အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇)
အံ့ဩတုန်လှုပ်ဖွယ် အခိုက်အတန့်
လျန်ထျန်း၏ စကားကို ကြားသောအခါ သူဌေးကျင်းက လှောင်ပြောင်လိုက်လေသည်။
"ခပ်သန်သန် ရိုက်တတ်ပုတ်တတ်တဲ့ ဒီကောင်ကလွဲရင် မင်း ဘယ်သူ့ကို ခေါ်ထားသေးလဲ နံစော်နေတဲ့ အစားအသောက်ပို့သမား...။"
"ငါတို့က လူတန်းစားချင်း မတူဘူး…။ ဘယ်သူ့ကိုခေါ်ခေါ် ဘာမှထူးခြားလာမှာ မဟုတ်ဘူးဆိုတာ မင်း နားလည်လား...။ ငါ မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ် လိမ္မာသေချာစွာ နေပြီး ငါ ပြန်ရိုက်တာကို ခံလိုက်စမ်း...။"
"ငါ မင်းကို ရိုက်ရတာ သဘောကျရင် ငါ့အဆက်အသွယ်တွေကို သုံးပြီး မင်းကို ပြန်ဒုက္ခပေးမှာ မဟုတ်ဘူး...။ မင်းကို ကျိုးကန်းသွားအောင် လုပ်လိုက်ရင်တောင် လျော်ကြေးအဖြစ် ပိုက်ဆံတချို့ ပေးနိုင်သေးတယ်...။"
"ဒါက အခွင့်အရေးကောင်းပဲ...၊ မင်းလို အဆင့်နိမ့် ပို့ဆောင်ရေးသမား တစ်ယောက်က တစ်သက်လုံးရှာရင် တောင် ပိုက်ဆံနည်းနည်းထက် ပိုမရနိုင်ဘူး...။"
"အရင်က ငါ ခြေထောက်ချိုးပစ်ခဲ့တဲ့ လူတစ်ယောက်ဆိုရင် ငါ့ကို တရားစွဲမယ် ဖွင့်ချမယ်ဆိုပြီး အော်ဟစ်ခဲ့သေး တယ်...။"
"ပိုက်ဆံ အနည်းငယ် သုံးလိုက်ပြီးတဲ့နောက်မှာတော့ ငါ့အပေါ်ထားတဲ့ သူ့ရဲ့ သဘောထားက ချက်ချင်း ပြောင်းလဲ သွားပြီး ပြုံးတောင် ပြုံးပြသွားသေးတယ်...။"
"ဘာပဲဖြစ်ဖြစ် မင်းအတွက်ကတော့ တစ်သက်လုံး ရှာလို့မရနိုင်တဲ့ စည်းစိမ်ချမ်းသာနဲ့ ခြေထောက်တစ်စုံကို လဲလှယ်ရတာ တန်တယ် မဟုတ်လား...။"
"အခုလို အခွင့်အရေးမျိုးက မင်းရှေ့မှာ ရောက်နေပြီဆိုတော့ မင်း သေချာပေါက် ငြင်းမှာမဟုတ်ဘူးလေ...။"
ဤစကားများကို ပြောဆိုရာတွင် သူဌေးကျင်း၏ လေသံမှာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေလေသည်။
သို့သော် လျန်ထျန်း၏ မျက်နှာအမူအရာမှာ ပိုမို တင်းမာလာပြီး နောက်ဆုံးတွင် ဝင်ရောက် ဟန့်တားလိုက်ရ လေသည်။
"ဒါက ခင်ဗျားရဲ့ တန်ဖိုးထားမှုပေါ့...။ ခင်ဗျားက အရာအားလုံးကို ပိုက်ဆံနဲ့ပဲ တိုင်းတာတယ်ပေါ့လေ...။"
"ခင်ဗျားမှာ ပိုက်ဆံရှိနေသရွေ့ သာမန်လူတွေရဲ့ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ဝိညာဉ်တွေကိုပါ စိတ်ကြိုက် နင်းခြေလို့ ရတယ်လို့ ထင်နေတာလား...။"
