲ့ အထူးစွမ်းရည်ပဲ။ ကျုပ်မှာ ပုံသေ ပင်မကိုယ်ဆိုတာ မရှိဘူး။ ကျုပ်ရဲ့ နတ်အာရုံက ရုပ်ခန္ဓာတိုင်းကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ထားတာ။ ဒါကြောင့် ရုပ်ခန္ဓာတိုင်းရဲ့ နတ်အာရုံက ပြည့်စုံနေတာပေါ့။ ခင်ဗျား မယုံဘူးဆိုရင် သေချာ စစ်ဆေးကြည့်လို့ ရပါတယ် စီနီယာအစ်မ။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် မှင်တက်သွား၏။

နတ်အာရုံ တစ်ခုတည်းက ကိုယ်ပွားအားလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ထားတယ်လား။

ထိုသို့ ဖြစ်နိုင်ပါ့မလား။

ဤရုပ်ခန္ဓာများသည် ရုပ်သေးရုပ်များ မဟုတ်ပေ။

သို့ဖြစ်ပါက နတ်အာရုံ တစ်ခုတည်းက မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

သို့သော် သတိပြန်ဝင်လာလျှင် မလှမ်းမကမ်းရှိ လုချန်းကို သူမ သေချာစွာ စစ်ဆေးကြည့်ရာ သူ၏ နတ်အာရုံ တကယ်ပင် အလွန်ပြည့်စုံနေသည်ကို တွေ့လိုက်ရ၏။

ထို့နောက် သူမ၏ အနောက်ရှိ လုချန်းကိုလည်း လှည့်၍ စစ်ဆေးကြည့်ပြန်၏။ လုချန်း ပြောသကဲ့သို့ပင် သူတို့နှစ်ဦးလုံး၏ နတ်အာရုံများမှာ မည်သည့် ချို့ယွင်းချက်မှ မရှိပဲ စွမ်းအားစီးဆင်းမှု ပြည့်စုံနေသည်။

သူပြောတာ တကယ်ပဲလား။

မဖြစ်နိုင်ပေ။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေးသည်။

ထိုအရာမှာ လုချန်းနှစ်ဦးအနက် တစ်ဦးမှာ အတုဖြစ်ပြီး အခြားသူတစ်ဦးက အယောင်ဆောင်ထားခြင်းပင်။

ဤဖြစ်နိုင်ခြေသာ အမှန်ဖြစ်ခဲ့လျှင်ဟု တွေးမိရင်း ယဲ့ချူယောင် တုန်ရင်သွားမိ၏။ ထိုအရာက သူမသည် လုချန်း မဟုတ်သည့် အခြားသူတစ်ဦး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဟု ဆိုလိုခြင်း ဖြစ်သောကြောင့်ပင်။

ထိုသို့သော အရာမျိုး ဖြစ်လာမည်ကို သူမ လုံးဝ ခွင့်မပြုနိုင်ပေ။

သူမသည် လုချန်းနှင့် ကိုယ်တိုင် ဆန္ဒရှိ၍ ပတ်သက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လုချန်း၏ မည်သို့သော အခြေအနေမျိုးကိုမဆို သူမ စိတ်မပါသော်လည်း ဖြေလျှော့ပေးနိုင်၏။

သို့သော် သူမ မသိပဲ အခြားသူတစ်ဦးနှင့် ဆိုပါက မည်သည့် အခြေအနေမျိုး၌မဆို သူမ လက်ခံနိုင်မည် မဟုတ်ချေ။

သူမသည် အနောက်ရှိ လုချန်းထံသို့ အေးစက်စွာ လှည့်ကြည့်ရင်း မေးလိုက်၏။

“ရှင် လုချန်း မဟုတ်ဘူး။ ရှင်က ဘယ်သူလဲ”

