အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း (၂၂၂)
ကျားသစ်နက်ကို လွှတ်လိုက်ခြင်း
ကျားသစ်နက်ဟု နာမည်ပြောင်ရထားသော ဟုန်ပေါင်...။
အယ်လ်မြို့တော်၏ တင်းခရိုင်အတွင်း၌ ဤနာမည်က သူ့ကို ထိပ်တန်းအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်စေပြီး ခရိုင် အတွင်း၌ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်စွမ်း ရှိစေလေသည်။
တိုက်ဆိုင်စွာပင် ဝမ်မိသားစု၏ မျိုးရိုးစဉ်ဆက်နေအိမ်မှာ မြို့လယ်ခေါင်နှင့် တင်းခရိုင် လမ်းဆုံတွင် တည်ရှိနေ သောကြောင့် ဟုန်ပေါင်နှင့် သူ၏လူများ ရောက်လာရန် အချိန်ကြာမည် မဟုတ်ပေ။ သို့သော် ပုံမှန်အခြေအနေ မျိုးတွင် ဟုန်ပေါင်သည် ဝမ်မိသားစုကို ပြဿနာရှာမည် မဟုတ်ပေ။ ဝမ်မိသားစု ကျဆင်းနေချိန်တွင်ပင် ပိန်နေ သောကုလားအုတ်သည် မြင်းထက် ကြီးမားနေသေးသည် မဟုတ်ပါလား။
ထို့ပြင် သူတို့သည် ဂိုဏ်းတစ်ခုတည်းမှ မဟုတ်ကြပေ။ ဟုန်ပေါင်နှင့် သူ၏လူများသည် လူများအတွက် ပြဿနာ ဖြေရှင်းပေးရန် ငွေယူကြခြင်းဖြစ်ပြီး ဗြောင်ကျကျ ဓားပြတိုက်နေခြင်း မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်တွင် ဟုန်ပေါင်က ဝမ်မိသားစုထံ လူများခေါ်လာရဲခြင်းမှာ ကော်မိသားစုက သူ့ကို စေလွှတ်လိုက်ခြင်းဖြစ်ပြီး အစား အသောက်ပို့ဆောင်သူ ကောင်လေးတစ်ယောက်ကို ရှင်းလင်းရန်သာ ဖြစ်သည်ဟု ဆိုသောကြောင့် ဖြစ်လေ သည်။
ဤချမ်းသာသော မိသားစုများအတွက် အလုပ်လုပ်ပေးရသည်မှာ အလုပ်ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ အမြဲတမ်း ကြီးမားသော ဆုကြေးငွေ ရရှိတတ်လေသည်။ ထို့ကြောင့် အခြေအနေကို သိရှိပြီးနောက် ဟုန်ပေါင် မှာ သူ၏လူများကို ခေါ်ဆောင်လာရသည်ကို ဝမ်းသာနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝမ်မိသားစု၏ အိမ်ဟောင်းတွင် လျန်ထျန်းသည် ကော်မိသားစုက ဖုန်းဆက်ကာ လူများ အားလုံးကို စုဆောင်းနေသည်ကို မြင်သော်လည်း တည်ငြိမ်စွာပင် ရှိနေလေသည်။ လျန်ထျန်း၏ တည်ငြိမ်နေ သော အမူအရာကို မြင်သောအခါ ဒုတိယကော်သခင်လေးမှာ အလွန် မကျေမနပ်ဖြစ်သွားပြီး အံကြိတ်ကာ ကြမ်းတမ်းစွာ ထပ်ပြောလိုက်လေသည်။
"ဟန်ဆောင်နေလိုက်စမ်း နံစော်နေတဲ့ အစားအသောက်ပို့တဲ့ကောင်...။"