ထိုစကားကို ကြားသောအခါ သူဌေးကျင်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အလွန်သဘာဝကျသော ကိစ္စတစ်ခုကဲ့သို့ လှောင်ပြုံးဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။
"ဒါပေါ့...။ ဒီလောကက လူအများစုဟာ အမြတ်ထုတ်ခံရဖို့ သက်သက်ပဲ မဟုတ်ဘူးလား...။"
"သနားစရာကောင်းလောက်အောင် နည်းပါးတဲ့ ဝင်ငွေလေးတစ်ခုအတွက်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ဝိညာဉ်တွေကိုတောင် ရောင်းချဖို့ ဆန္ဒရှိကြတယ်...။"
"ငါတို့ သူတို့ကို ဘယ်လောက်ပဲ ဖျက်ဆီးပါစေ သူတို့က သည်းခံရမှာပဲ...။ ငါတို့ကို တစ်သုတ်ပြီးတစ်သုတ် ရိတ်သိမ်းခွင့် ပေးရမှာပဲ…။ ဟဲဟဲ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ မျက်နှာမှာ သိသိသာသာ မှောင်မိုက်သွားလေသည်။
"ခင်ဗျားလို လူယုတ်မာမျိုးက မကောင်းဆိုးဝါးတွေနဲ့ပဲ ထိုက်တန်တယ်...။"
"ဒါဆိုရင် ကျွန်တော်က ခင်ဗျားထက် ပိုချမ်းသာရင် ခင်ဗျားကို စိတ်ကြိုက် လုပ်လို့ရပြီပေါ့...။"
သူဌေးကျင်းက အော်ဟစ် ရယ်မောလိုက်လေသည်။
"မင်း ရူးနေတာလား...။ မင်း ဘာတွေပြောနေလဲဆိုတာ မင်းသိရဲ့လား...။ မင်းက နံစော်နေတဲ့ အစားအသောက်ပို့ သမားလေးလေ…၊ မင်းက ငါ့ထက် ပိုချမ်းသာတယ်လို့ ထင်နေတာလား...။"
သူဌေးကျင်း၏ ဆက်တိုက် လှောင်ပြောင်မှုများ ရှေ့တွင် လျန်ထျန်းက တိတ်ဆိတ်နေလေသည်။
မကြာမီမှာပင် စာသင်ခန်း တံခါးအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး လူအများအပြား အလျင်အမြန် လျှောက်လာနေသည့်အလား ပေါ်လွင်နေလေသည်။
စက္ကန့်အနည်းငယ် အကြာတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူတစ်စု တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြလေသည်။
သာမန်မိဘများက သူတို့ကို မြင်သောအခါ ဤလူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အနည်းငယ် စပ်စုလိုသည် မှလွဲ၍ များစွာ တုံ့ပြန်မှု မရှိကြပေ။ အကြောင်းမူကား သူတို့ကို မသိကြသောကြောင့် ဖြစ်သည်။
သို့သော် ဩဇာအာဏာ အနည်းငယ်ရှိသော မိဘများက ထိုလူများကို မြင်သောအခါ တစ်ယောက်ပြီး တစ် ယောက် အံ့ဩတကြီး အော်ဟစ်လိုက်ကြလေသည်။
"ဘုရားရေ... ရှင်းလော့အုပ်စုက အထွေထွေမန်နေဂျာလီ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ...။ သူက ငါတို့ကုမ္ပဏီရဲ့ အရေးအကြီးဆုံး ဖောက်သည်ဖြစ်ပြီး ပိုင်ဆိုင်မှု ယွမ်ထောင်ချီရှိတဲ့ ကုမ္ပဏီကပဲ...။"
