အခန်း ၂၂၄
Vol. 23 Ch. 224
အခန်း (၂၂၄)
လိုလိုလားလား လက်ခံခဲ့သည့် ထူးဆန်းသော အမှာစာ
ကော်မိသားစုကို ရှင်းလင်းပြီးနောက် လျန်ထျန်းသည် အခြားမိသားစုဟောင်းများကို ဝေ့ကြည့်ကာ လေးနက် သောအသံဖြင့် ပြောလိုက်လေသည်။
"ခင်ဗျားတို့က တစ်ချိန်က ထွန်းတောက်ခဲ့တဲ့ ရှေးဟောင်းမိသားစုတွေဆိုတာ ကျွန်တော်သိပါတယ်၊ ခင်ဗျားတို့ အားလုံးမှာ ဂုဏ်ယူစရာတွေ ရှိကြပါတယ်...။"
"ဒါပေမဲ့ အခု ခင်ဗျားတို့ရှေ့မှာ လမ်းနှစ်သွယ် ရှိနေပြီလို့ ကျွန်တော် ပြောချင်တယ်...။"
"ပထမအချက်က ကျွန်တော်တို့ ရိုးရိုးသားသား စီးပွားရေးလုပ်ကြမယ် တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဖက် ကြဘူး...။"
"ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ခိုင်မာတဲ့ မူဝါဒက သူတစ်ပါးက ကိုယ့်ကို လာမစော်ကားသရွေ့ သူတစ်ပါးကို မစော်ကားဘူး သူတို့က လာစော်ကားရင်တော့ အမြစ်ပြတ် ရှင်းထုတ်ပစ်မယ်...။"
"ဒုတိယအချက်က အခုကစပြီး ဝမ်မိသားစုက ခေါင်းဆောင်ဖြစ်လိမ့်မယ် ကျွန်တော်တို့နဲ့ ပူးပေါင်းရင် ခင်ဗျားတို့ တိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အရင်းအမြစ်တွေနဲ့ အကူအညီတွေ ပေးနိုင်တယ်...။"
"ဒါပေမဲ့ တခြားဘယ်သူ့ဆီကမဆို သစ္စာဖောက်တာကို တွေ့ရင် သူတို့ရဲ့ကံကြမ္မာက သိုက်မိသားစုနဲ့ ကော်မိသားစုထက် ပိုဆိုးသွားမယ်ဆိုတာ အာမခံနိုင်တယ်...။"
"ကျွန်တော် ပြောစရာရှိတာ ဒါပဲ..။ ကျန်တာကတော့ ခင်ဗျားတို့ ရွေးချယ်ဖို့ပဲ...။"
လျန်ထျန်း၏ စကားများကို ကြားပြီးနောက် ထိုမိသားစုဝင်များ၏ မျက်နှာအမူအရာများမှာ အလွန် ရှုပ်ထွေးသွား လေတော့သည်။
ဒဏ္ဍာရီတစ်ခုအဖြစ် ကောလာဟလ ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ရင်းနှီးမြှုပ်နှံသူမှာ ဤမျှ ငယ်ရွယ်သူတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
ထို့ပြင် သူသည် အလွန် ရက်စက်ပြီး အာဏာရှင်ဆန်လှလေသည်။ ထိုအရာအားလုံးမှာ ကော်မိသားစုက လျန်ထျန်းကို ရန်စခဲ့သောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ ကော်မိသားစု၏ ရန်စမှုသာ မရှိခဲ့လျှင် လျန်ထျန်းသည် ဤမျှ ထင်ပေါ်မည် မဟုတ်ပေ။
သို့သော် ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤကဲ့သို့သော အင်အား နှင့် အဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်းမှာ သူ၏ နောက်ခံသမိုင်းကြောင်းကို မတွေးဘဲ မနေနိုင်အောင် ဖြစ်စေ ခဲ့သည်။
