← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆)

ဝမ်ရှောင်ကျင်း ရှက်သွေးဖြာခြင်းနှင့် ဖခင်ဖြစ်သူ၏ အထင်လွဲမှု

ဝမ်ချန်ကျဲ့သည် သမီးဖြစ်သူ၏ စကားကို ကြားသောအခါ မှင်တက်သွားရလေသည်။

သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် အံကိုကြိတ်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်လေသည်။

"အဲ့ဒီအချိန်တုန်းက မင်းအဘိုးကို ဒေါသထွက်အောင်လုပ်ပြီး သေစေခဲ့တဲ့ကောင်ကို...၊ ငါ့တစ်သက် ဘယ်တော့မှ အကူအညီမတောင်းဘူး...။"

ဝမ်ရှောင်ကျင်းက ချက်ချင်းပင် ပြန်၍ ပြောလိုက်သည်။

"အဘိုးက တကယ်ပဲ ဦးလေးကြောင့် ဒေါသထွက်ပြီး ဆုံးရတာ ဟုတ်လို့လား...။ အဲ့ဒီတုန်းက အဘိုးက ရောဂါ သည်းနေရှာတာလေ...၊ သတင်းကြားပြီးတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံးပါးသွားတာကို အကုန်လုံးက ဦးလေးရဲ့ အပြစ်လို့ပဲ ပြောနေကြတာလား...။"

"ဒါ့အပြင် အဲ့ဒီတုန်းက ဦးလေးရဲ့ ဆုံးဖြတ်ချက်ကလည်း မိသားစုအခြေအနေ ကျဆင်းမသွားအောင် တားဆီးဖို့နဲ့ မိသားစု ဂုဏ်ဒြပ်ကို ပြန်လည် မြှင့်တင်ဖို့အတွက် မဟုတ်ဘူးလား...။"

"ဖေဖေ ကိုယ်တိုင်လည်း မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဒီနှစ်တွေအထိ ပခုံးထမ်းလာခဲ့တာပဲ...။ ဖေဖေ့မှာကော ဘယ်လောက်တောင် မတတ်သာတဲ့ အခြေအနေတွေ ရှိခဲ့လဲဆိုတာ ဖေဖေ ကိုယ်တိုင် မသိဘူးလား...။"

သမီးဖြစ်သူ၏ ဆင့်ကဲမေးခွန်း သုံးခုကို ရင်ဆိုင်လိုက်ရသောအခါ ဝမ်ချန်ကျဲ့မှာ တစ်ဖန် မှင်တက်သွားရ ပြန်လေသည်။

မှန်ပေသည်။ ဤမျှများပြားလှသော နှစ်ကာလများအတွင်း သူသည် ဝမ်ချန်ကျွင်းကိုသာ အစဉ်အမြဲ အပြစ်တင်ခဲ့ သည်။ ဝမ်မိသားစုကို ဤမျှအထိ ပျက်စီးအောင် ပြုလုပ်ခဲ့ပြီး ဖခင်ဖြစ်သူကိုပါ ဒေါသထွက်ကာ သေဆုံးစေခဲ့ သူမှာ ဝမ်ချန်ကျွင်းသာဖြစ်သည်ဟု သူ အမြဲ ထင်မှတ်ခဲ့သည်။

သို့သော် သူကိုယ်တိုင် ဝမ်မိသားစု၏ အကြီးအကဲ ဖြစ်လာခဲ့ပြီးနောက် ဝမ်ချန်ကျွင်းထက် ပို၍ ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ပါသလော။

နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဝမ်ကျားအုပ်စုကို ဆက်လက် လည်ပတ်နိုင်ရန်အတွက် မိသားစု၏ ပိုင်ဆိုင်မှု အားလုံးနီးပါးကို ပေါင်နှံခဲ့ရသည်။