"ဖန်းရဲ့အုပ်စုက မစ္စတာကျန်းလည်း ရောက်နေတယ်...။ သူက ငါ့ကုမ္ပဏီမှာ အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး သူတို့အားလုံးက အယ်လ်မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိကအသိုင်းအဝိုင်းက ဩဇာကြီးမားသူ တွေချည်းပဲ...။"
"ပြီးတော့ ယွီဟောက်အုပ်စုက အထွေထွေမန်နေဂျာကျောက်၊ လန်ရှန်းအုပ်စုက အထွေထွေမန်နေဂျာလျူနဲ့ ရှန်ထျန်းအုပ်စုက အထွေထွေမန်နေဂျာဝမ်တို့လည်း ပါသေးတယ်...။"
"ငါတို့ တွေ့ဖို့တောင် ခဲယဉ်းလှတဲ့ ဒီဩဇာကြီးမားသူတွေ အားလုံးက ဒီနေ့ ဘာလို့ ဒီနေရာကို ရောက်နေကြ တာလဲ...။"
ငွေကြေးအင်အား အနည်းငယ်ရှိသော မိဘများ ပိုင်ဆိုင်သည့် ကုမ္ပဏီများကို အယ်လ်မြို့တွင် အလယ်အလတ် အထက် အဆင့်ဟု သတ်မှတ်နိုင်ပြီး အမှန်တကယ် အင်အားကြီးမားသော အုပ်စုများနှင့် ပူးပေါင်းဆောင်ရွက်မှု အချို့ ရှိကြလေသည်။
သို့သော် ပူးပေါင်းဆောင်ရွက်မှု ဆိုသည့် စကားလုံးမှာ ကြားကောင်းအောင် ပြောဆိုခြင်းမျှသာ ဖြစ်သည်။ လက်တွေ့ကျကျ ပြောရလျှင် ဩဇာကြီးမားသူများက သူတို့ကို အသက်မွေးဝမ်းကျောင်း ပြုရန် အခွင့်အရေး ပေးထားခြင်းသာ ဖြစ်လေသည်။
ဤထမင်းလုပ်မှာ သူတို့ မဖြစ်မနေ စားရမည့်အရာ မဟုတ်ပေ။ ဩဇာကြီးမားသူများက သူတို့ အလိုရှိသည့် အချိန်တိုင်း အခြားသူများကို ပေးနိုင်လေသည်။
ပို၍ ပွင့်လင်းစွာ ပြောရလျှင် ဤလူများ၏ လက်ရှိ ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းမှာ စစ်မှန်သော ဩဇာကြီးမားသူများ၏ ကျေးဇူးကြောင့်သာ ဖြစ်လေသည်။
ထိုဩဇာကြီးမားသူများသည် သူတို့၏ စည်းစိမ်ဥစ္စာများကို လွယ်ကူစွာ ပြန်လည် ခွဲဝေနိုင်ပြီး ပေးခဲ့သည့်အတိုင်း ပြန်လည် သိမ်းယူနိုင်စွမ်း ရှိကြလေသည်။
ထို့ကြောင့် ဤသည်မှာ မည်သို့သော ဆက်ဆံရေးမျိုး ဖြစ်သည်ကို အလွန် ရှင်းလင်းလှပေသည်။
ထိုဩဇာအာဏာ အနည်းငယ်ရှိသော မိဘများမှာ မည်သို့လျှင် မအံ့ဩဘဲ နေနိုင်မည်နည်း။ အကြောင်းမူကား သူတို့သည် စစ်မှန်သော ဩဇာကြီးမားသူများကို သိရှိထားသော်လည်း ထိုဩဇာကြီးမားသူများက သူတို့ကို အလေးအနက်ထားမည်ဟု မဆိုနိုင်သောကြောင့် ဖြစ်သည်။
ယခု ဩဇာကြီးမားသူများ အားလုံး ဤနေရာတွင် စုဝေးရောက်ရှိနေသဖြင့် သူတို့အားလုံးမှာ ဇဝေဇဝါ ဖြစ်နေ ကြပြီး ဤဩဇာကြီးမားသူများ မည်သည့်အတွက်ကြောင့် ရောက်ရှိလာမှန်း မသိကြပေ။