ကောလာဟလများအတိုင်း ဤသူသည် ထိပ်တန်းအင်အားစုတစ်ခုခု၏ ဒုတိယမျိုးဆက် သို့မဟုတ် တတိယ၊ စတုတ္ထ၊ ပဉ္စမ သို့မဟုတ် ဆဋ္ဌမမျိုးဆက်ဝင် တစ်ဦးများ ဖြစ်နေမလားဟု တွေးတောမိကြလေသည်။
ထိုသို့ တွေးလိုက်မိသောအခါ ရှေးဟောင်းမိသားစုဝင်များမှာ ပို၍ စိတ်အေးသွားကြလေသည်။ ပွဲတော်ကို ဆက်လက်ကျင်းပခဲ့ပြီး သူတို့အားလုံးသည် လျန်ထျန်းနှင့် ဝမ်မိသားစုအတွက် ခွက်များမြှောက်ကာ ဂုဏ်ပြု လိုက်ကြလေသည်။
သို့သော် ပွဲမပြီးဆုံးမီ လျန်ထျန်းသည် အကြောင်းပြချက်တစ်ခုရှာကာ ဝမ်ရှောင်ရို့နှင့်အတူ လမ်းခုလတ်မှ ထွက်ခွာသွားခဲ့လေသည်။
ဤသည်မှာ လျန်ထျန်းကို ဂုဏ်ပြုအရက်တိုက်ချင်သေးသော မိသားစုခေါင်းဆောင်များကို အလွန် နောင်တရကာ စိတ်ပျက်သွားစေခဲ့ပြီး ဝမ်ချန်ကျွင်းထံသို့သာ သွား၍ ဂုဏ်ပြုအရက်တိုက်နိုင်ကြတော့သည်။
ဝမ်ချန်ကျွင်းမှာ လျှို့ဝှက်ဆန်းကြယ်သည့် ရင်းနှီးမြှုပ်နှံသူ၏ ယောက္ခမ ဖြစ်လာနိုင်သည်ကို သိထားသဖြင့် ယခု ဝမ်မိသားစုကို မျက်နှာလိုမျက်နှာရ လုပ်ထားခြင်းမှာ အလွန်ကောင်းမွန်သော ရွေးချယ်မှုပင် ဖြစ်သည်။
ညဉ့်နက်ချိန်တွင် လျန်ထျန်းသည် ဝမ်ရှောင်ရို့နှင့်အတူ လမ်းလျှောက်လာခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်အတွင်း သူတို့ ကြုံတွေ့ခဲ့ရသည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများစွာကို စကားစမြည် ပြောဆိုခဲ့ကြလေသည်။
အချိန်တစ်ခု နေရာတစ်ခုသို့ ရောက်သောအခါ လျန်ထျန်းက လေးနက်စွာဖြင့် ပြောလိုက်လေသည်။
"ရှောင်ရို့ ကိုယ်တို့ လက်ထပ်နိုင်အောင် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ဖို့ ကိုယ် စဉ်းစားနေတယ်…၊ ကိုယ့်ကို လက်ထပ်မှာလား...။"
ပြောရင်းနှင့် လျန်ထျန်းသည် အိတ်ကပ်ထဲမှ သေတ္တာငယ်လေးတစ်ခုကို ထုတ်ကာ ဝမ်ရှောင်ရို့ထံ ကမ်းပေးလိုက် ပြီး သူမက ဖွင့်ကြည့်လိုက်လေသည်။
သေချာကြည့်လိုက်သောအခါ ၎င်းမှာ အရွယ်အစားခပ်ကြီးကြီး စိန်တစ်ပွင့် စီခြယ်ထားသော တောက်ပနေသည့် ရွှေလက်စွပ်တစ်ကွင်း ဖြစ်နေလေသည်။
မှန်ပေသည်၊ လျန်ထျန်းက လက်ထပ်ခွင့်တောင်းနေခြင်း ဖြစ်သည်။
ဝမ်ရှောင်ရို့သည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ ပါးစပ်ကို အရင်ဖုံးအုပ်လိုက်ပြီး ခေါင်းကို ဆတ်ခနဲ ညိတ်ပြလိုက် ရာ လျန်ထျန်းက ဝမ်းသာအားရဖြင့် သူမ၏ လက်သူကြွယ်တွင် လက်စွပ်ကို စွပ်ပေးလိုက်လေသည်။
