အခန်း ၂၁၄
Vol. 22 Ch. 214
အခန်း (၂၁၄)
ဝမ်မိသားစု ကိစ္စရပ်များ
လျန်ထျန်းထံမှ ဘဏ္ဍာရေး အကူအညီများ ရရှိပြီးကတည်းက ဝမ်ရှောင်ရို့၏ မိသားစု စီးပွားရေးလုပ်ငန်းမှာ အလွန်တိုးတက် အောင်မြင်လာခဲ့လေသည်။
ယခုအခါတွင် ဝမ်ချန်ကျွင်းသည် ဒေဝါလီခံရမည့် အခြေအနေမှ မကြုံစဖူးသော အမြင့်ဆုံး အောင်မြင်မှုသို့ ရောက်ရှိလာခဲ့ပြီး သူ၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ ယွမ်သုံးထောင်ကျော်ပင် ရှိနေခဲ့ပြီဖြစ်သည်။
ယနေ့ခေတ်ကာလရှိ ယွမ်သုံးထောင်ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်မကျသွားခင် ကဆိုလျှင် ယွမ်သုံးဘီလီယံနှင့် ညီမျှကြောင်း သိထားသင့်ပေသည်။
ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးမှာ ယွမ်တစ်သောင်းနီးပါး ရှိနေပြီဖြစ်သော်လည်း ယခုအခါ ကုမ္ပဏီ၏ အကြီးဆုံး အစုရှယ်ယာရှင်မှာမူ လျန်ထျန်းသာလျှင် ဖြစ်ပေသည်။
သို့သော် လျန်ထျန်းက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာစွာ ဖုံးကွယ်ထားခဲ့လေရာ ပြင်ပလူများအဖို့ ဝမ်ချန်ကျွင်း တစ်ယောက် ကံကောင်းပြီး ညတွင်းချင်း သူဌေးဖြစ်သွားသည်ဟုသာ ထင်မြင်နေကြပြီး ဤအ ကြောင်းကို အယ်လ်မြို့တော်ရှိ စီးပွားရေးသမားများစွာက စိတ်ဝင်တစား ပြောဆိုနေကြလေသည်။
"ဝမ်ကျားကုမ္ပဏီက ဘယ်လို ကံကောင်းမှုမျိုးတွေ ရခဲ့တာလဲမသိဘူး နှစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်အ တွင်းမှာ စီးပွားရေးက အောက်ခြေကနေ ကောင်းကင်အထိ ဘယ်လိုလုပ် ထိုးတက်သွားရတာလဲ...။"
"ခင်ဗျား ဒါကို မသိဘူးမလား ဝမ်ချန်ကျွင်းက အချမ်းသာဆုံးကော်ပိုရေးရှင်းနဲ့ နီးစပ်သွားလို့ သူ့ဘဝကြီး တစ် ဆစ်ချိုး ပြောင်းလဲသွားတာလို့ ကြားတယ်...။"
"အိုး ဒါကြောင့်ကိုး အချမ်းသာဆုံးကော်ပိုရေးရှင်း အဆင့်လောက်ဆိုရင် သူတို့ လက်ချောင်းကြားကနေ ယိုစိမ့် ကျလာတဲ့ ပိုက်ဆံနည်းနည်းလေးနဲ့တင် ကုမ္ပဏီ တော်တော်များများကို ချမ်းသာသွားစေနိုင်တာပဲလေ...။"
"ဝမ်ချန်ကျွင်းက ဒီလောက် အင်အားကြီးတဲ့သူနဲ့ ဘယ်လိုလုပ် အဆက်အသွယ် ရသွားတာလဲ အရင်တုန်းက သူ့အခြေအနေ ဘယ်လောက်တောင် ဆိုးရွားခဲ့လဲဆိုတာ စဉ်းစားကြည့်လေ…၊ ကျွန်တော်တို့ထက်တောင် အများ ကြီး ပိုဆိုးသေးတယ်…။ ကျွန်တော်တို့တောင် အဲ့လိုအဆင့်ရှိတဲ့ လူတွေနဲ့ အဆက်အသွယ် မရနိုင်တာကို သူက ဘယ်လိုလုပ် ဒီလောက် ကံကောင်းသွားရတာလဲ...။"
