← Chapters

အခန်း ၁၇၉၈

Vol. 120 Ch. 1798

အခန်း ၁၇၉၈

Vol. 120 Ch. 1798

အခန်း (၁၇၉၈)

သဘောတူပြီးပြီ

ဝူကျန်းဝမ်၏ ဘေးကင်းလုံခြုံရေးကို ယဲ့ချူယောင် အစိုးရိမ်ဆုံး ဖြစ်သည်။ ဝူကျန်းဝမ်သည် လက်ရှိတွင် ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း လုချန်း၏ မှတ်ဉာဏ်ထဲ၌ သူမ မြင်တွေ့ခဲ့ရသော်လည်း တစ်နေ့တွင် ရှနိုင်ငံတော် တည်ရှိရာ အရပ်သို့ ကစဉ့်ကလျား စွမ်းအားများ အရှိန်အဟုန်နှင့် တိုးဝင်လာမလား ဆိုတာကိုတော့ မည်သူမှ မခန့်မှန်းနိုင်ပေ။

လုချန်းက

“ကျုပ် နတ်ဧကရာဇ် အဆင့်ကို ရောက်တာနဲ့ သူတို့ကို ကစဉ့်ကလျား ပင်လယ်ထဲကနေ ခေါ်ထုတ်သွားနိုင်မှာပါ။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင် တိတ်ဆိတ်သွား၏။ လုချန်း၏ လက်ရှိ ကျင့်စဉ်အဆင့်ကို သူမ တကယ် မသိသော်လည်း သူ၏ အဆင့်နှင့် စွမ်းအားများ ကျဆင်းသွားနိုင်သည်ဟု သူမ ခန့်မှန်းမိသည်။

ပြီးခဲ့သည့်အကြိမ် လျှို့ဝှက်လဝန်းနန်းတော်၏ အကျပ်အတည်းတွင် မိစ္ဆာနတ်ဘုရင် သုံးပါး၏ တိုက်ခိုက်မှုကို လုချန်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်တားဆီးခဲ့သော်လည်း ထိုတိုက်ခိုက်မှုကို ခုခံရန်အတွက် လုချန်းက သူ၏ နတ်ဝိညာဉ်ကို လောင်မြိုက်စေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယဲ့ချူယောင် တွေးဆမိ၏။

နတ်ဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်ရန် လုချန်းအတွက် နှစ်ပေါင်းမည်မျှ ကြာမြင့်ဦးမည်ကို မည်သူ သိနိုင်မည်နည်း။

သို့သော်လည်း ဤအကြောင်းကို ပြောဖြစ်ခြင်းက ဝူကျန်းဝမ်ကို ပြန်တွေ့ရမည့် သူမ၏ မျှော်လင့်ချက်ကို အနည်းငယ် ပို၍ ခိုင်မာစေသည်။

ဝူကျွင်းဝမ် အကြောင်းကို ပြောဆိုပြီးနောက် ယဲ့ချူယောင်တစ်ယောက် ဘာပြောရမည်မှန်း မသိပဲ ထပ်မံ တိတ်ဆိတ်သွားပြန်၏။

တိတ်ဆိတ်နေသော ယဲ့ချူယောင်ကို ကြည့်ကာ လုချန်းက သူမ၏ နားနားသို့ ကပ်၍

“ကျုပ်တို့က ဒီလို အခြေအနေအထိ ဖြစ်ပြီးပြီပဲ။ အစ်မ ကျုပ်နောက်ကို အပြီးအပိုင် လိုက်ခဲ့ပါလား”

ဟု တိုးတိုးလေး ကပ်၍ စနောက်လိုက်၏။

သတိပြန်ဝင်လာသည့် ယဲ့ချူယောင်က ခပ်အေးအေးပင်

“နန်းတော်သခင်က သဘောတူမှာ မဟုတ်ဘူး”

ပြုံးလျက် လုချန်းက

“သူ သဘောတူပြီးပြီ”

လုချန်း၏ စကားကြောင့် ယဲ့ချူယောင် ခဏခန့် မှင်တက်သွား၏။

သဘောတူပြီးပြီဟုတ်လား။

သူတို့နှစ်ဦး အတူရှိနေမည့်အရေးကို သူမတို့၏ နန်းတော်သခင်က မည်သို့များ သဘောတူနိုင်ပါမည်နည်း။

