← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း (၂၁၉) ဝမ်ရှောင်ရို့အတွက် တည်ခင်းသော ကြိုဆိုပွဲဂုဏ်ပြုညစာစားပွဲ

ဦးလေးဝမ် ကြုံတွေ့လိုက်ရသည့် အဖြစ်အပျက်ကို မြင်တွေ့သွားကြသဖြင့် ဝမ်မိသားစုမှ အခြားသော အကြီး အကဲများမှာလည်း တစ်ပြိုင်နက်တည်း နှုတ်ဆိတ်သွားကြပြီး မည်သူမျှ တစ်ခွန်းတစ်ပါဒမျှပင် ထပ်မံ၍ မဟရဲကြတော့ချေ။

ထိုအခါ ဝမ်ချန်ကျဲ့က မျိုးနွယ်စုခေါင်းဆောင်ရာထူးကို သူ၏အစ်ကိုကြီးထံသို့ လွှဲပြောင်းပေးအပ်ရန် အဆိုပြု ခဲ့ရာ ဝမ်ချန်ကျွန်းကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်လေသည်။

သို့ရာတွင် ထိုအချိန်၌ပင် သူသည် ဘိုးဘေးတို့၏ ထုံးတမ်းအစဉ်အလာကို ဆန့်ကျင်သော ဆုံးဖြတ်ချက်တစ်ခု ကိုလည်း ချမှတ်ခဲ့လေ၏။ ဤသည်မှာ သူ၏ညီဖြစ်သူအား မျိုးနွယ်စုခေါင်းဆောင်အဖြစ် ဆက်လက်သတ်မှတ် ထားရန်ဖြစ်ပြီး မိသားစုတွင် မျိုးနွယ်စုခေါင်းဆောင် နှစ်ဦး ရှိနေစေရန်ပင် ဖြစ်တော့သည်။

ဝမ်မိသားစုအား အထွတ်အထိပ်သို့ ပို့ဆောင်ရန်မှာ ညီအစ်ကိုနှစ်ဦးစလုံး၏ တူညီသော မျှော်လင့်ချက်ဖြစ်သဖြင့် ယခုအချိန်မှစ၍ ၎င်းတို့နှစ်ဦး လက်တွဲလုပ်ဆောင်ကြရပေလိမ့်မည်။

လျန်ထျန်းသည် ဝမ်မိသားစု၏ ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်ခဲ့သဖြင့် စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်မိလေသည်။

ဆက်လက်၍ သူသည် ဝမ်ရှောင်ရို့အတွက် အခြားသော အံ့ဩစရာလက်ဆောင်ငယ်လေးများကို ပြင်ဆင် ပြီးနောက် မိမိချစ်ရသူ ပြန်လည်ရောက်ရှိလာမည့်နေ့ကိုသာ စောင့်မျှော်နေတော့သည်။

သို့သော် ဝမ်ရှောင်ရို့ ပြန်လာရန် ရက်အနည်းငယ် လိုပေသေးသည်။

ဤကာလအတွင်း လျန်ထျန်းသည် အပျင်းမကြီးဘဲ အချိန်ရတိုင်း အမှာစာများကို လက်ခံကာ အစားအသောက် များကို လိုက်လံပို့ဆောင်နေဆဲပင် ဖြစ်သည်။

အမှန်စင်စစ် သူသည် ထိုအစားအသောက်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုလုံးကို အမြန်ဆုံး ဝယ်ယူနိုင်ရန် မျှော်လင့် နေခြင်းဖြစ်ရာ ယခုအချိန်တွင် ပိုမိုကြိုးစားအားထုတ်မှသာ ထိုနေ့ရက်သည် အနည်းငယ် စောစီးစွာ ရောက်ရှိ လာနိုင်ပေလိမ့်မည်။

အစားအသောက်ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်ကာ လျှပ်စစ်စကူတာကို စီးနင်းနေသော လျန်ထျန်းသည် အယ်လ်မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အဓိကအသိုက်အဝန်းအတွင်းရှိ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ချမ်းသာကြွယ်ဝလှသော ရင်းနှီးမြှုပ်နှံသူကြီး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ရိပ်မိနိုင်မည်မဟုတ်ပေ။