မြေပြင်ပေါ်မှ ယခုလေးတင် ထလာသော သူဌေးကျင်းပင်လျှင် ဩဇာအာဏာ အနည်းငယ်ရှိသော မိဘများကြား တွင် အင်အားအကြီးဆုံးသူ တစ်ဦး ဖြစ်လေသည်။
သို့သော် စစ်မှန်သော ဩဇာကြီးမားသူများကို မြင်လိုက်ရသောအခါ သူလည်း ထိုနည်းတူပင် မှင်တက်သွားခဲ့ပြီး ခေါင်းဆောင်ဖြစ်သူအား ချက်ချင်းပင် ခါးညွတ်အရိုအသေ ပေးလိုက်လေသည်။
"ဥက္ကဋ္ဌချန်...။ ဘယ်လေနှင်လို့ ဒီနေရာကို ရောက်လာရတာပါလဲ...။ ဒါမှမဟုတ် ဥက္ကဋ္ဌချန်ရဲ့ ကလေးကလည်း ဒီကျောင်းမှာ တက်နေလို့ မိဘဆရာအစည်းအဝေး လာတက်တာလား...။"
အခြေအနေကို သဘောပေါက်သွားပြီးနောက် သူဌေးကျင်း၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် အကြံအစည် မှာ ဩဇာကြီးမားသူများ၏ ကလေးများလည်း ဤနေရာတွင် ပညာသင်ကြားနေခြင်း ဖြစ်ရမည် ဟူ၍ပင် ဖြစ် သည်။
ထိုဩဇာကြီးမားသူများကို အစားအသောက်ပို့သမား တစ်ဦးက ခေါ်ယူခဲ့ခြင်း ဖြစ်နိုင်သည်ကို သူ လုံးဝ ထည့် မစဉ်းစားခဲ့ပေ။ ယင်းမှာ အလွန် အလှမ်းဝေးလွန်းသော အတွေးတစ်ခု ဖြစ်နေသောကြောင့်ပင်။
ထို့နောက် ချက်ချင်းပင် သူဌေးကျင်းက သူ၏ ယခင် မာနထောင်လွှားသော အမူအရာမှ ဒီဂရီ (၁၈၀) လုံးလုံး ပြောင်းလဲသွားကာ မျက်နှာချိုသွေးသော အပြုံးတစ်ခုကို ဆက်လက် တပ်ဆင်ထားလိုက်လေသည်။
"တကယ်ကို တောင်းပန်ပါတယ်...။ ကျွန်တော်တို့ ဆူညံနေလို့ ဥက္ကဋ္ဌချန်ကို အနှောင့်အယှက် ဖြစ်သွားစေတာ ပဲ...။"
"တောင်းပန်ပါတယ်...၊ အားလုံး ကျွန်တော့်အမှားပါ...။ ဒီနေ့ အစားအသောက်ပို့သမား တစ်ယောက်ကြောင့် ကျွန်တော် ဒေါသထွက်ပြီး ဟန်မဆည်နိုင် ဖြစ်သွားရတာပါ...။"
"ဥက္ကဋ္ဌချန်နဲ့ တခြား အမှုဆောင်အရာရှိကြီးတွေ စိတ်မပူပါနဲ့...။ ဒီနေရာက ကိစ္စတွေကို ကျွန်တော် ဖြေရှင်း လိုက်ပါ့မယ်...။ အားလုံးပဲ အစည်းအဝေး ပြန်တက်ကြပါတော့...။"
"ကျွန်တော်တို့ကို အနှောင့်အယှက်ပေးတဲ့ အဲ့ဒီ ပို့ဆောင်ရေးသမားကို ထိုက်တန်တဲ့ အဖိုးအခ ပေးဆပ်စေရ ပါမယ်...။ ကျွန်တော်တို့ကို အနှောင့်အယှက် ဖြစ်တာက ကိစ္စသေးပေမဲ့ ဥက္ကဋ္ဌချန်တို့ကို အနှောင့်အယှက် ဖြစ် စေတာက ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုကြီးပါပဲ...။"
သူဌေးကျင်း၏ စကားများမှာ မယုံနိုင်လောက်အောင်ပင် မြှောက်ပင့်ဖားယားကာ နှိမ့်ချနေပြီး အောက်ကျို့နေ လေသည်။
