အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း (၂၂၃)
ထိပ်သီးပုဂ္ဂိုလ်ကြီး နှစ်ဦး ရောက်ရှိလာခြင်း
မိမိ၏ အစ်ကိုဖြစ်သူက လျန်ထျန်းအပေါ် ဤမျှ ရိုသေလေးစားနေသည်ကို မြင်သောအခါ ဟုန်ပေါင်သည် သူ မပတ်သက်သင့်သူနှင့် ပတ်သက်မိပြီဖြစ်ကြောင်း သဘောပေါက်သွားကာ အလျင်အမြန် ကျေးဇူးတင်စကားဆို ၍ တောင်းပန်လိုက်လေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ဒုတိယကော်သခင်လေး၏ မျက်နှာမှာ ဖြူရော်သွားလေသည်။ သူသည် ဒေါသ တကြီးဖြင့် တစ်စုံတစ်ရာ ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း သူ၏ဖခင် ကော်အဖိုးကြီးက အချိန်မီ တားဆီး လိုက်သည်။
ထို့နောက် ကော်အဖိုးကြီးသည် စီးပွားရေးသမားတို့၏ ဟန်ဆောင်အပြုံးမျိုးဖြင့် လေ့ပင်းယီကို ကြည့်ကာ ပြောလိုက်လေသည်။
"ဝူလု မီဒီယာ ကုမ္ပဏီက အထွေထွေမန်နေဂျာလေ့ ဖြစ်နေတာကိုး...။ ကျုပ်တို့ ကော်မိသားစုနဲ့ ယှဉ်ရင်တော့ ခင်ဗျားက တက်သစ်စကြယ်ပွင့်လေးပါပဲ...။"
"ဒါပေမဲ့ သူ ဘယ်လောက်ပဲ ကြွားဝါနေပါစေ ကျုပ်တို့လို မျိုးရိုးဟောင်း မိသားစုကတော့ ကိုယ်ပိုင် အမွေအနှစ် တွေ ရှိပြီးသားပါ...။ ဒီကောင်လေးနဲ့ ခင်ဗျားက ဘယ်လို ပတ်သက်နေတာလဲ...။"
"သူက အဓိက အစုရှယ်ယာရှင်လို့တော့ ထပ်မပြောနဲ့နော် ကျုပ် မယုံဘူး...။ ဘာလို့လဲဆိုတော့ ကျုပ်တို့ ကော်မိ သားစုက အခုဆိုရင် အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိကအသိုင်းအဝိုင်းထဲကို ခြေတစ် ဖက် လှမ်းဝင်နေပြီလေ...။"
"ဝူလု မီဒီယာ ကုမ္ပဏီရဲ့ နောက်ကွယ်က အဓိက အစုရှယ်ယာရှင်တွေထဲမှာ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ဦး လည်း ပါဝင်တယ်ဆိုတာ ကျုပ် ကြားဖူးတာ ကြာပါပြီ...။"
"ပို့ဆောင်ရေးသမား ဝတ်စုံနဲ့ ဒီလူငယ်လေးက အဲ့ဒီ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူလို့ ခင်ဗျားက ကျုပ်ကို ပြောချင် နေတာလား...၊ ဟက်...။"
ကော်အဖိုးကြီး၏ စကားပင် မဆုံးသေးမီ လေ့ပင်းယီက ခွန်းတုံ့ပြန်လိုက်လေသည်။
"ဟုတ်ပါတယ်...၊ ခင်ဗျား ခန့်မှန်းတာ မှန်ပါတယ်...။ သူက အဲ့ဒီ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူပါပဲ...။"
ထိုစကားကို ကြားသောအခါ ကော်အဖိုးကြီးမှာ မှင်တက်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် ပြန်ပြောလိုက် လေသည်။