ယခုအခါ အယ်လ်မြို့၌ စီးပွားရေးလုပ်ကိုင်သူတိုင်းသည် အယ်လ်မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အဓိကအသိုက်အဝန်းထဲသို့ ဝင်ရောက်နိုင်ရန် အလုအယက် ကြိုးပမ်းနေကြသည်။

သို့သော် ဤကဲ့သို့သောအရာမှာ လူများစွာအတွက် လက်လှမ်းမီနိုင်ရန် ခက်ခဲလှပေသည်။

အယ်လ်မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အဓိကအသိုက်အဝန်းသို့ ဝင်ရောက်နိုင်သော ကုမ္ပဏီတိုင်းသည် ယွမ်ထောင်ပေါင်းများစွာထက်မကသော ပိုင်ဆိုင်မှုများ ရှိကြသည်ကို သိရှိထားရန် လိုအပ်ပေသည်။

ထို့ပြင် ထိုကုမ္ပဏီများ၏ (၈၀%) ကျော်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ရင်းနှီးမြှုပ်နှံသူကြီး၏ ‘လျန်ထျန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း’ မှ အစုရှယ်ယာများ ပိုင်ဆိုင်ထားကြ သည်။

လျန်ထျန်းသည် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အယ်လ်မြို့ရှိ အင်အားအကောင်းဆုံး စီးပွားရေးလုပ်ငန်းရှင် ကြီးများကို တစ်စုတစ်စည်းတည်း ဖြစ်စေခဲ့သည်ဟု ဆိုရပေမည်။

၎င်းတို့ ဖြန့်ကျက်ထားသော ဆက်ဆံရေးကွန်ရက်သည် အယ်လ်မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အဓိကအသိုက်အဝန်းအတွင်းရှိ ထိပ်တန်းလျှို့ဝှက်လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။

ဤကဲ့သို့သော သတင်းအချက်အလက်များကို အတူတကွ မျှဝေနိုင်သောအခါ ထွက်ပေါ်လာသည့် စွမ်းအင်မှာ စိတ်ကူးထက်ပင် များစွာကျော်လွန်လှပေသည်။

ထို့ကြောင့်လည်း လျန်ထျန်းသည် ဤလမ်းကြောင်းမှတစ်ဆင့် ဝမ်မိသားစုကို မည်သူက ဒုက္ခပေးလိုကြောင်းနှင့် မည်သည့်နည်းလမ်းများကို အသုံးပြုမည်ကို စုံစမ်းသိရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစီးပွားရေးလုပ်ငန်းများအတွက်မူ အသိုက်အဝန်းအတွင်းရှိ အဓိကသတင်းအချက်အလက်များကို မျှဝေခြင်းက ၎င်းတို့၏ စီးပွားရေးကို ပိုမိုလွယ်ကူစေပြီး ပိုမိုမြန်ဆန်စွာ တိုးတက်စေခဲ့သည်။

ထို့ကြောင့်ပင် လူတိုင်းက ဝင်ရောက်ရန် အလုအယက် ကြိုးပမ်းနေကြခြင်း ဖြစ်၏။ စီးပွားရေးလုပ်ကိုင်ခြင်း ဟူသည် အနှစ်သာရအားဖြင့် သတင်းအချက်အလက် သိရှိမှု ကွာဟချက်ပေါ်တွင်သာ တည်မှီနေပေသည်။

မည်သူက နောက်ဆုံးပေါ် သတင်းအချက်အလက်ကို ရရှိသနည်း၊ ထိုသူကသာ ရှေ့သို့ ရောက်ရှိပြီး အကျိုး အမြတ်များကို ပိုမိုရရှိနိုင်မည် ဖြစ်သည်။

သို့သော် ယခင်က ဆိုခဲ့သည့်အတိုင်း ဤလုပ်ငန်းသည် ဂုဏ်သရေရှိလှသည်ကို သိရှိသော်လည်း ဝင်ရောက်ရန် မလွယ်ကူလှချေ။ လူအများစုမှာမူ အပြင်ဘက်မှသာ ငေးမောကြည့်ရှုနိုင်ကြပေသည်။

