အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း (၂၂၆)
လက်ခုပ်တစ်ဖက်တည်း တီးလို့မည်ပါ့မလား
လျန်ထျန်းသည် ဟန်ရေးပြနေကြသော ဤလူများကို ကြည့်နေခြင်းမှာ လူပြက်များကို ကြည့်နေရသည်နှင့် ခြားနားခြင်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ လျန်ထျန်း၏ လက်ရှိ လူမှုအဆင့်အတန်းအရ အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များ အသင်း၏ အဓိကအသိုင်းအဝိုင်းမှ ဩဇာတိက္ကမကြီးမားသူများပင်လျှင် သူ့အား အထူးရိုသေလေးစားစွာ ဆက်ဆံရမည် ဖြစ်လေသည်။
ယခုအချိန်တွင် အစွမ်းအစအရှိဆုံး သူများပင်လျှင် အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အဓိကအသိုင်းအဝိုင်းထဲသို့ တိုးဝင်နိုင်ရန် အခွင့်အရေးရရှိရေးအတွက် အနည်းဆုံး နောက်ထပ် နှစ်အနည်းငယ်မျှ ကြိုးစားအားထုတ်ရဦးမည် ဖြစ်သည်။
လူအများစုမှာ တစ်သက်လုံး ဤအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။ အကြောင်းမူကား သူတို့၏ စကားနှင့် အပြုအမူများကို ကြည့်ရုံဖြင့် မည်သို့သော လူစားမျိုးဖြစ်ကြောင်း သိနိုင်သောကြောင့်ပင်။ သူတို့အတွက် စစ်မှန် သော ဩဇာတိက္ကမကြီးမားသူများ ဖြစ်လာရန် အခွင့်အရေး လုံးဝ မရှိပေ။
အကယ်၍ လျန်ထျန်းကသာ ထိုသူများကို တကယ်တမ်း ရှင်းလင်းချင်ပါက ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေလိုက်သည်နှင့် ခြားနားမည်မဟုတ်သော်လည်း သူတို့မှာမူ ယခုအချိန်ထိ ဤအချက်ကို သတိမပြုမိ ကြသေးပေ။
စာသင်ခန်းထဲသို့ မဝင်မီကတည်းက သူ ကြိုတင်စီစဉ်ထားသူများ မည်သည့်နေရာသို့ ရောက်နေပြီလဲဟု မေးမြန်းရန် လျန်ထျန်းက ဖုန်းကို ထုတ်ယူလိုက်စဉ်မှာပင်...၊
ဆရာမ ရောက်ရှိလာခဲ့လေသည်။ သူမသည် အတော်အတန် လှပသော ဆရာမလေးတစ်ဦး ဖြစ်သည်။
အမှန်တကယ်တော့ ထိုဆရာမလေးမှာ စောစောကတည်းက ရောက်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း အခန်းထဲသို့ မဝင်ဘဲ တံခါးအပြင်ဘက်တွင် ပုန်းကွယ်နေခဲ့ကာ စာသင်ခန်းထဲ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကြားသိ ခဲ့ရလေသည်။
အခန်းထဲသို့ ဝင်ဝင်ချင်းပင် ဆရာမဖြစ်သူက လျန်ထျန်းအား စိတ်အနှောင့်အယှက်ဖြစ်ဟန် လေသံဖြင့် ပြောလိုက်လေသည်။
"လင်ရှန်းရဲ့အဖေ...၊ ရှင်က စင်မြင့်ပေါ်မှာ ဘာလုပ်နေတာလဲ...။ ဒါက ရှင်ရပ်ရမယ့် နေရာလား...။"