ကျင့်စဉ်အဆင့် ပိုမြင့်သောသူမှာ လုချန်းဖြစ်ပြီး အဆင့်နိမ့်သူကတော့ လုချန်း မဟုတ်နိုင်ဟု သူမ၏ စိတ်ထဲ စွဲထင်နေ၏။

လုချန်းလည်း ယဲ့ချူယောင်၏ အတွေးကို ချက်ချင်းပင် ရိပ်မိသွားကာ အတွေးတစ်ခု ဝင်လာသဖြင့် သူ၏ နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွား၏။

ထို့နောက် ယဲ့ချူယောင်၏ ရှေ့ရှိ လုချန်းကို ထိန်းချုပ်ကာ

“ခင်ဗျား သိသွားမှတော့ ကျုပ်လည်း ဟန်မဆောင်တော့ဘူး။ တကယ်တော့ ကျုပ်က လုချန်း အစစ်ပါ။ သူကတော့ ချန်းလု ပေါ့။”

ထိုစကားကို ကြားလျှင် ယဲ့ချူယောင်၏ စိတ်အစဉ် လှုပ်ခတ်သွားမိ၏။ ထို့နောက် သတိပြန်ဝင်လာပြီးနောက် မလှမ်းမကမ်းရှိ လုချန်းကို ကြည့်ကာ ထိုအရာ တကယ် ဖြစ်နိုင်ပါ့မလားဟု မယုံကြည်နိုင်ဖြစ်နေမိသည်။

ထိုသို့ဆိုလျှင် သူမ တစ်လျှောက်လုံး ပေးအပ်ခဲ့ရသူမှာ လုချန်း မဟုတ်ပဲ ချန်းလု ဖြစ်နေသည်ဟု ဆိုလိုခြင်းလား။

ချန်းလုနှင့် လုချန်း အကြား လှည့်ပတ်နေမှုကြောင့် ယဲ့ချူယောင် ဇဝေဇဝါ ဖြစ်နေမိ၏။

သူမနှင့် အတူရှိနေခဲ့သည့် အမျိုးသားမှာ မည်သူနည်း။

သို့မဟုတ် နှစ်ဦးလုံးနှင့် ပတ်သက်နေမိခြင်းလား။

နှစ်ဦးလုံး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဟူသော အတွေးကြောင့် ယဲ့ချူယောင် အကြီးအကျယ် ဒေါသထွက်သွားကာ ဆောင်ကြာမြိုင်မှ အမျိုးသမီးတစ်ဦးလို ဖြစ်သွားပြီလားဟု သူမကိုယ်သူမ တွေးမိကာ စိတ်နာမိ၏။

သူမ ဒေါသထွက်နေသည်ကို မြင်လျှင် လုချန်းလည်း နောက်ပြောင်နေခြင်းကို ရပ်လိုက်၏။

လုချန်းက

“စီနီယာအစ်မ... ကျုပ် ခုနက နောက်လိုက်တာပါ။ ဒါတွေ အားလုံးက ကျုပ်တစ်ယောက်တည်းပါပဲ။”

“ချန်းလုက လုချန်းပဲ။ လုချန်းကလည်း ချန်းလုပါပဲ။”

“ခင်ဗျား မယုံဘူးဆိုရင် ကျုပ် ခုချက်ချင်း ကိုယ်ပွားတချို့ ထပ်လုပ်ပြမယ်။”

ထိုသို့ ပြောပြီးနောက် လုချန်းသည် လက်ကို မြှောက်ကာ ဖန်တီးခြင်း လမ်းစဉ်၏ စွမ်းအားကို အသုံးပြုလိုက်၏။ ခဏခန့် အကြာတွင် ဂူအတွင်း၌ စွမ်းအားအဆင့် မတူညီကြသော လုချန်း သုံးဦး ထပ်မံ ပေါ်ပေါက်လာခဲ့သည်။