"ဟုတ်တယ်…၊ ဒါမျိုးကို ကံတရားလို့ ခေါ်တာပေါ့…။ အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးလို့ ကြားတယ်…။ သူက ဝမ်ချန်ကျွင်းနဲ့ သီးသန့် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာတဲ့...။"
"ဟာ…။ အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး ဖြစ်ရုံသာမက ကျင်းတ အိမ်ခြံ မြေလုပ်ငန်းရဲ့ အကြီးဆုံး အစုရှယ်ယာရှင်နဲ့ တခြား နာမည်ကြီး ကုမ္ပဏီများစွာရဲ့ အစုရှယ်ယာရှင်လည်း ဖြစ်တဲ့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ် ရင်းနှီးမြှုပ်နှံသူကြီးလား...။"
"ဟုတ်တာပေါ့…၊ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရတဲ့သူတိုင်းက တမဟုတ်ချင်း တန်ခိုးထွားလာပြီး အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိက အသိုင်းအဝိုင်းထဲ ဝင်ခွင့်ရတဲ့အထိ မြန်မြန်ဆန်ဆန် အောင်မြင်သွား ကြတာချည်းပဲလို့ ကြားဖူးတယ်...။"
"ကျွတ်…၊ ကျွတ်…၊ အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိက အသိုင်းအဝိုင်းထဲက လူတွေ ဆိုတာ တစ်ယောက်ကို ပိုင်ဆိုင်မှု ထောင်ပေါင်းများစွာ ရှိကြတဲ့သူတွေချည်းပဲ မဟုတ်လား သူတို့ထဲက ရာခိုင်နှုန်း ရှစ်ဆယ်လောက်က အဲ့ဒီ လျှို့ဝှက်ဆန်းကြယ် ရင်းနှီးမြှုပ်နှံသူကြီးရဲ့ ပတ်သက်မှုတွေ ပါနေတယ်လို့ ကြားတယ် ငါလည်း သည်လောက် ဩဇာကြီးတဲ့သူရဲ့ မျက်နှာသာပေးမှုကို ခံရရင် သိပ်ကောင်းမှာပဲ...။"
ဝမ်ချန်ကျွင်းကို အားကျချီးကျူးနေကြစဉ် ဝမ်မိသားစု၏ အတိတ်အကြောင်းကို အနည်းငယ် သိရှိထားသူ များစွာကလည်း အတင်းအဖျင်း ပြောဆိုနေကြလေသည်။
"ဒါပေမဲ့ ခင်ဗျားတို့ သိကြလား…။ ဝမ်ချန်ကျွင်း ပြန်လည် နာလန်ထူလာနိုင်ပေမဲ့ သူ့ရဲ့ မိသားစုဖြစ်တဲ့ ဝမ်မိသားစု ဟောင်းက သူ့ကို အခုထိ ခွင့်မလွှတ်သေးဘူးလို့ ထင်ရတယ်...။"
"ဟင်…၊ ဝမ်ကျားအုပ်စုက ဝမ်မိသားစုကို ပြောတာလား…။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သူတို့က အရမ်း အင်အားကြီးပြီး အယ်လ်မြို့တော်ရဲ့ ထိပ်တန်းအဆင့်မှာ ရှိခဲ့ကြတယ်လို့ ပြောကြတယ်...။"
"ဘယ်သူက ငြင်းနိုင်မှာလဲ…။ အခုတော့ အခြေအနေတွေက မတူတော့တာ ဝမ်းနည်းစရာပဲ…။ လက်ရှိ ဝမ်ကျားအုပ်စုက မသေရုံတမယ် ရပ်တည်နေရပြီး အရင်က ဂုဏ်ကျက်သရေကို ဘယ်တော့မှ ပြန်မရနိုင်တော့ ဘူးလေ...။"