"မိဘဆရာအစည်းအဝေးကို အရင်က တစ်ခါမှ မတက်ဖူးဘူး အခု ပထမဆုံးအကြိမ် လာတာကိုက တခြားမိဘ တွေနဲ့ ပြဿနာတက်နေပြီ...။ လင်ရှန်းကလည်း ရှင့်လိုပဲ...။"
"လင်ရှန်းက ကျောင်းမှာ အမြဲတမ်း ပြဿနာရှာပြီး အတန်းဖော်တွေနဲ့တောင် ရန်ဖြစ်တယ်ဆိုတာ ရှင်သိရဲ့လား...၊ အဖေတူ သားပဲ...။"
ဆရာမဖြစ်သူ၏ စကားများကို ကြားပြီးနောက် လျန်ထျန်း တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် ကလေးငယ် လင်ရှန်းက မကျေမနပ်ဖြစ်ဟန်ဖြင့် ချက်ချင်း ပြောလိုက်လေသည်။
"ဆရာမ အဲ့ဒီလိုမဟုတ်ပါဘူး...။ သူတို့က သားကို အရင်ဆုံး မိဘမဲ့လို့ ခေါ်ကြတာပါ…။ ပြီးတော့ သူတို့က သားကို အရင်စရိုက်လို့ သားက...၊"
သို့သော် ကလေးငယ် ရှင်းပြ၍ မဆုံးမီမှာပင် ဆရာမဖြစ်သူက ဖြတ်ပြောလိုက်လေသည်။
"တော်တော့...၊ ပါးစပ်ပိတ်ထားစမ်း...။"
"လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာလေ...။ ဘာလို့ အဲ့ဒီအတန်းဖော်တွေက တခြားသူတွေကို မရိုက်ဘဲ မင်းကိုမှ ရိုက်ရတာလဲ...။ အဲ့ဒါက မင်းမှာလည်း ပြဿနာရှိနေလို့ပဲဆိုတာ သိရဲ့လား...။"
"ဆင်ခြေတွေပေးပြီး တခြားသူတွေကို အပြစ်တင်နေမယ့်အစား ကိုယ့်ဘက်က အကြောင်းရင်းကိုလည်း အမြဲ တမ်း ပြန်ရှာသင့်တယ်...။ မင်းက ဆရာမစကားကို နားမထောင်တော့ဘူးလား...။"
ထိုစကားကို ကြားသောအခါ ကလေးငယ်မှာ ခေါင်းငုံ့သွားပြီး ဆက်မပြောရဲတော့ချေ။
သူဌေးကျင်းနှင့် သူ၏လူများမှာ စိတ်လှုပ်ရှားသွားကြလေသည်။
"ကြည့်စမ်း ကြည့်စမ်း...။ ဒါက ပညာတတ်တစ်ယောက် ပြောတဲ့စကားပဲ...။ ဆရာမ ယွီနျန် ပြောတာ တကယ် ကို မှန်တယ်...။"
သူဌေးကျင်း၏ ချီးကျူးစကားကို ကြားသောအခါ ဆရာမ ယွီနျန်မှာ ချက်ချင်းပင် အပြုံးကြီးတစ်ခုဖြင့် လှည့်လာ ခဲ့လေသည်။
"သူဌေးကျင်းကလည်း မြှောက်ပြောနေပြန်ပါပြီ...။ မိဘဆရာအစည်းအဝေး ပြီးရင် ခါတိုင်းလိုပဲ ခဏလောက် နေခဲ့ပေးပါဦးနော်...။"
"တခြားမိဘတွေလည်း အထင်မလွဲကြပါနဲ့နော်...၊ ဒါက ကလေးလေး ကျင်း က ဒီရက်ပိုင်းမှာ ထူးထူးချွန်ချွန် ကြိုးစားနေလို့ပါ...။ ရုံးခန်းထဲမှာ ဆုတွေ အများကြီး ပြင်ဆင်ထားပေးလို့ ကလေးက အကုန် မသယ်နိုင်မှာ စိုးလို့ပါ...။"
"ဒါကြောင့် မိဘဆရာအစည်းအဝေး ပြီးရင် လာယူပေးဖို့ သူဌေးကျင်းကို အကူအညီတောင်းရတာပါ...။"