တစ်နေ့တွင် အစားအသောက် ပို့ဆောင်နေစဉ် လျန်ထျန်းသည် ဝမ်ရှောင်ရို့နှင့် ဝမ်ချန်ကျွန်းတို့ထံမှ သတင်း စကားများကို လက်ခံရရှိခဲ့လေသည်။

ဝမ်ရှောင်ရို့ကမူ သူမ မကြာမီ ပြန်လည်ရောက်ရှိတော့မည်ဖြစ်ကြောင်း လျန်ထျန်းအား ပြောကြားလာခြင်း ဖြစ်သည်။

ဝမ်ချန်ကျွန်းကမူ သူ၏သမီးဖြစ်သူ ပြန်လည်ရောက်ရှိလာသည်ကို သိရှိရသောအခါ ကြိုဆိုပွဲဂုဏ်ပြုညစာစားပွဲ ကို ကျင်းပရန် ပြင်ဆင်ပြီး လျန်ထျန်းအား တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှောင်ရို့သည် ပညာသင်ကြားပြီးစီး၍ နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာခါစဖြစ်ပြီး ဝမ်ချန်ကျွန်းမှာလည်း ဝမ်မိသားစုအတွင်းသို့ ပြန်လည်လက်ခံခြင်း ခံထားရသဖြင့် သူမအနေဖြင့် မိသားစု၏ အကျိုးစီးပွားကိုသာ ဦးစားပေးရမည်ကို လျန်ထျန်း နားလည်နိုင်ပေသည်။

ထို့ကြောင့် လျန်ထျန်းအနေဖြင့် ဧည့်သည်တော်တစ်ဦးအဖြစ်သာ တက်ရောက်နိုင်ပေလိမ့်မည်။

အမှန်စင်စစ် သူသည် ဝမ်ရှောင်ရို့နှင့် စေ့စပ်ထားခြင်းမျိုးလည်း မရှိသေးသဖြင့် လေဆိပ်သို့ အတူတကွ သွား ရောက်ကြိုဆိုရန် မသင့်တော်ပေ။ မဟုတ်ပါက ထုံးတမ်းအစဉ်အလာကို ချိုးဖောက်ရာ ရောက်ပေလိမ့်မည်။ မိသားစုကြီးများတွင် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များစွာ ရှိတတ်သည် မဟုတ်ပါလား။

ထိုအချိန်တွင် ဝမ်မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သော အခြားသော မင်းစိုးရာဇာ မိသားစုအချို့ကလည်း လူလွှတ်၍ တက်ရောက်ကြမည်ဖြစ်ရာ ဤပွဲသည် အလွန်ခမ်းနားကြီးကျယ်ပေလိမ့်မည်။

အမှန်အတိုင်း ပြောရလျှင် လျန်ထျန်းသည် ဤကဲ့သို့သော အခမ်းအနားမျိုးသို့ တက်ရောက်ရန် မနှစ်သက်ပေ။

သူသည် ဝမ်မိသားစုအား မိမိ၏ ဂုဏ်ပုဒ်ကို လျှို့ဝှက်ထားလိုကြောင်း ပြောကြားခဲ့ပြီး ဝမ်မိသားစုဝင် အားလုံး ကိုလည်း မိမိ၏ ဂုဏ်ပုဒ် မည်သူ့ကိုမျှ မပြောရန် မှာကြားထားခဲ့သည်။

ဝမ်မိသားစုကလည်း သဘောတူညီခဲ့သော်လည်း ဤကဲ့သို့သော ဂုဏ်ပြုညစာစားပွဲသို့ ဖိတ်ကြားလာရာ လူ အများအပြား ရှိနေသည့်နေရာ၌ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပေးသောအခါ သူ မည်သို့ ပြောရမည်နည်း။

ထိုမြင်ကွင်းကို တွေးမိရုံမျှဖြင့်ပင် ခေါင်းကိုက်ရပေသည်။ လျန်ထျန်းသည် ဖိတ်ကြားချက်ကို ငြင်းပယ်ရန်ပင် စဉ်းစားခဲ့မိသည်။

