အခန်း ၂၁၈
Vol. 22 Ch. 218
အခန်း (၂၁၈)
အောင်မြင်ကျော်ကြားလာသည့်အခါ ဘေးနားရှိလူအားလုံးက လူကောင်းများ ဖြစ်လာကြသည်
ကတုံးနှင့်လူသည် ထိုရှစ်ရာယွမ်ကျော်သော ငွေသားများကို မြင်လိုက်ရသောအခါ အံ့အားသင့်တကြီးဖြင့် အော်ဟစ်လိုက်လေတော့သည်။
"မဟုတ်ဘူး...။ ဒါက ဘယ်လိုမှ မဖြစ်နိုင်တာ...။"
"မင်းတို့က ဒီလောက်များပြားတဲ့ ငွေသားတွေကို ဘယ်လိုလုပ်ပြီး ကြိုတင်ပြင်ဆင်ထားနိုင်ရတာလဲ...။ ပြီးတော့ ဒီလောက်လည်း မြန်ဆန်လှချေလား...။ မင်းတို့က ဒိုရေမွန်လား...၊ ဒါမှမဟုတ် တစ်နေရာရာကို ချက်ချင်းရောက် စေတဲ့ မှော်တံခါးများ ရှိနေလို့လား...။"
ကတုံးနှင့်လူသည် နောက်ဆုံးစကားလုံးကို အော်ဟစ်မြည်တမ်းကာ ဆိုရှာသည်။ ဤအခြေအနေသည် သူ့အ တွက်မူ မည်မျှအထိ မယုံကြည်နိုင်စရာ ကောင်းနေသည်ကို အထင်အရှား ပြသနေပေသည်။
ဝမ်ချန်ကျွင်းသည် ငွေများကို ထိုလူ့ထံသို့ ပစ်ပေးလိုက်ပြီး အေးစက်စွာ ဆိုလိုက်၏။
"ငါ ဘယ်လိုပြင်ဆင်ခဲ့လဲ၊ ဘယ်ကရခဲ့လဲဆိုတာ မင်းနဲ့ ဘာဆိုင်လို့လဲ...။ ပိုက်ဆံကိုယူ၊ အကြွေးစာချုပ်နဲ့ အပေါင် ပစ္စည်း စာချုပ်တွေကို ထားခဲ့ပြီး အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားစမ်း...။"
ကတုံးနှင့်လူသည် ငွေများကို အပြည့်အဝ လက်ခံရရှိပြီးနောက်တွင်မူ မည်သည့်စကားမျှ မဆိုနိုင်တော့ပေ။ စိတ်ထဲမှ မကျေမနပ် ဖြစ်နေသော်လည်း အံကိုကြိတ်ကာ ငွေများကို သိမ်းဆည်း၍ အမြီးကုပ်ကာ ထွက်ပြေး သွားရလေတော့သည်။
ဤသို့ဖြင့် ဝမ်မိသားစု၏ အိမ်ဟောင်းကြီး ပျက်စီးမည့် ဘေးဒုက္ခမှာ ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း မကြာမီမှာပင် ဝမ်ချန်ကျဲ့သည် ဝမ်ချန်ကျွင်းအား ဇဝေဇဝါဖြင့် မေးခွန်းထုတ်လာလေသည်။
"အစ်ကိုကြီး...၊ မိသားစုမှာ ဒုက္ခရောက်နေတာကို အစ်ကိုကြီးက ဘယ်လိုလုပ်ပြီး သိတာလဲ...။ အချိန်ကိုက်လွန်း ပြီး တိုက်ဆိုင်လွန်းနေတယ် မဟုတ်လား...။"
ဝမ်ချန်ကျဲ့၏ သံသယမှာ အကြောင်းမဲ့မဟုတ်ပေ။ အမှန်တော့ သူသည် မိမိ၏ ဒုတိယဦးလေးဖြစ်သူက မိသားစုအပေါ် သစ္စာဖောက်ခဲ့သည်ကို သိရှိရုံမျှသာ ရှိသေးသဖြင့် ဤကဲ့သို့သော အချိန်တွင် သံသယပွားမိ ခြင်းမှာ သဘာဝကျလှပေသည်။
ထို့ပြင် ဝမ်ချန်ကျွင်း ပေါ်လာသည့် အချိန်မှာလည်း အလွန် ဆန်းကြယ်လွန်းလှသည်။ ကတုံးနှင့်လူ ပြောသကဲ့သို့ အစ်ကိုကြီးတွင် အနာဂတ်ကို ကြိုတင်မြင်နိုင်သည့် အစွမ်းများ ရှိနေ၍လော...။
