← Chapters

သံသယ

Vol. 001 Ch. 15

သံသယ

Vol. 001 Ch. 15

ကျန်းဟူက စားပွဲဆီပြေးသွားပြီး စားပွဲပေါ်မှ ရေဘူးကို စောင်း၍ ရေခွက်ထဲသို့ အချိန်အနည်းငယ် ကြာအောင် လောင်းထည့် နေသည်။ သို့သော်လည်း ရေက တစ်စက်မျှ ကျမလာပေ။ အိပ်ရာနှင့် အိပ်ရာခင်းက ဘောလုံးတစ်လုံးကဲ့သို့ လုံးထွေးနေသည့် အတွက် ကျင်းဟူ မျက်လုံးပြူးသွားပြီး ဝမ်လင်းကို စူးစိုက်ကြည့်ကာ မေးလိုက်၏။

"ဝမ်လင်း ... မင်းဘယ်အချိန်က ပြန်ရောက်တာလဲ ... ဒါက သရဲလုပ်သွားတာလား ... "

ဝမ်လင်းက ပြုံးလိုက်ကာ တံခါးကို ဖွင့်ပြီး ပြန်ဖြေလိုက်သည် ... "ငါ မသိဘူး ... ပြန်ရောက်ကတည်းက အဲ့အတိုင်းပဲ ... အခြားသူတွေကို မေးကြည့်လေ ... ဒါပေမဲ့ အကြီးအကဲတွေသာ သိသွားလို့ မင်းကို မေးမြန်းနေရင် မင်းပဲ ပြန်ဖြေနေရမှာ ... "

ကျင်းဟူ ခေါင်းညိတ်လိုက်ပြီး ပြောသည် ... "မေ့လိုက်တော့ ... ငါမမေးတော့ဘူး ... အကြီးအကဲတွေ သိသွားရင် အပြစ်ပေးခံ နေရဦးမယ် ... "

ဝမ်လင်းလည်း စိတ်ထဲ မထားဘဲ အပြင်သို့ ထွက်သွားသည်။ အပြင်မှာ မိုးက ရွာနေဆဲဖြစ်သည်။ ဝမ်လင်းက သူ့ခြေလှမ်းကို မြန်လိုက်၏။ မိုးရေထဲတွင် မှော်ကျောက်တုံးက တစ်ခုခု ဖြစ်ပျက်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။ ဝမ်လင်း အရှေ့ဘက် ဂိတ်လမ်းကြောင်းမှ ခွဲထွက်သွားလေ၏။ သူ့အပေါ်ကို ကျဆင်းလာသော မိုးရေများ အားလုံးကို မှော်ကျောက်တုံးက စုပ်ယူနေ၍ သူ့ခန္ဓာကိုယ်တွင် ရေတစ်စက်ပင် ရှိမနေချေ။ တစ်ယောက်ယောက်က ဤအဖြစ်အပျက်ကို သတိပြုမိသွားမှာ သူ အလွန်စိုးရိမ်နေသည်။ မှော်ကျောက်တုံးကို အခန်းထဲတွင် သိမ်းထားချင်သော်လည်း အပြင်မှာ ဖွက်ထားတာက ပို၍ စိတ်ချရသည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ဝမ်လင်းက ယခင် ရက်များတွင် ရေငွေ့ရည် ထည့်ထားသော ဘူးသီးခြောက်ကို မြုပ်ထားသော နေရာသို့ သွားနေသည်။ မနက်ခင်း အစောကြီးဖြစ်ပြီး မည်သူမှ အိပ်ရာ မထသေးသော်လည်း ဝမ်လင်းက သူ့နောက်ကို မည်သူမှ လိုက်မလာကြောင်း သေချာမှသာ မှော်ကျောက်တုံးကို မြေကြီးထဲသို့ သေချာ မြုပ်ထားလိုက်သည်။

သေချာ ဖွက်ပြီးနောက် ဝမ်လင်းက မိုးတိတ်မည့် အချိန်ထိ စောင့်နေချင်သော်လည်း နောက်မှသာ ပြန်လာယူရန် ဆုံးဖြတ်လိုက်သည်။ ဝမ်လင်း ဘေးဘယ်ညာကို သေချာကြည့်ပြီး သူ အလုပ်လုပ်ရမည့် နေရာသို့ သွားလိုက်၏။ ဝမ်လင်းက ရေဆွဲပုံးကို ကောက်ယူ လိုက်သည့် အချိန်တွင် ဝတ်စုံဝါဝတ် တပည့်တစ်ယောက် ထွက်လာလေသည်။ စီနီယာလျိုက ဝမ်လင်းကို မြင်လိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့် သွားသော်လည်း ပျော်ရွှင်သည့် အမူအရာသို့ ချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် ဝမ်လင်းဆီ ပြေးသွားပြီး ဝမ်လင်းလက်ထဲက ရေပုံးကို ဆွဲယူလိုက်ကာ ပြောလိုက်သည်။