သို့သော် မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဝမ်ရှောင်ရို့အတွက် ကျင်းပသော ကြိုဆိုပွဲဖြစ်ရာ သူ မသွားပါက ရှောင်ရို့ စိတ်ပျက်သွားပေလိမ့်မည်။

အဖန်ဖန် တွေးတောပြီးနောက် နောက်ဆုံးတွင် လျန်ထျန်းသည် အကြံတစ်ခု ရရှိသွားခဲ့သည်။

"ရပြီ...၊ ငါ အစားအသောက်ပို့ဆောင်သူ ဝတ်စုံကိုပဲ ဝတ်သွားမယ်။ ဒါဆိုရင် ငါ့ကိုမသိတဲ့လူတွေက ငါ့ကို အစားအသောက်လာပို့တာလို့ပဲ ထင်ကြမှာဆိုတော့ ငါ့ကို အာရုံစိုက်နေကြမှာ မဟုတ်ဘူး...။"

"ဝမ်မိသားစုကိုလည်း ငါ ကြိုတင်စီစဉ်ထားပြီးသားပဲ။ ပြီးတော့ ရှောင်ရို့နဲ့ မနက်ဦးဆုံး ဆုံတွေ့တုန်းကလည်း ငါ အစားအသောက်ပို့တဲ့ ဝတ်စုံကိုပဲ ဝတ်ထားတာဆိုတော့ ဒါက အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုပဲ...။"

"ကောင်းတယ်...၊ ကောင်းတယ်...။ ဒီလိုပဲ လုပ်တာပေါ့။ ငါက ဒီလိုအကြံကို တွေးမိတာ တကယ်ကို ပါရမီရှင်ပဲ ဟားဟားဟား...။"

နောက်တစ်နေ့တွင် ဝမ်ရှောင်ရို့ စီးနင်းလာသော လေယာဉ် ဆိုက်ရောက်လာခဲ့ပြီး ဝမ်မိသားစုဝင် အားလုံးက သွားရောက်ကြိုဆိုခဲ့ကြသည်။

ဝမ်ရှောင်ရို့သည် သူမ၏ဖခင်အား မိသားစုက ခွင့်လွှတ်ပေးခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင် ရာထူးကိုပင် ပြန်လည် ရရှိခဲ့ကြောင်း သိရှိရသောအခါ အလွန်ဝမ်းမြောက်သွားခဲ့ရသည်။

(လျန်ထျန်းနှင့် ဝမ်ချန်ကျွန်းတို့သည် ကြိုတင်စီစဉ်ထားပြီး ဖြစ်သော်လည်း ဝမ်ရှောင်ရို့အား ပြန်လည်ရောက် ရှိလာမည့်အချိန်၌ ပထမဦးဆုံး အံ့ဩစရာလက်ဆောင်အဖြစ် ပေးလိုသဖြင့် မပြောပြရသေးခြင်း ဖြစ်သည်။)

ကားပေါ်တွင် ဝမ်ချန်ကျွန်းက သမီးဖြစ်သူအား လျန်ထျန်းက ၎င်းတို့အား မည်မျှအထိ နှလုံးသားနှစ်၍ ကူညီပေး ခဲ့ပုံ အပါအဝင် အကြောင်းစုံကို ပြောပြခဲ့လေသည်။

ထိုစကားကို ကြားရပြီးနောက် ဝမ်ရှောင်ရို့သည် အလွန်ပင် စိတ်လှုပ်ရှားသွားရကာ မျက်ရည်များ ဝဲလာတော့ သည်။ သူမသည် လျန်ထျန်းအား အမြန်ဆုံး တွေ့ဆုံချင်လှပြီ ဖြစ်သည်။

ဝမ်ချန်ကျွန်းက ပြုံး၍ သမီးဖြစ်သူအား ဆိုလိုက်သည်။

"လောစရာ မလိုပါဘူး...။ အဲ့ဒီကလေးကို ဒီည ကြိုဆိုပွဲညစာစားပွဲကို ဖိတ်ထားတယ်၊ သူ သေချာပေါက် ရောက် လာလိမ့်မယ်။ ပြီးတော့ သမီးအတွက် အံ့ဩစရာအချို့ကိုလည်း ပြင်ဆင်ထားတယ်လို့ ပြောတယ်...။"