တကယ်လို့ ထိုသို့မဟုတ်ပါက ဤကိစ္စသည် တစ်ယောက်ယောက်က ကြိုတင်ဇာတ်ညွှန်းခွဲပြီး ကပြဖျော်ဖြေသွား သည့် ‘ပြဇာတ်’ တစ်ပုဒ် ဖြစ်နေမလားဟု တွေးတောမိကာ ပို၍ပင် ကျောချမ်းဖွယ်ရာ ကောင်းလှပေသည်။
ထိုအခါ ဝမ်ချန်ကျွင်းက ဘေးနားရှိ လူငယ်လေးကို လက်ညှိုးညွှန်ပြရင်း ဆိုလိုက်၏။
"ဒီမေးခွန်းကိုတော့ သူ့ကိုပဲ မေးရလိမ့်မယ်...။ မိသားစုက ဒီနေ့ ဒုက္ခနဲ့ ကြုံရလိမ့်မယ်ဆိုတာ သူ ဘယ်လိုသိလဲဆို တာ ငါလည်း သိချင်နေတာ...။"
"သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ငါ့ကို ပိုက်ဆံတွေ ကြိုပြင်ခိုင်းပြီး ဒီအနီးအနားမှာ စောင့်နေဖို့ ပြောခဲ့တာလေ...။ ဒါပေမဲ့ အားလုံး စိတ်အေးအေးထားပါ၊ သူက လူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို တော့ ငါ အာမခံနိုင်ပါတယ်...။"
ဦးလေးဝမ်ထံမှ မထင်မှတ်ဘဲ "လူကောင်း" ဟု သတ်မှတ်ခြင်း ခံလိုက်ရသဖြင့် လျန်ထျန်း၏ နှုတ်ခမ်းထောင့်များ မှာ ရုတ်တရက် တွန့်ကွေးသွားရသည်။ သို့သော်လည်း ဝမ်မိသားစုဝင် အားလုံး၏ စူးစိုက်ကြည့်ရှုခြင်း ခံနေရ သဖြင့် သူသည် ပွင့်လင်းစွာပင် ဆိုလိုက်လေသည်။
"ဝမ်မိသားစုက လူကြီးမင်းတို့အားလုံးကို ဂါရဝပြုပါတယ်...။ ကျွန်တော်က အယ်လ်မြို့ရဲ့ စီးပွားရေးလုပ်ငန်းရှင် များအသင်းရဲ့ အဓိက သတင်းကွန်ရက်ကတစ်ဆင့် ဂျီမြို့တော်က စီးပွားရေးသမားတစ်ယောက်က ဒီနေ့မှာ ဝမ်မိ သားစုကို ဒုက္ခပေးဖို့ လူလွှတ်လိုက်တယ်ဆိုတာကို သိခဲ့ရတာပါ...။"
"ဒါကြောင့်မို့လို့ ဦးလေးဝမ်ကို ကြိုတင်ပြင်ဆင်ခိုင်းပြီး ဒီနေ့မနက်ကတည်းက အနီးအနားမှာ စောင့်ဆိုင်းစေခဲ့တာ ဖြစ်ပါတယ်...။ ဒါမှလည်း ဖုန်းဝင်လာတာနဲ့ အချိန်မီ ရောက်ရှိလာနိုင်မှာမို့လို့ပါ...။"
ထိုစကားကို ကြားသောအခါ ဝမ်မိသားစုဝင် အားလုံးမှာ အံ့အားသင့်သွားကြရသည်။ အထူးသဖြင့် လက်ရှိ ဝမ်မိသားစု၏ အကြီးအကဲဖြစ်သော ဝမ်ချန်ကျဲ့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး မေးခွန်းထုတ်တော့သည်။
"မင်းက အယ်လ်မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ ထိပ်တန်းလျှို့ဝှက် သတင်းကွန်ရက်ကိုတောင် သုံးနိုင် တာလား...။ မင်း ပုံစံကြည့်ရတာ အသက်လည်း သိပ်မကြီးသေးပါဘူး...။ မင်းက တကယ်တော့ ဘယ်သူလဲ၊ ပြီးတော့ ဝမ်မိသားစုကို ဘာကြောင့် ကူညီတာလဲ...။"
ဝမ်ချန်ကျဲ့၏ တုန်လှုပ်ဖွယ်ရာ မေးခွန်းသုံးခုကို ရင်ဆိုင်ရသောအခါ လျန်ထျန်းက အပြုံးကြီး ပြုံးလိုက်ပြီး သူ၏ နောက်ကြောင်းကို ဖွင့်ချလိုက်လေတော့သည်။