"ညီလေးဝမ် အိမ်ကိုပြန်တာ အဆင်ပြေခဲ့ရဲ့လား ... ညီလေးရဲ့ မိဘတွေရာ နေကောင်းတယ် မလား ... ညီလေး ပြန်သွားတဲ့အချိန် အစ်ကိုကြီးက တော်တော် သတိရနေတာ ... "

ဝမ်လင်းက စီနီယာလျို၏ အမူအရာမျိုးကို ရင်းရင်းနှီးနှီး မြင်ဖူးနေ၏။ အိမ်ကမွေးနေ့ပွဲတွင် အမျိုးများက ထိုကဲ့သို့ အမူအရာများဖြင့် ဖြစ်သည်။ စီနီယာလျိုကလည်း အဘယ်ကြောင့် ဤသို့ ဖြစ်နေသည်ကို သူ တကယ်မခန့်မှန်းနိုင်ချေ။

"စီနီယာလျို ... ကျွန်တော့်ရဲ့ မိဘတွေ နေကောင်းပါတယ် ... စီနီယာ စိုးရိမ်နေစရာ မလိုပါဘူး ... "

ဝမ်လင်းက ဂရုတစိုက် ပြန်ဖြေလိုက်၏။

စီနီယာလျိုက နွေးထွေးစွာဖြင့် ပြောလိုက်သည် ... "ညီလေးဝမ် ဒီနေ့ကစပြီး စောစောထစရာ မလိုတော့ဘူး ... တစ်ရက်ကို ရေ၁၀စည် ဖြည့်ရမယ်ဆိုတာ နောက်လိုက်တာပါ ... ညီလေးက တကယ် ထင်သွားမယ် မထင်ခဲ့ဘူး ... အခုကစပြီး တစ်ရက်ကို တစ်စည်ပဲ ဖြည့်တော့ ... မပြီးဘူး ဆိုရင်တောင် ထမင်းစားချိန် ရောက်ရင် သွားစားလို့ရတယ် ... ပြဿနာတစ်ခုခု ကြုံလာရင်လည်း အစ်ကိုကြီးကို လာပြောနော် ... "

ဝမ်လင်း၏ မျက်နှာ အရောင်ပြောင်းသွားပြီး သေချာအောင် မေးလိုက်သည် ... "စီနီယာ ... ကျွန်တော့်မှာ ပြဿနာရှိရင် ကျွန်တော့်ကို ကူညီဖို့ တကယ်ဆန္ဒရှိတာလား ... "

စီနီယာလျို၏ အမူအရာက ဒေါသထွက်ဟန်ဖြင့် ပြောလိုက်သည်။

"ညီငယ်လေး ... အစ်ကိုကြီးအပေါ် ဒီလို အေးစက်စက် ပြောနိုင်ရတာလဲ ... ညီလေးဝမ်က အစ်ကိုကြီးရဲ့ ညီလေးလေ ... သေချာပေါက် ဂရုစိုက်ရမှာပေါ့ ... ညီလေးကိစ္စက အစ်ကိုကြီး ကိစ္စပဲလေ ... အခုလို အလုပ်လုပ် ခိုင်းရတယ်ဆိုတာ ညီလေး အလုပ်လုပ်တယ်လို့ ပြောလို့ရအောင်ပဲ ... ဒါပေမဲ့လည်း ဒီအလုပ်တွေရဲ့ အကောင်း၊ အဆိုးက အစ်ကိုကြီး ပါးစပ်ထဲမှာပဲလေ ... ဒါကြောင့် ဒီနေ့လို မိုးရွာတဲ့ နေ့တွေဆို အလုပ်လုပ်စရာ မလိုတော့ဘူး ... ညီလေး ပြန်သွားတဲ့ ရက်က အကြီးအကဲစွန်း လာရှာသွားသေးတယ် ... အခုပြန်သွားပြီးတော့ သူ့ကိုတွေ့လိုက်သင့်တယ် ... "