သို့သော် မကြာမီပင် ဝမ်ရှောင်ရို့က တစ်စုံတစ်ရာကို သတိထားမိသွားပြီး မေးလိုက်သည်။
"တာထျန်းထျန်း ကိုယ်တို့ မလက်ထပ်ခင် အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလုံးကို ဝယ်ချင်တယ်လို့ ပြောခဲ့တာလား...။"
လျန်ထျန်းက ခေါင်းညိတ်ကာ ပွင့်လင်းစွာ ပြန်ဖြေလိုက်သည်။
"ကိုယ်က အစားအသောက်ပို့တဲ့ အလုပ်နဲ့ အောက်ခြေကနေ စခဲ့တာဆိုတော့ ဒီလုပ်ငန်းမှာ အလုပ်လုပ်လေလေ တိုးတက်ဖို့ လိုအပ်နေတဲ့ နေရာတွေ အများကြီး ရှိတယ်ဆိုတာ ပိုသဘောပေါက်လာလေပဲ...။"
"ကိုယ့်ကို အချိန်နည်းနည်းပေးပါ…။ ကိုယ် ဒီလုပ်ငန်းကို ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ်…။ အဲဒီအခါကျရင် ကိုယ့်မှာ ဘာစိုးရိမ်ပူပန်မှုမှ မရှိတော့ဘဲ ကိုယ်တို့ လိုချင်တဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်း နိုင်ပြီလေ ဟုတ်တယ်မလား...။"
ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ရို့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်လေ သည်။
"ဒါပေါ့ သိပ်ကောင်းတာပေါ့…၊ ပြီးတော့ ရှောင်ရို့လည်း ကျောင်းပြီးခါစဆိုတော့ အကောင်အထည်ဖော်ချင်တဲ့ ကိုယ်ပိုင်အိပ်မက်တွေနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ရှိတယ်...။"
"ဒါနဲ့ ဒီကိစ္စမှာ ရှောင်ရို့ကို ပိုက်ဆံတွေ အများကြီး မပုံပေးနဲ့နော်၊ အဲ့လိုဆိုရင် အဓိပ္ပာယ်မရှိတော့ဘူး ၊ ရှောင်ရို့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုနဲ့ ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာ စမ်းကြည့်ချင်တယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။
"ကောင်းပါပြီ…၊ ရှောင်ရို့ လုပ်ချင်တာ ဘာမဆို လုပ်ပါ...။"
"ရှောင်ရို့ ကျောင်းပြီးဖို့ နိုင်ငံခြားကို သွားမယ်လို့ အခိုင်အမာ ပြောတုန်းက ကိုယ်သိခဲ့တယ်၊ ရှောင်ရို့မှာ ကိုယ်ပိုင် ရည်မှန်းချက်တွေနဲ့ ပန်းတိုင်တွေ အများကြီး ရှိရမယ်ဆိုတာကိုလေ...။"
"အခု ကျောင်းပြီးသွားပြီဆိုတော့ ကိုယ်သင်ယူခဲ့တဲ့ အရာတွေရဲ့ တန်ဖိုးကို သက်သေပြချင်မှာပဲ…၊ အဲ့ဒီအတွက် ကိုယ် ရှောင်ရို့ကို အပြည့်အဝ ထောက်ခံတယ်...။"
လျန်ထျန်း၏ ထိုစကားကြောင့် ဝမ်ရှောင်ရို့မှာ ထပ်မံ၍ စိတ်လှုပ်ရှားသွားပြီး သူ့ထံသို့ မှီချလိုက်လေသည်။
"တာထျန်း နဲ့ တွေ့ရတာ အရမ်းကောင်းတာပဲ ကိုယ်တို့က မွေးကတည်းက နားလည်မှု တစ်ခုခု ပါလာသလိုမျိုး တွေးခေါ်ပုံချင်း တူတယ်လို့ ခံစားရတယ်...။"