"ကျွန်တော့နာမည်က လျန်ထျန်း ပါ...။ အယ်လ်မြို့ရဲ့ စီးပွားရေးလောကမှာတော့ ကျွန်တော့ကို ‘အချမ်းသာဆုံး ကော်ပိုရေးရှင်း’ ရဲ့ ဆန်းကြယ်လှတဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး၊ ‘ကျင်းတ အိမ်ခြံမြေ’ ရဲ့ ကန့်လန့်ကာ နောက်ကွယ်က အဓိက ရှယ်ယာရှင်ကြီး၊ ပြီးတော့ စည်းစိမ်ဥစ္စာတွေကို ဖန်တီးပေးနိုင်တဲ့ ဆန်းကြယ်တဲ့ ရင်းနှီး မြှုပ်နှံသူကြီး စသဖြင့် ခေါ်ဝေါ်ကြပါတယ်...။"
ထိုစကားကို ကြားလိုက်ရသောအခါ လူအနည်းငယ်မှလွဲ၍ ဝမ်မိသားစုဝင် အားလုံးမှာ အံ့အားသင့်လွန်းသဖြင့် မေးရိုးအစုံမှာ အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားရလေတော့သည်။
ဝမ်ချန်ကျဲ့၏ မေးစေ့မှာ တုန်ရီနေပြီး အသံမှာလည်း အလွန်အမင်း တုန်လှုပ်လျက် ရှိနေတော့သည်။
"ဘာ...၊ မင်းက လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အယ်လ်မြို့ရဲ့ စီးပွားရေးလောကထဲကို ရုတ်တရက် ကောင်းကင်က ပြုတ်ကျလာသလို ပေါ်ထွက်လာတဲ့ ဆန်းကြယ်တဲ့ ရင်းနှီးမြှုပ်နှံသူကြီးလား...။"
"မင်းက အခု အယ်လ်မြို့ရဲ့ အချမ်းသာဆုံး ကုမ္ပဏီအချို့မှာ ရှယ်ယာတွေ ပိုင်ထားတာပေါ့...။ ငါ ကြားဖူးတာ ကတော့ မြို့ရဲ့ အချမ်းသာဆုံးသူဌေးကြီး မစ္စတာဝမ်တောင်မှ မင်းအပေါ်မှာ အလွန် ရိုသေလေးစားမှု ရှိတယ် တဲ့...။ ငါကတော့ ဒီလူက အသက်ကြီးတဲ့ လူအိုကြီးတစ်ယောက်ပဲ ဖြစ်လိမ့်မယ်လို့ အမြဲ ထင်နေခဲ့တာ...။"
ဝမ်ချန်ကျဲ့၏ အံ့အားသင့်ပြီး မယုံကြည်နိုင် ဖြစ်နေသော စကားများကို ကြားသောအခါ ဝမ်ချန်ကျွင်းက ပြုံး၍ ဝင်ပြောလိုက်လေသည်။
"သူ့ရဲ့ အဆင့်အတန်းကိုတော့ ငါ သက်သေပြနိုင်ပါတယ်...။ ငါ ဒေဝါလီခံရလုနီးပါး အခြေအနေကနေ ပြန်လည် နာလန်ထူလာနိုင်တာဟာလည်း သူ့ကြောင့်ပဲလေ...။"
"သူက နောက်ပိုင်းမှာလည်း ငါ့အပေါ် ပိုက်ဆံတွေ အများကြီး ရင်းနှီးမြှုပ်နှံပေးခဲ့ပြီး လူအများကြီးနဲ့လည်း မိတ်ဆက်ပေးခဲ့လို့သာ မဟုတ်ရင် ငါလည်း ဒီနေ့လို အခြေအနေမျိုးကို ဘယ်လိုမှ ရောက်လာနိုင်မှာ မဟုတ် ဘူး...။"
ဝမ်ချန်ကျွင်း၏ သက်သေထွက်ဆိုချက်ကြောင့် ဝမ်မိသားစုဝင်များသည် မိမိတို့ရှေ့မှ လူငယ်လေးမှာ လက်ရှိ အယ်လ်မြို့၏ စီးပွားရေးလောကတွင် အချက်အချာကျသော ဩဇာအာဏာရှိသည့် ဆန်းကြယ်သော ရင်းနှီး မြှုပ်နှံသူကြီး ဖြစ်ကြောင်းကို မယုံကြည်ဘဲ မနေနိုင်တော့ပေ။
လျန်ထျန်း၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးသည့်တိုင် ဝမ်ချန်ကျဲ့မှာမူ တုန်လှုပ်နေဆဲပင် ဖြစ်သည်။