မကြာမီပင် ဝမ်မိသားစု၏ ဘိုးဘေးပိုင် အိမ်တော်ဟောင်း၌ ဂုဏ်ပြုညစာစားပွဲ စတင်ခဲ့လေသည်။

အံ့ဩစရာကောင်းသည်မှာ ဝမ်မိသားစုကဲ့သို့သော ရှေးရိုးစွဲမိသားစုကြီးက ဤတစ်ကြိမ်တွင် ညစာစားပွဲကို အနောက်တိုင်းပုံစံဖြင့် ကျင်းပခြင်းပင် ဖြစ်သည်။

ရှေးဟောင်း ဝင်းခြံကြီးအတွင်း၌ စားပွဲနှင့် ကုလားထိုင်အချို့၊ မလှမ်းမကမ်းတွင် ကိုယ်တိုင်ယူစနစ်ဖြင့် တည်ခင်း ထားသော စားသောက်ဖွယ်ရာများနှင့် စကားစမြည် ပြောဆိုရန် ကျယ်ဝန်းသော နေရာတစ်ခု ရှိနေသည်။

ဤကဲ့သို့ ပုံစံထုတ်ထားခြင်းမှာ ညစာစားပွဲသို့ တက်ရောက်လာသူ အရေအတွက်မှာ မူလလျာထားသည်ထက် များစွာကျော်လွန်နေသောကြောင့် ဖြစ်သည်။

ဝမ်ချန်ကျွန်းသည် ဝမ်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ပြန်လည်ရရှိခဲ့သည်ဟူသော သတင်းသည် အယ်လ်မြို့ စီးပွားရေးလောကတွင် ချက်ချင်းပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့သည်။

အမှန်စင်စစ် လူတိုင်းက ဝမ်ချန်ကျွန်း၏ နောက်ကွယ်တွင် အချမ်းသာဆုံးကော်ပိုရေးရှင်း၏ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး၊ ကျင်းတ အိမ်ခြံမြေလုပ်ငန်း၏ အကြီးဆုံး အစုရှယ်ယာရှင်နှင့် အယ်လ်မြို့ စီးပွားရေး လောကတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသော ‘လျှို့ဝှက်ဆန်းကြယ်သော ရင်းနှီးမြှုပ်နှံသူကြီး’ ရှိနေသည်ကို သိရှိကြသောကြောင့် ဖြစ်သည်။

သူမ၏ အမည်အောက်ရှိ ဝမ်ကျားကုမ္ပဏီသည် အယ်လ်မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အဓိကအဖွဲ့ဝင် ဖြစ်နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ရာ လက်ရှိတွင် ၎င်း၏ ဈေးကွက်တန်ဖိုးမှာ ယွမ်ထောင်ပေါင်းများစွာအထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသည် ဝမ်မိသားစုကို ပြန်လည်ထိန်းချုပ်နိုင်ပါက ဝမ်ကျားအုပ်စုသည် အယ်လ်မြို့ စီးပွားရေး လုပ်ငန်းရှင်များအသင်း၏ အဓိကအသိုက်အဝန်းထဲသို့ ဝင်ရောက်နိုင်ရန်မှာ အချိန်ပိုင်းမျှသာ လိုတော့ပေသည်။

ဤသို့ဆိုလျှင် ဝမ်မိသားစုအား ဖားလိုကြသူ မည်မျှအထိ နည်းပါးမည်နည်း။

ဤသည်မှာ ‘ဆင်းရဲစဉ်အခါက စည်ကားသော မြို့လယ်ခေါင်၌ ရှိနေပါသော်လည်း မည်သူမျှ ဂရုမစိုက်ကြဘဲ၊ ချမ်းသာလာသောအခါ၌မူ နက်ရှိုင်းသော တောင်တန်းကြီးထဲတွင် ရှိနေပါစေဦးတော့ ဝေးကွာသော ဆွေမျိုးများ ပင် လာရောက်ရှာဖွေကြသည်’ ဟူသောအချက်ကို ပြသနေခြင်းပင် ဖြစ်သည်။