ထိုစကားကို ကြားရသောအခါ အခြားမိဘများ၏ တုံ့ပြန်မှုများမှာ ကွဲပြားသွားကြလေသည်။ သာမန်မိဘများက နားမလည်နိုင်သည့် မျက်နှာအမူအရာများ ဖြစ်ပေါ်နေသော်လည်း ဩဇာအာဏာ အနည်းငယ်ရှိသော မိဘများ ကမူ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြလေသည်။
အကြောင်းမူကား မိဘဆရာအစည်းအဝေး ပြီးဆုံးတိုင်း ဤဆရာမယွီသည် သူဌေးကျင်းကို နေခဲ့စေရန် အကြောင်းပြချက် အမျိုးမျိုးရှာကာ ရုံးခန်းထဲသို့ပင် ခေါ်သွားလေ့ရှိသောကြောင့် ဖြစ်သည်။
ထိုသူနှစ်ဦး ရုံးခန်းထဲသို့ သွားရောက်ခြင်းမှာ တရားဝင်အလုပ်ကိစ္စများကို လုပ်ဆောင်ရန်လော သို့မဟုတ် ကိုယ်ရေးကိုယ်တာကိစ္စများကို လုပ်ဆောင်ရန်လောဆိုသည်မှာ မသေချာလှပေ။
မည်သို့ပင်ဆိုစေကာမူ ဆရာမ ယွီနျန်သည် သူဌေးကျင်းနှင့် သိကျွမ်းပြီးကတည်းက တန်ဖိုးကြီး အမှတ်တံဆိပ် အဝတ်အစားများနှင့် အိတ်အမျိုးမျိုးကို အမြဲတစေ ဝတ်ဆင်အသုံးပြုလာခဲ့လေသည်။
ဆရာမ ယွီနျန်နှင့် သိကျွမ်းပြီးနောက်ပိုင်းတွင် သူဌေးကျင်းသည် သူ၏လုပ်ငန်းခွင်၌ မည်မျှပင် အလုပ်များနေစေ ကာမူ မိဘဆရာအစည်းအဝေးတိုင်းသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လေ့ရှိလေသည်။
သူတို့နှစ်ဦး၏ အဆိုအရ အရာအားလုံးမှာ ကျောင်းသားများ၏ အကျိုးအတွက် ဖြစ်သည်ဟု ဆိုကြလေသည်။
သို့သော် ဆရာမဖြစ်သူနှင့် သူဌေးကျင်းတို့ တစ်ဦးနှင့်တစ်ဦး အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်နေကြစဉ်မှာပင် စောစောက အဆူခံလိုက်ရသော လျန်ထျန်းသည် ယွီနျန်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်လေ သည်။
“ဖြန်း...”
ပြတ်သားသော ပါးရိုက်သံတစ်ခု စာသင်ခန်းထဲမှ ထွက်ပေါ်လာပြီးနောက် ဟန်ရေးပြနေသော ဆရာမဖြစ်သူမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
လူတိုင်းမှာ မှင်တက်သွားကြလေသည်။ ဆရာမဖြစ်သူသည် မြေပြင်ပေါ်သို့ လဲကျသွားကာ သူမ၏ မျက်နှာကို အုပ်ထားရင်း လျန်ထျန်းအား မယုံနိုင်ဟန်ဖြင့် ကြည့်နေတော့သည်။
လျန်ထျန်းက သူမ၏ အကြည့်ကို အေးဆေးစွာ ရင်ဆိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
"လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာလို့ ပြောခဲ့တယ် မဟုတ်လား...။ ကျွန်တော် ဆရာမကို မေးချင်တာက အခု ပါးတစ်ဖက်တည်း ရိုက်လိုက်တာကရော အသံမြည်ရဲ့လားလို့ပါ...။"