"တကယ်ကို မယုံနိုင်စရာပဲ...။ ငါ့မျက်စိနဲ့သာ ကိုယ်တိုင်မမြင်ခဲ့ရင် အဲ့ဒီ ဆန်းကြယ်တဲ့ ရင်းနှီးမြှုပ်နှံသူကြီးက ဒီလောက်အထိ ငယ်ရွယ်လိမ့်မယ်လို့ ဘယ်လိုမှ ယုံကြည်မိမှာ မဟုတ်ဘူး...။"
"ဒါပေမဲ့...၊ အစ်ကိုကြီး...။ အစ်ကိုကြီးက ဒီလိုလူမျိုးနဲ့ ဘယ်လိုလုပ်ပြီး သိကျွမ်းခဲ့တာလဲ...။ စီးပွားရေးလောက မှာတော့ အကြောင်းပြချက်မရှိဘဲ ကောင်းကျိုးပေးတယ်ဆိုတာမျိုး ဘယ်တော့မှ မရှိနိုင်ဘူး မဟုတ်လား...။"
သူသည် မိမိ၏ ဒုတိယဦးလေးထံမှ လှည့်စားခြင်း ခံခဲ့ရသည်ကို သိရှိပြီးကတည်းက ဝမ်ချန်ကျဲ့သည် အလွန် အမင်း သံသယကြီးသူတစ်ဦး ဖြစ်လာခဲ့ပြီး တစ်စုံတစ်ယောက်က မိမိအား ထပ်မံ ကြံစည်မည်ကို အမြဲတစေ စိုးရိမ်ပူပန်နေခြင်း ဖြစ်ပေသည်။
ဝမ်ချန်ကျွင်းက ပြုံး၍ လျန်ထျန်း၏ ပခုံးကို ပုတ်ကာ ဆိုလိုက်လေ၏။
"စိတ်မပူပါနဲ့ ညီလေး...၊ ဒီကောင်လေးက ငါတို့ရဲ့ ရှောင်ရို့နဲ့ တွဲနေကြတာလေ...။ သူတို့က အထက်တန်းကျောင်း တုန်းက အတန်းဖော်တွေဖြစ်လို့ အချင်းချင်း အသေအချာ သိကျွမ်းကြပါတယ်...။"
ထိုစကားကို ကြားမှသာ ဝမ်မိသားစုဝင် အားလုံးမှာ ရုတ်တရက် သဘောပေါက်သွားသည့် မျက်နှာပေးမျိုး ဖြစ်သွားကြတော့သည်။
လူကြီးမိဘ အချို့မှာ အကြောင်းစုံကို သိရှိသွားပြီးနောက် ဝမ်ချန်ကျွင်းအပေါ် ထားရှိသော ၎င်းတို့၏ အကြည့် များမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။
ယခင်ကဆိုပါက ဝမ်မိသားစု၏ လူကြီးများသည် ဝမ်ချန်ကျွင်း၏ မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့် ဝမ်မိသားစု ဆုတ်ယုတ်ပျက်စီးခဲ့ရသည်ဟု ဆိုကာ သူ့ကို အမြဲတစေ ကျိန်ဆဲ ကဲ့ရဲ့လေ့ ရှိကြသည်။
ယခုမူ ၎င်းတို့၏ မျက်နှာများထက်တွင် အပြုံးပန်းများ ပွင့်လန်းလာကြပြီး ဝမ်ချန်ကျွင်းအပေါ် ချီးမွမ်းခန်း ဖွင့်ကြလေတော့သည်။
"ချန်ကျွင်းက ငယ်ငယ်တည်းက ဉာဏ်ကောင်းတာ...။ ငါ အဲ့ဒီတုန်းကတည်းက ပြောခဲ့ပါတယ်...၊ သူ ကြီးလာရင် အောင်မြင်မယ့်သူ ဖြစ်ရမယ်လို့...။"
"မှန်တယ်...၊ မှန်တယ်...။ ငါတို့က သူ့မိသားစုကို မျိုးနွယ်စုထဲကနေ နှင်ထုတ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့တာဟာ တကယ်တော့ သူ့ကို လောကဓံဒဏ် ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးခဲ့ခြင်း သက်သက်ပဲလေ...။"
"အာ...၊ ဟုတ်တာပေါ့...၊ ဟုတ်တာပေါ့...။ ရွှေငါးကြင်းဆိုတာ သာမန်ငါး မဟုတ်ဘူး...၊ လေနဲ့တိမ်ကို တွေ့ဆုံတဲ့အခါ နဂါးအဖြစ် ပြောင်းလဲသွားတတ်တာမျိုးပဲ... ငါတို့ရဲ့ ပင်ပန်းကြီးစွာ အားထုတ်ခဲ့မှုတွေက အလကား မဖြစ်ခဲ့ပါဘူး...။"