သို့သော်ငြားလည်း အစွမ်းကုန် ရုန်းကန်ထိန်းသိမ်းခဲ့သည့်တိုင် ဝမ်ကျားအုပ်စုကို မပြိုလဲရုံတမယ်သာ ဆွဲထားနိုင် ခဲ့ပြီး အခြားအရာအားလုံးမှာမူ တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ်လာခဲ့လေသည်။

ပြဿနာတစ်ခုကို ဖုံးကွယ်ရန် အခြားပြဿနာတစ်ခုကို ထပ်မံဖန်တီးရင်း တစ်ဖက်မှ ချေးငှား၍ အခြားတစ်ဖက် သို့ အစားထိုး ဆပ်နေရသည့် အဖြစ်က အရှက်မကွဲရုံတမယ်သာ ရှိတော့သည်။

ယခုမူ ဖျက်ဆီးစရာ အုတ်တံတိုင်းလည်း မရှိတော့သကဲ့သို့ ဖုံးကွယ်စရာ အကာအကွယ်လည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

တကယ်ပဲ ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ ဤအိမ်ဟောင်းကြီးကိုပါ အကြွေး ဆပ်ဖို့အတွက် ပေးအပ်လိုက်ရတော့မည်လား။

တကယ်လို့သာ ဖခင်ဖြစ်သူ သက်ရှိထင်ရှား ရှိနေသေးပါက ဤအခြေအနေကို မြင်လျှင်ပင် ဒေါသအဟုန်ဖြင့် အသက်ဆုံးရှာပေလိမ့်မည်။

စိတ်နှလုံးထဲတွင် တုန်လှုပ်ချောက်ချားသွားရသဖြင့် ဝမ်ချန်ကျဲ့သည် ခေါင်းကို အမြန်ခါယမ်းလိုက်ပြီးနောက် သမီးဖြစ်သူကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးမြန်းလိုက်လေသည်။

"ဒီစကားတွေကို မင်းကို ဘယ်သူသင်ပေးတာလဲ...။ မင်းရဲ့ စရိုက်နဲ့ဆိုရင် ဒီလိုစကားမျိုးတွေ ပြောနိုင်စရာ အကြောင်းမရှိဘူး...။"

သမီးအကြောင်းကို ဖခင်က အသိဆုံးဆိုသည့် စကားမှာ အမှန်ပင် ဖြစ်ပေသည်။

ဝမ်ရှောင်ကျင်းသည် ရိုးသားဖြောင့်မတ်ပြီး ပေါ့ပေါ့ပါးပါး နေတတ်သည့် စရိုက်ရှိကာ တစ်ခါတစ်ရံတွင် အနည်း ငယ် ထူးဆန်းသော အပြုအမူများ ရှိတတ်သည်။ သူမသည် မိသားစု စီးပွားရေးလုပ်ငန်းများကို အနည်းငယ်မျှ စိတ်မဝင်စားသည့်အပြင် အနည်းငယ်ပင် တွန်းကန်လိုစိတ် ရှိနေသူ ဖြစ်သည်။

ထို့ကြောင့် ဤစကားများမှာ သမီးဖြစ်သူ ကိုယ်တိုင် စဉ်းစားမိသည့် စကားများ မဟုတ်ဘဲ တစ်စုံတစ်ဦးက သူမကို သင်ကြားပေးထားခြင်း သို့မဟုတ် အနည်းဆုံးတော့ သူမကို ပြောပြထားခြင်း ဖြစ်ရမည်ဟု ဝမ်ချန်ကျဲ့ အသေအချာ သိနေခဲ့သည်။

ဖခင်ဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ ဝမ်ရှောင်ကျင်းမှာ ဦးစွာ မှင်တက်သွားပြီးနောက် သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားကာ ခေါင်းလေးကို အနည်းငယ် ငုံ့လျက် တိုးတိုးလေး ရေရွတ်လိုက်ရှာသည်။