ထိုအချိန်တွင် အောက်ဘက်ရှိ သူဌေးကျင်းမှာ ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"မင်းက ငါ့ကောင်မလေးကို ရိုက်ရဲတယ်ပေါ့...။ အာ …၊မဟုတ်ဘူး...။ ငါ့ဆရာမကို မင်းက ရိုက်ရဲတယ်ပေါ့...။ ငါ မင်းကို ကျိုးကန်းသွားအောင် လုပ်ပစ်မယ် ယုံလား...။"
ပြောပြောဆိုဆိုဖြင့် သူဌေးကျင်းမှာ ရှေ့သို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း ပတ်ဝန်းကျင်ရှိ မည်သူကမျှ သူ့ကို မတားဆီးကြပေ။
သာမန်မိဘများမှာ ပြဿနာတက်မည်ကို ကြောက်ရွံ့သဖြင့် မတားဆီးရဲကြပေ။ ဩဇာအာဏာ အနည်းငယ်ရှိ သော မိဘများကမူ သူဌေးကျင်း၏ အင်အားကို သိရှိထားသဖြင့် တားဆီးရန် မလိုအပ်ဟု ယူဆထားကြလေ သည်။
လူတစ်ဦးတစ်ယောက်ကို ရိုက်နှက်ခြင်းမှာ သာမန်လူများအတွက် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သော် လည်း ချမ်းသာကြွယ်ဝသူများအတွက်မူ အရေးမပါသော ကိစ္စတစ်ခုမျှသာ ဖြစ်သည်။
သူတို့၏ အမြင်တွင် လူတစ်ယောက်ကို ရိုက်နှက်ခြင်းမှာ ပိုက်ဆံပေးလျော်ရုံသာ ဖြစ်သည်။ အကယ်၍ သူတို့က သင့်ကို အမြင်မကြည်ပါက ရိုက်နှက်ပြီး ပိုက်ဆံအနည်းငယ် ပေးလျော်လိုက်မည် ဖြစ်သည်။ ထိုပိုက်ဆံကို သူတို့ မတတ်နိုင်သည်မှ မဟုတ်ဘဲ။
ချမ်းသာကြွယ်ဝသူများ၏ ရိုက်နှက်ခြင်းကို ခံချင်နေသူ အနည်းငယ်ပင် ရှိသေးသည်။ လျော်ကြေးငွေသာ အပြည့် အဝ ရရှိမည်ဆိုပါက သူတို့သည် ငိုယိုနေမည် မဟုတ်ဘဲ ကျောတွင် ပတ်တီးများ ပတ်ထားလျက်ပင် ကား သို့ မဟုတ် အိမ်များကို သွားရောက်ကြည့်ရှုကြလိမ့်မည် ဖြစ်သည်။
ထို့ကြောင့်ပင် သူတစ်ပါးအား ရိုက်နှက်တတ်သော ချမ်းသာကြွယ်ဝသူ အများစုမှာ တိုင်ကြားခြင်း မခံရဘဲ ပုဂ္ဂလိကပိုင် ဖြေရှင်းလေ့ရှိကြခြင်း ဖြစ်သည်။ အကယ်၍ ထိုသူများမှာ အလွန်စေးနှဲသော ချမ်းသာသူများ သို့မဟုတ် ချမ်းသာယောင်ဆောင်ထားသော်လည်း အမှန်တကယ် ပိုက်ဆံမရှိသူများ မဟုတ်ခဲ့လျှင်ပေါ့။
သူဌေးကျင်းသည် ကြမ်းတမ်းသော မျက်နှာသွင်ပြင်ရှိပြီး ကိုယ်လုံးကိုယ်ပေါက် ကြီးမားတောင့်တင်းလေသည်။ သူသည် အလွန်သန်မာပုံပေါ်ပြီး အကယ်၍ သူကသာ ရိုက်နှက်မည်ဆိုပါက အတော်လေး နာကျင်ရပေလိမ့် မည်။
သို့သော် လျန်ထျန်းကမူ အလွန်အေးဆေးတည်ငြိမ်နေပုံရသည်။ အကြောင်းမူကား သူ၏ အနီးအနား အရိပ်ထဲ တွင် ကိုယ်ရံတော်တစ်ဦး ပုန်းကွယ်နေကြောင်း မမေ့သင့်ပေ။
“ဝှစ်...”
သူဌေးကျင်း၏ လက်သီးက လျန်ထျန်းအား ထိမှန်တော့မည့်ဆဲဆဲတွင် ရုတ်တရက် လေကို ခွဲသွားသော အသံ တစ်ခု ထွက်ပေါ်လာလေသည်။
“ခွပ်...”