"အဖေကတော်တော့ သမီးလည်း တော်တာပေါ့...။ ချန်ကျွင်းရဲ့ သမီးလေး ရှောင်ရို့ဆိုရင်လည်း ငယ်ငယ်တည်း က သဘာဝအတိုင်း လှပတင့်တယ်ခဲ့တာ...။ အခုတော့ ဒီလောက်အထိ စွမ်းဆောင်ရည်ရှိပြီး ချမ်းသာတဲ့ ခင်ပွန်းကောင်းကို ရှာဖွေနိုင်ခဲ့ပြီပဲ...။ သူမက တကယ်ကို ထူးချွန်လှပါတယ်...။"
ဤမြင်ကွင်းများမှာ စကားပုံတစ်ခုကို အသက်သွင်းပြနေသကဲ့သို့ပင် ဖြစ်သည်။
မင်း ကံဇာတာ နိမ့်ပါးနေချိန်တွင် လောက၌ လူမျိုးစုံ၏ နှိမ်ချမှုများနှင့် ကောက်ကျစ်သော အကြံအစည်မျိုးစုံကို ရင်ဆိုင်ရလိမ့်မည်...။
မင်း တစ်နေ့ အောင်မြင်ကျော်ကြားလာသည့် အခါတွင်မူ ဘေးနားရှိ လူတိုင်းသည် ကြင်နာတတ်သော လူကောင်းများ ဖြစ်လာကြပြီး လူတိုင်း၏ မျက်နှာထက်တွင် နွေးထွေးသော အပြုံးများဖြင့်သာ ပြည့်နှက်နေ လိမ့်မည်...။
မိသားစုအချင်းချင်း ကြားတွင်ပင် ဤစည်းကမ်းက အကျုံးဝင်နေပေရာ...၊ ပွဲတော်ရက်များရှိ အရက်ခွက်များကို ကြည့်လျှင်ပင် ချမ်းသာသူများကိုသာ ဦးဦးဖျားဖျား ကမ်းလှမ်းကြသည် မဟုတ်ပါလား။
လျန်ထျန်းနှင့် ပတ်သက်မှုကြောင့် ဝမ်ချန်ကျွင်းသည် ဝမ်မိသားစု၏ အားကျအတုယူစရာ ပုဂ္ဂိုလ်ကြီး ချက်ချင်း ဖြစ်လာခဲ့သည်။
သို့သော်လည်း ၎င်းတို့၏ ‘ရုပ်ဆိုးလှသော’ မျက်နှာဖုံးများကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသော ဝမ်ချန်ကျွင်းသည် ဤကဲ့သို့သော အပေါ်ယံ အလှအပများနောက်သို့ ဘယ်ကဲ့သို့ မျောပါသွားပါအံ့နည်း...။ သူသည် အပြင်ပန်းတွင် ပြုံး၍ တုံ့ပြန်နေသော်လည်း တကယ်တမ်း၌မူ သူ၏ စကားလုံးတိုင်းမှာ ဝတ္တရားအရသာ ဖြေဆိုနေခြင်း ဖြစ်ပေ သည်။
သို့သော်လည်း သူ၏ ညီအရင်းဖြစ်သော ဝမ်ချန်ကျဲ့အပေါ်တွင်မူ သဘောထား ကွဲပြားပါသည်။ ယခင်က သူ၏ အပေါ် အမှန်တကယ် မုန်းတီးခဲ့ဖူးပြီး လူကြီးများ၏ လှည့်ဖြားမှုကြောင့် မကောင်းမှုအချို့ ပြုလုပ်ခဲ့မိ သော် လည်း...၊ နားလည်မှုလွဲခြင်းများ ပြေပျောက်သွားပြီးနောက်တွင်မူ သူတို့နှစ်ဦးမှာ ညီအစ်ကို အရင်းအချာများ ဖြစ်ကြဆဲပင် ဖြစ်ပြီး အချင်းချင်း ပိုမို တန်ဖိုးထားလာနိုင်ကာ ပိုမို နားလည်ပေးနိုင်ခဲ့ကြသည်။
အတိုချုပ်ဆိုရသော် ဝမ်ချန်ကျွင်းသည် မိသားစု၊ အထူးသဖြင့် ညီငယ်ဖြစ်သူ၏ ခွင့်လွှတ်မှုကို ရရှိခဲ့သဖြင့် အလွန်အမင်း ကျေနပ် အားရနေခဲ့ပြီ ဖြစ်သည်။
ထိုစဉ် ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ငါ အဆိုပြုချင်တာကတော့...၊ ချန်ကျွင်းကို မိသားစုရဲ့ အကြီးအကဲအဖြစ် ပြန်လည် ခန့်အပ်ဖို့ပါပဲ...။ အခုဆိုရင် သူက ဒီလောက်အထိ ထူးချွန်တဲ့ သမက်ကောင်းကို ရထားပြီဆိုတော့ ငါတို့ ဝမ်မိသားစုကို အရင်ကလိုမျိုး ပြန် လည် ထွန်းတောက်လာအောင် သေချာပေါက် ဦးဆောင်နိုင်ပါလိမ့်မယ်...။"