"လောင်ဟုန်နဲ့ သူ့လူတွေ ရောက်လာတဲ့အခါ မင်းကို သေချင်စော်နံသွားအောင် လုပ်ပြီး ငါ့ရှေ့မှာ ဒူးထောက် အသနားခံခိုင်းမယ်...။"
ဘေးနားရှိ အခြားမိသားစုများမှ လူများကလည်း ထိုအကြောင်းကို အတင်းအဖျင်း ပြောနေကြဆဲ ဖြစ်သည်။
"ဟူး...၊ ဒီအစားအသောက်ပို့တဲ့ လူငယ်လေးက တကယ်ကို ဘဝင်မြင့်နေတာပဲ။ အခုချိန်မှာ နာမည်ကြီးနေတဲ့ ကော်မိသားစုကို သူက ဘယ်လိုလုပ် ပြဿနာရှာရဲရတာလဲ...။"
"ဟေး...၊ ဒါပေမဲ့ ကြည့်ရတာ သူက နည်းနည်းလေးတောင် ကြောက်နေတဲ့ပုံ မပေါ်ဘူး။ အချိန်ပြည့် တည်ငြိမ် နေတာပဲ။ သူ့မှာ အားကိုးစရာ တစ်ခုခုများ ရှိနေလို့လား...။"
"သူ့မှာ ဘာအားကိုးစရာ ရှိရမှာလဲ။ သူက အစားအသောက်ပို့တဲ့သူ သက်သက်ပဲလေ။ ကျားကိုမကြောက်တဲ့ နွားပေါက်စလေးပေါ့။ သူက ငါတို့မိသားစု ဘယ်လောက် အင်အားကြီးတယ်ဆိုတာကို မသိရှာဘူးလေ။ ထိုကဲ့သို့ အသိအမြင်မျိုးမှ မရှိတာ...။"
"အင်း...၊ အဲဒါလည်း ယုတ္တိရှိတာပါပဲ...။ ဒါပေမဲ့ ဝမ်မိသားစုဝင်တွေက ဘာလို့ ဒီလောက် တိတ်ဆိတ်နေကြတာ လဲ။ သူတို့ ရောက်လာကတည်းက သိပ်မပြောကြဘူး။ ဝမ်မိသားစုရဲ့ သမီးကြီးကလည်း အသံတစ်သံတောင် မထွက်ဘူး...။"
"ဟီးဟီး...၊ ဝမ်မိသားစု တိတ်ဆိတ်နေတာက ကော်မိသားစုရဲ့ လုပ်ရပ်တွေကို တိတ်တဆိတ် လက်ခံနေတယ် ဆိုတဲ့ သဘောပေါ့...။"
"သခင်မလေးဝမ်ကတော့ ဆင်းရဲတဲ့ ချစ်သူထားတာ မှားမှန်း သူသိလောက်ပါပြီ။ သူ စကားမပြောရဲပေမဲ့ သူ့ရဲ့ ဆင်းရဲတဲ့ချစ်သူကို စွန့်လွှတ်ဖို့တော့ တွန့်ဆုတ်နေတုန်းပဲလေ...။"
"သူက တကယ်ပဲ အဲ့ဒီလောက်တောင် အချစ်ရူး ရူးနေတာလား…။ ငါ့သားသာ သူ့ကို ရခဲ့မယ်ဆိုရင် ဝမ်မိသားစု ဆီက အကူအညီတွေ အများကြီး ရလောက်တယ်...။"
"တွေးတောင် မတွေးပါနဲ့။ ကော်မိသားစုရဲ့ ဒုတိယသခင်လေးက သခင်မလေးဝမ်ကို ရဖို့ စိတ်ပိုင်းဖြတ်ထားတာ မမြင်ဘူးလား။ မင်း အနိုင်ရမယ်လို့ ထင်နေတာလား...။"
"ကျွတ်…ကျွတ်...။ ကော်မိသားစုက တကယ်ကို အရှိန်အဟုန်ကောင်းနေတာ။ ဝမ်မိသားစုသာ ပြန်လည် မထူ ထောင်နိုင်ဘူးဆိုရင် သူတို့က ငါတို့ မိသားစုအသိုင်းအဝိုင်းမှာ နံပါတ်တစ် ဖြစ်လောက်တယ်...။"
"ဟုတ်တယ်...။ ငါတို့ရဲ့ ရှေးဟောင်းမိသားစုတွေက တစ်ချိန်က ထွန်းတောက်ခဲ့ပေမဲ့ အချိန်တွေ ပြောင်းလဲ လာတာနဲ့အမျှ ခေတ်သစ်က ခေတ်ဟောင်းကို အစားထိုးသွားတာပဲလေ...။"