ရှေ့ရှိ လုချန်းကို ယဲ့ချူယောင် မော့ကြည့်ကာ

“ရှင် ပြောတာ အမှန်ပဲလား”

လုချန်းက

“ဒါပေါ့...အမှန်ပဲ”

ယဲ့ချူယောင် ထပ်မံ တိတ်ဆိတ်သွားပြန်၏။ နန်းတော်သခင်ကိုယ်တိုင်ကပင် သဘောတူခဲ့ပြီဖြစ်၏။

သူမက လုချန်း၏ မိန်းမအဖြစ် နေထိုင်ရန် တကယ်ပဲ ကတိပေးရတော့မှာလား။

သူမသာ လုချန်း၏ မိန်းမ ဖြစ်လာခဲ့လျှင် ထိုစဉ်က ဝူကျန်းဝမ်နှင့် ဘာမျှ ခြားနားတော့မည် မဟုတ်ပေ။ ဤအချက်ကို သတိထားမိလိုက်သည်နှင့် ယဲ့ချူယောင်၏ စိတ်အစဉ် လွန်စွာ ရှုပ်ထွေးသွားရသည်။

ဆုံးဖြတ်ချက် ချရန် တွန့်ဆုတ်နေသော ယဲ့ချူယောင်ကို ကြည့်ကာ လုချန်းက

“တကယ်တော့ ခင်ဗျား သဘောတူတူ မတူတူ နောင်ကျရင် ခင်ဗျားက ကျုပ်မိန်းမပဲ ဖြစ်ရမှာ။”

လုချန်း၏ အာဏာရှင်ဆန်သော စကားများကို ကြားရသောအခါ ကျောက်ခုံပေါ်ရှိ ယဲ့ချူယောင်၏ လက်ချောင်းများ လက်သီးအဖြစ် ဆုပ်ကိုင်မိသွား၏။

ခဏခန့်အကြာတွင် သူမ သက်ပြင်းကို ခပ်လေးလေး ချလိုက်မိသည်။ လုချန်းနှင့် သူမကြား ဤအဆင့်အထိ ရောက်ရှိခဲ့ပြီဖြစ်ရာ သူမ မလိုလားသော်လည်း အချည်းနှီးသာ ဖြစ်ပေတော့မည်။

ဝူကျန်းဝမ်တောင် သူ့မိန်းမ ဖြစ်ခဲ့သေးတာပဲ...

သူမ သူ့မိန်းမ ဖြစ်ရတာ ဘာမှ မထူးဆန်းတော့ပေ။

နောင်တစ်ချိန်မှာ ဝူကျန်းဝမ် ထျန်းရန် နတ်ဘုရား နယ်မြေကို ပြန်ရောက်လာရင် သူတို့ အတူတူ ရှိနိုင်သေးတာပဲ။

ထိုသို့ တွေးတောရင်း ယဲ့ချူယောင်က

“ကျွန်မ... ရှင့်ကို ကတိပေးပါတယ်...”

ယဲ့ချူယောင် သဘောတူသည်ကို မြင်လျှင် လုချန်း စိတ်ထဲ ဝမ်းသာသွား၏။ ဤနည်းဖြင့် နောင်တွင် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံး သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည် ဖြစ်သည်။

ယွမ်ယုတိသည် နန်းတော်သခင် ဖြစ်သလို နတ်ဘုရင် လင်ရင်ကလည်း ဒုနန်းတော်သခင် ဖြစ်၏။ ယဲ့ချူယောင်ကတော့ နန်းတော်သခင်မလေး ဖြစ်၏။

ထိုသုံးဦးစလုံး၏ ယောက်ျားက သူဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်သည် သွယ်ဝိုက်သောနည်းဖြင့် သူ၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

စကားပြောအပြီးတွင် သူမ ခန္ဓာကိုယ်ထဲမှ စွမ်းအားအားလုံး ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ယဲ့ချူယောင် ခွေယိုင်ကျသွား၏။ အတိတ်တွင် လုချန်းကို ရန်သူတစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့သော်လည်း ယခုတော့ ထိုရန်သူသည် သူမ၏ ယောက်ျား ဖြစ်လာခဲ့ပြီဖြစ်၏။