ထိုစကား ထွက်ပေါ်လာသည်နှင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
ထိုစကားလုံးများကိုသာ ကြားရရုံဖြင့်ဆိုပါက မည်သည့် ပြဿနာမျှ ရှိနေမည် မဟုတ်ပေ။
သို့သော်လည်း ထိုစကားကို ပြောလိုက်သည့်သူအား မြင်လိုက်ရသောအခါ ဝမ်မိသားစုဝင် အားလုံး၏ မျက်နှာ ပေးမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။
အထူးသဖြင့် လက်ရှိ အကြီးအကဲဖြစ်သော ဝမ်ချန်ကျဲ့မှာ ဤစကားကြောင့် မကျေမနပ် ဖြစ်ခြင်း သို့မဟုတ် အကြီးအကဲ ရာထူးကို ဆုံးရှုံးရမည်ကို စိုးရိမ်ခြင်း မဟုတ်ပေ။
ဤစကားကို ပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ မိသားစုအပေါ် သစ္စာဖောက်ခဲ့သည်ကို ယခုတင်တင်ကမှ သိရှိ ထားရသည့် ‘စတုတ္ထဦးလေး’ ပင် ဖြစ်နေသောကြောင့် ဖြစ်သည်။
လက်ရှိ စတုတ္ထဦးလေး၏ ပုံစံကို ကြည့်ရသည်မှာ မိသားစုအပေါ် သစ္စာဖောက်ခဲ့သည့် အပြစ်သားတစ်ယောက် နှင့် လုံးဝ မတူနေပေ။
ပုံမှန်လူဆိုပါက မိမိတို့၏ ရှက်ဖွယ်ရာ လုပ်ရပ်များ အများရှေ့ ဖွင့်ချခံရပြီးနောက်တွင် အလွန်အမင်း အပြစ်ရှိ သကဲ့သို့ ခံစားရမည် မဟုတ်ပါလား...။
သူသည် ယခုအချိန်အထိ မည်ကဲ့သို့သော မျက်နှာပြောင်မျိုးဖြင့် အကြံပြုချက်များကို အော်ဟစ်ရဲနေရသနည်း... ထိုတင်မကသေးဘဲ သူ၏ မျက်နှာထက်တွင် ဆန်းကြယ်သော အပြုံးတစ်ခုကိုပင် ဆင်မြန်းထားသေးသည်။
သို့သော်လည်း အသေအချာ ပြန်လည် စဉ်းစားကြည့်ပါက သူ၏ လုပ်ရပ်မှာ ရှင်းလင်းလှပေသည်...။ သူသည် မိမိကိုယ်တိုင် ကြီးလေးသောအမှားကို ပြုလုပ်မိမှန်း သိသဖြင့် ပြန်လည် ကုစားရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။
သို့သော် ဤကဲ့သို့သော အချိန်တွင် ဘယ်အရာကို ‘ကောင်းမှုကုသိုလ် ပြုခြင်း’ ဟု သတ်မှတ်နိုင်မည်နည်း...။
ဝမ်ချန်ကျွင်း ပြန်လည်ရောက်ရှိလာခြင်းသည် ဝမ်မိသားစု၏ လက်ရှိ အခြေအနေကို သေချာပေါက် သက်ရောက် မှု ရှိစေလိမ့်မည်။
ပုံမှန် အတွေးအခေါ်အရဆိုပါက ‘အုပ်စုများ’ ကို အလျင်အမြန် ခွဲခြားနိုင်ပေသည်။
တစ်ဖက်တွင် ‘လက်ရှိ အကြီးအကဲ ဝမ်ချန်ကျဲ့ အုပ်စု’ ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ‘ယခင် အကြီးအကဲ ဝမ်ချန်ကျွင်း အုပ်စု’ ဖြစ်သည်။
