အခန်း (၂၄၁-၂၄၂)
Vol. 23 Ch. 241-242
အခန်း (၂၄၁) လွင်တီးခေါင်ပြင်ဆီသို့ ပြန်လည်ရောက်ရှိခြင်းနှင့် ကွဲပြားသော အချိန်စီးဆင်းမှုနှုန်းထားများ
ရဲချီယန်က လုပ်ငန်းစဉ်ခုံကို ခေါ်ယူလိုက်ကာ ပုံစံကြမ်းနှင့် ဖန်တီးရန်လိုအပ်သော ကုန်ကြမ်းအားလုံးကို ၎င်းအပေါ်သို့ တင်လိုက်လေ၏။ တစ်ချိန်တည်းမှာပင် စိတ်စွမ်းအား သုံးဆယ်ကို ထည့်သွင်းလိုက်သည်။ ဤသို့မလုပ်ဆောင်မီက သူသည် အီဘိုနီကို အသုံးပြုကာ ကိုယ်ခံစွမ်းအား ပြန်လည်ပြည့်ဝစေရန် ဂေါ်ဘလင်အနည်းငယ်ကို သတ်ဖြတ်ခဲ့ပေသည်။ ဖန်တီးမှုလုပ်ငန်းစဉ် စတင်သွားလေတော့သည်။
အဖြူရောင်အလင်းတန်းလေးများက ကုန်ကြမ်းအားလုံးကို လေထဲသို့ ပင့်တင်လိုက်ပြီး ပြိုကွဲပေါင်းစပ်သွားစေသည်။ ဆယ်မိနစ်ခန့် ကြာမြင့်သွားပြီးနောက် ထိုအလင်းတန်းလေးများ ပေါင်းစည်းသွားမှုနှင့်အတူ နို့နှစ်ရောင် အလင်းဖျော့ဖျော့လေး တောက်ပနေသော ဆေးရည်တစ်ပုလင်းမှာ ရဲချီယန်၏ရှေ့မှောက်၌ ပေါ်လာချေပြီ။
[ရဲချီယန်၏ စိတ်စွမ်းအားဖြည့် ဆေးရည်]
"အောင်မြင်သွားပြီ"
ဤဆေးရည်က စိတ်စွမ်းအားကို တိုက်ရိုက် ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိသောကြောင့် သူ၏ အမြင့်ဆုံး စိတ်စွမ်းအားကန့်သတ်ချက်ကို ယာယီအားဖြင့် အမှတ် ၂၅ ထပ်တိုးပေးလိုက်သကဲ့သို့ပင် ဖြစ်ပေသည်။
"လမင်းပန်း အရည်ရယ် ကြယ်သဲရွှေရယ် ထားလိုက်ပါတော့လေ ဖြည်းဖြည်းချင်းပဲ ရှာတော့မယ် တကယ်လို့ ရှာလို့မရရင်တောင် ရှာယာတို့ကို မေးကြည့်လို့ရတာပဲ ဝယ်လို့ရချင်ရမှာပါ"
သူက ထိုဆေးရည်ကို အီဗ်၏ ကုသရေးအပေါက်အတွင်းသို့ ထည့်သွင်းလိုက်လေ၏။
ရတနာသေတ္တာထဲမှ ကျန်ရစ်သော ဆွဲကြိုးနှင့်ပတ်သက်၍မူ သူက ချက်ချင်း အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရန် ရည်ရွယ်မထားပေ။ ရဲချီယန်က ၎င်းကို ရထားဒင်္ဂါးများနှင့် တိုက်ရိုက်လဲလှယ်ရောင်းချရန် စဉ်းစားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုဆွဲကြိုး၏ ဒုတိယစွမ်းရည်ကို အသက်သွင်းရန် လိမ်ညာပြောဆို၍ မရနိုင်သောကြောင့်ဖြစ်ပြီး သူက ထိုသို့ လုံးဝ မလုပ်နိုင်ပေ။
"ဒါမှမဟုတ် စမ်းကြည့်တဲ့အနေနဲ့ပဲ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်ကြည့်ရမလား ထားလိုက်ပါတော့ နောက်မှပဲ ဆက်လုပ်တော့မယ်"
