အခန်း ၁၈၀၀
Vol. 120 Ch. 1800
အခန်း (၁၈၀၀)
သဲရှင်ဂိုဏ်း၏ အခက်အခဲ
နတ်ဘုရင် လင်ရင်၏ သတိပေးစကားကို ကြားလျှင် ခန်းမအတွင်းရှိ အကြီးအကဲများ တဖြည်းဖြည်း တည်ငြိမ်သွားကြ၏။ အသေအချာ စဉ်းစားကြည့်လျှင် နတ်ဘုရင် လင်ရင်၏ ပြောစကားများ အကျိုးအကြောင်းဆီလျော်မှု ရှိသည်ဟု သူတို့ ခံစားမိကြသည်။
အရိုင်းနယ်မြေသို့ ရောက်ရှိပြီးနောက် သတင်းအချက်အလက်များ စုဆောင်းရန် လူအမြောက်အမြား စေလွှတ်ခဲ့သော်လည်း ယခုအချိန်အထိ ရရှိထားသော သတင်းများမှာ လူသိရှင်ကြား ဖြစ်ပျက်နေသည့် အပေါ်ယံ အချက်အလက်များသာ ဖြစ်၏။
လူသိရှင်ကြား သတင်းများတွင် အထူးအင်အားကြီးအဖွဲ့အစည်းတစ်ခုမှ မရှိဟု ထင်ရသော်လည်း အရိုင်းနယ်မြေကဲ့သို့ ကျယ်ပြောလှသော နေရာမျိုးတွင် အင်အားကြီးအဖွဲ့အစည်း လုံးဝမရှိရန်က မဖြစ်နိုင်ပေ။ ထိုအင်အားကြီးအဖွဲ့အစည်းများ ပုန်းကွယ်နေကြခြင်း ဖြစ်ဖို့များသည်။
ထျန်းရန် နတ်ဘုရားနယ်မြေတွင် ပုန်းကွယ်နေသော နတ်ဂိုဏ်းများစွာ ရှိ၏။ အခြားနေရာများကို မဆိုထားနှင့် သူတို့ အစက နေထိုင်ခဲ့သည့် တောင်ပိုင်းနယ်မှာပင် ထိုသို့ပင် ဖြစ်သည်။
တောင်ပိုင်းနယ်၌ ခမ်းနားသော ကောင်းကင်ခန်းမသည် နံပါတ်တစ် အင်အားစုအဖြစ် ကျော်ကြားသော်လည်း ပုန်းကွယ်နေသည့် နတ်ဂိုဏ်းများ ပေါ်ထွက်လာပါက ခမ်းနားသော ကောင်းကင်ခန်းမသည် ထိုနံပါတ်တစ်နေရာကို ထိန်းထားနိုင်မည် မဟုတ်ပေ။
ထျန်းရန် နတ်ဘုရားနယ်မြေရှိ နတ်ဂိုဏ်းများကို ကောင်းကင်ယံထက်တွင် ရှိသော ဂိုဏ်းများနှင့် အထူးအာကာသဟင်းလင်းပြင်များအတွင်း တည်ရှိသော ဂိုဏ်းများဟူ၍ နှစ်မျိုးခွဲခြားနိုင်၏။
ထျန်းရန် နတ်ဘုရားနယ်မြေတွင် လျှို့ဝှက်နယ်မြေ အာကာသ ဟင်းလင်းပြင်များ သို့မဟုတ် ကမ္ဘာငယ်လေးများစွာ တည်ရှိပြီး ထိုနေရာများအတွင်း၌ နတ်ဂိုဏ်းများ ရှိနေနိုင်သည်။
အချို့သော မဟာအင်အားကြီးအဖွဲ့အစည်းများသည် အကြောင်းအမျိုးမျိုးကြောင့် လျှို့ဝှက်နယ်မြေများနှင့် ကမ္ဘာငယ်များအတွင်း ပုန်းကွယ်နေကြပြီး သူတို့၏ အကျိုးစီးပွားကို ထိပါးလာသည့်အခါမှသာ ပေါ်ထွက်လာတတ်ကြ၏။