ဝမ်မိသားစု ဆုတ်ယုတ်ပျက်စီးနေစဉ်အခါကမူ ၎င်းတို့နှင့် အနီးကပ်ဆုံး မိသားစုဝင်များနှင့် စီးပွားရေးမိတ်ဖက် များပင် ဝေးကွာသွားခဲ့ကြသည်။

သို့သော် ယခုအခါ ဝမ်မိသားစု ပြန်လည်ဦးမော့လာတော့မည်ကို သိရှိသွားကြသောအခါ ပုံမှန်အားဖြင့် အဆက် အသွယ်မရှိသော သူများပင် ၎င်းတို့နှင့် နီးစပ်ရန် ကြိုးပမ်းလာကြတော့သည်။

မူလက မိသားစု သုံးစု သို့မဟုတ် ငါးစုကိုသာ ဖိတ်ကြားခဲ့သော်လည်း အခြားသော မိသားစု တစ်ဆယ်ကျော်က ၎င်းတို့ထံ ဆက်သွယ်လာပြီး ညစာစားပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလာကြသည်။

ဝမ်မိသားစုက ငြင်းပယ်လိုသည့် အရိပ်အယောင် အနည်းငယ်မျှ ပြလိုက်သည်နှင့် ၎င်းတို့သည် သူ၏ အမိဘက်မှ ဦးလေး၏ ဒုတိယမြောက် ဒေါ်လေး၏ တတိယမြောက် တူသည် ဝမ်မိသားစုမှ တစ်စုံတစ်ဦး၏ ဝမ်းကွဲ၊ ယောက်ဖ သို့မဟုတ် အတန်းဖော် ဖြစ်ကြောင်း စသည်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆက်စပ်မှုများကို ရှာဖွေကြ တော့သည်။

လူအများအပြား ရုတ်တရက် ရောက်ရှိလာပြီး အတင်းအကျပ် တက်ရောက်လိုကြသဖြင့် ဝမ်မိသားစုအနေဖြင့် လည်း တိုက်ရိုက်မငြင်းပယ်နိုင်သောကြောင့် ညစာစားပွဲ၏ ပုံစံကို ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။

ထိုင်ရန် နေရာမရှိပါက လူတိုင်း မတ်တတ်ရပ်နိုင်ကြပေသည်။ မည်သူမျှ ဂရုစိုက်နေကြမည်မဟုတ်ပေ။ လူတိုင်း မည်သည့်အတွက်ကြောင့် လာရောက်ကြသည်ကို သိရှိကြသည် မဟုတ်ပါလား။ စားပွဲနှင့် ကုလားထိုင်များ ရှိနေ ပါစေဦးတော့ မည်သူက အမှန်တကယ် ငြိမ်သက်စွာ ထိုင်နေနိုင်မည်နည်း။

ဤသည်မှာ အဆုံးမရှိသော ပွဲတော်များနှင့် ဂုဏ်ပြုသောက်ကြရင်း နေရာအနှံ့အပြားတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ရှာဖွေနေကြခြင်း မဟုတ်ပါလား။

အတိုချုပ်ဆိုရလျှင် ညစာစားပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုစည်ကားနေပြီး ဝမ်ရှောင်ရို့သည် ပွဲ၏ အဓိက ဇာတ်ဆောင်အဖြစ် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။

ဝမ်မိသားစုဝင်များမှလွဲ၍ အခြားသော မိသားစုဝင်များသည် ဝမ်ရှောင်ရို့အား ဝမ်ချန်ကျွန်း၏ သမီးဖြစ်ကြောင်း သာ သိရှိကြသည်။

၎င်းတို့အားလုံးက ဝမ်ချန်ကျွန်းသာလျှင် ‘လျှို့ဝှက်ဆန်းကြယ်သော ရင်းနှီးမြှုပ်နှံသူကြီး’ နှင့် ဆက်စပ်နေသူဟု ထင်မှတ်ထားကြသဖြင့် ဝမ်ရှောင်ရို့သည် ‘သူမ၏ဖခင်ကြောင့် ဂုဏ်ဒြပ် မြင့်မားလာခြင်း’ ဟုသာ ယူဆကြသည်။