"အခု ဝမ်ချန်ကျွင်း အောင်မြင်နေပြီဆိုတော့ သူက မိသားစုကို သွားမကူညီဘူးလား…။ အခုချိန်မှာ သူ့အနေနဲ့ အများကြီး တောင်းဆိုစရာ မလိုပေမဲ့ မိသားစုကို ကူညီဖို့ ယွမ်ရာဂဏန်းလောက် ထုတ်ပေးဖို့ဆိုတာ သူ့အတွက် ပြဿနာ မဟုတ်တာ သေချာတယ်လေ...။"
"ခင်ဗျား ဒါကို မသိဘူးမလား…။ အရင်တုန်းက ဝမ်ချန်ကျွင်းကို ဝမ်မိသားစုက နှင်ထုတ်ခဲ့တာလေ….၊ ဝမ်ချန်ကျွင်း ငတ်မွတ်ခါနီး အခြေအနေ ရောက်နေချိန်တုန်းကတောင် ဝမ်မိသားစုက ကူညီဖို့ လက်မကမ်း ပေးခဲ့ဘူး...။"
"အိုကွယ် ဝမ်ချန်ကျွင်းက ဝမ်မိသားစုကို အရိုးထဲထိ မုန်းတီးနေမှာ သေချာတယ် ကျွတ် ကျွတ် ကံကြမ္မာတွေက ပြောင်းလဲတတ်တာပဲ ဝမ်ချန်ကျွင်း အောင်မြင်သွားပြီးနောက်မှာ လူတိုင်းက သူ့ကို ဝမ်မိသားစုဝင်အဖြစ်ပဲ အသိ အမှတ် ပြုကြတော့တယ်…။ ဝမ်မိသားစုကတော့ ဒီလောက် ကံမကောင်းတော့ဘူးပေါ့...။"
"ဒီကိစ္စကြောင့် ဝမ်ချန်ကျွင်းက အငြိုးထားနေတုန်းပဲလို့ ခင်ဗျား ထင်လား…။ သူက ဝမ်မိသားစုကို မကူညီတဲ့ အပြင် သူတို့ အောက်ခြေရောက်နေချိန်မှာတောင် ထပ်ပြီး နှိပ်ကွပ်ချင် နှိပ်ကွပ်နေမှာ…၊ သူ့ရဲ့ ဩဇာအာဏာ နဲ့ဆိုရင် ဝမ်မိသားစုကို ဖြိုချဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမှ မဟုတ်တာ...။"
အယ်လ်မြို့တော်၏ စီးပွားရေးအသိုင်းအဝိုင်းတွင် ဝမ်ချန်ကျွင်းနှင့် ဝမ်မိသားစုအကြောင်းကို ပုံစံအမျိုးမျိုးဖြင့် ထင်ကြေးပေး ပြောဆိုနေကြလေသည်။
တကယ်တမ်းတွင်မူ သူတို့၏ ခန့်မှန်းချက်များ အားလုံး မှားယွင်းနေကြောင်းကို မည်သူမျှ မသိကြပေ။
ဝမ်ချန်ကျွင်းသည် ဝမ်မိသားစုအပေါ် ရန်ငြိုးမထားသည့်အပြင် သူတို့ကို ကူညီချင်နေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သို့သော် သူ၏ မိသားစုက သူ့ကို ခွင့်မလွှတ်သေးဘဲ သူ၏ အကူအညီကို လက်ခံရန် ငြင်းဆန်နေခဲ့ ကြခြင်းဖြစ်လေသည်။
အထူးသဖြင့် လက်ရှိ ဝမ်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ဝမ်ချန်ကျွင်း၏ ညီ ဝမ်ချန်ကျဲ့ပင် ဖြစ်သည်။
ဝမ်ချန်ကျွင်း ပထမဆုံးအကြိမ် အိမ်တံခါးဝသို့ ရောက်လာပြီး ဝမ်မိသားစုကို ကူညီရန် ကမ်းလှမ်းခဲ့စဉ်က ဝမ်ချန်ကျဲ့က သူ၏ အစ်ကိုဖြစ်သူကို ဆိုခဲ့သည်။
"ခင်ဗျား ခုလိုလုပ်လိုက်လို့ မိသားစုရဲ့ ခွင့်လွှတ်မှုကို ရနိုင်မယ်လို့ ထင်နေတာလား မဖြစ်နိုင်ဘူး...။"
"ကျွန်တော်တို့ မိသားစုက ခင်ဗျားရဲ့ သနားကြင်နာမှုကို မလိုအပ်သလို ခင်ဗျား ဘယ်လို အင်အားကြီးတဲ့သူတွေနဲ့ ပူးပေါင်းထားလဲဆိုတာကိုလည်း ဂရုမစိုက်ဘူး…။ ခင်ဗျားရဲ့ ပစ္စည်းတွေကို ယူပြီး ဒီကနေ ထွက်သွားလိုက်တော့ ကျွန်တော်တို့က ခင်ဗျားနဲ့ ဘာမှ ပတ်သက်စရာ အကြောင်းမရှိဘူး...။"