လျန်ထျန်းက လက်လှမ်းကာ သူမကို တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။
"ဒါကို ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ ဖူးစာလို့ ခေါ်မယ်ထင်တယ်…။ ကိုယ်တို့က အချစ်ကို ရှာတွေ့ခဲ့ပြီး အချစ်ရှိနေတာ တကယ်ကို ကံကောင်းတာပဲ...။"
"တစ်ချိန်တုန်းက ကိုယ်က အချစ်ကို ယုံကြည်ပေမဲ့ အချစ်က ကိုယ့်ဆီ ရောက်လာလိမ့်မယ်လို့တော့ မယုံရဲခဲ့ သလိုတောင် ထင်ခဲ့မိတာ...။"
"တစ်သက်လုံး တည်တံ့နိုင်ပြီး ပထမဆုံး တွေ့ဆုံခဲ့ရသလို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အချစ်မျိုး သေချာပေါက် ရှိပါတယ် ဒါပေမဲ့ အခွင့်အလမ်းက အရမ်းနည်းပြီး ကျော်လွှားရမယ့် လက်တွေ့ပြဿနာတွေက အရမ်းများနေ တယ်လေ...။"
"ပြီးတော့ ကိုယ်က အရမ်းကံကောင်းတယ် ရှောင်ရို့နဲ့ တွေ့ရရုံသာမက အထူးအကြောင်းပြချက်တချို့ကြောင့် ကိုယ့်ရဲ့ လုပ်ငန်းကလည်း အရမ်းအောင်မြင်လာခဲ့တယ်...။"
"အခု ကိုယ်တို့မှာ တူညီတဲ့ အမြင်တွေ ရှိနေပြီဆိုတော့ နောက်ထပ် နှစ်နှစ်လောက် အတူတူ ကြိုးစားကြပြီး ပိုတောက်ပတဲ့ အနာဂတ်ကို မျှော်လင့်ကြတာပေါ့...။"
သူ စကားပြောအပြီးတွင် ပတ်ဝန်းကျင်၌ မီးရှူးမီးပန်းများ လင်းလက်သွားလေသည်။ ဤသည်မှာ ဝမ်ရှောင်ရို့ အတွက် လျန်ထျန်း ပြင်ဆင်ထားသော နောက်ထပ် အံ့အားသင့်စရာတစ်ခု ပင်ဖြစ်သည်။
သူတို့နှစ်ဦးသည် ရိုမန်းတစ်ဆန်သော မီးရှူးမီးပန်းများအောက်တွင် စိတ်အားထက်သန်စွာ အနမ်းဖလှယ်ခဲ့ကြ လေသည်။
မကြာမီပင် လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့ စေ့စပ်ခဲ့ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ ကောင်းမွန်စွာ အတူနေထိုင်နိုင်ရန် တရားဝင် အဆင့်အတန်းတစ်ခု လိုအပ်ပေသည်။
ထိုနောက်ပိုင်းရက်များတွင် ဝမ်ရှောင်ရို့သည် သူမ၏ အစီအစဉ်အတိုင်း စီးပွားရေးလုပ်ငန်းကို စတင်ခဲ့ပြီး တဖြည်းဖြည်းနှင့် အလုပ်များလာခဲ့လေသည်။
လျန်ထျန်းမှာလည်း ယခင်ကအတိုင်း အလုပ်များနေဆဲဖြစ်ကာ မိုးရွာရွာ နေပူပူ မနက်စောစောမှ ညဉ့်နက် သည်အထိ အမှာစာများ လက်ခံကာ အစားအသောက်များ ပို့ဆောင်နေလေသည်။
သူတို့နှစ်ဦးစလုံးသည် ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြင့် အလုပ်များနေကြပြီး ညနေပိုင်းတွင် အတူတူ အိမ်ပြန်လာကြလေသည်။ ဤကဲ့သို့သော ဘဝသည် ချိုမြိန်ပြီး ပျော်ရွှင်စရာကောင်းလှပေသည်။
...
