← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း (၂၂၀)

ငွေတစ်ယွမ်ဖြင့် ငါ့ချစ်သူထံမှ ထွက်ခွာလော့

လျန်ထျန်းသည် မူလကပင် စိတ်မကြည်မလင် ဖြစ်နေရသည့်အပြင် ယခုကဲ့သို့ လမ်းပိတ်တားဆီးခြင်း ခံရသဖြင့် စိတ်အာရုံ ပိုမိုရှုပ်ထွေးသွားကာ လေးနက်သော လေသံဖြင့် ဆိုလိုက်လေသည်။

"ငါက ဝမ်မိသားစုနဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်တယ်။ ဒီနေ့ ဒီနေရာကို လာရတာလည်း သူမနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံ ရလို့ပဲ...။ ငါ့အနေနဲ့ သူမဆီ သွားပြီး စကားအနည်းငယ် ပြောချင်ရုံသက်သက်ပါ၊ မင်းနဲ့ ဘာဆိုင်လို့လဲ...။"

ထိုစကားကို ကြားသောအခါ အဆိုပါလူသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ရုတ်တရက် ဟားတိုက်ရယ်မော လိုက်တော့သည်။

"ဒီနေရာကို လာတဲ့သူတိုင်းက ဝမ်မိသားစုနဲ့ ပတ်သက်မှုရှိတယ်လို့ အပြောကြီးတတ်ကြတာပဲ...။ ဒါပေမဲ့ အနည်း ဆုံးတော့ သူတို့အားလုံးက အယ်လ်မြို့ရဲ့ စီးပွားရေးလောကမှာ ဩဇာအာဏာကြီးမားတဲ့ မျိုးနွယ်စုကြီးတွေက ဆင်းသက်လာတဲ့ သခင်လေးတွေ ဖြစ်ကြတယ်...။"

"မင်းလို အစားအသောက်ပို့ဆောင်တဲ့ ကောင်ကများ အရှက်မရှိ ဝမ်မိသားစုက ဖိတ်ကြားပါတယ်လို့ ပြောရုံတင် မက ဝမ်မိသားစုရဲ့ သမီးကြီးနဲ့ သိကျွမ်းပါတယ်လို့ လာပြီး ကြွားဝါနေသေးတယ်...။ ငါ့ကို လာနောက်နေတာ လား...။"

၎င်းတို့၏ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုသည် အနီးနားရှိ လူအများ၏ အာရုံစိုက်မှုကို လျင်မြန်စွာ ဆွဲဆောင်မိသွား ခဲ့လေသည်။

ထိုစဉ် လျန်ထျန်းကို မြင်လိုက်ရသောအခါ ဝမ်ရှောင်ရို့၏ အေးစက်လှသော မျက်နှာပြင်ထက်တွင် နွေးထွေးလှပ သော အပြုံးပန်းများ ချက်ချင်းပင် ပွင့်လန်းသွားတော့သည်။

"ဒါထျန်..၊ နင့်ကို ရှာနေလိုက်ရတာ ကြာပြီ...။ နင်က ဒီမှာ ရောက်နေတာကိုး...။ ဒီနေရာမှာ လူတွေ အရမ်းများ လွန်းတယ်...၊ လာပါ... ငါတို့ တခြားနေရာကို သွားကြရအောင်...။"

ဝမ်ရှောင်ရို့၏ စကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံး ဆွံ့အမှင်တက်သွားကြရလေသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစု၏ သမီးကြီးသည် အဆိုပါ အစားအသောက်ပို့ဆောင်သူအပေါ် ဆက်ဆံ သည့် ပုံစံမှာ ၎င်းတို့အား ဆက်ဆံသည်နှင့် လုံးဝဥဿုံ ကွာခြားနေသည်ကို အထင်အရှား မြင်တွေ့လိုက်ရသော ကြောင့် ဖြစ်ချေသည်။

လျန်ထျန်းကို ဆီးတားခဲ့သော လူမှာမူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး အထစ်ထစ် နှင့် မေးရှာလေသည်။

"မင်းတို့က တကယ်ပဲ သိကြတာလား...။ ပြီးတော့ မင်းတို့ အခေါ်အဝေါ်ကို ကြည့်ရတာ...၊ မင်းတို့ရဲ့ ဆက်ဆံရေး က အတော်လေး ထူးခြားနေသလိုပဲ...။"

လျန်ထျန်းက ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့်၊

"ဒါပေါ့...၊ ငါတို့က အထက်တန်းကျောင်းတုန်းကတည်းက သိခဲ့ကြတာလေ...။"