ဝမ်ချန်ကျွင်း၏ ယခုတစ်ကြိမ် ဝင်ရောက်စွက်ဖက်မှုနှင့် မိသားစုကို ဒုက္ခတွင်းမှ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ သည့် အခြေအနေကို ကြည့်ခြင်းအားဖြင့် သူ အနိုင်ရရှိရန် အခွင့်အလမ်းမှာ အလွန် မြင့်မားနေပေသည်။
စတုတ္ထဦးလေးသည် ဤအချိန်တွင် ငုံ့မခံဘဲ ထွက်လာကာ ဝမ်ချန်ကျွင်းအား အကြီးအကဲ ရာထူး ပြန်လည်ပေး အပ်ရန် ပထမဆုံး ထောက်ခံသူ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဝမ်ချန်ကျွင်းသာ အကြီးအကဲ ပြန်ဖြစ်လာပါက သူသည် ‘ကောင်းမှုပြုခဲ့သူ’ ဟု သတ်မှတ်ခံရမည် မဟုတ်ပါလား...။
သီအိုရီအရဆိုပါက ဤအကွက်မှာ အမှန်ပင် အလုပ်ဖြစ်နိုင်ပေသည်...၊ အဘယ်ကြောင့်ဆိုသော် သူ သစ္စာဖောက် ခဲ့စဉ်က ဝမ်ချန်ကျဲ့မှာ အကြီးအကဲ ဖြစ်နေသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ဒုတိယဦးလေးအနေဖြင့် သူသည် အမြဲတမ်း အကြီးအကဲ ဝမ်ချန်ကျွင်းကိုသာ အသိအမှတ်ပြုပြီး ဝမ်ချန်ကျဲ့ကို အသိအမှတ်မပြုသောကြောင့်သာ ဤကဲ့သို့ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်ဟု ဆင်ခြေပေးနိုင်ပေသည်။
နောက်ဆုံးတွင်မူ သူ၏ လုပ်ရပ်အားလုံးမှာ ‘လူက ချောင်ချောင်၏ စခန်းတွင် ရှိနေသော်လည်း စိတ်က ဟန်မင်း ဆက်ထံတွင်သာ ရှိနေသကဲ့သို့’ ဝမ်ချန်ကျွင်းကို အကြီးအကဲ ပြန်ဖြစ်စေရန်အတွက်သာ ရည်ရွယ်၍ သစ္စာစောင့် သိခဲ့ခြင်း ဖြစ်သည်ဟု ပုံဖော်သွားနိုင်ပေသည်။
ဒုတိယဦးလေးဟူသော ထိုလောင်းကစားသမားသည် ပုံမှန်မဟုတ်သော လမ်းကြောင်းများကို လျှောက်လှမ်းရ သည်ကို အမှန်ပင် နှစ်သက်လှပေသည်။ သူသည် လောင်းကစားတွင် နိုင်ပြီးနောက် ပြန်လည် ထွန်းတောက်လာ မည့် မိမိ၏ လှပသော အနာဂတ်ကိုပင် စိတ်ကူးယဉ်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူသည် လောင်းကစားသမားအများစုမှာ ဆယ်ကြိမ်တွင် ကိုးကြိမ်ခန့် ရှုံးနိမ့်တတ်သည်ဟူသော အချက်ကိုမူ အမြဲတစေ မေ့လျော့နေခဲ့သည်။ လောင်းကစားသမားတိုင်းသည် နိုင်သည့်အခါ ရရှိမည့် ပျော်ရွှင်မှု ကိုသာ တွေးတောတတ်ကြပြီး ရှုံးသည့်အခါ ခံစားရမည့် နာကျင်မှုကိုမူ ထည့်သွင်းမစဉ်းစားကြပေ။
သို့မဟုတ်ပါက လောင်းကစားသမားများသည် ဘာကြောင့် အကြိမ်ကြိမ် ထပ်ခါတလဲလဲ လောင်းကစား နေကြဦးမည်နည်း...။ ၎င်းတို့ လောင်းကြေးထပ်လိုက်သည့် ခဏ၌မူ နိုင်မည့်အချက်ကိုသာ စိတ်ထဲတွင် တွေးတောနေကြပြီး ရှုံးနိမ့်နိုင်ခြေ ရှိသည်ကိုမူ လုံးဝ လျစ်လျူရှုထားကြခြင်း ဖြစ်ပေသည်။
စတုတ္ထဦးလေး၏ နှုတ်ခမ်းထောင့်များတွင် လှပသော စိတ်ကူးယဉ်မှုကြောင့် အပြုံးစလေး တစ်ခု ပေါ်ထွက် လာစပြုစဉ်မှာပင်...၊