"ကဲပါ...၊ ခံစားချက်တွေ ပြောနေတာ တော်လောက်ပါပြီ…။ အခု ဘာဖြစ်နေလဲဆိုတာ ကြည့်ကြရအောင်…။ ကော်မိသားစုက အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အမာခံအသိုင်းအဝိုင်းထဲကို ဝင်ရောက်ဖို့ အခွင့်အရေးကောင်း ရှိတယ်လို့ ငါထင်တယ်။ သူတို့ကို တားဆီးဖို့ ကြိုးစားတဲ့သူတိုင်း နိဂုံးချုပ်လှမှာ မဟုတ် ဘူး...။"
ကော်မိသားစု၏ မကြာသေးမီက အင်အားကြီးထွားလာမှုကြောင့် အခြားမိသားစုများကို အတော်လေး သတိ ထားလာစေခဲ့သည်။ သူတို့အမြင်တွင် လျန်ထျန်းသည် အမည်မသိ အစားအသောက်ပို့ဆောင်သူတစ်ဦးသာ ဖြစ် ပြီး ကော်မိသားစုကို စော်ကားရန် ရဲတင်းခြင်းမှာ ဘေးဒုက္ခကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်သည်။ သို့သော် အစမှ ယခုအချိန်အထိ လျန်ထျန်းသည် ဝမ်ရှောင်ရို့၏ လက်ကို တစ်ကြိမ်မျှ မလွှတ်ခဲ့ဘဲ ထူးဆန်းစွာ တည်ငြိမ်နေခဲ့လေ သည်။
နောက်ဆုံးတွင် သူက ဖြည်းညင်းစွာ စတင်ပြောဆိုလိုက်လေသည်။
"မင်းက လူခေါ်ဖို့ ဖုန်းဘယ်လိုဆက်ရမလဲဆိုတာ သိနေမှတော့ ငါလည်း ဖုန်းဆက်ပြီး လူနည်းနည်းလောက် ခေါ် လိုက်မယ်...။"
ထိုသို့ပြောရင်း လျန်ထျန်းသည် သူ၏ဖုန်းကို ထုတ်ကာ အဆက်အသွယ်များကို စတင်ရှာဖွေလိုက်လေသည်။ ထိုစကားကို ကြားသောအခါ ဒုတိယကော်သခင်လေးမှာ ရယ်မောလိုက်ပြီး၊
"မင်းလို ဆင်းရဲတဲ့ အစားအသောက်ပို့တဲ့ကောင်က ဘယ်သူ့ကို ခေါ်နိုင်မှာလဲ။ အစားအသောက်ပို့တဲ့ကောင်တွေ အကုန်လုံးကိုလား...။ ဟားဟားဟား...။"
"လောင်ဟုန်နဲ့ သူ့လူတွေ ရောက်လာတဲ့အခါ သူ့ကို မြင်မြင်ချင်း မင်းလက်ကို ချိုးပစ်ခိုင်းမယ်…။ မင်း အခု ကိုင်ထားတဲ့လက်…၊ သခင်မလေးဝမ်ရဲ့ လက်ကို ကိုင်ထားတဲ့လက်ကိုပဲ...။"
"ရဲတိုင်ဖို့တော့ မတွေးနဲ့…။ ငါ အရင်က ပြောခဲ့သလိုပဲ ငါတို့ ကော်မိသားစုက ရဲစခန်းမှာ လူရှိတယ်။ ရဲတိုင် လည်း အလကားပဲ...။"
"အခုချိန်မှာ မင်းအသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အရေးက သခင်မလေးဝမ်ရဲ့ လက်ကို ချက်ချင်းလွှတ်ပြီး ငါ့ရှေ့မှာ ဒူးထောက် ခေါင်းငုံ့ တောင်းပန်ဖို့ပဲ...။"
"အဲ့ဒီလိုဆိုရင် ငါက မင်းကို သနားပြီး မင်းကို ပညာပေးတဲ့အခါ လောင်ဟုန်ကို သက်သက်ညှာညှာ လုပ်ခိုင်းမှာ မို့လို့ မင်း ခန္ဓာကိုယ် နာကျင်မှု သက်သာသွားလိမ့်မယ်...။"
ဒုတိယကော်သခင်လေး စကားပြောအပြီးတွင်ပင် ဝမ်မိသားစု၏ အိမ်ဟောင်းအပြင်ဘက်မှ ဆူညံသံအချို့ ထွက်ပေါ်လာခဲ့လေသည်။
“ဝူး... ဝူး... ဝူး...”