"မစ္စတာလေ့...၊ နောက်မနေပါနဲ့...။ အဲ့ဒီ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူက ငွေကြေးအင်အား တောင့်တင်းရုံသာမက ဘဲ ကြီးမားတဲ့ နောက်ခံအသိုင်းအဝိုင်းလည်း ရှိတယ်လို့ ကြားတယ်...။"
"အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ အကြီးအကဲ မစ္စတာဝမ်တောင် သူ့ကို အရမ်း ရိုသေလေးစားပြီး ရှယ်ယာ အများကြီးကို ပေးအပ်ထားလို့ သူက အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး ဖြစ်နေတာလေ...။"
"ပြီးတော့ ကျင်းတ အိမ်ခြံမြေ...၊ အဲ့ဒီ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူက ကျင်းတ ရဲ့ နောက်ကွယ်က အဓိက အစု ရှယ်ယာရှင်လည်း ဖြစ်တယ်...။ အစ်ကိုလု ကတောင် သူ့ကို ညီလေးလို့ ခေါ်တယ် ထင်တယ်...။"
"အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိကအသိုင်းအဝိုင်းထဲမှာတောင် ကုမ္ပဏီ(၈၀)ရာခိုင်နှုန်း လောက်က အဲ့ဒီ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူကို နောက်ခံအဖြစ် ထားရှိကြတာလေ...။"
"အခု ခင်ဗျားက အဲ့ဒီ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူဟာ ပို့ဆောင်ရေးသမား ဝတ်စုံဝတ်ထားတဲ့ လူငယ်လေး တစ်ယောက်ပါလို့ ပြောနေတာလား...။ ဟက်...၊ တကယ့်ကို ရယ်စရာပဲ...။"
စကားအဆုံးတွင် ကော်အဖိုးကြီးမှာ အနည်းငယ် ဒေါသထွက်သွားသော်လည်း ယင်းမှာ သူ၏ ထိတ်လန့်မှုကို ဖုံးကွယ်ရန် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ လျန်ထျန်းနှင့် လေ့ပင်းယီတို့ကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေသဖြင့် လေ့ပင်းယီက မျက်နှာသာပေးကာ ဤပြဇာတ်ကို ကပြနေခြင်းဖြစ်မည်ဟု သူ ထင်မြင်လိုက်သည်။
ထိုသို့ဆိုလျှင် ကော်မိသားစုအနေဖြင့် လေ့ပင်းယီကို ကြောက်ရွံ့နေစရာ မလိုပေ။ အကြောင်းမှာ သူတို့တွင်လည်း ဩဇာတိက္ကမကြီးမားသော နောက်ခံများ ရှိနေပြီး သူတို့၏ နောက်ခံများမှာ ဝူလု မီဒီယာ ကုမ္ပဏီထက်ပင် အဆင့် မြင့်မားသေးသည် မဟုတ်ပါလား။ သို့သော် ဤပို့ဆောင်ရေးသမား ဝတ်စုံနှင့် လူငယ်သည်သာ ထိုထူးဆန်းသော ရင်းနှီးမြှုပ်နှံသူ ဖြစ်နေမည်ဆိုပါက...၊ သူတို့၏ အဆက်အသွယ်များအားလုံးမှာ အသုံးဝင်တော့မည် မဟုတ်ပေ။
သို့သော် မည်သို့ပင် စဉ်းစားစေကာမူ ယင်းမှာ မဖြစ်နိုင်ဟုသာ ထင်ရသည်။ ထိုထူးဆန်းသော ရင်းနှီးမြှုပ်နှံသူမှာ အလွန်တရာ အစွမ်းထက်သည်ဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း သူက လူငယ်လေးတစ်ဦးသာ ဖြစ်နေသည်။ မဖြစ်နိုင်ပေ။ လုံးဝ မဖြစ်နိုင်ချေ။