အမှန်စင်စစ် ဝမ်ချန်ကျွန်းသည် သမီးဖြစ်သူ၏ ဆက်စပ်မှုကြောင့်သာ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည် ကို ၎င်းတို့ မသိရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှောင်ရို့သည် ‘လျှို့ဝှက်ဆန်းကြယ်သော ရင်းနှီးမြှုပ်နှံ သူကြီး’ နှင့် ဆက်ဆံရေးရှိပြီး လျန်ထျန်းနှင့် ချစ်ကြိုက်နေသောကြောင့် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ထိုလူများထဲမှ မည်သူမျှ အမှန်တရားကို မသိရှိကြဘဲ ဝမ်မိသားစုဝင်များသည်လည်း လျန်ထျန်း၏ ဂုဏ်ပုဒ်ကို လျှို့ဝှက်ထားရန် ကတိပြုထားကြသဖြင့် မည်သူမျှ မပေါက်ကြားစေဘဲ နှုတ်ဆိတ် နေခဲ့ကြလေသည်။

ထို့ကြောင့်ပင် ညစာစားပွဲသို့ တက်ရောက်လာသူ အများအပြားသည် မိမိတို့မိသားစုမှ အိမ်ထောင်မရှိသေးသော လူငယ်များကို ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

ဤလူများ မည်သည့်အရာကို ရည်ရွယ်သည်မှာ ထင်ရှားလှသဖြင့် ထပ်မံရှင်းပြနေစရာ မလိုတော့ပေ မဟုတ်ပါ လား။

အထူးသဖြင့် ဝမ်ရှောင်ရို့သည် အလွန်လှပတင့်တယ်ပြီး ကျော့ရှင်းလှသည်ကို မြင်တွေ့ရသောအခါ ၎င်းတို့၏ မျက်လုံးများမှာ ဆာလောင်နေသော ဝံပုလွေများကဲ့သို့ တောက်ပလာကြတော့သည်။

လူအုပ်ကြီးထဲတွင် အစားအသောက်ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်ထားသော လျန်ထျန်းသည် ဝမ်ရှောင်ရို့ထံသို့ ဦးတည်နေသော မကောင်းသော အကြည့်များကို သတိပြုမိလိုက်ပြီး မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက် မိလေသည်။

သို့သော် သူ၏ တုံ့ပြန်မှုကို အခြားသူများ သတိမပြုမိကြပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အကြံအစည်က အလွန်ပင် အောင်မြင်နေသောကြောင့် ဖြစ်သည်။ အစားအသောက်ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် မည်သူမျှ သူ့အား အာရုံစိုက်ခြင်း မရှိကြချေ။

၎င်းတို့ အမှတ်မထင် တွေ့မြင်သွားပါကပင် ဘေးနားရှိလူအား တိုးတိုးတိတ်တိတ် ပြောဆိုကြလိမ့်မည်။

"ဒီလိုနေရာမျိုးကို အစားအသောက်ပို့တဲ့လူက ဘာလို့ ဝင်လာတာလဲ...။"

"ဂရုစိုက်မနေပါနဲ့။ ငါထင်တာတော့ ဝမ်မိသားစုက အစားအစာတွေ အလုံအလောက် ပြင်မထားလို့ အပြင်ကနေ မှာလိုက်တာ ထင်တယ်။ ကြည့်စမ်း...၊ လူတွေ အများကြီး ရောက်လာတာဆိုတော့ အစားအစာတွေ ကုန်ခါနီး နေပြီ...။"

"ဟေ့... မင်းတို့နှစ်ယောက် ဘယ်အရာကို အာရုံစိုက်နေကြတာလဲ။ ဒီနေ့ ဒီကိုလာရတဲ့ အဓိကအချက်က အစား အစာ လုံလောက်မှု ရှိမရှိ ဆိုတာလား...။"

"သတိထားပြီး အာရုံစိုက်ထားကြစမ်း၊ မဟုတ်ရင် တခြားလူက ဝမ်မိသားစုရဲ့ သမီးကြီးကို အရင် လက်ဦးသွား လိမ့်မယ်...။"