ဆိုင်ကယ်အင်ဂျင်သံများစွာနှင့် တူသော်လည်း ထိုအသံမှာ တံခါးအပြင်ဘက်တွင် အလွန်မြန်ဆန်စွာ ရပ်တန့်သွား ပြီး ခြေသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။ စက္ကန့်သုံးဆယ်ခန့်အကြာတွင် အသားမည်းမည်း၊ ဝဝ တုတ် တုတ်နှင့် အရပ်ပုပု အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာလေသည်။
သူ၏နောက်တွင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော လူတစ်စု လိုက်ပါလာပြီး တစ်ဦးစီတိုင်းမှာ ကြမ်းတမ်း၍ ခက်ထန်နေသော အမူအရာများ ရှိနေခဲ့ကြသည်။
ဝင်လာသည်နှင့်တစ်ပြိုင်နက် အရပ်ပုပု၊ ဝဝတုတ်တုတ်၊ အသားမည်းမည်း အမျိုးသားက ကြမ်းတမ်းသော အသံဖြင့် အော်ဟစ်လိုက်လေသည် ၊
"သူဌေးကော်...၊ ကျွန်တော်တို့ ရောက်ပါပြီ။ ခင်ဗျား ရှင်းချင်တဲ့လူက ဘယ်မှာလဲ...။"
ကော်အိုကြီး စကားပင် မပြောနိုင်မီ ဒုတိယကော်သခင်လေးမှာ ဆက်၍ မစောင့်နိုင်တော့ဘဲ လျန်ထျန်းကို လက်ညှိုးထိုးကာ ထိုအမျိုးသားကို ထပ်ခါတလဲလဲ ပြောလိုက်လေသည်၊
"သူပဲ လောင်ဟုန်...၊ ဒီနံစော်နေတဲ့ အစားအသောက်ပို့တဲ့ကောင်ကို မင်းကိုယ်တိုင် ပညာပေးစေချင်တယ်...။"
ဟုတ်ပေသည်။ အသားမည်းမည်း၊ ဝဝတုတ်တုတ်နှင့် အရပ်ပုပု အမျိုးသားမှာ ဟုန်ပေါင်ပင် ဖြစ်သည်။ ကိုယ် တိုင် မျက်မြင်မတွေ့ရပါက နာမည်ကြီး ကျားသစ်နက် သည် ဤကဲ့သို့ ပုံပန်းသဏ္ဍာန်ရှိမည်ဟု လူအများက စိတ်ကူးယဉ်နိုင်မည် မဟုတ်ပေ။ သူ၏ သာမန်ပုံပန်းသဏ္ဍာန်ရှိသော်လည်း ဟုန်ပေါင်၏ နာမည်ပြောင်ဖြစ်သော ကျားသစ်နက် ဆိုသည်က သူ၏ ထူးခြားသော ခွန်အားကို များစွာ ဖော်ပြနေလေသည်။
ထိုစကားကို ကြားသောအခါ ဟုန်ပေါင်သည် စကားအပို မပြောတော့ဘဲ ဒုတိယကော်သခင်လေးနှင့် လျန်ထျန်း တို့ရှိရာသို့ တိုက်ရိုက် လျှောက်သွားကာ လမ်းတစ်လျှောက်တွင် စကားအနည်းငယ်သာ ဆိုလိုက်လေသည်၊
"ပြဿနာမရှိပါဘူး...။ ကော်သခင်လေးဆီမှာ ပိုက်ဆံအဆင်သင့်ရှိဖို့ပဲ လိုတာပါ။ ကျွန်တော် ဘယ်လောက် တောင်းတယ်ဆိုတာ ခင်ဗျား သိပါတယ်...။"
ဒုတိယကော်သခင်လေးက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်၊
"သိပါတယ်...၊ သိပါတယ်...၊ မင်းဘာသာမင်းသာ လုပ်လိုက်ပါ။ ကော်မိသားစုက မင်းကို ဘယ်တုန်းက မတရား လုပ်ဖူးလို့လဲ...။"