အရိုင်းနယ်မြေတွင်လည်း ထိုသို့သော အင်အားကြီးအဖွဲ့အစည်းများ ရှိနေနိုင်သည်ဟု နတ်ဘုရင် လင်ရင် ခန့်မှန်းမိသဖြင့် နယ်မြေချဲ့ထွင်သည့်အခါ အထူးသတိထားရမည် ဖြစ်၏။ နတ်သခင် တစ်ပါး ပိုင်ဆိုင်ထားရုံဖြင့် အလျင်စလို မလုပ်ဆောင်သင့်ပေ။ မဟုတ်ပါက ပြဿနာများနှင့် မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲ တစ်ဦးက ဇဝေဇဝါဖြစ်စွာဖြင့် မေးခွန်းထုတ်လိုက်၏။
အကြီးအကဲက
“ထူးဆန်းလိုက်တာ...အကြီးအကဲ ချန်း ဘာလို့ မလာတာလဲ”
လုချန်းသည် ယခု အတွင်းဆောင် အကြီးအကဲ တစ်ဦး ဖြစ်လာပြီဖြစ်ရာ ထိုသို့သော အဆင့်မြင့် အစည်းအဝေးမျိုးကို တက်ရောက်သင့်သည်။
သို့သော် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အတွင်း လုချန်းသည် အကြီးအကဲ အစည်းအဝေးကို တစ်ကြိမ်မှ မတက်ရောက်ဖူးသဖြင့် သူ ဘာတွေ လုပ်နေသလဲဆိုသည်ကို အကြီးအကဲများ စိတ်ဝင်တစား ရှိနေကြ၏။
နတ်ဘုရင် လင်ရင်က ခပ်ပေါ့ပေါ့ပင်
“သူက နန်းတော်သခင်ရဲ့ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် ကူညီပေးနေလို့ပါ။”
နတ်ဘုရင် လင်ရင်၏ စကားကို ကြားလျှင် လုချန်း၏ ကိစ္စကို ဆက်လက်မမေးမြန်းတော့ပဲ အနာဂတ်တွင် မည်သို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်သလဲ ဆိုသည်ကိုသာ အာရုံစိုက် ဆွေးနွေးကြတော့၏။
နယ်မြေများကို ဆက်လက်ချဲ့ထွင်မည်လား သို့မဟုတ် သိမ်းပိုက်ထားသော နယ်မြေများကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး အင်အားစုဆောင်းမည်လား ဆိုသည်ကို ငြင်းခုံနေကြ၏။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ ဝေရွှီက ထရပ်ကာ အကြံပြုလိုက်၏။
“နန်းတော်သခင်လည်း တံခါးပိတ်ကျင့်စဉ်စခန်းကနေ ထွက်လာတော့မှာဆိုတော့ ဒီကိစ္စကို သူကိုယ်တိုင် ဆုံးဖြတ်ဖို့ပဲ ချန်ထားလိုက်ရင် မကောင်းဘူးလား။”
လျှို့ဝှက်လဝန်းနန်းတော်ကို ယွမ်ယုတိက တစ်ကိုယ်တော် တည်ထောင်ခဲ့ခြင်း ဖြစ်ရာ ထိုကဲ့သို့ အရေးကြီးသော ဆုံးဖြတ်ချက်များကို သူမကိုယ်တိုင် ချမှတ်မှသာ သဘာဝကျလိမ့်မည်။
နတ်ဘုရင်ခံ ဝေရွှီ စကားပြောပြီးသည်နှင့် နတ်ဘုရင် လင်ရင်က ပြန်လည် တုံ့ပြန်လိုက်၏။
“ကောင်းပါပြီ...ကျောင်းတော်သခင် တံခါးပိတ်ကျင့်စဉ်စခန်းက ထွက်လာမှပဲ ကျွန်မတို့ ဆုံးဖြတ်ကြတာပေါ့။ နောက်ပြီး လူတိုင်းက ကိုယ့်လက်အောက်ခံဂိုဏ်းတွေကို အနီးကပ် စောင့်ကြည့်ထားကြပါ။ ပြဿနာရှာတဲ့ဂိုဏ်း ရှိရင် ချက်ချင်း အစီရင်ခံကြပါ။ ဒီနေ့အတွက်တော့ ဒါပါပဲ။”