ဝမ်ချန်ကျွင်း၏ အေးစက်လှသော စကားသံကို ကြားလိုက်ရလေတော့သည်။
"စတုတ္ထဦးလေး...၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ့ကို မျိုးနွယ်စုထဲကနေ နှင်ထုတ်ဖို့ ပထမဆုံး အဆိုပြုခဲ့တာ လည်း ဦးလေးပဲ မဟုတ်လား...။"
ထိုစကားကို ကြားသောအခါ ဒုတိယဦးလေး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားပြီး နဖူးမှ ချွေးစေးများ တဖြဖြဖြ ကျဆင်းလာတော့သည်။ သူသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဖြစ်ရပ်ကို အမှန်ပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဝမ်ချန်ကျွင်း၏ သတိပေးချက်ကြောင့် အတိတ်မှ အမှတ်ရစရာများမှာ ရုတ်တရက် အလုံးအရင်းနှင့် ပေါ်ပေါက်လာခဲ့သဖြင့် သူသည် စကားများကို ထစ်ထစ်အအဖြင့် ဆိုရှာတော့သည်။
"အဲ့ဒါ...၊ အဲ့ဒါကတော့...။ အော်...၊ တခြားဦးလေးတွေလည်း ခုနကပဲ ပြောသွားကြတယ် မဟုတ်လား...။ အဲ့ဒါတွေအားလုံးက မင်းကို လေ့ကျင့်ပေးဖို့အတွက်ပါ...။"
ဝမ်ချန်ကျွင်းက အေးစက်စွာ ရယ်မောလိုက်ပြီး၊
"ငါ့ကို စမ်းသပ်တာ ဟုတ်လား...၊ ငါ့ရဲ့ စတုတ္ထဦးလေးကတော့ ငါ့အပေါ် တကယ်ကို စေတနာ အရင်းခံပြီး အားထုတ်ခဲ့တာပဲ...။"
"ဒီလိုဆိုမှတော့ ငါလည်း ဒီနေ့ ကျေးဇူးတုံ့ပြန်ရတာပေါ့...။ စတုတ္ထဦးလေး...၊ ဦးလေးလည်း မျိုးနွယ်စုထဲကနေ ထွက်ခွာပြီး လောကကြီးရဲ့ လောကဓံဒဏ်တွေကို အဝကြီး သွားရောက် လေ့ကျင့်လိုက်ပါဦး...။"
ဝမ်ချန်ကျွင်း၏ စကားကို ကြားသောအခါ ဘေးနားရှိ ဝမ်ချန်ကျဲ့သည်လည်း အားရပါးရ ရယ်မောလိုက်လေ တော့သည်။
"အစ်ကိုကြီး ပြောတာ မှန်တယ်...။ ငါတို့ရဲ့ စတုတ္ထဦးလေးကတော့ အပြင်ထွက်ပြီး အတွေ့အကြုံ သွားရှာဖို့ တကယ် လိုအပ်နေတာ...။ ကဲ...၊ လူအချို့ သွားခေါ်ပြီး သူ့ကို လိုက်ပို့ပေးလိုက်ကြစမ်း...။"
စတုတ္ထဦးလေးမှာမူ မိမိ၏ ကျောက်တုံးဖြင့် မိမိခြေထောက်ကို ပြန်ထုမိခြင်းပင် ဖြစ်တော့သည်။ ညီအစ်ကို နှစ်ဦး၏ ညီညွတ်လှသော အမိန့်သံကို ကြားလိုက်ရသောအခါ သူ၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားရှာသည်။
"မဟုတ်ဘူး...၊ မဟုတ်ဘူး...။ မင်းတို့ ငါ့အပေါ် ဒီလိုမလုပ်ရက်ပါဘူး...။ ငါက မင်းတို့ရဲ့ ဦးလေးအရင်းကြီးပါ...။"
သူ မည်မျှပင် အော်အော်ဟစ် နေပါစေဦးတော့...။ ဝမ်မိသားစုဝင် တစ်ဦးတစ်ယောက်မျှပင် သူ့အတွက် ရှေ့နေ လိုက်၍ စကားပြောပေးမည့်သူ မရှိခဲ့ပေ။ ထိုမျှမက လူအချို့မှာ ရှေ့သို့ တိုးလာကြပြီး သူ့အား ဆွဲကိုင်ကာ တံခါးအပြင်ဘက်သို့ အလျင်အမြန်ပင် ဆွဲထုတ်သွားကြလေတော့သတည်း...။