"ပြီးတော့ ငါက မင်းကိုတောင် မလုပ်ခိုင်းချင်ပါဘူး။ ဒီကောင်က ကျေးဇူးကန်းပြီး ငွေအများကြီးကို ငြင်းပယ်ခဲ့ လို့ပါ...။"
"အဲ့ဒါကြောင့် သူ့ကို ပညာပေးဖို့ ဒီပိုက်ဆံကို သုံးရတာပေါ့…။ ဟေး... သူက သခင်မလေးဝမ်ရဲ့ လက်ကို မလွှတ်သေးဘူးပဲ။ သူ့ကို သေအောင်သာ ရိုက်ပစ်လိုက်စမ်း...။"
"ဒါဆို ဈေးတည့်သွားပြီဆိုတဲ့ သဘောပေါ့...။"
ဟုန်ပေါင်က ပြောရင်း လက်နှစ်ဖက်ကို ပွတ်သပ်ကာ ပြုံးဖြီးဖြီးဖြင့် လျန်ထျန်းအနီးသို့ ချဉ်းကပ်လာလေသည်။
"ဒါဆို ဒီပိုက်ဆံက သူ ငါ့ကို ပေးတယ်ဆိုတဲ့ သဘောလား...။ ငါ သူ့ကို သေချာ ကျေးဇူးတင်ရမှာပေါ့...။"
"ဟေး...၊ အစားအသောက်ပို့တဲ့ကောင်...။ မင်း ရွေးလိုက်...၊ ဒီတံခါးပေါက်ကနေ ပက်လက်လန်ပြီး ထွက်သွား မလား၊ ဒါမှမဟုတ် ဝမ်းလျားမှောက်ပြီး တွားသွားမလား...။"
ဒုကော်သခင်လေး၏ စိတ်မရှည်မှုက တစ်ဖန် ပြန်လည် ထကြွလာလေသည်၊
"အရင်ဆုံး သူ သခင်မလေးဝမ်ကို ကိုင်ထားတဲ့လက်ကို ချိုးပစ်လိုက်၊ ပြီးရင် သူ့ခြေထောက်နှစ်ဖက်စလုံးကို ရိုက်ချိုးပြီး ငါ့ရှေ့မှာ ဒူးထောက်ခိုင်းလိုက်...။"
အမိန့်ရရှိပြီးနောက် ဟုန်ပေါင်က အိုကေဟု လက်ဟန်ပြကာ လျန်ထျန်းရှေ့သို့ ရောက်ရှိလာလေသည်။
ဤမြင်ကွင်းကို မြင်သောအခါ မိသားစုဝင်များသည် လျန်ထျန်းကို သနားခြင်း၊ သက်ပြင်းချခြင်းနှင့် လှောင် ပြောင်ခြင်းများ ရောနှောကာ ကြည့်နေကြလေသည်။ ဝမ်မိသားစုဝင်များမှာ ရှင်းပြမရအောင် စိုးရိမ်လာကြပြီး အထူးသဖြင့် ဝမ်ချန်ကျွင်းမှာ သူ တစ်ခုခု ပြောသင့်၊ လုပ်သင့်သလားဟု တွေးတောနေခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ လျန်ထျန်း အရိုက်ခံရမည်ကို သူ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လျန်ထျန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို အခြားသူများထက် သူက ပိုသိနေသည် မဟုတ်ပါလား။ ထို့ပြင် သူက လျန်ထျန်းကို သားမက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ဆိုရိုးစကားအတိုင်း သားမက်ဆိုသည်မှာ သားတစ် ဝက်နှင့် တူသည် မဟုတ်ပါလား။
သို့သော် လျန်ထျန်းသည် ကြမ်းတမ်းသော ရုပ်သွင်ရှိသည့် ဟုန်ပေါင်နှင့် ရင်ဆိုင်ရချိန်တွင်ပင် တည်ငြိမ်နေခဲ့ပြီး တစ်ခဏမျှအကြာတွင် စကားတစ်ခွန်းကို တိုးတိုးလေး ပြောလိုက်လေသည်၊