ယဲ့ချူယောင် မှင်တက်သွားမိ၏။ လုချန်း ဖန်တီးလိုက်သော ကိုယ်ပွားများတွင် တကယ်ပင် ပြည့်စုံသော နတ်အာရုံများ ရှိနေသည်ကို သူမ သိမြင်လိုက်ရသည်။ ထိုကိုယ်ပွားများကို လုချန်း၏ ပင်မကိုယ်များအဖြစ် ယူဆနိုင်သည်။

ဤအရာက ကျောက်စိမ်းနဂါးဂိုဏ်း၏ တိုက်ပွဲတွင် လုချန်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့စဉ်က အဖြစ်အပျက်ကို ယဲ့ချူယောင်အား သတိရသွားစေ၏။ ထိုစဉ်က သူသည် အားအင်ကုန်ခမ်းနေခဲ့သော်လည်း အလွန်လျင်မြန်စွာ ပြန်လည် နာလန်ထူလာခဲ့သည်။

ထိုစဉ်က သူ၏ ထူးခြားသော ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံကြောင့်ဟု သူမ တကယ်ပင် ထင်မှတ်ကာ ပိဟိုင်နတ်မြို့၌ သူနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ယခုကြည့်ရသည်မှာ ထိုစဉ်က လုချန်းက ကိုယ်ပွားတစ်ခုသာ ဖြစ်ပုံရ၏။

မည်မျှပင် ပြင်းထန်သော ဒဏ်ရာရရှိစေကာမူ၊ ထိုရုပ်ခန္ဓာ သေဆုံးသွားစေကာမူ လုချန်းအပေါ် ထိခိုက်မှု ရှိလိမ့်မည် မဟုတ်ပေ။ သူမ ထိုလူယုတ်မာအတွက် အလကားသက်သက် စိုးရိမ်ခဲ့ရသည်များကို တွေးကာ စိတ်မကောင်း ဖြစ်မိ၏။

ထိုအကြောင်းကို တွေးမိလျှင် ယဲ့ချူယောင်၏ ရင်ထဲ၌ ပြောမပြတတ်သော ဒေါသများ ဟုန်းဟုန်းတောက်သွား၏။

ယဲ့ချူယောင် ဒေါသထွက်နေဆဲဖြစ်သည်ကို မြင်လျှင် အနောက်ရှိ လုချန်းက သူမ၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်၏။

လုချန်းက

“စီနီယာအစ်မက ဘာလို့ ကျုပ်ကို အခုထိ စိတ်ဆိုးနေရတာလဲ။”

ယဲ့ချူယောင်က အေးစက်စွာပင်

“ကျွန်မက ရှင့်ရဲ့ စီနီယာအစ်မ မဟုတ်ဘူး”

လုချန်းက

“ခင်ဗျား ဘာတွေ ပြောနေတာလဲ။ တို့နှစ်ယောက်လုံးက ဆရာ တစ်ယောက်တည်းဆီမှာ ပညာသင်ခဲ့တာပဲ။ ခင်ဗျားက ကျုပ်ရဲ့ စီနီယာအစ်မ မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ”

“ နောက်ပြီး...”

လုချန်းက ကိုယ်ကို အနည်းငယ် ရွှေ့လိုက်ပြီး ဆက်ပြော၏။

“ခင်ဗျားက အခု ကျုပ်ရဲ့ မိန်းမ ဖြစ်နေပြီ။ ခင်ဗျား ကျုပ်ကို စိတ်ဆိုးသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ အဲ့ဒီအချက်ကိုတော့ ပြောင်းလဲလို့ မရဘူး။”

ယဲ့ချူယောင်က

“ရှင်...”