ပြောပြောဆိုဆိုဖြင့် လျန်ထျန်းသည် မှင်တက်နေသော ထိုလူကို လက်ဖြင့် ဘေးသို့ တွန်းဖယ်လိုက်ပြီး ဝမ်ရှောင်ရို့ထံသို့ လျှောက်လှမ်းရင်း ဆက်၍ ပြောလိုက်လေသည်။

"ရှောင်ရို့...၊ ဒီနေရာက ဆူညံလွန်းတယ်...။ သူတို့တွေက နင့်ကို တကယ် ကြိုဆိုဖို့ လာကြတာ မဟုတ်ပါဘူး...၊ သွားကြရအောင်...။"

ဤစကားများသည် မောက်မာလှသော မျိုးနွယ်စုကြီးများမှ ရောက်ရှိလာကြသည့် သခင်လေးများ၏ နားထဲတွင် မူ အလွန်ပင် ရိုင်းစိုင်းစော်ကားသကဲ့သို့ ခံစားလိုက်ရလေသည်။

'မိန်းကလေး အပေါင်း၏ အိမ်မက်နတ်သား' ဟု ကျော်ကြားသော ကော်သခင်လေးသည် ဒေါသအိုး ဖြစ်သည့် အလျောက် ဦးစွာ ရှေ့သို့ ပြေးထွက်ကာ လျန်ထျန်း၏ လမ်းကို ပိတ်ဆို့လျက် လှောင်ပြောင် သရော်သည့် လေသံ ဖြင့် ပြောလိုက်လေသည်။

"အထက်တန်းကျောင်းက အတန်းဖော် ဖြစ်တာနဲ့ပဲ ဘာအရေးပါသွားမှာလဲ...။ မင်းရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရုံနဲ့တင် နံစော်နေတဲ့ အစားအသောက်ပို့ဆောင်သူ အောက်ခြေလူတန်းစားဆိုတာ သိသာနေတာပဲ...။"

"ဝမ်မိသားစုက ကာလတစ်ခုအထိ ဆုတ်ယုတ်ခဲ့ဖူးတာ မှန်ပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွား ပြီ...။ သူတို့က မင်းလို ကောင်နဲ့ တစ်တန်းတည်း မဟုတ်တော့ဘူး ဆိုတာ နားလည်စမ်းပါ...။"

"အခု ဝမ်ရှောင်ရို့က ဝမ်မိသားစုရဲ့ ဂုဏ်သရေရှိ သမီးကြီးအဖြစ် အဆင့်အတန်း ပြန်ရနေပြီ ဖြစ်တာကြောင့် မင်း ကများ ဘယ်လိုသတ္တိနဲ့ သူမကို ရှောင်ရို့လို့ ခေါ်ဝံ့ရတာလဲ...။ မင်းကိုယ့်အဆင့်အတန်း သိရင် အဝေးကို လွင့်စင် သွားလိုက်တော့...။"

ထိုစကား ထွက်လာသည်နှင့် အခြားသော လူငယ်သခင်လေးများကလည်း ချက်ချင်းပင် ဝိုင်းဝန်း ထောက်ခံကြ တော့သည်။

"ဟုတ်ပဗျာ...၊ ဒီအစားအသောက်ပို့ဆောင်တဲ့ ကောင်ကများ စိတ်ကူးယဉ် အိပ်မက်တွေ ယိမ်းနွဲ့နေသေး တယ်...။"

"သူမက ဝမ်မိသားစု သမီးကြီးရဲ့ အထက်တန်းကျောင်းက အတန်းဖော် ဖြစ်ခဲ့ဖူးရုံနဲ့ တော်စပ်ခွင့် ရမယ်လို့ ထင်နေတာလား...၊ တကယ်ပဲ ရယ်စရာကောင်းလိုက်တာ...။"

"မစ်(စ်)ဝမ်က သူ့အပေါ် စိတ်ဝင်စားဦးတော့...၊ သူတို့ရဲ့ လူမှုအဆင့်အတန်းက ကောင်းကင်နဲ့ မြေကြီးလို ကွာခြား လွန်းတယ်...။ တကယ်ပဲ ကိုယ့်ခြေဦးကိုယ် မသိတဲ့သူပါပဲ...။"

အတိုချုပ်ဆိုရသော် ထိုမျိုးနွယ်စုကြီးများမှ သခင်လေးများအားလုံးသည် လျန်ထျန်းကို အထင်အမြင်သေးစွာဖြင့် ဝိုင်းဝန်းလှောင်ပြောင် ကဲ့ရဲ့ကြလေသည်။