ချက်ချင်းဆိုသလိုပင် ပို၍ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ယင်းမှာ အသားပေါ်သို့ လက်သီး ကျရောက်သွားသည့် အသံပင် ဖြစ်လေသည်။
ထိုအသံ ထွက်ပေါ်လာပြီးနောက် လူတိုင်း၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားကြလေသည်။ အကြောင်းမူကား သူဌေးကျင်းသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ဆရာမဖြစ်သူ၏ အပေါ်သို့ တည့်တည့် မတ်မတ် ပြုတ်ကျသွားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
သူ၏ ခန္ဓာကိုယ် အရွယ်အစားဖြင့် သူဌေးကျင်းသည် ဆရာမ ယွီနျန်ကို သေလုမတတ် ဖိမိသွားကာ သူမမှာ တိုးညင်းသော ညည်းတွားသံတစ်ခု ပြုလုပ်ပြီးနောက် သတိလစ်သွားလေတော့သည်။
အောက်တွင်ခံနေသော 'လူသားကူရှင်' ကြောင့် သူဌေးကျင်းမှာ ပြင်းထန်သော ဒဏ်ရာရရှိခြင်းမှ ကင်းလွတ်သွား ခဲ့လေသည်။
သို့သော်လည်း သူသည် အရိုက်ခံရသော နေရာကို ဆုပ်ကိုင်ထားလျက် မျက်နှာရှုံ့မဲ့နေကာ မတ်တပ်မရပ်နိုင် သေးပေ။
သူသည် မတ်တပ်မရပ်နိုင်သော်လည်း ခေါင်းကို စောင်းကာ သူ့အား မည်သူရိုက်လိုက်သည်ကို ကြည့်လိုက်လေ သည်။
လျန်ထျန်း၏ ဘေးတွင် မည်သည့်နေရာမှမှန်း မသိဘဲ ရုတ်တရက် ပေါ်လာသော အမျိုးသားတစ်ဦး ဖြစ်လေ သည်။ ထိုသူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သိုင်းပညာရှင်တစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ် နေလေသည်။
"ကျစ်...၊ သူတို့က လူတွေကို ကြိုတင်ပြင်ဆင်ပြီး အစောကြီးကတည်းက ချုံခိုစောင့်နေခဲ့တာပဲ...။"
"ဟေ့ကောင်လေး...၊ မင်းက နံစော်နေတဲ့ အစားအသောက်ပို့တဲ့ကောင်ကို ဘာလို့ ကူညီနေတာလဲ...။ မင်းတို့က သူငယ်ချင်းတွေလား၊ ဆွေမျိုးတွေလား...။ ငါ မင်းကို တစ်ကျောင် ပေးမယ် သူ့ကို ကျိုးကန်းသွားအောင် လုပ် ပေးစမ်း...။"
ထို့နောက် ချက်ချင်းပင် သူဌေးကျင်းက လျန်ထျန်းဘက်သို့ လှည့်ကာ ကောက်ကျစ်သော အပြုံးတစ်ခုကို ပြသလိုက်လေသည်။
"နံစော်နေတဲ့ အစားအသောက်ပို့သမား...၊ မင်းက ကောက်ကျစ်တဲ့နေရာမှာ မဆိုးဘူးပဲ...။ ဒါပေမဲ့ ငွေရှိရင် ဘာမဆို လုပ်လို့ရတယ် ဆိုတဲ့ စကားကို မင်း ကြားဖူးလား...။"
"ငွေနဲ့ပတ်သက်လာရင် ဆက်ဆံရေးဆိုတာ အသုံးမဝင်ဘူး...။ မင်းလူတွေက ပိုက်ဆံနည်းနည်းပေးလိုက်တာနဲ့ ငါ့လူတွေ ဖြစ်သွားနိုင်တယ်...။ အရိုက်ခံရဖို့သာ စောင့်နေတော့...။"