ထိုစကားများကို ပြောခြင်းအားဖြင့် ဩဇာကြီးမားသူများ၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဟု သူ ထင်မှတ်ထား ခဲ့သော်လည်း...၊
သူ အလွန်ကြိုးစားပမ်းစား မျက်နှာချိုသွေးနေသော ဥက္ကဋ္ဌချန်က လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်လေ သည်။
"ဖယ်စမ်း...။ မင်း ငါ့လမ်းကို ပိတ်နေတယ်...။"
ထိုစကားကို ကြားသောအခါ သူဌေးကျင်းမှာ အစပိုင်းတွင် မှင်တက်သွားပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ဘေးသို့ အလိုအလျောက် ဖယ်ပေးလိုက်လေသည်။ ၎င်းမှာ လုံးဝ အလိုအလျောက် တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။ အကြောင်းမူကား ဥက္ကဋ္ဌချန်၏ ကုမ္ပဏီက သူ၏ ကုမ္ပဏီ သက်တမ်းကို ဆုပ်ကိုင်ထားသောကြောင့်ပင်။
သူ ဖယ်ပေးလိုက်သည်နှင့် ဥက္ကဋ္ဌချန်နှင့် အခြားအမှုဆောင်အရာရှိများက သူ့အား လုံးဝ လျစ်လျူရှုကာ ရှေ့သို့ ဆက်လျှောက်သွားကြလေသည်။
ဤဩဇာကြီးမားသူများ၏ လှုပ်ရှားမှုများက လူတိုင်း၏ အာရုံစိုက်မှုကို သဘာဝကျကျ ဆွဲဆောင်သွား လေသည်။
သူဌေးကျင်းနှင့် ဩဇာအာဏာ အနည်းငယ်ရှိသော မိဘများ အားလုံးသည် ဩဇာကြီးမားသူများ ဦးတည်သွားရာ အရပ်သို့ ကြည့်လိုက်ကြလေသည်။
သို့သော် ထိုဦးတည်ရာတွင် နံစော်နေသော အစားအသောက်ပို့သမား တစ်ယောက်တည်းသာ ရှိလေသည်။
*ဩဇာကြီးမားသူတွေက သူ့ကို သွားတွေ့မှာလား...၊ မဖြစ်နိုင်ပါဘူး...။*
သို့သော် သူ၏ အတွေးမဆုံးမီမှာပင် သူဌေးတစ်စုသည် လျန်ထျန်း၏ ရှေ့တွင် ရပ်တန့်သွားကာ တစ်ပြိုင်နက် တည်း ရိုသေလေးစားစွာ ခေါင်းညွတ်အရိုအသေ ပေးလိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။
"အဓိက အစုရှယ်ယာရှင်ကြီးခင်ဗျာ...။ ကျွန်တော်တို့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိတာနဲ့ ချက်ချင်း ပြေးလာခဲ့တာ ပါ...။ အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်...။"
ထိုစကားကို ကြားလိုက်ရသောအခါ စာသင်ခန်း တစ်ခန်းလုံး လုံးဝ တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြား နိုင်လောက်အောင် ငြိမ်သက်သွားလေသည်။ လူတိုင်းမှာ လုံးဝ ဆွံ့အ မှင်တက်သွားကြလေသည်။
နောက်တစ်စက္ကန့်တွင်တော့ ပေါက်ကွဲသွားလေတော့သည်။
အထူးသဖြင့် ငွေကြေးအင်အား အနည်းငယ်ရှိသော မိဘများမှာ မယုံနိုင်လောက်အောင် အသက်ရှူမှားသွားကြ ပြီး ထိတ်လန့်တကြား သူတို့၏ ခေါင်းများကို ကိုင်ထားလိုက်ကြလေသည်။