ယင်းကို လက်ခံရန် သူမအတွက် များစွာသော သတ္တိများ လိုအပ်ပေသည်။

လုချန်း၏ မိန်းမ ဖြစ်လာပြီးနောက် သူသည် သူမအပေါ် အထိန်းအကွပ်မရှိစွာ ထိုကဲ့သို့သော ကိစ္စများကို ပြုလုပ်တော့မည်ကို တွေးမိကာ ယဲ့ချူယောင် လွန်စွာ အင်အားချည့်နဲ့သွားရသည်။

ထိုစဉ် ယဲ့ချူယောင်၏ နားနားကပ်၍ လုချန်းက အသာအယာ ပြောလိုက်၏။

“ဒီနေ့ကစပြီး အစ်မနဲ့ ကျုပ်က စုံတွဲတွေ ဖြစ်သွားပြီ။”

ထိုသို့ ပြောရင်း ယဲ့ချူယောင်၏ နားထဲသို့ လုချန်းက အသာအယာ လေမှုတ်လိုက်ပြီး

“ယောင်ယောင်... ကျုပ်တို့ ဆက်ကြမလား”

လုချန်း၏ စကားကို ကြားသောအခါ ယဲ့ချူယောင် အနည်းငယ် စိတ်ပျက်သွားမိသည်။ ဤလူယုတ်မာသည် ဤအခြေအနေကို အမြဲတမ်း မည်သို့ ထိန်းသိမ်းထားနိုင်သည်ကို သူမ နားမလည်နိုင်ပေ။

သို့သော် သူမတွင် ရွေးချယ်စရာ မရှိချေ။ ကျင့်စဉ်ကျင့်ကြံနေစဉ်အတွင်း သူမတွင် ခုခံရန် စွမ်းအား မရှိသကဲ့သို့ စွမ်းအား ရှိနေလျှင်ပင် သူမ၏ စိတ်နှလုံးထဲ၌ ခုခံလိုစိတ် မရှိတော့ချေ။ သူမ လုံးဝ ကျရှုံးသွားခဲ့ပြီဟု ခံစားလိုက်ရ၏။

……..

တစ်ချိန်တည်းမှာပင်။

အရိုင်းနယ်မြေ၏ တစ်နေရာရှိ မိုးကြိုးမြွေဂိုဏ်း၌ ဖြစ်၏။

လျှပ်စစ်စီးကြောင်းများ ဝန်းရံနေသော ခန်းမဆောင်ကြီးအတွင်း၌ ခန္ဓာကိုယ်အနှံ့ လျှပ်စစ်စွမ်းအားများ တဖျတ်ဖျတ် ထွက်ပေါ်နေသော လူလတ်ပိုင်း အရွယ်ရှိ ဆံပင်ဖြူ နတ်ဘုရင် တစ်ပါး ထိုင်နေ၏။ ခန်းမအတွင်းရှိ လူများကို သူ တစ်ချက် ဝေ့ကြည့်လိုက်ရာ အကြီးအကဲများအားလုံး ဆောင်းဦး ပုစဉ်းရင်ကွဲများကဲ့သို့ ငြိမ်ကျသွားကြ၏။

မည်သူမှ စကားမဟဝံ့ကြချေ။

ယခုအခိုက်အတန့်တွင် မိုးကြိုးမြွေ နတ်ဘုရင် များစွာ အမျက်ထွက်နေသည်ကို သူတို့ ကောင်းစွာ သိကြသည်။

အစက မိုးကြိုးမြွေ နတ်ဘုရင်သည် သူ၏ တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာပြီးနောက် နတ်ဘုရားဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရန် စဉ်းစားထားခဲ့၏။ ယခုအချိန်တွင် သူတို့၏ ဂိုဏ်းသည် မြေပြင်ပေါ်၌သာ ရှိသေးသဖြင့် သာမန်ဂိုဏ်းတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သေးသည်။ လွင့်မျောကျွန်းတစ်ခုကို တည်ဆောက်နိုင်မှသာလျှင် နတ်ဘုရားဂိုဏ်းအဖြစ် သတ်မှတ်နိုင်မည် ဖြစ်သည်။