၎င်းတို့၏ အမြင်တွင် ဝမ်မိသားစု ဆုတ်ယုတ်ပျက်စီးစဉ်ကာလက ဝမ်ချန်ကျွင်း၏ မိသားစုသည် မျိုးနွယ်စုမှ မောင်းထုတ်ခြင်း ခံခဲ့ရပြီး ထိုအချိန်အတွင်း ဝမ်ရှောင်ရို့သည် 'အောက်ခြေလူတန်းစား' ဘဝဖြင့် ရှင်သန်ခဲ့ရ လေသည်။

ထို့ကြောင့် ထိုကဲ့သို့သော 'အောက်ခြေလူတန်းစားများ' နှင့် သိကျွမ်းခဲ့ရခြင်းမှာ မလွှဲမရှောင်သာသော အချက် ဖြစ်သော်လည်း ယခုအခါ ဝမ်ချန်ကျွင်းသည် ဝမ်မိသားစုသို့ ပြန်လည်ရောက်ရှိကာ မျိုးနွယ်စုအကြီးအကဲ ရာထူးကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။

ထိုအကျိုးဆက်ကြောင့် ဝမ်ရှောင်ရို့သည်လည်း ဝမ်မိသားစု၏ သမီးကြီး အဆင့်အတန်းသို့ ပြန်လည် ရောက်ရှိ သွားပြီဖြစ်ရာ သူမ ယခင်က သိကျွမ်းခဲ့ဖူးသော 'အောက်ခြေလူတန်းစားများ' နှင့် သဘာဝအတိုင်း 'စည်းခြား' သွားရပေလိမ့်မည်။

၎င်းတို့သည် အထက်တန်းစား မျိုးနွယ်စုမှ သခင်လေးများ ဖြစ်ကြသဖြင့် မိသားစုချင်း အကျိုးစီးပွားချင်း လက်ထပ်ထိမ်းမြားခြင်းကို အထူးပင် အလေးထားကြပေသည်။

ယခုအခါ ဝမ်မိသားစုသည် တစ်ဖန်ပြန်၍ အရှိန်အဝါ တောက်ပလာပြီ ဖြစ်ရာ ၎င်းတို့အားလုံးသည် မျိုးနွယ်စု အတွင်း မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်အတွက် ဝမ်ရှောင်ရို့၏ စိတ်နှလုံးကို အရယူရန် သဘာဝ အတိုင်း အလိုရှိနေကြခြင်း ဖြစ်သည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ ၎င်းတို့သည် အစားအသောက် ပို့ဆောင်သူတစ်ဦးထက်စာလျှင် ပို၍ အရည် အချင်း ပြည့်မီသည်ဟု မိမိကိုယ်မိမိ ယုံကြည်နေကြခြင်း ဖြစ်သည်။

ငယ်စဉ်ကတည်းက သားနားလှသော မိသားစု အသိုက်အဝန်းကြောင့် ၎င်းတို့တွင် သူတစ်ပါးထက် သာလွန်သည် ဟူသော ဘဝင်စိတ်များ ကိန်းအောင်းနေခဲ့သည်။

ပုံမှန်အားဖြင့် ၎င်းတို့ မျက်စိကျမိသော အရာမှန်သမျှသည် အမျိုးသမီးဖြစ်စေ၊ အခြားအရာဖြစ်စေ မိမိတို့၏ အဆင့်အတန်းနှင့် ကြွယ်ဝမှုကို ထုတ်ပြလိုက်သည်နှင့် အလွယ်တကူပင် အရယူနိုင်စမြဲ ဖြစ်သည်။

အခြေခံအားဖြင့် ၎င်းတို့ မရနိုင်သော အရာဟူ၍ မရှိသကဲ့သို့ ၎င်းတို့ ဖျက်ဆီး၍မရသော ပတ်သက်မှုဟူ၍လည်း မရှိပေ။

အမျိုးသမီးများစွာသည်ပင် မိမိတို့၏ ဆင်းရဲသော ချစ်သူများကို စွန့်ခွာကာ ၎င်းတို့နှင့် အတူရှိနေခွင့် ရရန် အတွက် ပြန်လည် အဖိုးအခ ပေးဆပ်ကြသည်အထိ ဖြစ်သည်။