တစ်နေ့တွင် လျန်ထျန်းသည် ထုံးစံအတိုင်း အမှာစာတစ်ခုကို လက်ခံလိုက်ရာ ဤတစ်ကြိမ်တွင် သူ မတွေ့ရ သည်မှာ ကြာပြီဖြစ်သော နောက်ထပ် ထူးဆန်းသည့် အမှာစာတစ်ခုနှင့် ကြုံတွေ့ရလေသည်။
သို့သော် လျန်ထျန်းသည် ဤထူးဆန်းသော အမှာစာကို လိုလိုလားလားပင် လက်ခံလိုက်လေသည်။ အကြောင်း မှာ မှတ်ချက်တွင် ဤသို့ ရေးသားထားသောကြောင့် ဖြစ်သည်။
[မင်္ဂလာပါ အစားအသောက်ပို့သူအစ်ကို..၊ ကျွန်တော်က မူလတန်း တတိယတန်း ကျောင်းသားတစ်ယောက်ပါ... ။ ဒီအမှာစာကို အမေ့ဖုန်းကိုသုံးပြီး မှာလိုက်တာပါ...။ ကျွန်တော် အကူအညီနည်းနည်း လိုအပ်နေလို့ပါ...၊ ကျေးဇူး ပြုပြီး အမှာစာကို လက်ခံပြီး ကျွန်တော့်ကို ဆက်ပြောခွင့်ပြုပါလား...။]
အောက်ဖော်ပြပါ အကြောင်းအရာများမှာ အမှာစာကို လက်ခံပြီးနောက် ကိုယ်ပိုင်မက်ဆေ့ချ်တွင် လျန်ထျန်း ရရှိခဲ့သော အသေးစိတ် အချက်အလက်များ ဖြစ်လေသည်။
[ကျွန်တော့်အမေက အိပ်ရာထဲ လဲနေပြီး သွားလာလှုပ်ရှားဖို့ ခက်ခဲပါတယ်...။ အဖေက လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက ဆုံးပါးသွားခဲ့ပါတယ်...။ ကျောင်းက မိဘဆရာ အစည်းအဝေးတွေကို ကျွန်တော်တစ်ယောက်တည်း အမြဲတက်ခဲ့ရတာပါ...။]
[အချိန်ကြာလာတော့ အတန်းဖော်တွေက ကျွန်တော့်မှာ မိဘမရှိဘူးဆိုပြီး လှောင်ပြောင်ကြတယ် အရိုင်းအစိုင်း လေးလို့ ခေါ်ပြီး အနိုင်ကျင့်ကြတယ်...။ ဒါကြောင့် စိတ်လိုက်မာန်ပါနဲ့ ဒီနေ့ မိဘဆရာ အစည်းအဝေးကို အဖေ့ ကို သေချာပေါက် ခေါ်လာခဲ့မယ်လို့ ကျွန်တော် ပြောလိုက်မိတယ်...။]
[အိမ်ရောက်တော့ ဤအကြောင်းကို အမေ့ကို ပြောပြလိုက်တဲ့အခါ အမေက အတော်ကြာအောင် စိတ်ဆင်းရဲ သွားခဲ့တယ်...။ နောက်ဆုံးတော့ ကျွန်တော် ဒီအတွေးတစ်ခု ရလာခဲ့တယ် တစ်ယောက်ယောက်ကို အဖေ့အနေနဲ့ ဟန်ဆောင်ပြီး မိဘဆရာ အစည်းအဝေးကို တက်ခိုင်းရင်ကောဆိုပြီးပေါ့...။ အဲ့ဒါကြောင့် ဒီအစားအသောက် အမှာစာလေး ဖြစ်လာရတာပါ...။]
[အစ်ကိုသာ ကူညီနိုင်ရင် ကျွန်တော်နဲ့ အမေက အရမ်းကျေးဇူးတင်မိမှာပါ...။ ကျေးဇူးဆပ်တဲ့အနေနဲ့ သစ်သီး တချို့ကို မှာထားပါတယ်…။ အစ်ကိုပဲ ယူထားလိုက်ပါ...။]