သို့သော် လွင့်မျောကျွန်း တည်ဆောက်ရန် နတ်စွမ်းအားများစွာ ကုန်ဆုံးရန် လိုအပ်သဖြင့် သူ၏ စွမ်းအား ပိုမိုတောင့်တင်းလာချိန်အထိ စောင့်ဆိုင်းရန် မိုးကြိုးမြွေ နတ်ဘုရင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သူ မမျှော်လင့်ထားသည့် အရာက သူ တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာသောအခါ သူတို့ နတ်ဂိုဏ်း တည်ထောင်ရန် ရည်ရွယ်ထားသော ဟင်းလင်းပြင်ကို လျှို့ဝှက်လဝန်းနန်းတော်ဟု အမည်ရသည့် နတ်ဂိုဏ်းတစ်ဂိုဏ်းက သိမ်းပိုက်ထားပြီဖြစ်ကြောင်း မိုးကြိုးမြွေဂိုဏ်းမှ အကြီးအကဲများက သူ့အား အစီရင်ခံခဲ့ခြင်း ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ လျှို့ဝှက်လဝန်းနန်းတော်၌ နတ်ဘုရင် နှစ်ပါး ရှိနေခြင်းဖြစ်သည်။

မိုးကြိုးမြွေဂိုဏ်းတွင် နတ်ဘုရင် တစ်ပါးသာ ရှိပြီး အရိုင်းနယ်မြေတွင် တည်ရှိသောကြောင့် မိုးကြိုးမြွေဂိုဏ်းရှိ နတ်ဘုရင်ခံ အရေအတွက်မှာလည်း များပြားလှခြင်း မရှိချေ။

ထိုဟင်းလင်းပြင်အတွက် လျှို့ဝှက်လဝန်းနန်းတော်နှင့် စစ်ခင်းရမည်ဆိုပါက မိုးကြိုးမြွေဂိုဏ်းအနေဖြင့် အကျိုးအမြတ် ရှိမည် မဟုတ်တာ သေချာပေသည်။

ဤအချက်ကို တွေးမိကာ မိုးကြိုးမြွေ နတ်ဘုရင် ဒေါသအလိပ်လိပ် ထွက်လာရ၏။ ဤလျှို့ဝှက်လဝန်းနန်းတော်ဆိုသည်က မည်သည့်အရပ်မှ ပေါ်ပေါက်လာသနည်း။

အရိုင်းနယ်မြေတွင် နေဝင် တောင်တန်းကြီး အနီးရှိ ကောင်းကင်ယံ၌သာ နတ်အငွေ့အသက်များ ကြွယ်ဝပြီး နတ်ဂိုဏ်း တည်ထောင်ရန် သင့်တော်သည်။ ဤပတ်ဝန်းကျင်တွင်လည်း ထိုနေရာ တစ်ခုတည်းသာ မည်သည့် နတ်ဂိုဏ်း၏ မသိမ်းပိုက်ခြင်းကိုမှ မခံရသေးပဲ ကျန်ရှိနေခဲ့ခြင်း ဖြစ်၏။

အရိုင်းနယ်မြေရှိ ကျဲပါးလှသော နတ်အငွေ့အသက်များကြောင့် ဤနေရာရှိ နတ်ဘုရားဂိုဏ်းများ၏ ထိန်းချုပ်နယ်မြေသည် အခြားနယ်မြေများရှိ နတ်ဂိုဏ်းများထက် ပို ကျယ်ပြန့်ရန် လိုအပ်သည်။ မိုးကြိုးမြွေဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော် အနီးတွင် နတ်ဂိုဏ်း တည်ထောင်မည်ဆိုပါက အခြားသော နတ်ဂိုဏ်းများ၏ နယ်မြေကို ကျူးကျော်မိနိုင်ပြီး စစ်ပွဲများ ဖြစ်ပွားလာနိုင်သည်။

ဤအတိုင်း လက်လျှော့လိုက်ရမလား။

ထိုစဉ် အကြီးအကဲ တစ်ဦး ခန်းမအတွင်းသို့ ဝင်လာကာ မိုးကြိုးမြွေ နတ်ဘုရင်ကို

“ဂိုဏ်းချုပ်... အခုတလော လျှို့ဝှက်လဝန်းနန်းတော်က လူတွေက ကျုပ်တို့ ထိန်းချုပ်ထားတဲ့ မြို့တွေကို ခဏခဏ ကျူးကျော်နေကြပါတယ်။”