ယခုတစ်ကြိမ်တွင် ဝမ်မိသားစု၏ သမီးကြီးကို ရရှိရန် ကော်မိသားစုက အခိုင်အမာ ဆုံးဖြတ်ထားသည်။ ဖြစ်နိုင် ချေရှိသော ပြိုင်ဘက်များအားလုံးကို သူတို့ ထည့်သွင်းစဉ်းစားခဲ့ပြီး နောက်ဆုံး ကောက်ချက်မှာ ကော်မိသားစု သည် ပြိုင်ဘက်ကင်း ဖြစ်သည် ဟူ၍ပင်။ သို့သော် ထိုထူးဆန်းသော ရင်းနှီးမြှုပ်နှံသူက သူတို့၏ အကျိုးအမြတ် များကို လုယူသွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ တကယ့်ကို ဒေါသထွက်စရာပင်။ ဤအခြေအနေသည် လုံးဝကို အဓိပ္ပာယ်မဲ့လွန်းလှသည်။ ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ အစားအသောက် ပို့ဆောင်သူတစ်ဦးက ထူးဆန်းသော ရင်းနှီးမြှုပ်နှံသူ ဖြစ်နေသည်ကို ကော်အဖိုးကြီးက လက်ခံယုံကြည်ရန် ဆန္ဒမရှိခဲ့ပေ။
သို့သော် လျန်ထျန်း၏ နောက်ထပ် စကားများက သူ့ကို တုန်လှုပ်သွားစေခဲ့သည်။ အကြောင်းမှာ လျန်ထျန်းက ပေါ့ပေါ့ပါးပါးပင် ဤသို့ ဆိုလိုက်သောကြောင့် ဖြစ်သည်။
"ကော်အိမ်တော်သခင်က အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ မစ္စတာဝမ်နဲ့ ကျင်းတ အိမ်ခြံမြေရဲ့ မစ္စတာလု တို့ကို ပြောလာမှတော့ တိုက်ဆိုင်လိုက်တာဗျာ...။"
"စောစောက ဖုန်းဆက်တုန်းက သူတို့ နှစ်ယောက်ကိုလည်း ကျွန်တော် ဆက်သွယ်ခဲ့သေးတယ်...။ သူတို့နှစ် ယောက်လုံး အားနေကြတယ်လေ...။"
"အချိန်အရဆိုရင်တော့ သူတို့ မကြာခင် ရောက်လာတော့မှာပါ...။ မလောပါနဲ့...၊ ခဏလောက် ထပ်စောင့်ကြတာ ပေါ့...။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် တံခါးအပြင်ဘက်မှ နောက်ထပ် အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ လေသည်။ ကားတစ်စီးပြီးတစ်စီး ဘရိတ်အုပ်လိုက်သော အသံများပင် ဖြစ်သည်။
မကြာမီပင် ပင်မတံခါးကြီး ပွင့်လာပြီး လူတစ်အုပ်ကြီးကို ဦးဆောင်လာသော ပုဂ္ဂိုလ်နှစ်ဦးမှာ ခမ်းနားထည်ဝါစွာ ဝင်ရောက်လာကြလေသည်။ ဝင်ပေါက်ရှိ မီးရောင်မှာ မှိန်ပျပျဖြစ်နေသဖြင့် လူကို မမြင်ရမီ အသံကို အရင် ကြား လိုက်ရသည်။
ပထမအသံမှာ ဩဇာပါပြီး လေးနက်လှလေသည်။
"ငါ့ရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးကို ဒီနေရာမှာ အနှောင့်အယှက် ပေးနေတယ်လို့ ကြားတယ်...။ ဘယ်သူကများ အဲ့ဒီလောက် သတ္တိကောင်းနေတာလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်...။"