"ကျားသစ်နက်လို့ နာမည်ပြောင်ရထားတဲ့ ဟုန်ပေါင် မဟုတ်လား...၊ မင်း အရင်က လေ့ပင်းယီနဲ့ ပေါင်းခဲ့တာမ လား...။"
လေ့ပင်းယီ ဟူသော နာမည်ကို ကြားသောအခါ လက်သီးထိုးတော့မည့် ဟုန်ပေါင်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ လေသည်။ ထို့နောက် သူက လျန်ထျန်းကို အထက်အောက် သေချာစွာ ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်၊
"မင်းက အစ်ကိုလေ့ကို သိလို့လား...။ အစ်ကိုလေ့က အခု စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတာ။ သူက ငါတို့ရဲ့ ဆက်ဆံရေးအကြောင်းကို ဘယ်သူ့ကိုမှ လျှောက်မပြောတတ်ဘူး...။"
လျန်ထျန်း၏ အပြုံးများက ပို၍ ပြန့်ကားလာခဲ့လေသည်၊
"လေ့အိုကြီးက တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ လူပါ...။ လွန်ခဲ့တဲ့ အချိန်က သူက ငါ့ဆီမှာ သင်ယူဖို့ ကိစ္စ ပေါင်းစုံ လာတောင်းဆိုနေခဲ့တာ...။"
"ငါ သူ့ကို သင်ပေးစရာ ဘာမှမရှိဘူးလို့ ပြောတာတောင် သူက ငါ့နောက်ကို အရိပ်လို လိုက်နေပြီး ငါလုပ်သမျှ အကုန်လိုက်လုပ်နေတာ...။"
"သူ အားတဲ့အခါကျရင် သူ့ရဲ့ အတိတ်အကြောင်းတွေကို ငါ့ကို လာပြောပြတတ်တယ်... ။ နားမထောင်လို့လည်း မရဘူးလေ...။"
"သူ့ရဲ့ ဇာတ်လမ်းတွေထဲက တစ်ခုမှာ မင်းအကြောင်း ပါလာတယ်။ အစပိုင်းမှာ မင်းက သူ့ကို မလေးစားဘူးတဲ့၊ သံဂေါ်ပြားနဲ့ အရိုက်ခံရပြီးမှ သူ့ကို အစ်ကိုကြီးအဖြစ် လက်ခံခဲ့တာဆို...။"
"အဲ့ဒီနောက်တော့ သူက တကယ်ကို ဘာမှ ထပ်မလုပ်တော့ဘူး...။ တစ်ခုခုဖြစ်တိုင်း ကျားသစ်နက်ကိုပဲ သုံး တော့တာတဲ့…၊ ဟားဟား...။ အဲ့ဒါက ငါ့ကို တော်တော် ရယ်ရစေတာ...။"
"နောက်တော့ သူက တဖြည်းဖြည်းနဲ့ သူ့ရဲ့ လုပ်ငန်းကို ပြောင်းလဲခဲ့တယ်၊ အခွင့်အရေးတွေနဲ့ ခေတ်ရေစီးကြောင်း တွေကို ဆုပ်ကိုင်ပြီး ဝူလု မီဒီယာ ကုမ္ပဏီကို တည်ထောင်ပြီး အမှုဆောင်အရာရှိချုပ် ဖြစ်လာခဲ့တာ။ အဲ့နောက် ပိုင်း သူ ဒီနယ်ပယ်ထဲကို ဘယ်တော့မှ ဝင်မပါတော့တာ...။"
"ဒါပေမဲ့ သူက မင်းကို သူ့ရဲ့ ညီတစ်ယောက်အနေနဲ့ ရင်ထဲမှာ အမြဲထားပါတယ်တဲ့၊ ပြီးတော့ ကုမ္ပဏီက ရှယ်ယာ တချို့တောင် မင်းကို ပေးထားသေးတယ်လို့ ပြောသေးတယ်...။"