ထို့ကြောင့် မိသားစုအပေါ် ထားရှိသည့် ဝမ်ချန်ကျွင်း၏ အပြစ်ရှိစိတ်မှာ ယနေ့တိုင်အောင် ဖြေရှင်း၍ မရနိုင် သေးဘဲ ရှိနေလေသည်။ သူ၏ မိသားစုက သူ့ကို စွန့်ပယ်ထားဆဲဖြစ်ပြီး အမှားများကို ပြုပြင်ရန် အခွင့်အရေး မပေးခဲ့ပေ။
ရလဒ်အနေဖြင့် ဝမ်ချန်ကျွင်းမှာ မကြာခဏ သက်ပြင်းချရလေ့ရှိပြီး ဤကိစ္စသည် သူ၏ ကြီးမားသော စိုးရိမ်ပူ ပန်မှုကြီး တစ်ရပ် ဖြစ်လာခဲ့လေသည်။
သူ၏သမီးဖြစ်သူ ဝမ်ရှောင်ရို့သည် ဖခင်ဖြစ်သူ၏ အကြောင်းကို အသိဆုံးနှင့် အနားလည်ဆုံးဖြစ်ရာ သူမ နိုင်ငံခြားတွင် ပညာသင်ကြားနေရသော်လည်း ဖခင်အတွက် အမြဲတမ်း တွေးပူနေခဲ့လေသည်။
ယခုအခါ ဝမ်ရှောင်ရို့သည် ပညာသင်ယူမှု ပြီးဆုံးကာ နေရပ်သို့ ပြန်လာတော့မည် ဖြစ်သောကြောင့် လျန်ထျန်း က ဝမ်ရှောင်ရို့ကို အံ့အားသင့်စေမည့် လက်ဆောင်တစ်ခုပေးရန် ရည်ရွယ်လျက် ဝမ်မိသားစု၏ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အယ်လ်မြို့တော်သို့ ရက်အနည်းငယ် စော၍ ပြန်သွားခဲ့လေသည်။
လျန်ထျန်းသည် ဤဆုံးဖြတ်ချက်ကို သေချာစွာ စဉ်းစားသုံးသပ်ပြီးမှ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ပန်းများ သို့မဟုတ် လက်ဆောင်များ ပေး၍ အံ့အားသင့်စေသည့် ရိုးအီနေသော လုပ်ရပ်များထက်စာလျှင် ဝမ်မိသားစု၏ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းပေးခြင်းက ဝမ်ရှောင်ရို့အတွက် အစစ်မှန်ဆုံးသော အံ့အားသင့် စရာ လက်ဆောင်ပင် ဖြစ်ပေသည်။
သေချာသည်မှာ လျန်ထျန်းက ပန်းများနှင့် လက်ဆောင်များစွာကိုလည်း ပြင်ဆင်ထားမည် ဖြစ်သော်လည်း ထိုအရာများမှာ အလှဆင်ရုံ သက်သက်သာဖြစ်ပြီး နောက်မှ ပေးရန် ချန်ထားနိုင်ပေသည်။
ဆယ်နှစ်ကျော်တိုင်အောင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည့် ဝမ်မိသားစု၏ ကာလရှည်ကြာ ပြဿနာများကို မည်သို့ ဖြေရှင်းရမည်နည်း၊ မည်သည့် နေရာမှ စတင်ခြင်းက အသင့်တော်ဆုံး ဖြစ်မည်နည်း။
လျန်ထျန်းမှာ ကံကောင်းသည်ဟုပင် ဆိုရပေမည်။ သူသည် အစားအသောက် ပို့ဆောင်နေစဉ်အတွင်း ဝမ်ချန်ကျဲ့ ၏ သမီး၊ ဝမ်ရှောင်ရို့၏ ဝမ်းကွဲညီမဖြစ်သူ ဝမ်ရှောင်ကျင်းနှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ရလေသည်။