နတ်ဘုရင် လင်ရင်၏ စကားအဆုံးတွင် အကြီးအကဲများ အားလုံးက
“နားလည်ပါပြီ”
ဟု တစ်ပြိုင်နက်တည်း ပြန်လည် တုံ့ပြန်လိုက်ကြ၏။
ထို့နောက် အကြီးအကဲများ ခန်းမအတွင်းမှ ထွက်ခွာသွားကြ၏။ သူတို့ ထွက်သွားပြီး မကြာမီမှာပင် ယွမ်ယုတိ၏ ပုံရိပ် ခန်းမအတွင်း ရုတ်တရက် ပေါ်လာသည်။
နတ်ဘုရင် လင်ရင်
“သူတို့ အခုလေးတင် ထွက်သွားကြတာ ပြန်ခေါ်လိုက်ရမလား။”
ယွမ်ယုတိက
“မလိုပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်က အခုအတိုင်းပဲ ဆက်ရှိနေပါစေ။”
သူမ အဆင့်တက်နိုင်ခဲ့သော်လည်း နတ်သခင် အဆင့်သို့ ရောက်ရှိသွားမှသာ အရိုင်းနယ်မြေသည် လူတွေ ထင်ထားသလောက် မရိုးရှင်းကြောင်း သူမ တကယ် နားလည်သွားခဲ့ခြင်း ဖြစ်၏။
နတ်သခင် ဖြစ်လာပြီးနောက် သူမသည် နတ်ဧကရာဇ် အဆင့်နှင့် ပိုနီးစပ်လာကာ ကမ္ဘာလောကနှင့် ဆက်သွယ်နိုင်သည့် စွမ်းရည်လည်း ပိုအားကောင်းလာ၏။ ထိုအခါ အရိုင်းနယ်မြေအတွင်း၌ သူမထက် ပိုစွမ်းအားကြီးမားသည့် တည်ရှိမှုများစွာ ရှိနေကြောင်း သူမ ခံစားမိလိုက်သည်။
အရိုင်းနယ်မြေတွင် နတ်သခင် အမြောက်အမြား ရှိနေသည်မှာ ထင်ရှားလှပြီး မဟာအင်အားကြီးအဖွဲ့အစည်းများလည်း ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူတို့ဘက်က မပေါ့ဆသင့်ပေ။
လက်ရှိတွင် အင်အား ဆက်လက် စုဆောင်းနေခြင်းကသာ လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် အာရုံစိုက်သင့်သည့် အချက်ဖြစ်၏။
ထို့နောက် ယွမ်ယုတိက သူမ၏ နတ်စွမ်းအားကို တိုက်ရိုက် အသုံးပြုကာ လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများနှင့် လက်အောက်ခံဂိုဏ်းများထံသို့ နတ်မိန့်တစ်ခု ထုတ်ပြန်လိုက်၏။ လူတိုင်း ကိုယ့်စွမ်းအားကို မြှင့်တင်ရန်သာ အာရုံစိုက်ရန်နှင့် နယ်မြေထပ်မံချဲ့ထွင်ခြင်းကို လုံးဝ မပြုလုပ်ရန် သူမ ညွှန်ကြားလိုက်သည်။
နတ်မိန့် ထွက်ပေါ်လာလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ အမည်ကို အလွဲသုံးစားလုပ်ရန် ကြံစည်နေသည့် လက်အောက်ခံဂိုဏ်းများ ချက်ချင်းပင် ငြိမ်ကျသွားကြတော့၏။
သို့သော် ထိုအခြေအနေက အချို့သော လက်အောက်ခံဂိုဏ်းများအကြား မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့၏။
…..