ထိုသို့ ပြောရင်း အကြီးအကဲက ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်ရာ ခဏခန့်အကြာတွင် ထိုစာလိပ်အတွင်းမှ အချက်အလက်များ ခန်းမဆောင်အတွင်း၌ ပေါ်ထွက်လာ၏။

ခန်းမဆောင်အတွင်းရှိ နတ်စွမ်းအားဖြင့် ဖော်ပြထားသော စာတန်းများကို မြင်သောအခါ မိုးကြိုးမြွေ နတ်ဘုရင်၏ ဒေါသ ပိုမိုပြင်းထန်လာပြီး

“တကယ်ကို အဓိပ္ပာယ် မရှိတာပဲ”

လျှို့ဝှက်လဝန်းနန်းတော်သည် သူတို့ ရည်ရွယ်ထားသော ဟင်းလင်းပြင်ကို သိမ်းပိုက်ခဲ့ရုံသာမက ယခုတော့ သူတို့ ထိန်းချုပ်ထားသော မြို့များကိုပင် သိမ်းပိုက်ရန် ကြိုးပမ်းလာကြပေပြီ။

လူဦးရေ ကျဲပါးလှသော အရိုင်းနယ်မြေကဲ့သို့ နေရာမျိုးတွင် မြို့တစ်မြို့ချင်းစီသည် သူတို့အတွက် လွန်စွာ အရေးပါလှ၏။ မိုးကြိုးမြွေဂိုဏ်း၏ မြို့အမြောက်အမြား သိမ်းပိုက်ခံရမည်ဆိုပါက ဂိုဏ်း၏ ကံစွမ်းအားလည်း သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။

မိုးကြိုးမြွေ နတ်ဘုရင်က အေးစက်စက်ဖြင့်

“လျှို့ဝှက်လဝန်းနန်းတော်က တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။ သူတို့က မိုးကြိုးမြွေဂိုဏ်းနဲ့ စစ်ခင်းချင်နေတာလား။”

ပုံမှန်အားဖြင့် ပြင်ပအင်အားစုများသည် နယ်မြေချဲ့ထွင်လိုပါက စစ်ပွဲများစွာကို ဖြတ်သန်းရလေ့ရှိသည်။ မိုးကြိုးမြွေဂိုဏ်းသည် ဒေသခံဂိုဏ်းတစ်ခုဖြစ်ရာ သူတို့၏ အဓိက အကျိုးစီးပွားကို လာရောက် ထိပါးလာမှုအား လွယ်လွယ်နှင့် လက်သင့်ခံမည် မဟုတ်ပေ။

မိုးကြိုးမြွေ နတ်ဘုရင်က ချက်ချင်းပင် ခန်းမအတွင်းရှိ နတ်ဘုရင်ခံတစ်ဦးကို

“တုန်းလျန်... လူတွေကို ခေါ်ပြီး လျှို့ဝှက်လဝန်းနန်းတော်ကို သွားလိုက်စမ်း။ လျှို့ဝှက်လဝန်းနန်းတော်က ဘာလုပ်ချင်နေတာလဲဆိုတာကို သေချာ မေးခဲ့။ အကယ်၍ သူတို့က တိုက်ချင်တယ်ဆိုရင်လည်း ကျုပ်တို့က အဆုံးအထိ ရင်ဆိုင်ပေးမယ်။”

နတ်ဘုရင်ခံ တုန်းလျန်က

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ဆက်လက်၍ မိုးကြိုးမြွေ နတ်ဘုရင်က

“ပြီးတော့... လျှို့ဝှက်လဝန်းနန်းတော်က လူတွေက မိုးကြိုးမြွေဂိုဏ်းရဲ့ နယ်မြေကို ထပ်ပြီး ကျူးကျော်လာခဲ့မယ်ဆိုရင် ညှာတာမနေနဲ့။ တိုက်ရိုက်သာ သတ်ပစ်လိုက်။”

--

………….

All Chapters