သူဌေးကျင်းသည် ကြမ်းတမ်းသော စကားများ အားလုံးကို ပြောဆိုပြီးဖြစ်သော်လည်း သူ မျှော်လင့်ထားသော အခြေအနေမှာ ဖြစ်ပေါ်မလာသေးပေ။
သူသည် ဇဝေဇဝါဖြင့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက် လေသည်။
"မင်းက ဘာလို့ ဘာလှုပ်ရှားမှု မလုပ်သေးတာလဲ...။"
"အော်...၊ သိပြီ...။ မင်းက ဒီနံစော်နေတဲ့ အစားအသောက်ပို့သမားနဲ့ အတော်လေး ရင်းနှီးပုံရတယ် ဟုတ်လား...၊ နားလည်ပါပြီ....။ မင်းကို ပိုက်ဆံ ပိုပေးရမှာပေါ့...။"
"ဒီလိုလုပ်မယ်...။ သူ့ခြေထောက်ကို ကျိုးသွားအောင် လုပ်ပေးရင် မင်းကို နှစ်ကျောင် ပေးမယ်...။ နှစ်ကျောင် ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူးနော်…။ မြန်မြန် အလုပ်စလုပ်လိုက်တော့...၊ အား...။"
အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် လှုပ်ရှားမှု ပြုလုပ်လိုက်သော်လည်း သူဌေးကျင်း၏ အမိန့်အရ လျန်ထျန်း အား တိုက်ခိုက်လိုက်ခြင်းကား မဟုတ်ပေ။
ဤတစ်ကြိမ်တွင် ကန်ချက်တစ်ခု ဖြစ်ပြီး သူဌေးကျင်း၏ ပေါင်ကို ပြင်းထန်စွာ ကန်လိုက်ခြင်းပင် ဖြစ်လေသည်။
သူ၏ ပေါင်များတွင် အသားများစွာ ရှိနေသော်လည်း ထိုပြင်းထန်သော ကန်ချက်ကြောင့် သူဌေးကျင်းမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ ခြေထောက်တစ်ချောင်းလုံး ကျိုးသွားတော့မည့်အလား ခံစားလိုက်ရ လေသည်။
ဤမြင်ကွင်းကို ကြည့်ရှုနေကြသော အောက်ဘက်ရှိ မိဘများမှာ ယုံကြည်နိုင်စရာ မရှိဟု ခံစားရကာ မိန်းမော တွေဝေနေဆဲ ဖြစ်လေသည်။
သို့သော် ဩဇာအာဏာ အနည်းငယ်ရှိသော မိဘများမှာ အခြေအနေကို သဘောပေါက်သွားသောအခါ သူဌေးကျင်း၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် သတ္တိမွေးကာ ဝင်ရောက်တားဆီးရန် စကားပြောလာကြ လေသည်။
"ရပ်လိုက်စမ်း...၊ ဆက်မရိုက်ကြနဲ့တော့...။"
"ဟုတ်တယ်...။ သူတို့ကို ဆက်မရိုက်နဲ့တော့... ၊မင်းတို့ ဘယ်သူ့ကို ရိုက်နေလဲဆိုတာ သိရဲ့လား...။"
"စည်းကမ်းမရှိတဲ့ ကောင်တွေ၊ လူရိုင်းတွေ...။ မင်းတို့ကို ငါပြောမယ်...၊ မင်းတို့တော့ ပြဿနာအကြီးကြီး တက်ပြီပဲ...။ ငါတို့မှာ ပိုက်ဆံရှိတယ် ကြိုးကိုင်ချယ်လှယ်ပြီး မင်းတို့ကို ပြစ်မှုကြီးကြီးမားမား ကျူးလွန်သူတွေ အဖြစ် ထောင်ချပစ်လို့ရတယ် ယုံလား...။"
ထိုစကားများမှာ လျန်ထျန်းကို ခြောက်လှန့်ရန် ပြောဆိုခြင်း မဟုတ်ဘဲ သူတို့ကြားရှိ အတိတ်က အောင်မြင်မှု ဇာတ်လမ်းများ အပေါ် အခြေခံထားခြင်း ဖြစ်လေသည်။