ယဲ့ချူယောင်လည်း လုချန်းကို မည်သို့ ပြန်ပြောရမည်မှန်း မသိတော့ပဲ သူပြောသည်မှာ မှန်ကန်ကြောင်း ဝန်ခံလိုက်ရ၏။ သူမ၏ ဆရာ ပင်လျှင် သူ၏ ဘက်တော်သား ဖြစ်နေပြီ ဖြစ်သလို သူ၏ အင်အားမှာလည်း သူမထက် များစွာ သာလွန်နေသည်။

သူမသည် ဝူကျန်းဝမ်အတွက် လက်စားချေလိုသော်လည်း မည်သည့် နည်းလမ်းမှ မရှိချေ။

ထို့ပြင် သူမ၏ အနေအထားက လက်စားချေရန် ဝေးစွ လုချန်း၏ လက်ထဲမှပင် မလွတ်မြောက်နိုင်ပေ။

ယဲ့ချူယောင် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်ကာ စိတ်ကို ထိန်းချုပ်လိုက်၏။ မည်မျှပင် ဒေါသထွက်နေပါစေ မည်သည့်အရာကိုမှ ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း သူမ နားလည်သွားသည်။

ထို့နောက် သူမက တိုက်ရိုက်ပင် မေးလိုက်၏။

“ကျန်းဝမ်... အဆင်ပြေရဲ့လား”

ဒေါသထွက်နေမည့်အစား ဝူကျန်းဝမ်၏ အခြေအနေကို မေးမြန်းခြင်းက ပို၍ ကောင်းပေမည်။ လုချန်း လွတ်မြောက်လာလျှင် ဝူကျန့်ဝမ်လည်း လွတ်မြောက်လာနိုင်သည်ဟု သူမ တွေးမိ၏။

လုချန်းက

“သူ အဆင်ပြေပါတယ်။ အဆင်ပြေရုံတင် မကပဲ ကျုပ်အတွက် ရင်သွေးလေးတောင် မွေးပေးထားသေးတယ်။”

ထိုသို့ ပြောရင်း ကစဉ့်ကလျား ပင်လယ်၌ ဝူကျန်းဝမ်နှင့် ရှိခဲ့သော သူ၏ မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲလုံး တစ်ခုအတွင်းသို့ ထည့်သွင်းကာ ယဲ့ချူယောင်၏ နဖူးဆီသို့ ပို့လွှတ်လိုက်၏။

ထိုခဏ၌ လုချန်းနှင့် ဝူကျန်းဝမ်တို့၏ မှတ်ဉာဏ်များ ယဲ့ချူယောင်၏ စိတ်ထဲသို့ ဝင်ရောက်လာကာ သူမ၏ မျက်နှာအမူအရာ တဖြည်းဖြည်းနှင့် ရှုပ်ထွေးသွားသည်။

သူမက ဝူကျန်းဝမ်အတွက် ဝမ်းသာပေးရမှာလား။

သို့မဟုတ် သနားရမည်လား မသိတော့ချေ။

ဝူကျန်းဝမ်သည် ဝိညာဉ်စစ်သည် နိုင်ငံတော်၏ မင်းသမီးတစ်ဦး ဖြစ်သော်လည်း ယခုအခါ ဤလူယုတ်မာ၏ ကစားစရာ ဖြစ်နေရသည့်အပြင် ကလေးပင် ရနေပြီ။

သို့သော်လည်း ထိုအရာအားလုံးမှာ သူမကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် သူမ၏ ကိုယ်ပိုင်ဆန္ဒဖြင့် လုချန်းနှင့်အတူ ကစဉ့်ကလျား ပင်လယ်သို့ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

ယဲ့ချူယောင် တိတ်ဆိတ်နေသည်ကို လုချန်း သတိထားမိသောအခါ

“အခုဆို စိတ်အေးသွားပြီလား စီနီယာအစ်မ”

ယဲ့ချူယောင်လည်း သူမ၏ စိတ်ကို ပြန်ထိန်းလိုက်ပြီး ပြန်လည် မေးခွန်းထုတ်လိုက်၏။

“သူ ကစဉ့်ကလျား ပင်လယ်ထဲကနေ ဘယ်လို ထွက်လာနိုင်မလဲ။”

--

………….

All Chapters