နှစ်ပေါင်းများစွာ ထောင့်စေ့အောင်မြင်ခဲ့သော ဘဝအတွေ့အကြုံကြောင့် ရရှိလာသည့် ဤယုံကြည်ချက်သည် ယခုအချိန်တွင်လည်း ထပ်တူထပ်မျှ အကျုံးဝင်သည်ဟု ၎င်းတို့ ထင်မှတ်နေကြသည်။

ထိုအစားအသောက် ပို့ဆောင်သူနှင့် မစ်(စ်)ဝမ်တို့ ယခင်က မည်မျှပင် ရင်းနှီးခဲ့ပါစေ...၊ ယခုမူ ၎င်းတို့၏ အဆင့်အတန်းချင်း ကွာခြားသွားပြီ ဖြစ်ရာ နှစ်ဦးသား၏ အနာဂတ်မှာ အတူဆုံနိုင်တော့မည် မဟုတ်ပေ။

၎င်းတို့ စိတ်အလိုရှိသည့် အခါမျိုးတွင် 'အောက်ခြေလူတန်းစား' ထဲမှ အမျိုးသမီးအချို့ကို ရှာဖွေကာ အပျော် သဘောဖြင့် အချိန်ဖြုန်းလေ့ ရှိကြသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ၎င်းတို့ ပျော်ပါးနိုင်သော်လည်း စစ်မှန်သော သံယောဇဉ်ကိုမူ ဘယ်တော့မှ မမွေးမြူကြပေ... အဘယ် ကြောင့်ဆိုသော် ၎င်းတို့၏ မျက်မှောက်တွင် အိမ်ထောင်ပြုခြင်း ဆိုသည်မှာ အကျိုးစီးပွားအတွက် အသုံးချရမည့် စစ်တုရင်ရုပ်တစ်ခုမျှသာ ဖြစ်သောကြောင့်တည်း။

မိမိတို့လက်ထဲတွင် အရင်းအမြစ်များစွာ ရှိနေပါက အမျိုးသမီး မရှိမှာကို အဘယ်ကြောင့် ပူပန်နေစရာ လိုအံ့နည်း။

ထို့အပြင် ၎င်းတို့၏ မျက်လုံးထဲတွင် အမျိုးသမီးဟူသည် ကစားစရာ သက်သက်မျှသာဖြစ်ပြီး ကစားစရာဆီမှ အလိုရှိသည်မှာ အသစ်အဆန်း ဖြစ်တည်မှုထက် မပိုပေ။

လျန်ထျန်းသည် ၎င်းတို့၏ စကားလုံးများကို ကြားရုံမျှဖြင့် မည်ကဲ့သို့သော လူစားများဖြစ်သည်ကို ကောင်းစွာ သိရှိနိုင်လေသည်။

လျန်ထျန်းသည် ထိုကဲ့သို့သော လူစားများကို အာရုံနောက်မခံလိုတော့ပေ...။ သူ၏ လက်ထဲတွင် ဝမ်ရှောင်ရို့ အတွက် ပြင်ဆင်ထားသော အံ့အားသင့်ဖွယ် အစီအစဉ်တစ်ခု ရှိနေသေးသည်။

ထို့ကြောင့် လျန်ထျန်းသည် ရှေ့တွင် ရှိနေသော ကော်သခင်လေးကို လျစ်လျူရှုကာ ဘေးမှ ရှောင်ကွင်း လျှောက် လှမ်းသွားပြီးနောက် ၎င်း၏ ကျောနောက်တွင် တစ်လက်တည်းဖြင့် သယ်ဆောင်လာသော ပို့ဆောင်ရေးသေတ္တာ ကို ဝမ်ရှောင်ရို့၏ ရှေ့မှောက်၌ ဖွင့်လှစ်ပြလိုက်လေသည်။

"ရှောင်ရို့...၊ ပြန်လာတာကို ကြိုဆိုပါတယ်...။ နင် နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...။"

ပို့ဆောင်ရေးသေတ္တာကို ဖွင့်လှစ်လိုက်သည့် မုဆုတ်တွင် မွှေးပျံ့လှသော ရနံ့များ လေထုထဲသို့ ပျံ့လွင့်သွားတော့ သည်...။ လျန်ထျန်း ပြင်ဆင်လာသည်မှာ လတ်ဆတ်လှပသော ပန်းမန်များဖြင့် ပြည့်နှက်နေသော သေတ္တာ တစ်လုံး ဖြစ်နေသောကြောင့်တည်း။