ဒုတိယအသံမှာမူ ကျယ်လောင်ပြီး အင်အားပါလှလေသည်။
"ငါ့ညီလေး လျန်က ကျင်းတ အိမ်ခြံမြေရဲ့ အဓိက အစုရှယ်ယာရှင်ပဲ...။ သူ့ကို ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို ငါ လုချွမ်းရှုံ ကို ဆန့်ကျင်တာပဲ...။"
ထိုအသံနှစ်သံကို ကြားလိုက်ရသောအခါ ကော်အဖိုးကြီး၏ ခြေထောက်များမှာ တုန်ရီလာတော့သည်။ ယနေ့ ခေတ် အယ်လ်မြို့တော်၏ စီးပွားရေးလောကတွင် အချမ်းသာဆုံးကော်ပိုရေးရှင်းနှင့် ကျင်းတ အိမ်ခြံမြေတို့မှာ အကြီးဆုံးနှင့် ဒုတိယအကြီးဆုံး ကုမ္ပဏီကြီးများ ဖြစ်ကြသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
ဤကုမ္ပဏီကြီး နှစ်ခုနှင့် ယှဉ်လျှင် ကော်မိသားစုမှာ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ ကော်မိသားစု၏ နောက်ကွယ်ရှိ အားကိုးရသော နောက်ခံဆိုသည်မှာလည်း အထွေထွေမန်နေဂျာဝမ် နှင့် လုချွမ်းရှုံ တို့နှင့် ယှဉ်လျှင် ပုရွက်ဆိတ်တစ်ကောင်နီးပါးမျှသာ ရှိလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြားသော မိသားစုဝင်များမှာ ကော်အဖိုးကြီးထက်ပင် ပို၍ ထိတ်လန့် သွားကြလေသည်။ ယနေ့ ဝမ်မိသားစုမှ ကျင်းပသော စားသောက်ပွဲသို့ တက်ရောက်ခြင်းဖြင့် အချမ်းသာဆုံး ကော်ပိုရေးရှင်းမှ မစ္စတာဝမ်နှင့် ကျင်းတ အိမ်ခြံမြေမှ မစ္စတာလု တို့ ကိုယ်တိုင် ရောက်ရှိလာလိမ့်မည်ဟု မည်သူ က ထင်မှတ်ထားခဲ့မည်နည်း။
သို့သော် အံ့ဩစရာအကောင်းဆုံးမှာ ဤထိပ်သီးပုဂ္ဂိုလ်ကြီး နှစ်ဦး ရောက်ရှိလာခြင်းသည် အစားအသောက် ပို့ဆောင်သူ ဝတ်စုံနှင့် လူငယ်လေးတစ်ဦးကြောင့် ဖြစ်နေခြင်းပင်။ ဤပို့ဆောင်ရေးသမား ဝတ်စုံနှင့် လူငယ်သည် ထူးဆန်းသော ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်ကို မည်သူကမျှ သံသယမဝင်ရဲကြတော့ပေ။ ထပ်မံတွေးတောကြည့် မည်ဆိုလျှင် ဝမ်မိသားစု၏ သမီးကြီးမှာ ထူးဆန်းသော ရင်းနှီးမြှုပ်နှံသူနှင့် ချစ်သူရည်းစားများ ဖြစ်နေကြသည်... ဤသည်မှာ...၊
ချက်ချင်းပင် မိသားစုအားလုံး၏ သဘောထားများ ပြောင်းလဲသွားကာ ကော်မိသားစုမှ သားအဖနှစ်ဦးကို သနားခြင်း၊ သက်ပြင်းချခြင်း၊ သရော်လှောင်ပြောင်ခြင်းများ ရောပြွမ်းနေသော အကြည့်များဖြင့် စတင်ကြည့် ရှုလာကြလေတော့သည်။
ဒုတိယကော်သခင်လေးမှာမူ ပြဿနာ မည်မျှ ကြီးမားနေသည်ကို သဘောမပေါက်သေးပေ။ အကြောင်းမှာ သူသည် အရက်ဘားများသို့ သွားကာ မိန်းမများနှင့် ပျော်ပါးရန်သာ တတ်ကျွမ်းသော အလိုလိုက်ခံထားရသည့် လူဆိုးလေး တစ်ဦးမျှသာ ဖြစ်သောကြောင့်ပင်။