"ဟုတ်ပါတယ်...၊ သမီး ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ မိသားစုအကြောင်း ပြောဖြစ်ရင်း...၊ သူက သူ့ရဲ့ အမြင် အချို့ကို ဝေမျှပေးတာပါ...။"

သမီးဖြစ်သူ၏ ပုံစံကို မြင်သောအခါ ဝမ်ချန်ကျဲ့သည် ဥယျာဉ်မှူးတစ်ဦးက ပန်းသူခိုးနှင့် တိုးမိသကဲ့သို့ မျက်မှောင် ကြုတ်လိုက်မိလေသည်။

"ဘယ်လို သူငယ်ချင်းမျိုးမို့လို့လဲ...။ သမီးတို့ရဲ့ ပတ်သက်မှုက ဘယ်အဆင့်အထိ ရောက်နေပြီလဲ...။ မိသားစု ကိစ္စတွေကိုတောင် ပြောပြနေရတယ်ဆိုတော့...။"

ဝမ်ရှောင်ကျင်းသည် ဖခင်ဖြစ်သူက အထင်လွဲနေပြီ ဖြစ်ကြောင်း သိရှိသွားသဖြင့် ချက်ချင်းပင် ခေါင်းခါယမ်း လိုက်ပြီး၊

"ဖေဖေ...၊ သမီးက ဖေဖေ က သမီးရဲ့ အတွေးကို ရိပ်မိသွားလို့ ရှက်လို့ မျက်နှာနီသွားတာပါ...။ တခြားဟာတွေ လျှောက်မတွေးပါနဲ့...၊ သမီးက ငယ်ပါသေးတယ်...။"

ထိုစဉ် သူတို့၏ မျက်နှာချင်းဆိုင်ရှိ ကတုံးနှင့်လူမှာ သားအဖနှစ်ဦး တိုးတိုးတိတ်တိတ် စကားဆိုနေကြသည်ကို မြင်သောအခါ နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ အော်ဟစ်လိုက်လေသည်။

"မင်းတို့ တိုးတိုးတိတ်တိတ် စကားပြောလို့ မပြီးသေးဘူးလား... ငါ့ကို ဆပ်ဖို့ ပိုက်ဆံရှိလား...၊ မရှိရင် ငါ့လူ တွေကို အိမ်ပေါ်က ပစ္စည်းတွေ ချခိုင်းလိုက်တော့မယ်...။"

ပြောရင်းနှင့် သူက လက်ကို မြှောက်ကာ ဝှေ့ယမ်းပြလိုက်ရာ သူနှင့်အတူ ပါလာသော လူများက တစ်ဖန် လှုပ်ရှား ရန် ပြင်ဆင်ကြတော့သည်။

ဝမ်ချန်ကျဲ့က စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် သမီးဖြစ်သူ ဝမ်ရှောင်ကျင်းက ဦးအောင် ပြောလိုက် လေသည်။

"ငါတို့မှာ ပိုက်ဆံမရှိဘူးလို့ ဘယ်သူပြောလဲ...။ ငါ့ရဲ့ ဦးလေးက ဝမ်ကျားကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာပဲ... ။ နင်တို့ဆီက ဒီလောက် ပိုက်ဆံအနည်းငယ်ကို သူက မဆပ်နိုင်ဘဲ နေမလား...။"

ထိုစကားကို ကြားသောအခါ ကတုံးနှင့်လူမှာ လက်ကို ပြန်လည် မြှောက်ပြလိုက်ပြီး သူ၏လူများကို ငြိမ်သက်ရန် အချက်ပြလိုက်လေသည်။

ထို့နောက် သူက ခေတ္တမျှ စဉ်းစားပြီး ရှေ့သို့ တိုးလာသော ဝမ်ရှောင်ကျင်းကို ကြည့်ကာ ပြောလိုက်လေသည်။

"ဒါဆို မင်းပြောချင်တာက မင်းရဲ့ ဦးလေးက မင်းတို့ရဲ့ အကြွေးတွေကိုဆပ်ပေးနိုင်တယ်ပေါ့...။"