"အဲ့ဒီရှယ်ယာတွေနဲ့ဆိုရင် မင်း ဒီအလုပ်တွေ လုပ်စရာမလိုဘဲ တစ်သက်လုံး စားမကုန်နိုင်တော့ဘူးလေ။ ဘာလို့
ဒီလမ်းကြောင်းပေါ် ဆက်လျှောက်နေသေးတာလဲ...။"
ထိုစကားကို ကြားသောအခါ ဟုန်ပေါင်မှာ အလွန် အံ့အားသင့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် လျန်ထျန်း ပြောခဲ့သည်များက အလွန် အသေးစိတ်ကျနေသောကြောင့် ဖြစ်သည်။ အံ့အားသင့်သွားပြီးနောက် သူက တံတွေးမြိုချကာ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်လေသည်၊
"မင်း...၊ မင်းက ဘယ်သူလဲ...။ အစ်ကိုလေ့နဲ့ ငါ့ရဲ့ အတိတ်အကြောင်းကို မင်းက ဘယ်လိုလုပ် ဒီလောက် အများ ကြီး သိနေရတာလဲ...။"
လျန်ထျန်းက တံခါးပေါက်ဆီသို့ ကြည့်ကာ ထပ်မံ ပြုံးလိုက်လေသည်၊
"မလောပါနဲ့...၊ လောင်လေ့ ရောက်လာတော့မှာပါ။ ငါ သူ့ကို ဖုန်းဆက်တုန်းက သူ ဒီအနီးနားမှာ အစား အသောက်တွေ ပို့နေတာ...။"
"အော်...၊ ဟုတ်သားပဲ...။ သူက ငါ့ဆီကနေ အစားအသောက် ဘယ်လိုပို့ရမလဲဆိုတာကို သင်ယူခဲ့တာ၊ ပြီးတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သီအိုရီတစ်ခုတောင် ဖန်တီးထားသေးတယ်...။ အဲ့ဒါက တော်တော်လေး ဦးနှောက် ဆေးခံရသလိုပဲ...။"
ထိုစကားကို ကြားသောအခါ ဟုန်ပေါင်မှာ လန့်ဖြန့်ကာ အော်ဟစ်လိုက်လေသည်၊
"ဟမ်...၊ အစ်ကိုလေ့က ဒီနီးနားမှာ အစားအသောက် ပို့နေတယ် ဟုတ်လား...။ မင်း ငါ့ကို နောက်နေတာလား...။"
လျန်ထျန်းက ဆက်၍ ပြုံးနေလိုက်လေသည်၊
"အဲ့ဒါကြောင့် သူက စိတ်ဝင်စားဖို့ကောင်းတဲ့ လူပါလို့ ငါပြောတာပေါ့...၊ ဟားဟား...။"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တံခါးအပြင်ဘက်မှ လူရိပ်တစ်ခု ဝင်ရောက်လာလေသည်။ အဝေးမှကြည့် လျှင် လျန်ထျန်းကဲ့သို့ပင် အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော အစားအသောက်ပို့ဆောင်သူ တစ်ဦးဖြစ်သည်။ သို့သော် အနီးသို့ ရောက်လာသောအခါ ဟုန်ပေါင်၏ မျက်လုံးအိမ်များ ပြူးကျယ်သွားပြီး အမှတ်တမဲ့ ရေရွတ် လိုက်လေသည်၊
"အစ်ကိုလေ့...၊ တကယ်ပဲ အစ်ကိုလား...။ အစ်ကို တကယ်ကြီး အစားအသောက် ပို့နေတာပဲ...။"