နှစ်သစ်ကူးပွဲတော် နီးကပ်လာပြီဖြစ်၍ ဝမ်ရှောင်ကျင်းမှာ ကျောင်းပိတ်ရက် ရထားသဖြင့် လျန်ထျန်းက ဝမ်မိ သားစု၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်သည့် သတင်းအချက်အလက် အချို့ကို သူမထံမှ စုံစမ်းရန် အတွက် အပြင်သို့ ဖိတ်ခေါ်ခဲ့လေသည်။
ဤသို့ လုပ်ဆောင်ခြင်းကို ထောင်ချောက်ဆင်သည်ဟုတော့ ခေါ်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှောင်ကျင်းမှာ အလွန် ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ရုံသာမက သူမကိုယ်တိုင်ကလည်း သူမ၏ မိသားစုကို ဝမ်းကွဲအစ်မဖြစ်သူ၏ မိသားစုနှင့် ပြန်လည် သင့်မြတ်စေချင်နေသောကြောင့် ဖြစ်သည်။
ဝမ်ရှောင်ကျင်းနှင့် တစ်နေကုန် စကားပြောဆိုပြီးနောက်တွင်တော့ လျန်ထျန်းသည် ဝမ်မိသားစု၏ လက်ရှိ အခြေအနေများကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့လေသည်။
ဝမ်ရှောင်ကျင်းကို ပြန်လည် ပို့ဆောင်ပေးပြီးနောက် လျန်ထျန်းသည် သူ၏ ဖုန်းထဲရှိ မှတ်စုများကို ကြည့်ကာ ခေါင်းကုတ်ရင်း နားမလည်နိုင်စွာဖြင့် တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။
"ဝမ်မိသားစုက ဒီလောက် ဆိုးရွားတဲ့ အခြေအနေကို ရောက်နေပြီကို ဘာလို့ ဒီလောက်တောင် ခေါင်းမာနေကြ သေးတာလဲ…။ သူတို့က အခြေအနေနဲ့ အချိန်အခါအရ လိုက်လျောညီထွေ နေတတ်ဖို့ကို လုံးဝ နားမလည်ကြ ဘူးပဲ...။"
"ဒါ့အပြင် ရှောင်ရို့ရဲ့ ဖခင် ဦးလေးဝမ် အရင်တုန်းက ကျူးလွန်ခဲ့တဲ့ အမှားတွေက အဲ့ဒီလောက်တောင် ခွင့်လွှတ် လို့ မရနိုင်စရာ ဖြစ်နေလို့လား...။"
"ပြီးတော့ ဦးလေးဝမ်က အခု အမှားတွေကို ပြန်ပြင်ချင်နေပြီလေ…။ အားလုံးက တစ်ယောက်ကို တစ်ယောက် အခွင့်အရေး ပေးလိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့် အခြေအနေ ဖြစ်သွားမှာ မဟုတ်ဘူး လား...။"
"မျိုးနွယ်စု ခေါင်းဆောင်ကြီးရဲ့ သေဆုံးမှုကို ဦးလေးဝမ်က ဒေါသထွက်အောင် လုပ်လို့ သေရတာဆိုပြီး အပြစ် တွေ အကုန်လုံးကို ဦးလေးဝမ်အပေါ် ပုံချတာကတော့ တကယ်ကို လွန်လွန်းအားကြီးပါတယ်...။"
"အတိုချုပ်ပြောရရင် ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်တော်တို့ အခွင့်အရေး တစ်ခု ရှာဖို့ လိုတယ်လို့ ခံစားရတယ်…။ ပြီးတော့ အဲ့ဒီ အခွင့်အရေးက မျက်စိရှေ့မှာတင် ရှိနေပုံပဲ...။"
ရက်အနည်းငယ် ကြာပြီးနောက် လူတစ်စုသည် ဝမ်မိသားစု၏ အိမ်ထဲသို့ ဇွတ်အတင်း ဝင်ရောက်လာကြလေ သည်။