"ငါက အယ်လ်မြို့တော်က မစ္စတာလီရဲ့ ကိုယ်စားလှယ်တစ်ဦး အနေနဲ့ ဝမ်ကျားကုမ္ပဏီအကြောင်း ကြားဖူးပါ တယ်...။ အထွေထွေမန်နေဂျာက ဝမ်ချန်ကျွင်း မဟုတ်လား...။"

"အဲ့ဒီလူက သာမန်တော့ မဟုတ်ဘူးလို့ ကြားဖူးတယ်...။"

ထိုစကားကို ကြားရသောအခါ ဝမ်ရှောင်ကျင်းသည် ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်လေသည်။ ဤထူးဆန်း သော မိန်းကလေးမှာ မိမိနောက်တွင် အားကိုးရမည့်သူ ရှိနေသည်ဟု ခံစားရသဖြင့် ဂုဏ်ယူဝင့်ကြွားနေခြင်း ဖြစ်သည်။

သို့သော် ကတုံးနှင့်လူက စကားကို လမ်းတစ်ဝက်တွင်ပင် ဖြတ်၍ ပြောင်းလဲလိုက်သည်။

"ဒါပေမဲ့...၊ မင်းတို့ ဝမ်မိသားစုက လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ဝမ်ချန်ကျွင်း တစ် မိသားစုလုံးကို အိမ်ကနေ မောင်းထုတ်ခဲ့တာလို့လည်း ငါ ကြားဖူးတယ်လေ...။"

"အဲ့ဒီ မိသားစုက ဆင်းရဲပင်ပန်းစွာနဲ့ အသက်ရှင်ဖို့ ရုန်းကန်နေရချိန်မှာတောင် မင်းတို့က ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေခဲ့တာ မဟုတ်ဘူးလား...။ ဝမ်ချန်ကျွင်းက မင်းတို့ကို မုန်းတီးမနေဘူးလို့ နင် ထင်နေတာ လား...။"

"နောက်ဆုံးအနေနဲ့ ငါ ပြောလိုက်မယ်...။ တကယ်လို့ ဝမ်ချန်ကျွင်းက မင်းတို့ကို ကူညီချင်တယ်ဆိုရင် စောစော စီးစီး ကူညီမှာပေါ့...။ ဘာလို့ အခုထိ စောင့်နေမှာလဲ...။"

"ဟားဟား...၊ ဒါကြောင့် နောက်ဆုံးတော့ ဒါတွေ အားလုံးက အချိန်ဆွဲတဲ့ နည်းဗျူဟာတွေပဲ မဟုတ်လား...။ နွေဦးပွဲတော် မတိုင်ခင်အထိ အချိန်ဆွဲပြီးမှ အကြွေးပြန်ဆပ်ဖို့ ကြံစည်နေတာမလား...။"

"ဒါဆိုရင်တော့ ငါ ကြိုပြောလိုက်မယ်...၊ အဲ့ဒါက လုံးဝ မဖြစ်နိုင်ဘူး...။"

"တကယ်လို့ သူဌေးလီက တစ်ခုခုကို မျက်စိကျပြီဆိုရင် အဲ့ဒါကို မရရအောင် ယူတတ်တယ်...။ ဒီမြေကွက်ရဲ့ အဆောက်အအုံ အနေအထားက အနှိပ်ခန်း ဆောက်ဖို့အတွက် အကောင်းဆုံးပဲ...။ ငါလည်း သူဌေးလီအတွက် ဒီကိစ္စကို စီစဉ်နေတာ ကြာလှပြီ...။"

"ဒါက ငါနဲ့ ငါ့ညီအစ်ကိုတွေရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတာ...။ အနှိပ်ခန်း ဆောက်ပြီးတာနဲ့ ငါက (၁၀%) အမြတ် ဝေစု ရမှာ...။ ငါ အဖက်ဖက်က သေချာ စုံစမ်းထားပြီးသားမို့ လုံးဝ လွဲချော်စရာ အကြောင်းမရှိဘူး...။"