[တကယ်လို့ အဆင်မပြေတာ ဒါမှမဟုတ် မလုပ်ချင်ဘူးဆိုရင်လည်း ရပါတယ်...။ အစ်ကို့အနေနဲ့ အမှာစာကို ငြင်းပယ်တာ ဒါမှမဟုတ် တခြားကုမ္ပဏီကို လွှဲပြောင်းပေးတာမျိုး လုပ်နိုင်ပါတယ်...။ ကျွန်တော့်အဖေက သက်ရှိ ထင်ရှားရှိစဉ်က အစားအသောက်ပို့တဲ့သူ တစ်ယောက်ပါ အမှာစာတွေကို လွှဲပြောင်းလို့ရတယ်လို့ သူပြောတာကို ကြားဖူးလို့ ကျွန်တော် သိပါတယ်...။]
ဤအရာအားလုံးကို စိတ်ရှည်လက်ရှည် ဖတ်ပြီးနောက် လျန်ထျန်းသည် တစ်ဖက်လူမှာ လိမ်ညာနေခြင်း မဟုတ် ဘဲ အလွန် ယဉ်ကျေးပြီး ရိုးသားသော ကလေးတစ်ဦး ဖြစ်မည်ဟု ခံစားလိုက်ရလေသည်။
ဤကဲ့သို့ ကံမကောင်းလှသော မိသားစုမှ ကလေးငယ်သည် သူ၏ဖခင်အဖြစ် ဟန်ဆောင်ကာ မိဘဆရာ အစည်း အဝေးသို့ တက်ရောက်ပေးမည့်သူ တစ်ဦးကိုသာ လိုလားနေခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ 'လိမ်ညာမှု' တစ်ခုဖြစ်သော်လည်း ယုတ္တိတန်သော လိမ်ညာမှုတစ်ခု ဖြစ်ပေသည်။ အဘယ်ကြောင့် ဆိုသော် ဤနည်းအားဖြင့်သာ သူသည် အတန်းဖော်များ၏ ခွဲခြားဆက်ဆံမှု သို့မဟုတ် အနိုင်ကျင့်မှုတို့မှ ကင်းဝေးနိုင်မည် ဖြစ်သောကြောင့်တည်း။
အခြားသော အစားအသောက်ပို့ဆောင်သူများသာ ဤအမှာစာမျိုးကို မြင်ပါက ကူညီချင်ကြမည် ဖြစ်သော်လည်း သူတို့တွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေကြမည်မှာ သေချာပေသည်။
မည်သို့ပင်ဆိုစေကာမူ သာမန် အစားအသောက်ပို့ဆောင်သူများအနေဖြင့် အမှန် သို့မဟုတ် အမှား ဟူသည်ကိုပင် မသိရသေးမီ တစ်ညလုံး အချိန်ဖြုန်းကာ ဤကဲ့သို့ လုပ်ဆောင်ပေးမည် မဟုတ်ပေ။
လိမ်လည်ခံရနိုင်ခြေကို ဖယ်ထားလိုက်လျှင်ပင် အစားအသောက်ပို့ဆောင်ရန်အတွက် အကောင်းဆုံးဖြစ်သော တစ်ညလုံး အချိန်ကုန်ခံလိုက်ခြင်းမှာ တစ်နေ့တာ ဝင်ငွေ၏ ထက်ဝက်ကို ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။
သူတို့အားလုံးမှာ အစားအသောက်ပို့ဆောင်ရေး လုပ်ငန်းထဲသို့ ဝင်ရောက်လာကြသူများဖြစ်ရာ ဝမ်းရေးအတွက် ရုန်းကန်နေရသူများချည်း ဖြစ်သည် မဟုတ်ပါလော။
မိမိကိုယ်ကိုပင် ကောင်းစွာ မစောင့်ရှောက်နိုင်ချိန်တွင် အခြားသူများကို ကူညီရန် မည်သို့ အားထုတ်နိုင်ပါ မည်နည်း။
ထို့ကြောင့် ယနေ့ခေတ် လူ့အဖွဲ့အစည်းရှိ လျစ်လျူရှုမှုများစွာမှာ လူတို့သည် မိမိကိုယ်ကို စောင့်ရှောက်ရန် အလွန်အလုပ်များနေကြခြင်းကြောင့်ပင် ဖြစ်လေသည်။
ကံကောင်းထောက်မစွာဖြင့် ယခုအခါ လျန်ထျန်းသည် အခြေအနေ ကောင်းမွန်နေပြီဖြစ်ကာ ဤကိစ္စ၏ အမှန် တရားကို စုံစမ်းစစ်ဆေးရန် အချိန်နှင့် ခွန်အားများကို ပေးနိုင်စွမ်း ရှိနေပေသည်။