ပန်းမန်များကို မနှစ်သက်သော မိန်းကလေးဟူ၍ မရှိရာ ဝမ်ရှောင်ရို့သည်လည်း ကင်းလွတ်ခွင့်မရှိပေ...။ အထူးသဖြင့် မိမိမြတ်နိုးရသူထံမှ ရရှိခြင်းဖြစ်၍ သူမ၏ လှပသော မျက်ဝန်းအစုံသည် ချက်ချင်းပင် တောက်ပ သွားတော့သည်။

“အို... လှလိုက်တဲ့ ပန်းကလေးတွေပါလား...။ အရမ်းကို မွှေးတာပဲ...၊ ငါ တကယ် သဘောကျတယ်...။”

ဘေးပတ်ဝန်းကျင်ရှိ ချမ်းသာကြွယ်ဝသော မျိုးနွယ်စုမှ သခင်လေးများသည် ဤ မြင်ကွင်းကို ကြည့်ရှုရင်း ဒေါသအဟုန်များ တောက်လောင်လာကြရလေသည်။

၎င်းတို့သည် ယခင်က ဝမ်ရှောင်ရို့၏ စိတ်နှလုံးကို ရရှိရန်အတွက် တန်ဖိုးကြီးမားလှသော လက်ဆောင်ပစ္စည်း မျိုးစုံကို ပေးအပ်ခဲ့ကြသော်လည်း အားလုံး ငြင်းပယ်ခြင်း ခံခဲ့ရသည်။

၎င်းတို့ လက်ဆောင်ပေးစဉ်က ရရှိခဲ့သော တုံ့ပြန်မှုနှင့် ယခု ပန်းမန်များကို လက်ခံရရှိချိန်တွင် ဖြစ်ပေါ်နေသော အမူအရာမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလှပေသည်...။ ၎င်းတို့အနေဖြင့် မည်သည့်နေရာတွင် မှားယွင်းသွားသည်ကို ဦးနှောက်ခြောက်မတတ် စဉ်းစားသော်လည်း အဖြေရှာမရနိုင် ဖြစ်နေကြရသည်။

အချို့သော လူများသည် အခြေအနေကို နားမလည်နိုင်ကြသေးသော်လည်း ဤမြင်ကွင်းကို ကြည့်ပြီးနောက် မိမိတို့ လက်လျှော့ရမည်ကို ကောင်းစွာ သိရှိသွားကြသည်။

သို့သော် အချို့သော လူများမှာမူ ရှုံးနိမ့်မှုကို လက်မခံနိုင်ကြသေးပေ...။ 'မိန်းကလေး အပေါင်း၏ အိမ်မက် နတ်သား' ဖြစ်သော ကော်သခင်လေးသည် ဝမ်ရှောင်ရို့က ပို့ဆောင်ရေးသေတ္တာထဲမှ ပန်းများကို လှမ်းယူလိုက် သည်ကို ကြည့်ရင်း အံကြိတ်နေခဲ့လေသည်။

ဤအခိုက်အတန့်တွင် ပန်းမန်များကို ပိုက်ထွေးကာ လှပစွာ ပြုံးရယ်နေသော ဝမ်မိသားစု၏ သမီးကြီးသည် ယခင်ကထက်ပင် ပိုမို တင့်တယ်လှပကာ ဆွဲဆောင်မှု ရှိနေတော့သည်။

နောက်တစ်စက္ကန့်တွင် ကော်သခင်လေးသည် ရုတ်တရက် ရှေ့သို့ တိုးလာပြီး လျန်ထျန်းကို ဘေးသို့ ဆွဲခေါ်ကာ သူ၏ နားနားတွင် တိုးတိုးလေး ကပ်၍ ဆိုလိုက်သည်။

"ကောင်လေး...၊ အိပ်မက်မက်မနေနဲ့တော့...။ ဝမ်မိသားစုရဲ့ မစ်(စ်)ဝမ်က မင်းလို ကောင်မျိုး ထိတွေ့နိုင်တဲ့ အမျိုးသမီး မဟုတ်ဘူး...။"

"သူမက မျိုးနွယ်စုဆီ ပြန်ရောက်ခါစပဲ ရှိသေးလို့ အခြေအနေကို သဘောမပေါက်သေးတာ ဖြစ်လိမ့်မယ်...၊ ဒါကြောင့်ပဲ မင်းလို သူငယ်ချင်းအဟောင်းအပေါ် နွေးနွေးထွေးထွေး ဆက်ဆံနေတာ...။"