"ဟုတ်သားပဲ...၊ ဟုတ်သားပဲ... ဝမ်မိသားစုရဲ့ သမီးကြီးက ဒီလောက်အထိ လှလိမ့်မယ်လို့ မထင်ထားဘူး။ ငါကတော့ သူမက ဒိုင်နိုဆော (ရုပ်ဆိုးသူ) ဖြစ်နေမှာကို စိုးရိမ်နေတာ...။"

"ဟဲဟဲ...၊ တကယ်လို့ ဒိုင်နိုဆော အစစ် ဖြစ်နေရင်တောင် ဝမ်မိသားစုရဲ့ လက်ရှိ ဂုဏ်ဒြပ်နဲ့ အာဏာအရဆိုရင် မရေတွက်နိုင်တဲ့ လူတွေက လက်ထပ်ချင်ကြမှာပဲ။ ဒါတောင် ၎င်းတို့က မင်းကို မျက်စိထဲ ထည့်ချင်မှ ထည့် မှာ...။"

"ဟေ့...၊ ဘာတွေ ပြောနေတာလဲ။ ငါက အယ်လ်မြို့က မိန်းကလေး မရေတွက်နိုင်အောင် အိပ်မက်မက်ရတဲ့ ကော်သခင်လေး (ကော်ဒုတိယသခင်လေး) ပဲဥစ္စာ။ ငါ သူမကို ဘယ်လို သိမ်းပိုက်မလဲဆိုတာပဲ စောင့်ကြည့် လိုက်...။"

မကြာမီပင် ဤ ‘မိန်းကလေး မရေတွက်နိုင်အောင် အိပ်မက်မက်ရသူ’ ကော်သခင်လေးသည် အလားတူ အသက် အရွယ်ရှိသော အခြားသော လူငယ်အချို့နှင့်အတူ ဝမ်ရှောင်ရို့ရှိရာ ဘက်သို့ ဦးတည်သွားခဲ့ကြလေသည်။

ထိုအချိန်တွင် မင်းစိုးရာဇာ မိသားစုအသီးသီးမှ လူငယ်အုပ်စုကြီးတစ်ခုသည် ဝမ်ရှောင်ရို့၏ ဘေးနားတွင် ဝန်းရံထားကြပြီး လူတိုင်းက သူမအား ဖားရန် ကြိုးပမ်းနေကြသည်။

သို့ရာတွင် ဝမ်ရှောင်ရို့၏ ၎င်းတို့အပေါ် ထားရှိသော သဘောထားမှာ အလားတူပင် အေးစက်လှသဖြင့် မိနစ် အနည်းငယ်အတွင်း၌ပင် လူများစွာမှာ ခေါင်းငိုက်စိုက်ကျကာ ရှုံးနိမ့်သွားခဲ့ကြရသည်။

သို့သော်လည်း ဝမ်ရှောင်ရို့၏ ဘေးနားတွင် ကော်စေးကဲ့သို့ ကပ်တွယ်နေကြသော ဇွဲကောင်းသူ အချို့ ရှိနေ ဆဲဖြစ်ပြီး ၎င်းတို့ထဲတွင် ဤကော်သခင်လေးလည်း ပါဝင်ပေသည်။

ဝမ်ရှောင်ရို့သည် ထိုလူများ၏ နှောင့်ယှက်ခြင်းကို ခံနေရသည်ကို မြင်သောအခါ လျန်ထျန်းသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ လျင်မြန်စွာ ရှေ့သို့ လှမ်းလာခဲ့လိုက်သည်။

သို့သော်လည်း လမ်းတစ်ဝက်တွင် သူသည် အပြင်ဘက်ဆုံးရှိ လူတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရပြီး ထိုသူက သူ့အား သံသယမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"အစားအသောက်ပို့တဲ့ကောင်...၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ပစ္စည်းပို့ပြီးရင် ချက်ချင်း ထွက်သွားစမ်း။ မင်း ဝမ်မိန်းကလေးအပေါ် မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာလား...။"

All Chapters