အကယ်၍ မှန်ကန်ပါက ဤကဲ့သို့သော ကလေးငယ်နှင့် မိသားစုကို သူ လိုလိုလားလား ကူညီပေးပေလိမ့်မည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် လျန်ထျန်းသည် ပါဆယ်ဆိုင်မှ မှာယူထားသော သစ်သီးများကို ချက်ချင်းသွားယူကာ ပေးထားသည့် လိပ်စာအတိုင်း ပို့ဆောင်ပေးလိုက်လေသည်။
၎င်းမှာ ဆင်ခြေဖုံးရပ်ကွက်ရှိ ဟောင်းနွမ်းပျက်စီးနေသော အိမ်ငယ်လေးတစ်လုံး ဖြစ်သည်။ တံခါးခေါက်လိုက် သောအခါ ကျောင်းဝတ်စုံအဟောင်းနှင့် လည်စည်းအနီရောင်ကို ဝတ်ဆင်ထားသော ကလေးငယ်တစ်ဦးက လာဖွင့်ပေးလေသည်။
ကျဉ်းမြောင်းပြီး စိုစွတ်နေသော အခန်းအတွင်းရှိ စုတ်ပြတ်နေသော ကုတင်တစ်လုံးပေါ်တွင်မူ ဖြူဖျော့နေသော မျက်နှာဖြင့် အမျိုးသမီးတစ်ဦး လဲလျောင်းနေလေသည်။
လက်တွေ့အခြေအနေကို မြင်ပြီးနောက် ဤမိသားစု၏ အခက်အခဲများမှာ စိတ်ကူးထားသည်ထက်ပင် ပို၍ ဆိုးရွားနေသည်ဟုသာ ပြောနိုင်တော့သည်။
လျန်ထျန်း ရောက်လာသည်ကို မြင်သောအခါ ကလေးငယ်မှာ အလွန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားလေသည်။
"ပို့ဆောင်ရေးအစ်ကို အစ်ကိုရောက်လာပြီဆိုတော့ အစ်ကိုက ကျွန်တော့်အဖေအဖြစ် ဟန်ဆောင်ပြီး မိဘဆရာ အစည်းအဝေးကို တက်ပေးဖို့ သဘောတူတယ်ဆိုတဲ့ အဓိပ္ပာယ်လား...။"
လျန်ထျန်းက သစ်သီးများကို အရင်ချထားလိုက်ရာ ကောင်လေးက အမြန်ပြောလိုက်သည်။
"ဦးလေးက ကျွန်တော့်အဖေအဖြစ် ဟန်ဆောင်ပြီး မိဘဆရာ အစည်းအဝေးကို တက်ပေးမယ်ဆိုရင် ဒီသစ်သီး တွေကို ကျေးဇူးဆပ်တဲ့ လက်ဆောင်အဖြစ် သဘောထားပြီး ယူသွားပေးပါ...။"
ကလေးငယ်သည် တစ်စုံတစ်ယောက်က သူ၏ဖခင်အဖြစ် ဟန်ဆောင်ကာ မိဘဆရာ အစည်းအဝေးသို့ သွားပေး ရန် အမှန်တကယ် မျှော်လင့်နေကြောင်း ထင်ရှားလှပေသည်။
သူ၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များတွင် လျန်ထျန်းက အချိန်မရွေး ငြင်းပယ်သွားမည်ကို စိုးရိမ် ထိတ်လန့်မှုများလည်း ရောနှောနေလေသည်။
ကလေးငယ်၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာကို မြင်သောအခါ လျန်ထျန်းက ပြုံးလိုက်ပြီး လက်လှမ်းကာ ကလေး၏ ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်လေသည်။
"ဦးလေးက အစားအသောက်ပို့တဲ့သူပါ ဖောက်သည်တွေ မှာထားတဲ့ အစားအသောက်ကို ဘယ်လိုလုပ် စားလို့ ရမှာလဲ...။"