"ဒါပေမဲ့ သေချာ စဉ်းစားကြည့်စမ်း...။ မင်းက အစားအသောက် ပို့ဆောင်သူတစ်ယောက်မျှသာ ဖြစ်တာကြောင့် မစ်(စ်)ဝမ်နဲ့ အတူရှိဖို့ ထိုက်တန်ရဲ့လား...။ သူမက ကလေးဆန်နေဦးတော့...၊ မင်းကော ကလေးဆန်နေလို့ ဖြစ် မလား...။"

"ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်...၊ ငွေတစ်ယွမ်...။ သူမနားကနေ ထွက်သွားလိုက်တော့...။ မင်းလို အစားအသောက်ပို့တဲ့သူတစ်ယောက်အနေနဲ့ ငွေတစ်ယွမ် ရဖို့ဆိုရင် ဆယ်နှစ်ထက်မက အလုပ်လုပ်ရလိမ့် မယ်...။"

ကော်သခင်လေးသည် အတော်ပင် လိမ္မာပါးနပ်လှပေသည်...၊ ရန်သူကို နှိမ်နင်းရန်အတွက် ငွေကြေးကို အသုံးချ ရန် သူ တွေးတောလိုက်ခြင်း ဖြစ်သည်။

သူတွေးတောသည်မှာလည်း မှန်ကန်လှပေသည်...။ သာမန် အစားအသောက် ပို့ဆောင်သူတစ်ဦးအဖို့ ငွေတစ် ယွမ် ရှာဖွေရန်အတွက် အနည်းဆုံး ဆယ်စုနှစ်တစ်ခုကျော် မျှ အချိန်ပေးရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားပြီးနောက် အခုခေတ်၏ ငွေတစ် ယွမ်သည် ယခင်ခေတ်က ငွေအကြွေ သိန်းဂဏန်းနှင့် တန်ဖိုးချင်း တူညီနေသောကြောင့် ဖြစ်သည်။

သို့သော် သူ မသိရှိခဲ့သည့် အချက်မှာ လျန်ထျန်း ရရှိသော အစားအသောက်ပို့ခ ကော်မရှင်သည် ကမ္ဘာ့ငွေကြေး တန်ဖိုးကျဆင်းမှုဒဏ်ကို မခံရခြင်း ဖြစ်ရာ...။ သူသည် ဤ ငွေတစ်ယွမ်ကို လိုအပ်ပါအံ့နည်း။

ထို့ကြောင့် လျန်ထျန်းသည် ကော်သခင်လေး၏ မိုက်မဲလှသော အတွေးအမြင်ကို လှောင်ပြောင်သည့် အနေဖြင့် သဘာဝအတိုင်း ပြုံးလိုက်မိလေသည်။

သို့သော် ကော်သခင်လေးမှာမူ အထင်လွဲသွားခဲ့သည်...။ လျန်ထျန်း ပြုံးလိုက်သည်မှာ မိမိပေးအပ်မည့် ငွေတစ်ယွမ်ဟူသော ပမာဏကြီးမားလှသည့် ငွေကြေးကြောင့် ဝမ်းသာလွန်း၍ ပြုံးသည်ဟု သူ ထင်မှတ် သွားခြင်း ဖြစ်လေသည်။

ထို့နောက် သူက တိုးတိုးလေး ဆက်ပြောပြန်သည်။

"ဒါဆို သဘောတူပြီပေါ့...၊ ဒါပေမဲ့ ငွေတစ်ယွမ်ဆိုတာ တန်ဖိုး အလွန်ကြီးမားတာမို့ လွယ်လွယ်နဲ့ ရမယ်လို့တော့ မထင်နဲ့ဦး...။"

"ငါ ဘာလုပ်လုပ် မင်းဘက်က ပူးပေါင်းဆောင်ရွက်ပေးရမယ်...၊ နားလည်လား...။ မင်း ငါ့ကို ကူညီပြီး ဒီမစ်(စ်)ဝမ်ကို အရယူပေးနိုင်မှသာ အဲ့ဒီ ငွေအများကြီးကို မင်းဆီ လွှဲပေးမှာ...။"

"ဒါက မင်းအတွက် တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် ချမ်းသာနိုင်မယ့် အခွင့်အရေးပဲ...၊ လက်လွတ်မခံနဲ့...။ နောက်တစ်ကြိမ် ဒီလိုအခွင့်အရေးမျိုး ထပ်ရမှာ မဟုတ်ဘူး...၊ ကဲ... စကြရအောင်... လိမ္မာပါးနပ်စွာ နေစမ်း...။"

ကော်သခင်လေး ဆက်လက်ပြောဆိုလိုက်သော စကားများသည် လျန်ထျန်းကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွား စေခဲ့လေသည်...။