ထိုစကားကို ကြားသောအခါ ဝမ်မိသားစုဝင် အားလုံးမှာ ချက်ချင်းပင် သဘောပေါက်သွားကြတော့သည်။

ဤသည်မှာ ကြိုတင် ကြံစည်ထားသော ထောင်ချောက်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ ဂျီမြို့တော်မှ သူဌေး လီသည် အစကတည်းက သူတို့၏ အိမ်ဟောင်းမြေကွက်ကို မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။

အကြောင်းစုံကို သိရှိသွားပြီးနောက် ဝမ်ချန်ကျဲ့သည် ရုတ်တရက် အခြားအရာတစ်ခုကို သတိရသွားကာ အနောက်ဘက် ဆောင်ရှိ အဖိုးကြီးတစ်ဦးထံသို့ အကြည့်ကို လွှဲလိုက်လေသည်။

"စတုတ္ထဦးလေး...၊ ဦးလေးက...။"

အကြည့်ခံလိုက်ရသော အဖိုးကြီးမှာ ချက်ချင်းပင် ခေါင်းကို ငုံ့သွားပြီး ဝမ်ချန်ကျဲ့၏ အကြည့်ကို မရင်ဆိုင်ရဲရှာ ပေ။

သူ၏ စကားမဆုံးမီမှာပင် ဝမ်ချန်ကျဲ့၏ ပါးပြင်ပေါ်တွင် အကြောများ ဖောင်းတက်လာသော်လည်း ကျန်ရှိသော စကားလုံးများကိုမူ ဆက်လက် မပြောဆိုနိုင်တော့ပေ။ သူသည် လက်ကိုသာ ဝှေ့ယမ်းပြနိုင်ပြီး လေးလံလှသော သက်ပြင်းတစ်ချက်ကိုသာ ချနိုင်တော့သည်။

"ဟူး..."

အဘယ်ကြောင့်ဆိုသော် အစပိုင်းတွင် ဂျီမြို့တော်မှ မစ္စတာလီသည် မိသားစုကို ပိုက်ဆံချေးပေးနိုင်ကြောင်း ပြောဆိုခဲ့သူမှာ ဤစတုတ္ထဦးလေး ဖြစ်နေသောကြောင့်ပင်။

ယခုမူ ကတုံးနှင့်လူက အရာအားလုံးကို ဖွင့်ချလိုက်ပြီဖြစ်၍ သူဌေးလီ၏ လုပ်ကြံမှုကြီး ပေါ်ပေါက်သွားခဲ့ပြီ ဖြစ် ရာ မိသားစုအတွင်းမှ သစ္စာဖောက်မှာလည်း ဆက်လက် ပုန်းကွယ်နေနိုင်တော့မည် မဟုတ်ပေ။

ဝမ်ချန်ကျွင်း တစ်မိသားစုလုံးကို အိမ်မှ မောင်းထုတ်ရန် အပြင်းထန်ဆုံး တိုက်တွန်းခဲ့သည့် ထိုစတုတ္ထဦးလေး သည် မိသားစုကို သစ္စာဖောက်လိုက်ချိန်တွင် မည်မျှလောက်သော အကျိုးအမြတ်များကို ရရှိခဲ့လေသနည်း။

သို့သော် ဤအကျိုးအမြတ်များကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤစတုတ္ထဦးလေး သည် လုံးဝ နာမည်ပျက်နေသော လောင်းကစားသမားတစ်ဦး ဖြစ်သောကြောင့်ပင်။

သူ မည်မျှပင် ပိုက်ဆံရရှိပါစေ နောက်ဆုံးတွင် ဘာမှကျန်တော့မည် မဟုတ်ပေ။ သူသည် မိသားစုထံမှလည်း ပိုက်ဆံကို မကြာခဏ တောင်းခံတတ်သူ ဖြစ်ရာ သူ၏ ပိုက်ဆံအိတ်ထဲတွင် မည်သို့လျှင် ပိုလျှံသော ပိုက်ဆံများ ရှိနေနိုင်ပါအံ့နည်း။