ထိုကဲ့သို့သော လူများသည် အခြားသူများကို အနိုင်ကျင့်သည့်အခါ တစ်ခါတစ်ရံ ကံမကောင်းစွာဖြင့် သည်းခံနိုင် စွမ်း ကုန်ဆုံးနေသူများနှင့် ဆုံတွေ့ရတတ်လေသည်။
သာမန်လူများမှာ အမြတ်ထုတ်ခံရခြင်း၊ အရှက်ခွဲခံရခြင်းနှင့် အစွန်းရောက်သည်အထိ အနိုင်ကျင့်ခံရသောအခါ အကြောင်းပြချက်ထက် ကျော်လွန်သော အရာများကို လုပ်ဆောင်လေ့ရှိကြသည်။
ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ဤချမ်းသာကြွယ်ဝသူများမှာ ထိုအချိန်က ဆုံးရှုံးမှုအချို့ ရှိနိုင်သော်လည်း တစ်ဖက်လူကို ထောင်ထဲသို့ လွယ်ကူစွာ ပို့ဆောင်နိုင်ပြီး သူတို့၏ အဆက်အသွယ်များကို အသုံးပြုကာ ပြစ်မှုကြီးကြီးမားမား အဖြစ် သတ်မှတ်နိုင်လေသည်။
ဤကဲ့သို့သော အရာမျိုး မရှိနိုင်ဟု မယုံကြည်လိုက်ပါနှင့်။ အင်အားကြီးမားသူ တစ်ဦးက လူတစ်ယောက်ကို သေသည်အထိ ရိုက်နှက်ခဲ့သော်လည်း သေဆုံးသွားသူက သူ၏ လက်သန်းကို ချိုးခဲ့သည်ဟု စွပ်စွဲထားသော ရုပ်ရှင်တစ်ကား ရှိခဲ့ဖူးလေသည်။
ပို၍ ဆိုးရွားသည်မှာ နောက်ဆုံးတွင် သေဆုံးသူမှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီး အာဏာရှိသူများက သူ့အား ခွင့်လွှတ်ပေးခဲ့ခြင်းပင် ဖြစ်သည်။
ရုပ်ရှင်အနုပညာသည် ဘဝမှ မြစ်ဖျားခံလာခြင်း ဖြစ်သော်လည်း လက်တွေ့ဘဝမှာ ရုပ်ရှင်ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်တတ်လေသည်။
သူဌေးကျင်းမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်မှာ အတော်လေး သနားစရာကောင်းသော်လည်း မျက်နှာရှုံ့မဲ့ကာ နာကျင်မှု အနည်းငယ် လျော့ကျသွားပြီးနောက် ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်လေ သည်။
"မင်းတို့ အကုန်လုံး ပြီးသွားပြီ...။ မင်းတို့ လုံးဝ သေချာပေါက် ဒုက္ခရောက်ပြီပဲ...။"
"လူတစ်ယောက်က ငါ့ကို တွန်းလိုက်ရုံလေးနဲ့ ငါက ပိုက်ဆံသုံးပြီး ကြိုးကိုင်ချယ်လှယ်ခဲ့လို့ သူ အကျဉ်းထောင် ထဲမှာ ဆယ်နှစ်လောက် နေခဲ့ရတယ်ဆိုတာ မင်းတို့ သိလား...။"
"ငါက အမြဲတမ်း တခြားသူတွေကို ရိုက်တဲ့သူပဲ...။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ရိုက်ရိုက် သူတို့က ဒဏ်ရာအနည်းငယ် ဒါမှမဟုတ် သာမန်ဒဏ်ရာလောက်ပဲ ရတယ်…။ ပြီးတော့ ကိစ္စပြတ်သွားအောင် ငါက ပိုက်ဆံနည်းနည်း ပေးလိုက်ရုံပဲ...။"