"ဩဇာကြီးမားသူတွေကို သူက တကယ်ကြီး ခေါ်လိုက်တာလား...။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။"
"လင်ရှန်းရဲ့အဖေက အစားအသောက်ပို့သမား မဟုတ်ဘူးလား...။ သူကိုယ်တိုင်လည်း အခုလေးတင် ဝန်ခံထား တာလေ...။"
"ဟုတ်တယ်လေ...၊ ဒါပေမဲ့ အခု ဩဇာကြီးမားသူတွေက သူ့ကို အဓိက အစုရှယ်ယာရှင်ကြီးလို့ ခေါ်နေကြပြီ...။ ဘာတွေ ဖြစ်ကုန်တာလဲ...၊ ငါ့ဦးနှောက်က ဒီကိစ္စကို လက်မခံနိုင်တော့ဘူး...။"
အယုံကြည်ရဆုံး ခက်ခဲနေသူမှာ သူဌေးကျင်းပင် ဖြစ်ရမည်။
သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်လုံးအိမ်ထဲမှ ပြုတ်ကျလာတော့မည့်အလား ဖြစ်နေလေသည်။
သူ၏ ပါးစပ်မှာ အကျယ်ကြီး ဟနေပြီး အချိန်အတော်ကြာသည်အထိ ပိတ်မရနိုင်အောင် ဖြစ်နေလေသည်။ သူ၏ လျှာမှာ တုန်ရီနေသော်လည်း အသံထွက်မလာနိုင်ပေ။
အသံထွက်လာနိုင်သည်နှင့် တစ်ပြိုင်နက် အခြားအသံများအားလုံးကို ချက်ချင်း လွှမ်းမိုးသွားပြီး မယုံနိုင်လောက် အောင် စူးရှသော အသံဖြင့် အော်ဟစ်လိုက်လေသည်။
"မဖြစ်နိုင်ဘူး…။ လုံးဝ မဖြစ်နိုင်ဘူး...။"
"ငါ အိပ်မက်မက်နေတာ ဖြစ်ရမယ်...။ သောက်သုံးမကျတဲ့ အစားအသောက်ပို့သမား တစ်ယောက်က အယ်လ် မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိကအသိုင်းအဝိုင်းက ဥက္ကဋ္ဌတွေကို ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ...။"
"ပြီးတော့ သူဌေးတွေက သူ့ကို အလွန် ရိုသေလေးစားစွာ ဆက်ဆံပြီး အဓိက အစုရှယ်ယာရှင်ကြီးလို့တောင် ခေါ်နေကြတယ်...။ ဟား…ဟား..၊ ဒီအိပ်မက်က တော်တော်လေးကို အဓိပ္ပာယ်မရှိတာပဲ...။"
ထို့နောက် လျန်ထျန်းက ပြုံး၍ ဆိုလိုက်သည်။
"ဟုတ်တယ်...။ ဒါတွေအားလုံးက အိပ်မက်တစ်ခုပါပဲ...။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ပါးရိုက်ပြီး ဒီအိပ်မက်ထဲ ကနေ နိုးထသင့်ပြီ...။"
ထိုစကားကို ကြားသောအခါ သူဌေးကျင်းက ဦးစွာ လျန်ထျန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
"နံစော်နေတဲ့ အစားအသောက်ပို့သမား...။ အခု ဒါတွေအားလုံးက အိပ်မက်ဆိုတာ ငါသိသွားပြီဆိုတော့ မင်းကို ငါ မကြောက်တော့ဘူး...။"
"ဒါက ငါ့အိပ်မက်ထဲမှာ ဖြစ်နေတာဆိုတော့ မင်းခေါ်လာတဲ့ လူမိုက်တွေက ငါ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...။"