အမှန်တရားကို သိရှိသွားပြီးနောက် မတတ်သာသော အမူအရာ ဖြစ်နေသည့် ဝမ်ချန်ကျဲ့ကို ကြည့်ကာ ကတုံးနှင့် လူက ရင်ဖွင့်၍ ရယ်မောလိုက်လေသည်။

"ဝမ်မိသားစုရဲ့ အကြီးအကဲ...၊ မင်းတို့ ဝမ်မိသားစုရဲ့ ကံကြမ္မာက ဆုတ်ယုတ်လာကတည်းက သတ်မှတ်ပြီးသား ဖြစ်နေပြီ...။"

"မင်းတို့မှာ ဒီလောက်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးကို ထိန်းချုပ်နိုင်တဲ့ နောက်ခံနဲ့ အရည်အချင်း မရှိဘူး ဆိုရင် လူတိုင်းက လုယူစားချင်တဲ့ မုန့်တစ်ခုပဲ ဖြစ်လာမှာပဲ...။"

"မင်းက ဒီမုန့်ကို ဘယ်လောက်ပဲ ကာကွယ်ချင်ပါစေ အရည်အချင်းရှိတဲ့သူတွေက အမြဲတမ်း အပိုင်းပိုင်း ဖဲ့ယူသွားနိုင်တာပဲ...။"

"ငါ့စကားကို နားထောင်စမ်းပါ...။ မင်း ဒါကို ကာကွယ်ဖို့အတွက် ဒီလောက်အထိ ပင်ပန်းခံမနေပါနဲ့တော့...။ ဒီမုန့်ကို အရည်အချင်းရှိတဲ့သူဆီပဲ ပေးလိုက်ပါ...။ မင်းလည်း မုန့်အစအနလေးတွေ ရနိုင်သေးတာပေါ့...။"

"သူဌေးလီကတော့ သိသာထင်ရှားတဲ့ အရည်အချင်းရှိသူပဲ...။ မင်းသာ အခြေအနေကို နားလည်မယ်ဆိုရင် ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှု အားလုံးကို လက်လွှတ်လိုက်ပါ...။"

"ဒါဆိုရင် ငါလည်း သူဌေးလီနဲ့ ဆွေးနွေးပေးဖို့ စဉ်းစားပေးမှာပေါ့...။ အနှိပ်ခန်း ဆောက်ပြီးရင် မင်းကို (၁၀%) အမြတ်ဝေစု ပေးဖို့လေ...၊ ဟားဟားဟား...။"

ဤကဲ့သို့ ရိုင်းစိုင်းလှသော စကားများကို ကြားသောအခါ ဝမ်ချန်ကျဲ့၏ မျက်နှာမှာ ဒေါသကြောင့် ခရမ်းရောင်ပင် သန်းလာတော့သည်။

သို့သော် ကံဆိုးစွာဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်သည့် အရည်အချင်းနှင့် နည်းလမ်းမျှ မရှိတော့ဘဲ နက်ရှိုင်းလှသော မတတ်သာမှု အာရုံများကသာ တဖြည်းဖြည်း လွှမ်းမိုးလာခဲ့လေသည်။

ထိုစဉ်မှာပင် ဝမ်ရှောင်ကျင်းက အကြံဉာဏ်တစ်ခွန်းကို ထပ်မံ ပြောလိုက်ပြန်လေသည်။

"ဖေဖေ...၊ ဦးလေးဆီကို ဖုန်းဆက်လိုက်ပါ...။ ဖေဖေက အဲ့ဒီတုန်းက ဦလေးလိုမျိုး ဖြစ်သွားချင်လို့လား...။"

All Chapters