"မိဘဆရာ အစည်းအဝေးမှာ ဦးလေးကို မင်းအဖေအဖြစ် ဟန်ဆောင်ပေးဖို့ ဆန္ဒကိုတော့ ဦးလေး သဘောတူ နိုင်ပါတယ်...။"
"ဒါပေမဲ့ မင်းကို ဘယ်သူမှ အနိုင်မကျင့်ဖို့ ဒါမှမဟုတ် ဒုက္ခမပေးဖို့တော့ ဦးလေးကို ကတိပေးရမယ်နော်…။ မင်း က စာကိုပဲ အာရုံစိုက်ပြီး အမေ့ကို ကောင်းကောင်း စောင့်ရှောက်နိုင်အောင် မြန်မြန် ကြီးပြင်းလာရမယ်...။"
ကလေးငယ်က လျန်ထျန်း၏ တောင်းဆိုမှုများကို မဆိုင်းမတွပင် လိုလိုလားလား သဘောတူလိုက်ပြီး သူ၏ မျက်လုံးများမှာ ကြည်လင်ကာ ပြတ်သားနေလေသည်။
ထိုအချိန်တွင် လျန်ထျန်းသည် ကုတင်ပေါ်ရှိ အမျိုးသမီးကို ထပ်မံကြည့်လိုက်ပြန်သည်။ သူမသည် အိပ်ရာထဲ လဲနေရုံသာမက ကုသ၍မရနိုင်သော ရောဂါကို ခံစားနေရကာ အလွန် အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေ ပုံရလေသည်။
ထို့ကြောင့် လျန်ထျန်းသည် ကြိုတင်ပြင်ဆင်ထားသော ကျောင်အနည်းငယ်ကို ထုတ်ကာ အမျိုးသမီးအား ပေးလိုက် လေသည်။
ယခုအချိန်တွင် ကျောင်အနည်းငယ်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ် သိန်းပေါင်း များစွာနှင့် ညီမျှသည်ကို သိထားသင့်ပေသည်။
အမျိုးသမီးသည် သူမလက်ထဲရှိ ပိုက်ဆံကို မြင်လိုက်ရသောအခါ အစပိုင်းတွင် မှင်တက်သွားပြီးနောက် ချက်ချင်းပင် ပြန်တွန်းကာ ငြင်းဆန်လိုက်လေသည်။
"မလုပ်ပါနဲ့...၊ မလုပ်ပါနဲ့...။ ရှင်က ကျွန်မကလေးကို လာကူညီပေးတာကိုတင် အရမ်းကျေးဇူးတင်နေပါပြီ…။ ဒီထက်ပိုပြီး ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ...။ အဟွတ်...၊ အဟွတ်...၊ အဟွတ်...။"
စကားပင် ဆုံးအောင် မပြောနိုင်မီ အမျိုးသမီးမှာ ချောင်းဆိုးလာလေသည်။ သူမသည် အမှန်တကယ်ပင် အလွန် နေမကောင်းဖြစ်နေရှာသည်။
လျန်ထျန်းက ငွေများကို အတင်းပြန်ပေးလိုက်ပြီးနောက် သူကြိုတင်ပြင်ဆင်ထားသော အကြောင်းပြချက်ကို အသုံးပြုလိုက်လေသည်။
"ဒီပိုက်ဆံကို လက်ခံထားလိုက်ပါ ဒါက ကျွန်တော့်ဆီက ပေးတာမဟုတ်ပါဘူး အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီက ပေးတာပါ...။"
"ခင်ဗျားရဲ့ ခင်ပွန်းက အရင်တုန်းက အစားအသောက်ပို့ဆောင်ရေးသမား လုပ်ခဲ့တာ မဟုတ်ဘူးလား...။ ဒါက ကုမ္ပဏီကပေးတဲ့ နစ်နာကြေးလိုမျိုးမို့လို့ မဖြစ်မနေ လက်ခံရပါမယ်...။"