"သဘောတူပြီ" ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ သူနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် နောက်ထပ် ဘာကို လုပ်ဆောင်ဦးမည်နည်း။

မကြာမီပင် အဖြေက ပေါ်ထွက်လာခဲ့လေသည်...၊ ကော်သခင်လေးသည် လျန်ထျန်း၏ ပုခုံးကို ပုတ်လိုက် ပြီးနောက် လည်ချောင်းတစ်ချက် ရှင်းကာ ဝမ်ရှောင်ရို့အား စမတ်ကျလှသော အပြုံးဖြင့် ဆိုလိုက်လေသည်။

"ရှောင်ရို့... တကယ်တော့ ဒီအစားအသောက်ပို့ဆောင်သူကို ငါ ခေါ်လိုက်တာပါ...။ ဒီပန်းတွေက နင့်အတွက် ငါ ပြင်ဆင်ထားတဲ့ အံ့အားသင့်ဖွယ် အစီအစဉ်ပါပဲ...။"

"ဒီအစားအသောက်ပို့တဲ့သူက နင်နဲ့ သိနေရုံတင်မက နင့်ရဲ့ အတန်းဖော် သူငယ်ချင်း ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး...။"

"သူက ရှောင်ရို့ရဲ့ သူငယ်ချင်း ဖြစ်နေမှတော့ ငါ့ရဲ့ သူငယ်ချင်းလည်း ဖြစ်တာပေါ့...၊ နောက်ကျရင် သူ့အတွက် ထိုက်တန်တဲ့ ဆုလာဘ်ကို ငါ ပေးအပ်လိုက်ပါ့မယ်...။"

ကော်သခင်လေး၏ စကားကို ကြားလိုက်ရသောအခါ လျန်ထျန်း တစ်ဦးတည်း မှင်တက်သွားရုံသာမက ဘေး ပတ်ဝန်းကျင်ရှိ အခြားသော သခင်လေးများနှင့် အဖြစ်အပျက်၏ ဗဟိုချက်တွင် ရှိနေသော ဝမ်ရှောင်ရို့ပါ ဆွံ့အသွားရလေသည်။

လူအုပ်ကြီးထဲမှ အချို့သော လူများက အခြေအနေကို သဘောပေါက်သွားကြသောအခါ အံ့အားသင့်တကြီးဖြင့် ရေရွတ်ကြတော့သည်။

"ဪ... ဒါက ကော်သခင်လေးက မစ်(စ်)ဝမ်အတွက် ပြင်ဆင်ပေးထားတဲ့ အံ့အားသင့်ဖွယ် လက်ဆောင်ကိုး...၊ ငါ့မှာတော့ လန့်သွားတာပဲ...၊ မစ်(စ်)ဝမ်က အစားအသောက် ပို့တဲ့သူတစ်ယောက်ကို သဘောကျနေတာလို့ တောင် ထင်လိုက်မိသေးတယ်...။"

"ဟုတ်ပဗျာ...၊ ကော်သခင်လေးလက်ထဲမှာ ရှုံးနိမ့်ရတာကို ငါတို့ လက်ခံနိုင်ပေမဲ့...၊ အစားအသောက် ပို့တဲ့ ကောင်လက်ထဲမှာ ရှုံးနိမ့်ရမယ့် ဂုဏ်သိက္ခာကိုတော့ ငါတို့ မြိုမချနိုင်ဘူး...။"

"ကော်သခင်လေးက တကယ်ကို မဆိုးဘူးပဲ...၊ မကြာသေးမီက ကော်မိသားစုရဲ့ စွမ်းဆောင်ရည်တွေက သိသိ သာသာ တက်လာတာ...၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေက ငွေသုံးထောင်ယွမ်ကို ကျော်လွန်တော့မယ်လို့ ငါ ကြားမိ တယ်...။"

"ကော်သခင်လေးရဲ့ အစ်ကိုဖြစ်သူကလည်း ဦးနှောက် သိပ်မကောင်းတာမို့...၊ နောင်ကျရင် ကော်မိသားစုက ကော်သခင်လေးရဲ့ လက်ထဲကို ရောက်ရှိသွားမှာ သေချာတယ်...၊ တကယ်လို့ ကော်သခင်လေးက မစ်(စ်)ဝမ် ကိုပါ အရယူနိုင်ခဲ့ရင်...၊ အားပါးပါး...။ ကော်မိသားစုရဲ့ အနာဂတ်က အကန့်အသတ်မရှိ ကြီးပွားတိုးတက်တော့ မှာပဲ...။"