ဤအိမ်ကြီးသည် ဝမ်မိသားစု၏ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း အမွေခံလာခဲ့သော အိမ်ဖြစ်သည်။ ၎င်း သည် သာမန် ခြံဝင်းကျယ်ကြီးတစ်ခုထက်ပင် ပို၍ ကြီးကျယ်ခမ်းနားလှပြီး ခြံဝင်း သုံးခုနှင့် ဝင်ပေါက် သုံးခု ရှိသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ မကျပေ။
ပုံမှန်အားဖြင့် ဧည့်သည်များ လာရောက်လည်ပတ်သည့်အခါ ရှေ့ဘက် ခြံဝင်းထဲသို့ ဝင်ပြီးသည်နှင့် ရပ်တန့်ရလေ့ ရှိသည်။ အထူး ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ သို့မဟုတ် ဝမ်မိသားစု၏ ဆွေမျိုးနီးစပ်များမှသာ အတွင်းဘက် ခြံဝင်း ထဲသို့ ဖိတ်ကြားခြင်း ခံရလေ့ရှိသည်။
သို့သော် ယနေ့တွင်မူ ဇွတ်အတင်း ဝင်ရောက်လာသည့် ထိုလူစုသည် အတွင်းဘက် ခြံဝင်းထဲသို့ တိုက်ရိုက် ပြေးဝင်လာကြပြီး မည်သူကမျှ သူတို့ကို မတားဆီးနိုင်ခဲ့ပေ။
အသံဗလံများကို ကြားလိုက်ရသောအခါ လက်ရှိ ဝမ်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ဝမ်ချန်ကျဲ့သည် ဒေါသ တကြီးဖြင့် ထွက်လာကာ ကျူးကျော်ဝင်ရောက်လာသူများကို စူးရဲစွာ စိုက်ကြည့်ရင်း အသံသြသြဖြင့် အော်ဟစ် လိုက်လေသည်။
"ဘယ်ကရောက်လာတဲ့ ရိုင်းစိုင်းလှတဲ့ တိရစ္ဆာန်အုပ်စုလဲ…။ ငါ့ကို မယုံရင် စမ်းကြည့်လိုက်…၊ ပိုင်နက်ကျူး ကျော်မှုနဲ့ တိုင်ချက်ဖွင့်ပြီး မင်းတို့အားလုံးကို ရဲခေါ်ပြီး ဖမ်းခိုင်းလိုက်မယ်...။"
ဝမ်ချန်ကျဲ့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ ကျူးကျော်သူများ၏ ခေါင်းဆောင်ဖြစ်သူ ကတုံး ပြောင်နှင့် လူက လှောင်ပြောင် ပြုံးရယ်လိုက်လေသည်။
"မိသားစု ခေါင်းဆောင်ကြီးဝမ်…။ ခင်ဗျားက အကြွေးတင်နေတာတောင် ဒီလောက် အသံကျယ်ကျယ်နဲ့ အော်ရဲသေးတယ်ပေါ့…။ ခင်ဗျားတို့ ဝမ်မိသားစုက အောက်ခြေ ရောက်သွားပြီးတဲ့နောက်မှာ တကယ်ကို အရှက်မရှိတော့တဲ့ ပုံပဲ...။"
"ခင်ဗျားက ရဲကို တိုင်ချင်တာ မဟုတ်လား…။ အခုပဲ သွားတိုင်လိုက်လေ…။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ ပိုက်ဆံလာချေးတုန်းက ဒီအိမ်ကို ကျွန်တော်တို့ဆီမှာ ပေါင်ထားခဲ့တာပဲလေ...။"
"သတ်မှတ်ထားတဲ့ အချိန်စေ့သွားပြီဖြစ်လို့ ကျွန်တော်တို့က အိမ်ကို လာသိမ်းတာ…။ ရဲတွေ ရောက်လာရင် တောင် ဥပဒေအတိုင်းပဲ လုပ်ရမှာ…၊ ကျွန်တော်တို့ဆီမှာ စာရွက်စာတမ်းတွေ အားလုံး ရှိတယ်...။"
ထိုသို့ပြောဆိုရင်း ကတုံးပြောင်နှင့် လူက စာရွက်စာတမ်း အချို့ကို ထုတ်ယူကာ ဖြန့်ပြလိုက်ရာ သူ၏ လှောင်ပြုံးမှာ ပို၍ နက်ရှိုင်းလာတော့သည်...။