သဲရှင်ဂိုဏ်း။
လေထဲတွင် ပါလာသော သဲမုန်တိုင်းများသည် သဲရှင်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ဝန်းရံထား၏။ ထိုဂိုဏ်းသည် သဲမုန်တိုင်းအတွင်း တည်ရှိနေသယောင် ထင်ရသည်။
သို့သော် ထိုအရာမှာ အပြင်ဘက်ရှိ နည်းဗျူဟာပုံစံများက ဖန်တီးထားသည့် မျက်လှည့်တစ်ခုသာ ဖြစ်သည်။
သဲရှင်ဂိုဏ်းအတွင်းပိုင်းကတော့ သဲကန္တာရထဲက အိုအေစစ်တစ်ခုကဲ့သို့ပင် အပင်များစွာ ရှိနေပြီး လေထုထဲရှိ နတ်အငွေ့အသက်မှာလည်း အပြင်ဘက်ထက် များစွာသိပ်သည်းလှ၏။
….
ထိုအခိုက်အတန့်တွင်။
သဲရှင်ဂိုဏ်း၏ အစည်းအဝေးခန်းမအတွင်း၌။
နတ်ဘုရင်ခံ သဲရှင်သည် သူ၏ရှေ့မှ နတ်မိန့်ကို ကြည့်ကာ မျက်နှာပျက်နေ၏။
သဲရှင်ဂိုဏ်းကတော့ လျှို့ဝှက်လဝန်းနန်းတော်၏ အခြားသော လက်အောက်ခံဂိုဏ်းများနှင့် မတူပေ။ သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်မှ သံတမန် မစေလွှတ်မီကပင် ကိုယ့်သဘောနှင့်ကိုယ် လာရောက် ပူးပေါင်းခဲ့ကြခြင်း ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားကို သဘောကျသဖြင့် သူတို့ဘက်က စတင် ဆက်သွယ်ခဲ့ကြခြင်း ဖြစ်ပြီး လျှို့ဝှက်လဝန်းနန်းတော်၏ အရှိန်အဝါဖြင့် နယ်မြေချဲ့ထွင်ရန် ပိုလွယ်ကူလိမ့်မည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။
တကယ်လည်း သူတို့ မျှော်လင့်ထားသလို ဖြစ်လာခဲ့၏။ လျှို့ဝှက်လဝန်းနန်းတော်နှင့် ပူးပေါင်းပြီးနောက် အရိုင်းနယ်မြေရှိ နတ်မြို့ တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ကာ သဲရှင်ဂိုဏ်း၏ နယ်မြေ ကျယ်ပြန့်လာပြီး စုစုပေါင်း အင်အားလည်း လျင်မြန်စွာ မြင့်တက်လာခဲ့၏။
သို့သော် ထိုအခွင့်အရေးကို အသုံးချကာ နယ်မြေများ ဆက်လက်ချဲ့ထွင်ရန် ပြင်ဆင်နေစဉ်မှာပင် လျှို့ဝှက်လဝန်းနန်းတော်က နယ်မြေချဲ့ထွင်မှု ရပ်တန့်ရန် နတ်မိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်၏။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဂိုဏ်း၏ ကံစွမ်းအားကို မြှင့်တင်ကာ နတ်ဘုရင်ခံ သဲရှင် နတ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်ရန် သူတို့ မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။
ထိုအခြေအနေက နတ်ဘုရင်ခံ သဲရှင်အား အလွန်ပင် စိတ်မသက်မသာ ဖြစ်စေ၏။ သူသည် နတ်ဘုရင် အဆင့်သို့ တက်လှမ်းရန် အလွန်နီးစပ်နေပြီ ဖြစ်သော်လည်း နယ်မြေချဲ့ထွင်မှု ရပ်တန့်သွားသဖြင့် ဂိုဏ်း၏ ကံစွမ်းအား မလုံလောက်တော့ပဲ အဆင့်တက်ရာတွင် ကျရှုံးနိုင်သည့် အန္တရာယ်က ကြီးမားလာသည်။
ထိုစဉ် အကြီးအကဲ တစ်ဦးက အကြံပြုလိုက်၏။