"နံစော်နေတဲ့ အစားအသောက်ပို့သမား…၊ မင်းကသာ ငါ အသာတကြည် ရိုက်တာခံလိုက်ပြီး ငါက ပိုက်ဆံ နည်းနည်း ပေးလိုက်ရင် ကိစ္စက ပြီးသွားမှာပဲ...။"
"မင်း ဆုံးရှုံးလိုက်ရတဲ့ ပိုက်ဆံက မင်း အစားအသောက်ပို့လို့ နှစ်ပေါင်းများစွာ ရှာထားတဲ့ ငွေထက်တောင် ပိုများသေးတယ်...။ ဒါပေမဲ့ မင်းက ဤအခွင့်အရေးကောင်းကြီးကို အလကား စွန့်လွှတ်လိုက်တာပဲ...။"
"အရေးအကြီးဆုံးက မင်းက ငါ့ကို တကယ် ရိုက်ရဲတယ်ပေါ့လေ...။"
"အခုတော့ ပိုက်ဆံအကြောင်း မေ့လိုက်တော့...။ မင်းတို့ အားလုံး သေချာပေါက် ထောင်ထဲမှာ အလုပ်လုပ်ပြီး ဝအောင် စားရတော့မှာပဲ...။ မင်းတို့ သေတဲ့အထိပေါ့...၊ ဟားဟားဟားဟား...။"
သူဌေးကျင်းမှာ စကားဆုံးသည်နှင့် ရယ်မောလိုက်သော်လည်း လျန်ထျန်းကမူ မျက်နှာအမူအရာ ကင်းမဲ့နေဆဲ ဖြစ်လေသည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသားမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့သွားကာ နောက်ထပ် နှစ်ချက်ခန့် ကန်ရန် ပြင်လိုက်သော်လည်း လျန်ထျန်းက သူ့အား တားဆီးလိုက်လေသည်။
"ရှီမင်...၊ ဆက်မလုပ်နဲ့တော့...။"
ထိုမြင်ကွင်းကို မြင်သောအခါ သူဌေးကျင်းမှာ ပို၍ပင် မာနတက်သွားပြီး သူ၏ ရယ်သံများမှာလည်း ပို၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။
"မင်း အခုမှ အသိတရား ရလာတာလား...။ ဟုတ်တယ်...၊ မင်း ငါ့ကို ဆက်မရိုက်နိုင်တော့ဘူး...။ မဟုတ်ရင် ငါ့ရဲ့ အဆက်အသွယ်တွေနဲ့ ပိုက်ဆံကို သုံးပြီး မင်းတို့ရဲ့ သေဆုံးမှုကို ပိုပြီး ရက်စက်ကြမ်းကြုတ်အောင် လုပ်ပစ် မယ်...။"
"အခု မင်းတို့ ထောင်ထဲမှာ ပုပ်သိုးသွားဖို့ သွားရတော့မယ်...။ ငါ့ကို နောက်တစ်ကြိမ် လက်ဖျားနဲ့ ထိရဲထိကြည့် လိုက် မင်းတို့ခေါင်းတွေ ပွင့်ထွက်သွားအောင် ငါ လုပ်ပစ်မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ခေါင်းယမ်းလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"ရှီမင် မင်းကို တိုက်ခိုက်တာကို ငါတားတာက မင်းကို ကြောက်လို့ မဟုတ်ဘူး...။ သူ့ရဲ့စွမ်းရည်တွေနဲ့ မင်းကို မတော်တဆ သတ်မိသွားမှာ စိုးလို့ပဲ...။"
"မင်းလို လူ့အမှိုက်က အရိုက်ခံရပြီး သေသွားရုံနဲ့တင် အရမ်းသက်သာလွန်းတယ်...။ တကယ်တော့ ဒီနေရာကို မလာခင်ကတည်းက ငါ့မှာ ပိုကောင်းတဲ့ အကြံတစ်ခု ရှိပြီးသားပါ...။"
"အချိန်ကို ကြည့်လိုက်ဦး...။ သူတို့ မကြာခင် ရောက်လာတော့မှာပါ...။ မလောပါနဲ့...၊ အားလုံးပဲ စောင့်နေကြ တာပေါ့...။"