စီးပွားရေးကိစ္စများနှင့် ပတ်သက်၍ သူက တစ်ဝက်တစ်ပျက်သာ နားလည်ပြီး သူ၏ မိသားစုမှာ အလွန်တရာ အစွမ်းထက်သည်ဟု ထင်မြင်ကာ သူတစ်ပါးထက် သာလွန်သူများ အမြဲရှိနေသည်ကို လုံးဝ မသိရှိခဲ့ပေ။ ဤ သည်မှာ ကော်အဖိုးကြီး၏ ပညာပေးမှုနှင့်လည်း သက်ဆိုင်နေသည်။ ဒုတိယကော်သခင်လေး ငယ်ရွယ်စဉ်က သူ၏ သားအကြီးဆုံးမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေသဖြင့် ဒုတိယသားကို ပို၍ အလိုလိုက်ခဲ့လေသည်။
ယခင်က ကော်မိသားစု မည်မျှ အင်အားကြီးမားခဲ့ကြောင်း၊ အယ်လ်မြို့တော်တွင် သူတို့က မည်မျှ ပြိုင်ဘက် ကင်း အင်အားစု ဖြစ်ခဲ့ကြောင်း ဒုတိယသားဖြစ်သူအား သူ အမြဲ ပြောပြလေ့ရှိသည်။ ယနေ့ခေတ် ထိပ်တန်း ကုမ္ပဏီဟု ဆိုကြသော ကုမ္ပဏီများမှာ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ကော်မိသားစု၏ ဖိနပ်ကို သယ်ပေး ရန်ပင် မထိုက်တန်ခဲ့ဟု ဆိုလေသည်။ ထို့ကြောင့် ဒုတိယကော်သခင်လေး၏ စိတ်ထဲတွင် သူ၏ ကော်မိသားစု ထက် သာလွန်သူ မည်သူမျှ မရှိဟု မှတ်ယူထားခဲ့သည်... ဖခင်ဖြစ်သူ၏ ကြွားဝါမှုများကပင် သူ့ကို ဖျက်ဆီးခဲ့ ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် အချမ်းသာဆုံးကော်ပိုရေးရှင်းမှ မစ္စတာဝမ်နှင့် ကျင်းတ အိမ်ခြံမြေမှ မစ္စတာလု တို့နှင့် ရင်ဆိုင်ရ ချိန်တွင်ပင် ဒုတိယကော်သခင်လေးက မောက်မာရဲနေသေးသည်။
"မစ္စတာဝမ် နဲ့ မစ္စတာလု ဆိုတာလား...။ ခင်ဗျားတို့က ဘာတွေများ အဲ့ဒီလောက် ကြီးကျယ်နေလို့လဲ...၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ခင်ဗျားတို့က ကော်မိသားစုအတွက် ဖိနပ်တိုက်ပေးတဲ့ သူတွေပဲ ရှိသေးတာ...။"
"အခု ခင်ဗျားတို့ကို အခွင့်အရေး ပေးမယ်...။ ကိုယ့်ကိစ္စကိုယ်ပဲ ဂရုစိုက်ကြ...၊ မဟုတ်ရင်တော့...၊ အား...၊ အဖေ ...။ သားကို ဘာလို့ ရိုက်တာလဲ...။"
ဒုတိယကော်သခင်လေး စကားပင် မဆုံးသေးမီ ကော်အဖိုးကြီးက ပြေးလာကာ သူ၏ မျက်နှာကို ဖြတ်ရိုက်၍ တားဆီးလိုက်လေသည်။ ဤအခိုက်အတန့်တွင် ကော်အဖိုးကြီးမှာ သားဖြစ်သူကို ရိုက်နှက်ပြီးနောက် တစ်ကိုယ် လုံး တုန်ရီနေတော့သည်။ တံတွေး အကြိမ်အနည်းငယ် မျိုချပြီးနောက် သူက အလျင်အမြန် ခေါင်းညိတ် အရို အသေပေးကာ အပြုံးမျက်နှာဖြင့် ရှေ့သို့ တိုးလာခဲ့လေသည်။
"ကျုပ်သားက ငယ်သေးတော့ ကိစ္စတွေကို သေချာ နားမလည်သေးလို့ပါ...။ မစ္စတာဝမ် နဲ့ မစ္စတာလု တို့က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်...။"