“ဂိုဏ်းချုပ်... ကျုပ်တို့ လျှို့ဝှက်လဝန်းနန်းတော်ကနေပဲ ထွက်လိုက်ရင် မကောင်းဘူးလား။”
သူတို့သည် အကျိုးအမြတ် ရရှိရန်အတွက် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်၏။ ယခုအခါ လျှို့ဝှက်လဝန်းနန်းတော်က သူတို့ကို ကန့်သတ်လိုက်ပြီး နယ်မြေချဲ့ထွင်ခွင့် မပေးတော့သဖြင့် ဘာအကျိုးအမြတ်မှ မရှိတော့ပေ။
ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်တွင် ဆက်နေခြင်းက အဓိပ္ပာယ် မရှိတော့ပေ။ ထွက်ခွာသွားခြင်းသာ အကောင်းဆုံး ဖြစ်လိမ့်မည်။
နတ်ဘုရင်ခံ သဲရှင် တိတ်ဆိတ်နေစဉ် အခြား အကြီးအကဲ တစ်ဦးက ဝင်ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် လျှို့ဝှက်လဝန်းနန်းတော်မှာ နတ်ဘုရင် နှစ်ပါး ရှိနေတာပဲ။ ဝင်တုန်းက လွယ်ပေမယ့် ထွက်ဖို့ကျတော့ ခက်လိမ့်မယ်။”
ဘာပဲဖြစ်ဖြစ် လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဂိုဏ်းတစ်ခု ဖြစ်၏။ သူတို့ အလိုရှိသလို ဝင်လိုက် ထွက်လိုက် လုပ်၍ မရနိုင်ပေ။
သူတို့သာ နန်းတော်မှ ထွက်ခွာမည်ဟု ပြောလိုက်ပါက နောက်တစ်နေ့မှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ စစ်တပ်ကြီး သဲရှင်ဂိုဏ်းရှေ့သို့ ရောက်ရှိလာနိုင်သည်။
အကြီးအကဲ၏ စကားကို ကြားလျှင် သဲရှင်ဂိုဏ်း၏ ခန်းမအတွင်း၌ လူတိုင်း တိတ်ဆိတ်သွားကြ၏။ ယခုအချိန်တွင် ထွက်ခွာရန်က မဖြစ်နိုင်သလောက် ရှိနေကြောင်း လူတိုင်း နားလည်ထားကြသည်။
ပို၍အင်အားကြီးသော အခြားနတ်ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းနှင့် ပူးပေါင်းပြီး ကာကွယ်မှု ရယူနိုင်မှသာလျှင် လျှို့ဝန်းနန်းတော်က သဲရှင်ဂိုဏ်းကို မထိရဲတော့မည် ဖြစ်၏။
သို့သော် သူတို့၏ ပတ်ဝန်းကျင်တွင် အနီးနား၌ အခြားနတ်ဂိုဏ်းများ မရှိပေ။ မိုးကြိုးမြွေဂိုဏ်းတွင်သာ နတ်ဘုရင် တစ်ပါး ရှိပြီး အခြား မည်သည့်ဂိုဏ်းမှ လျှို့ဝှက်လဝန်းနန်းတော်ကို ယှဉ်နိုင်ခြင်း မရှိပေ။
ထိုအရာကို စဉ်းစားမိလျှင် နတ်ဘုရင်ခံ သဲရှင်လည်း လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။
ဒီလိုပဲ ဇာတ်သိမ်းရတော့မှာလား။
ထိုစဉ် အကြီးအကဲ တစ်ဦး ခန်းမအတွင်းသို့ အလျင်အမြန် ဝင်လာပြီး နတ်ဘုရင်ခံ သဲရှင်ကို သတင်းပို့လိုက်၏။
“ဂိုဏ်းချုပ်...အခုလေးတင် မိုးကြိုးမြွေဂိုဏ်းက သံတမန်တစ်ယောက် လျှို့ဝှက်လဝန်းနန်းတော်ကို ရောက်လာတယ်လို့ သတင်းရပါတယ်။”
ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ သဲရှင်၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို စဉ်းစားမိသွားတော့၏။
--