ဟုတ်ပေသည်။ ရောက်လာသော အစားအသောက်ပို့ဆောင်သူမှာ ဝူလု မီဒီယာ ကုမ္ပဏီ၏ အမှုဆောင်အရာ ရှိချုပ် လေ့ပင်းယီပင် ဖြစ်သည်။ လေ့ပင်းယီက ဟုန်ပေါင်ကို အရင်ဆုံး စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ယခင်က ဗိုလ်ကျနေခဲ့သော ကျားသစ်နက်မှာ အမှားလုပ်ထားသည့် ကလေးတစ်ယောက်လို ချက်ချင်း ခေါင်းငုံ့သွားလေတော့သည်။
ထို့နောက် လေ့ပင်းယီက လျန်ထျန်းထံ အမြန်လာကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်၊
"အစုရှယ်ယာရှင်ကြီး...၊ တောင်းပန်ပါတယ်...။ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားဟောင်းက လူကြီးမင်းကို မမှတ်မိဘဲ စော်ကားမိသွားတယ် မဟုတ်လား...။"
"စိတ်မပူပါနဲ့...၊ ပြန်ရောက်ရင် သူ့ကို ဂေါ်ပြားနဲ့ နှစ်ချက်လောက် ထပ်ရိုက်လိုက်ပါ့မယ်...။"
"ကျွန်တော် သူ့ကို ဒီအလုပ်ကနေ ထွက်ဖို့ ပြောခဲ့တာ ကြာပါပြီ။ ကျွန်တော့် ကုမ္ပဏီက ရှယ်ယာတွေက သူ့ကို ငတ်သေသွားစေမယ်လို့ ထင်နေတာလားမသိဘူး...။"
"ဒါပေမဲ့ သူက ငြိမ်ငြိမ်မနေနိုင်တဲ့ လူစားမျိုးလေ။ အမြဲတမ်း လုပ်စရာတစ်ခုခုကို ရှာနေတတ်တယ်။ အဲ့ဒါကြောင့် ဘယ်မိသားစုကမဆို သူ့ကို ပိုက်ဆံပေးလိုက်ရင် သူက သူ့လူတွေကို ခေါ်ပြီး သူတို့ရဲ့ ပြဿနာတွေကို သွားရှင်း ပေးတာပဲ...။"
"ဒါပေမဲ့ ဒီလိုမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး…။ ကျွန်တော် သူ့ကို ကုမ္ပဏီကို ပြန်ခေါ်သွားပြီး လုံခြုံရေးအစောင့် လုပ်ခိုင်းတော့မယ်...။"
လျန်ထျန်းက ပြုံးကာ လက်ယမ်းရင်း ပြောလိုက်သည်၊
"တကယ်တော့ သူ့ရဲ့ ပုံစံနဲ့ဆိုရင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတိုလေးတွေမှာ အလွယ်တကူ သရုပ်ဆောင်လို့ ရတာ ပဲ...။"
"ဥပမာ ဇာတ်လိုက် ဒုက္ခရောက်နေချိန်မှာ ကျားသစ်နက်ကို လွှတ်လိုက်လို့ သူက အော်လိုက်တာနဲ့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားတာမျိုးပေါ့…။ ဒီဇာတ်လမ်းမျိုးတွေက အခု တော်တော် နာမည်ကြီးနေတာ မဟုတ် ဘူးလား...။"
ထိုစကားကို ကြားသောအခါ လေ့ပင်းယီမှာ အံ့အားသင့်သွားပြီးနောက် လျန်ထျန်းကို ချက်ချင်း လက်မထောင် ပြလိုက်လေသည်၊
"အစုရှယ်ယာရှင်ကြီးရဲ့ ဗျူဟာက တကယ်ကို ပြောင်မြောက်တာပဲ...။"
"ကျားသစ်နက်...၊ မင်းရဲ့ အနာဂတ် တိုးတက်ရေးလမ်းကြောင်းကို စီစဉ်ပေးတဲ့ အစုရှယ်ယာရှင်ကြီးကို ဘာလို့ မြန်မြန် ကျေးဇူးမတင်ရတာလဲ...။"