ကော်အဖိုးကြီးသည် မိမိကိုယ်ပိုင်သင်္ချိုင်းကို မိမိဖာသာ တူးခဲ့ခြင်းပင်။ သားဖြစ်သူကို ပြုစုပျိုးထောင်ခဲ့သည့် သူ၏ နည်းလမ်းများက သားဖြစ်သူ၏ အကြောက်အလန့်မရှိမှုကို ဖြစ်ပေါ်စေခဲ့ပြီး နောက်ဆုံးတွင် ကော်အဖိုး ကြီးအပေါ်သို့ ပြန်လည်သက်ရောက်လာမည်မှာ အသေအချာပင်။ ထင်ထားသည့်အတိုင်းပင် ကော်အဖိုးကြီးက သူ၏ မာနကို မျိုသိပ်ကာ တောင်းပန်လိုက်သည်နှင့် တစ်ပြိုင်နက် ဒုတိယကော်သခင်လေးက မျက်နှာကို အုပ်ကာ မကျေမချမ်းဖြင့် ချက်ချင်း အော်ဟစ်လိုက်လေသည်။
"အဖေ... သူတို့ကို ဘာလို့ ကြောက်နေရတာလဲ...။ ကျွန်တော်တို့မှာ သိုက်မိသားစု နောက်ခံ ရှိသေးတယ် မဟုတ် လား...။ သိုက်မိသားစုက အခုဆိုရင် အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိကအဖွဲ့ဝင် ဖြစ်နေ ပြီလေ...။"
"ဒါ့အပြင် သိုက်မိသားစုက အဲ့ဒီ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူ နောက်ခံ မရှိတဲ့ ရှားရှားပါးပါး မိသားစုတွေထဲက တစ်ခုပဲ...။ ဒါက ကျွန်တော်တို့ကို အသိုင်းအဝိုင်းထဲ ခေါ်သွင်းဖို့ ပိုပြီး စွမ်းဆောင်နိုင်တာပေါ့...။"
"စီးပွားရေးနယ်ပယ်ထဲကို တဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်ပြီး အယ်လ်မြို့တော်မှာ ရှိခဲ့တဲ့ ကျွန်တော် တို့ရဲ့ အရင် နေရာဟောင်းကို ပြန်ယူမယ်လို့ အားလုံး သဘောတူထားကြတယ် မဟုတ်လား...။"
"ဘယ်လိုပဲဖြစ်ဖြစ် အစောကြီးဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် သူတို့နဲ့ စစ်ခင်းရမှာပဲဆိုတော့ အခုပဲ တိုက်ရိုက် စစ်ကြေညာလိုက်တာ ဘာဆိုးလို့လဲ...။ ကျွန်တော်တို့ မျိုးရိုးဟောင်း မိသားစုက အခြေခံအုတ်မြစ် ခိုင်မာပြီးသား ပဲ ဘာကို ကြောက်နေရမှာလဲ...။"
"ကျွန်တော်တို့ မိသားစုက စီးပွားရေးလုပ်ငန်း လုပ်လာတာ မျိုးဆက်သုံးဆက်တောင် ရှိနေပြီ...။ သူတို့လို မျိုးဆက်တစ်ဆက်၊ နှစ်ဆက်လောက် ကြိုးစားရုံနဲ့ တက်လာတဲ့သူတွေကို ကျွန်တော်တို့က ဘာလို့ အရှုံးပေး ရမှာလဲ...။ သူတို့ကို ကျွန်တော်တို့ရဲ့ ခြေအောက် ပြန်ရောက်အောင် နင်းချေပစ်ရမယ်...။"
မိမိ အမြတ်နိုးဆုံး ဒုတိယသား၏ စကားများကို ကြားလိုက်ရသောအခါ ကော်အဖိုးကြီးမှာ ဒေါသထွက်လွန်း၍ သတိလစ်မတတ် ဖြစ်သွားရလေသည်။
မစ္စတာဝမ်နှင့် မစ္စတာလု တို့မှာမူ ရယ်မောလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြလေသည်။