သူဌေးကျင်းသည် သူ၏ 'အိပ်မက်' ထဲတွင် သူ၏ စွမ်းရည်များကို ပြသတော့မည့်ဆဲဆဲမှာပင် ရှီမင်၏ အကြည့် တစ်ချက်ကြောင့် ထိုနေရာတွင်ပင် ကြောက်လန့်သွားလေသည်။
ထို့နောက် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပါးပြင်ကြွက်သားများ တွန့်လိမ်သွားကာ သူ၏ စကားကို ပြောင်းလဲ ပြောဆိုလိုက်လေသည်။
"ဒါပေမဲ့... မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ...။ ငါ ဒီအိပ်မက်ကို ဆက်မမက်ချင်တော့ဘူး...။"
ပြောပြောဆိုဆိုဖြင့် သူဌေးကျင်းက ရုတ်တရက် လက်ကို မြှောက်ကာ သူ၏ ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက် ရာ 'ဖြန်း' ဟူသော အသံကြီး ထွက်ပေါ်လာလေသည်။
ဤသို့ပြုလုပ်ခြင်း၏ အကျိုးဆက်မှာ သူသည် နာကျင်လွန်းသဖြင့် မျက်နှာရှုံ့မဲ့သွားကာ အသက်ရှူပင် မှားသွား ခဲ့လေသည်။
"ငါ တကယ်ပဲ အဲ့ဒီလောက်တောင် အိပ်မောကျနေတာလား...။ ဘာလို့ ငါ မနိုးသေးတာလဲ...၊ ပြီးတော့ ဒီနာကျင် မှုက...၊ ဒီအိပ်မက်က တကယ့်အစစ်လိုပဲ ခံစားရတယ်...။"
ဤအချိန်တွင် ဥက္ကဋ္ဌချန်က ရှေ့သို့ တက်လာကာ သူဌေးကျင်းအား ပြောလိုက်လေသည်။
"မင်း မျက်နှာက ရင်းနှီးနေသလိုပဲ...။ ငါ အခုမှ မှတ်မိတော့တယ်…၊ မင်းက သိုက်ယွမ်ယွီကျင်းရဲ့ တာဝန်ခံ မဟုတ်လား...။"
"မင်းကို အစည်းအဝေးတစ်ခုမှာ ငါ မြင်ဖူးတယ်...။ ဒါပေမဲ့ မင်းက ထောင့်မှာ ထိုင်နေတော့ ငါ သိပ်သတိမထား မိလိုက်ဘူး... ၊အစည်းအဝေး ပြီးမှ မင်းက ငါ့ဆီကို လိပ်စာကတ်လာပေးလို့ မင်းကို ငါ စသတိထားမိသွား တာ...။"
ဥက္ကဋ္ဌချန်၏ စကားကို ကြားသောအခါ သူဌေးကျင်းက ပါးပြင်ပေါ်မှ ပူလောင်နေသော နာကျင်မှုကို လျစ်လျူရှု ကာ အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
"ဟုတ်ပါတယ်...၊ ဟုတ်ပါတယ်...၊ ဥက္ကဋ္ဌချန် နောက်ဆုံးတော့ ကျွန်တော့်ကို မှတ်မိသွားပြီပေါ့...။ သိုက်ယွမ်ယွီ ကျင်းက ကျွန်တော့် ကုမ္ပဏီပါ ကျွန်တော်တို့ကြားမှာ စီးပွားရေးအရ ဆက်ဆံမှုတွေ ရှိပါတယ်...။"
သို့သော် ထို့နောက် သူဌေးကျင်း၏ မျက်နှာအမူအရာမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။
"နေပါဦး... ဒါက အိပ်မက်တစ်ခု မဟုတ်ဘူးလား...။ ဒါဆို ငါက ဘာလို့ အိပ်မက်ထဲမှာ မျက်နှာလိုမျက်နှာရ လုပ်နေရမှာလဲ...။ အဲ့ဒီ ဥက္ကဋ္ဌချန် ဆိုတာတွေကို မေ့ထားလိုက်တော့...။"
“ဖြန်း...”