"ငါတို့လည်း နောက်ကျရင် ကော်သခင်လေးကို သွားပြီး ဖားကြရအောင်...၊ အခုကတည်းက ရင်းနှီးအောင် လုပ် ထားရင်...ဈ နောင်ကျရင် သူ့ရဲ့ အရှိန်အဝါကို အမှီပြုပြီး အကျိုးအမြတ်တွေ ရနိုင်တာပေါ့...။"

ခေတ္တမျှအတွင်း ကော်သခင်လေးသည် တစ်အိမ်လုံး၏ ဗဟိုချက်မ ဖြစ်သွားရပြီး ပတ်ဝန်းကျင်ရှိ လူအများ၏ အာရုံစိုက် လေးစားမှုကို ခံစားနေရတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် လျန်ထျန်းက မျက်မှောင်ကြုတ်လျက် မေးခွန်းတစ်ခု ထုတ်လိုက်လေသည်။

"မင်း ရူးနေတာလား...။ စောစောကတင် မင်း ငါ့ကို ပိတ်တားပြီး အဝေးကို လွင့်စင်သွားဆိုပြီးတော့...။ အခုကျ တော့ ပန်းလာပို့ဖို့ မင်း ခိုင်းလိုက်တာပါလို့ လာပြောနေတယ်...။"

"ကျေးဇူးပြုပြီး မဟုတ်မမှန်တာတွေကို လျှောက်ပြီး မလိမ်စမ်းပါနဲ့...၊ ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ...။"

"ငါက ငါ့ရဲ့ ကိုယ်ပိုင်ကိုယ်စားလှယ်အနေနဲ့ ရှောင်ရို့ကို ပန်းလာပေးတာ...၊ မင်းနဲ့ ဘာဆိုင်လို့လဲ...။"

ထိုစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံး တိတ်ဆိတ်သွားကြပြီး ကော်သခင်လေး၏ အပြုံးများမှာလည်း အေးခဲသွားကာ ရုပ်ပျက်ဆင်းပျက်ဖြင့် ရပ်နေမိတော့သည်။

တဖြည်းဖြည်းနှင့် ကော်သခင်လေး၏ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး လျန်ထျန်းကို ဒေါသတကြီး ကြည့်ကာ အသံကို နှိမ့်၍ ပြောလိုက်လေသည်။

"မင်း ရူးနေပြီလား...။ အစားအသောက်ပို့တဲ့ကောင်...။ မင်း အဲ့ဒီ ငွေအများကြီးကို မလိုချင်တော့ဘူးလား...။"

လျန်ထျန်းသည် ဖုံးကွယ်ထားရန် မကြိုးပမ်းသည့်အပြင် တမင်တကာပင် အသံကို ကျယ်လောင်စွာ ထုတ်၍ ပြောလိုက်လေသည်။

"ဘာ...၊ မင်းက ငါ့ကို ငွေတစ်ယွမ် ထပ်ပေးပြီး ရှောင်ရို့ဆီကနေ ထွက်ခွာသွားဖို့နဲ့ မင်းရဲ့ ပြဇာတ်မှာ ကူညီ သရုပ်ဆောင်ပေးဖို့ အကျပ်ကိုင်ချင်တာလား...။"

"မင်း ရူးနေတာလား...၊ ရှောင်ရို့က ငါ့ရဲ့ ချစ်သူဖြစ်ပြီးတော့...။ ငါက ငွေတစ်ယွမ်အတွက်နဲ့ ငါ့ချစ်သူကို စွန့်ခွာရမ လား...။"

ပြောပြောဆိုဆိုဖြင့် လျန်ထျန်းသည် ဘေးပတ်ဝန်းကျင်ရှိ လူငယ် သခင်လေးများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လူအများ၏ ရှေ့မှောက်တွင် ဝမ်ရှောင်ရို့၏ လက်ကို ဆွဲကိုင်ကာ ဆက်၍ ကြေညာလိုက်လေသည်။

"ငါ အခု အားလုံးကို အတိအလင်း ပြောပြလိုက်မယ်...၊ ငါက ဝမ်ရှောင်ရို့ရဲ့ ချစ်သူပဲ...၊ ဒါကြောင့် မင်းတို့ အားလုံး အဲ့ဒီ စိတ်ကူးယဉ် အိပ်မက်တွေကို အခုကတည်းက လက်လျှော့လိုက်ကြတော့...။"

All Chapters