စီနီယာလျို သူ့အပေါ် ဘာကြောင့် ဒီလောက် ကောင်းနေရသလဲ အခုတော့ ဝမ်လင်း သိသွားလေပြီ။ သူပြန်သွားသည့်နေ့က အကြီးအကဲစွန်း လာသွားလို့ ဖြစ်သည်။ စီနီယာလျိုနှင့် သူ့ကြားတွင် မကျေနပ်ချက်များ ရှိမှာစိုး၍ ကောင်းနေရခြင်း ဖြစ်ရမည်။ ဝမ်လင်းကလည်း သူတို့စတွေ့တဲ့ အချိန်တုန်းက သူ့ကို အထင်သေးသည့် အမူအရာ ပြတာလောက်နှင့် စိတ်ရှုပ်လည်း မခံပေ။

ဝမ်လင်း၏ မျက်နှာ အမူအရာကို ကြည့်ပြီး စီနီယာလျို အလွန်စိတ်လှုပ်ရှားနေသည်။ ဝမ်လင်း၏ပုံစံက သူ၏သံသယကို ခိုင်မာသွားစေသည်။ 'ဒီအမှိုက်ကောင်က တကယ်ကို အကြီးအကဲစွန်းရဲ့ အာရုံစိုက်မှုကို ရသွားတာပဲ ... မဟုတ်ရင် ဒီလို မာနကြီးနေမှာ မဟုတ်ဘူး ... သူ့စိတ်ထဲမှာ တစ်ခုခု မကျေနပ်ချက် ရှိနေတယ် ထင်တယ် ... သူက နောင်တစ်ချိန် ငါ့ကို လက်စားပြန်ချေနိုင်တယ် ... ' လို့ စီနီယာလျို၏ စိတ်ထဲတွင် တွေးနေသည်။

စီနီယာလျိုက ပြင်ပတပည့်ဖြစ်တာ ၁၃ရှိနေပြီ။ ၆နှစ်ခန့် အလုပ်တွေ လုပ်ခဲ့ရသည်။ ၁၃ နှစ်အတွင်းမှာ အကြီးအကဲ တစ်ယောက်က ပြင်ပတပည့် တစ်ယောက်ကို ကိုယ်တိုင် လာရှာတာ မမြင်ဖူးပေ။ ပင်မတပည့်ဖြစ်ရန် အကြီးအကဲ တစ်ယောက် လုပ်ပေးတာမျိုးကလည်း အလွန်ရှားသည့် အဖြစ်အပျက် ဖြစ်သည်။

ဝမ်လင်းက အကြီးအကဲစွန်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သလား သူ သေချာမသိပေ။ ဒါကလည်း သူ၏ ခန့်မှန်းချက်သာ ဖြစ်သည်။ သူ့ခန့်မှန်းချက်က မှန်ခဲ့လျှင် ကိစ္စမရှိသော်လည်း မှားခဲ့လျှင် နောက်ဖြစ်လာမည့် အကျိုးဆက်ကို သူကြောက်လန့်သည်။ စီနီယာလျိုက ဟုန်ယွီဂိုဏ်းတွင် နှစ်တွေ အကြာကြီး နေခဲ့ပြီးပြီ ဖြစ်၏။ သူက ဂိုဏ်းတွင် အရေးပါသော သူတစ်ယောက် မဟုတ်တာကိုလည်း သူ့ကိုယ်သူ သိနေသည်။

သူက အံကြိတ်လိုက်ပြီး အဝါရောင် စာရွက်လေး တစ်ခုကို ထုတ်ယူလိုက်တာ ဝမ်လင်းကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည် ... "ညီလေးဝမ် ... အရင်လက ရောက်လာတော့ အစ်ကိုကြီးက ဂရုမစိုက်မိခဲ့ဘူး ... ဒါက တန်ဖိုးကြီးတဲ့အရာ မဟုတ်ပေမဲ့လည်း လက်ခံစေချင်တယ် ... မင်းလက်မခံရင် ... "

စီနီယာလျို စကားပြောလို့ မပြီးခင်မှာပဲ ဝမ်လင်းက အဝါရောင် စာရွက်လေးကို ဆွဲယူလိုက်သည်။ ဤှစာရွက်က ပြင်ပတပည့်များ အိမ်ပြန်သည့်အခါ ရသည့် အင်မော်တယ် လက်ဖွဲ့မှန်း စထုတ်လိုက် ကတည်းက ဝမ်လင်း သတိပြုမိလိုက်၏။