"ဒါဆို အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိကအသိုင်းအဝိုင်းထဲမှာ မကြာသေးခင်က ကွဲလွဲမှုတွေ ဖြစ်ခဲ့တာ အားလုံး ခင်ဗျားတို့ လက်ချက်ပေါ့...၊ သိုက်မိသားစုက ခေါင်းဆောင်နေတာလား...။"
"သိုက်မိသားစုက သူတော်ကောင်းယောင်ဆောင်ပြီး ကျွန်တော်တို့ဆီ လာတုန်းက တစ်ခုခုတော့ မှားနေပြီလို့ ကျွန်တော် ခံစားမိသားပဲ...။ အခု ကြည့်ရတာ သူတို့မှာ တခြား ရည်ရွယ်ချက်တွေ တကယ် ရှိနေခဲ့တာကိုး...။"
ထိုအချိန်တွင် လျန်ထျန်းကလည်း ဝင်ပြောလိုက်သည်။
"ဟူး... နေရာတစ်ခုတည်းက လာကြတဲ့သူတွေပဲ...။ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို သူတို့ လက်မခံချင်ရင်တောင် သူတို့ကို မဖယ်ထုတ်သင့်ဘူးလို့ ကျွန်တော် တွေးနေခဲ့တာ...။"
"ဒါပေမဲ့ အခု ကြည့်ရတာ ကျွန်တော်တို့နဲ့ အမျိုးမတူတဲ့ သူတွေက စိတ်ထားချင်းလည်း တူညီမှာ မဟုတ်ဘူးထင် တယ်...။ မစ္စတာဝမ်၊ အစ်ကိုလု...၊ ဒီကနေစပြီး ကျန်တာတွေကို ခင်ဗျားတို့ပဲ ကိုင်တွယ်လိုက်ပါတော့...။"
ထို့နောက် မစ္စတာဝမ်နှင့် မစ္စတာလု တို့က အလှည့်ကျ ဝင်ပြောလိုက်ကြသည်။
"ညီလေးရဲ့ ရင်းနှီးမြှုပ်နှံမှု (၂၀) ရာခိုင်နှုန်းလောက် မပါဝင်တဲ့ ကုမ္ပဏီတွေအားလုံး သူတို့နဲ့ သက်ဆိုင်နေလိမ့် မယ်...။ သူတို့က အနက်ရှိုင်းကြီး ထိုးဖောက်ဝင်ရောက်နိုင်သေးတာ မဟုတ်တော့ သူတို့ကို ရှင်းလင်းဖို့ သိပ်မ ခက်ခဲပါဘူး...။"
"သူတို့ကို ရှင်းလင်းလိုက်ရုံနဲ့ လုံလောက်ပြီလား...။ သူတို့ အယ်လ်မြို့တော်မှာ ဆက်ပြီး ရပ်တည်လို့ မရအောင် ကို ကျွန်တော် လုပ်ပြမယ်...။"
နောက်ဆုံးတွင် လူတိုင်း၏ အကြည့်များက ကော်အဖိုးကြီးထံသို့ ရောက်ရှိသွားလေသည်။
"ကော်အဖိုးကြီး...။ ခင်ဗျား တကယ့်ကို သားကောင်းလေး တစ်ယောက်ကို မွေးထားတာပဲ...။ သူက ချက်ချင်းပဲ အကုန်လုံးကို ပြောပြလိုက်တာကိုး...။"
"ဟုတ်တယ်...၊ ဒီကောင်လေးသာ မရှိရင် ခင်ဗျားတို့ရဲ့ အစီအစဉ်တွေကို ကျွန်တော်တို့ သိနိုင်မှာ မဟုတ်ဘူး...။ အဲ့ဒီလိုသာဆိုရင် အခြေအနေတွေက ဘယ်လို ဖြစ်သွားမလဲဆိုတာ ကျွန်တော်တို့ တကယ် မသိနိုင်တော့ဘူး...။"
ထိုစကားကို ကြားသောအခါ ကော်အဖိုးကြီးမှာ သွေးအန်မတတ် ဒေါသထွက်သွားလေသည်။ သူသည် လှည့်ကာ သားဖြစ်သူ၏ မျက်နှာကို အားပါးတရ ဖြတ်ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"မိုက်မဲတဲ့ကောင်...။ ဒီနှစ်တွေထဲ သိုက်မိသားစုနဲ့ ငါတို့ ကြံစည်ထားတဲ့ အစီအစဉ်တွေအားလုံး မင်းကြောင့် ပျက်စီး ရပြီ...။ မင်းနဲ့ မင်းအစ်ကို နှစ်ယောက်လုံး စိတ်မမှန်ကြဘူးလို့ ငါ ထင်တယ်...။"
"တဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ မင်း မသိဘူးလား...။ အဲ့ဒါက အချိန် မကျသေးဘူးလို့ ပြောတာ...။"
"ဝမ်မိသားစု နောက်ကွယ်မှာလည်း အဲ့ဒီ ထူးဆန်းတဲ့ ရင်းနှီးမြှုပ်နှံသူရဲ့ အရိပ်အယောင် ရှိနေလို့ မင်းကို ဝမ် မိသားစုရဲ့ သမီးကြီးကို ရအောင် ယူခိုင်းဖို့ ငါ မူလက စဉ်းစားထားခဲ့တာ...။"
"ဒီနည်းနဲ့ ရန်သူ့လျှို့ဝှက်ချက်တွေကို ငါတို့ ဖော်ထုတ်နိုင်ပြီး ကိုယ့်အကြောင်းကိုရော ရန်သူ့အကြောင်းကိုပါ သိထားရင် အောင်ပွဲခံနိုင်ဖို့ သော့ချက်ပဲလေ...။ ရန်သူကို အနှောင့်အယှက်ပေးဖို့ အခွင့်အရေးတွေလည်း ငါတို့ ရှာတွေ့နိုင်တယ်...။"
"ဒါပေမဲ့ အခုတော့...၊ မင်းက အကုန်လုံးကို ဖွင့်ချလိုက်ပြီ...။ တိုက်ရိုက် စစ်ကြေညာတာတို့၊ စီးပွားရေးလုပ်ငန်း သုံးဆက်လုပ်လာတာက တစ်ဆက် နှစ်ဆက်လုပ်တဲ့သူတွေကို ရှုံးရတာတို့က ဘာတွေလဲ...၊ မင်း အရူးလား...။"
ကော်အဖိုးကြီးက သားဖြစ်သူအား အရူးဟု ဆဲဆိုနေသော်လည်း သူပြောလိုက်သော စကားများက သားဖြစ်သူ ပြောခဲ့သည်ထက်ပင် ပို၍ အသေးစိတ်ကျနေလေသည်။ ထို့ကြောင့် သားအဖများပီပီ ရုပ်ရည်သွင်ပြင်ကိုသာမက ထူးချွန်ထက်မြက်သော ဉာဏ်ရည်ကိုပါ အမွေဆက်ခံထားကြသည်မှာ အံ့ဩစရာ မရှိပေ။
နောက်ဆုံးတွင် လျန်ထျန်းက ကော်မိသားစု သားအဖနှစ်ဦးကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။
"ကျားသစ်နက်ကို လွှတ်လိုက်...။"
ဟုန်ပေါင်သည် ချက်ချင်းပင် သူ၏ လူများကို ဦးဆောင်ကာ ကော်သားအဖကို အပြင်းအထန် ရိုက်နှက်စေခဲ့ပြီး နောက် လူအများရှေ့တွင်ပင် ဝမ်မိသားစု၏ တံခါးအပြင်ဘက်သို့ ဆွဲထုတ် ပစ်ချလိုက်လေသည်။
အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အဓိကအသိုင်းအဝိုင်းထဲမှ တိုက်မိသားစု ဦးဆောင်သော ကုမ္ပဏီ (၂၀) ရာခိုင်နှုန်းခန့်မှာ မကြာမီ ရှင်းလင်းခံရတော့မည်ဟု ယုံကြည်ပါသည်။
လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများအရ သူတို့သည် အယ်လ်မြို့တော်တွင် ဆက်လက်၍ ရှင်သန်နိုင်မည် မဟုတ်တော့ပေ။ သူတို့အနေဖြင့် မွေးရပ်မြေကို စွန့်ခွာကာ အခြားမြို့များသို့ သွားရောက်ရမည် သို့မဟုတ်ပါက တဖြည်းဖြည်း ကျဆင်းသွားရုံသာ ရှိတော့သည်...