သို့သော် သူဌေးကျင်း စကားမဆုံးမီမှာပင် ဥက္ကဋ္ဌချန်က ရှေ့သို့ တိုးလာပြီး သူ့အား ပြင်းထန်သော ပါးရိုက်ချက် တစ်ခု ပေးလိုက်လေသည်။
ဤပါးရိုက်ချက်မှာ သူဌေးကျင်း ကိုယ့်ကိုယ်ကိုယ် ရိုက်ခဲ့သည့် အချက်ထက် ပိုမို ပြင်းထန်ပြီး သူ့အား မြေပြင် ပေါ်သို့ တစ်ဖန် လဲကျသွားစေခဲ့သည်။
သူ လဲကျသွားသည့် အခိုက်အတန့်တွင် သူသည် သတိလစ်နေသော ဆရာမပေါ်သို့ တည့်တည့်မတ်မတ် ဖိချမိသွားရာ ဆရာမမှာ တစ်စက္ကန့်မျှ သတိပြန်လည်လာပြီးနောက် ချက်ချင်းပင် ထပ်မံ၍ သတိလစ်သွားပြန် လေသည်။
သူဌေးကျင်းသည် ပူလောင်နေသော ပါးပြင်ကို အုပ်ထားရင်း ရုတ်တရက် သဘောပေါက်သွားလေသည်။
*ဒါက အိပ်မက် မဟုတ်လောက်ဘူး…။*
ထို့နောက် ဥက္ကဋ္ဌချန်က သူဌေးကျင်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုလိုက်လေသည်။
"မင်းရဲ့ ဘဝတစ်ခုလုံးကို အိပ်မက်တစ်ခုလို သဘောထားလိုက်တာ ပိုကောင်းမယ်...။"
"ခုနက ငါ မင်းကို ပါးရိုက်လိုက်တာ မင်း ငါ့ကို စော်ကားလို့ မဟုတ်ဘူး...။ မင်းက အယ်လ်တစ်မြို့လုံးမှာ လုံးဝ မစော်ကားသင့်တဲ့သူကို စော်ကားလိုက်လို့ပဲ...။"
ခေတ္တမျှ ရပ်နားပြီးနောက် ဥက္ကဋ္ဌချန်က စင်အောက်ရှိ လူအားလုံးကို ရည်ရွယ်ကာ စကားတစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်လေသည်။
"မင်းတို့ ဘယ်သူ့ကို စော်ကားလိုက်လဲဆိုတာ အခု ငါ ပြောပြမယ်...။"
"သူက အယ်လ်မြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်းရဲ့ အဓိကအသိုင်းအဝိုင်းကို တည်ထောင်ခဲ့တဲ့ လျှို့ဝှက်ဆန်း ကြယ် ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ငါတို့ ကုမ္ပဏီ အများအပြားရဲ့ အဓိက အစုရှယ်ယာရှင်ကြီးလည်း ဖြစ်တယ်...။"
ဤစကားများကို ကြားပြီးနောက် တက်ရောက်လာသူ အားလုံးမှာ တစ်ဖန် တိတ်ဆိတ်သွားကြပြီး သူတို့အားလုံး ၏ မျက်လုံးများက လျန်ထျန်းဆီသို့ စူးစိုက်သွားကြလေသည်။ အဓိက အကြောင်းအရာမှာ အံ့ဩတုန်လှုပ်ခြင်း ပင် ဖြစ်လေတော့သည်။