"ကျေးဇူး တင်ပါတယ် စီနီယာလျို ... ဒီညီငယ်လေးက မာနကြီးတာ မဟုတ်ပါဘူး ... အကြီးအကဲစွန်းက စောင့်နေတာမို့လို့ နောက်တစ်ခါကျမှ တွေ့ကြတာပေါ့ ... " ဝမ်လင်းက ရယ်မောပြီး ပြောလိုက်သည်။

စီနီယာလျိုက အားကျနေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည် ... "အကြီးအကဲက ပိုပြီး အရေးကြီးတာပေါ့ ... ညီလေးဝမ် မြန်မြန် သွားသင့်တယ် ... "

ဝမ်လင်း၏ မျက်နှာက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် သံသယများနှင့် ပြည့်နှက်နေသည်။ အကြီးအကဲစွန်းက ဘာကြောင့် လာရှာရသလဲ တွေးမရချေ။ ခေါင်းထဲတွင် ထိုမေးခွန်းကို အကြိမ်ကြိမ် မေးနေမိပြီး ပင်မဝန်းသို့ အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။ မည်သို့ပင် တွေးနေစေကာမူ အဖြေက ထွက်မလာပေ။

"သူ မှော်ကျောက်တုံး အကြောင်းပဲ သိသွားတာလား ... " ဝမ်လင်း တွေးနေမိသည်။ ဝမ်လင်းဆီမှာ အကြီးအကဲကို လာဘ်ထိုးရန် တံစိုးလက်ဆောင်လည်း မရှိပေ။ မသွားလျှင်လည်း စော်ကားရာ ရောက်မည်။ ဘာမှမသိသလို ဟန်ဆောင်နေတာပဲ ကောင်းသည်ဟု တွေးနေ၏။ ယခု သူ့ဆီမှာ မှော်ကျောက်တုံး မရှိသည့်အတွက် တွေးနေတာကို ရပ်လိုက်ပြီး အရှေ့ကိုသာ လျှောက်သွား လိုက်သည်။

ပင်မဝန်းသို့ ရောက်ပြီး ဝမ်လင်းက ရောက်ရှိကြောင်း အော်ပြော လိုက်ပြီးနောက် အရင်တစ်ခါက တွေ့သော ဝတ်စုံဖြူဝတ် လူငယ် ထွက်လာပြီး ဝမ်လင်းကိုကြည့်ကာ အံ့သြသွား၏။ သူက နောက်ပြောင်ပြီး မေးလိုက်သည်။

"ဘာလဲ ... ထပ်လာပြန်ပြီလား ... "

ဝမ်လင်းက မျက်ခုံးကို ပင့်လိုက်ပြီး ပြန်ပြောဖို့ ပြင်လိုက်စဉ်၌ ပင်မဝန်းထဲမှ အကြီးအကဲစွန်း၏ အသံက ထွက်လာသည်..."အချိန်ဆွဲမနေနဲ့ ... သူ့ကို ဒီခေါ်လာခဲ့လိုက် ... "

ဝတ်စုံဖြူဝတ် တပည့် ပါးစပ်ဟောင်းလောင်း ဖြစ်သွား၏။ အတွေးများစွားဖြင့် ဝမ်လင်းကို ကြည့်လိုက်ပြီး ပင်မဝန်းထဲသို့ ခေါ်သွားလိုက်သည်။ ဝမ်လင်းကလည်း နောက်မှ တိတ်ဆိတ်စွာ လိုက်လာလေသည်။

အကြီးအကဲစွန်း၏ ဂေဟာသို့ လိုက်ပြီးပြီး ဝတ်စုံဖြူဝတ် လူငယ်က ပြန်သွားသည်။ မပြန်ခင် ဝမ်လင်းကို ပဟေဠိ ဖြစ်နေဟန်ဖြင့် ကြည့်သွားသည်။

ဝမ်လင်းက စိတ်လှုပ်ရှားစွာဖြင့် တံခါးကို ဖွင့်ပြီး ဝင်လိုက်သည်။ သူဝင်လာစဉ်တွင် ဥယျာဉ်ထဲတွင်ရှိသော အခန်းလေးထဲမှ အသက်ကြီးကြီး အဘိုးကြီး တစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရ၏။ အဘိုးကြီး၏ မျက်နှာတွင် အရေးအကြောင်းများရှိနေသော်လည်း မျက်လုံးများက စူးရှနေသည်။ ထိုမျက်လုံးများက ဝမ်လင်း တစ်ကိုယ်လုံးကို အေးစက်စက်ဖြင့် စစ်ဆေးသလို ကြည့်နေလေသည်။

***

All Chapters