လီဆက် ကမ်းပေးလာသော သောက်စရာကို လှမ်းယူလိုက်ချိန်တွင် စားပွဲပေါ်၌ အနံ့အရသာနှင့် ပြည့်စုံလှသော ဟင်းပွဲအချို့ကို ပြင်ဆင်ထားပြီးဖြစ်နေလေပြီ။ အစားသောက်ကသူ၏ ခံတွင်းကို မြိန်စေခဲ့သည်။ အတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ကာ လောလောဆယ်တွင် အစားစားရန်က ပို၍အရေးကြီးပေသည်။
သောင်းကျန်းနေသော မကောင်းဆိုးဝါးများကို ရှင်းလင်းရန် ရဲချီယန်အတွက် တစ်ရက်ခွဲမျှ အချိန်ယူခဲ့ရသည်။ ထိုအကောင်များကို သတ်ဖြတ်ရန် အလွန်ခက်ခဲနေ၍တော့ မဟုတ်ပေ။ သူက လူသားမြို့စားနယ် မြို့တော်အတော်များများ၏ အနီးသို့ သွားရောက်ခဲ့ရသောကြောင့် ဖြစ်လေ၏။ သူက ဘူတာအတွင်း စတင်လည်ပတ်ခြင်း မော်ဂျူးကို အသုံးပြုကာ ရထားကို တိုက်ရိုက် မောင်းနှင်သွားခဲ့သည်။ ဤနေရာမှ ဌာနေလူမျိုးများက သူ့အား ကမ္ဘာကြီးကို ကယ်တင်မည့် ကယ်တင်ရှင်တစ်ဦးအဖြစ် သဘောထားနေပုံရသည်။ ဒေသတစ်ခုအတွင်းရှိ မကောင်းဆိုးဝါးများကို ရှင်းလင်းပြီးနောက် သူတို့က လူများကို တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ကာ သူ့အား တွေ့ဆုံချင်နေခဲ့ကြသည်။
ရဲချီယန်ကလည်း သူတို့နှင့် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့လေ၏။ ရည်ရွယ်ချက်မှာမူ လူများကို ကယ်တင်ခြင်းက ကောင်းမွန်သော်လည်း ငွေကြေးစုဆောင်းရန်က ပို၍အရေးကြီးသောကြောင့်ပင်။ များပြားလှသည်တော့ မဟုတ်သော်လည်း မြို့တော်အတော်များများကို ဖြတ်သန်းပြီးနောက် သူ၏လက်ထဲတွင် ရထားဒင်္ဂါး နှစ်ဆယ့်တစ်ပြား ရရှိနေချေပြီ။ ဤနှစ်ရက်အတွင်း နဂါးကတ်ပြားမှ ရရှိသော ဒင်္ဂါးဆယ်ပြားနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ရထားဒင်္ဂါး သုံးဆယ့်တစ်ပြား ရှိလာပေသည်။
"နောက်ဆုံးတော့ ပြီးသွားပြီ"
မကောင်းဆိုးဝါးများကို တစ်သုတ်ပြီးတစ်သုတ် ရှင်းလင်းပြီးနောက် ထွက်ခွာခွင့်ပန်းတိုင်များအတွင်းရှိ လက်ရှိ ဘူတာ၏ ရည်မှန်းချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း ဆိုသည့် ပန်းတိုင်ကို အောင်မြင်သွားလေတော့သည်။
ဤဘူတာရုံကမ္ဘာတစ်ဝိုက်တွင် ပြန့်ကျဲနေသော မကောင်းဆိုးဝါးတချို့ ကျန်ရှိနေသေးသော်လည်း သူက ဆက်လက်ရှင်းလင်းရန် အစီအစဉ်မရှိတော့ပေ။ မည်သို့ပင်ဆိုစေ သူသည် ကယ်တင်ရှင်တစ်ဦးမှ မဟုတ်ဘဲ။ အကယ်၍ ကျန်ရစ်နေသော မကောင်းဆိုးဝါးများက ဤဌာနေလူမျိုးများကို မျိုးတုံးသတ်ဖြတ်နိုင်သေးသည်ဆိုလျှင် ထိုလူများမှာ ကယ်တင်ခံရရန် တန်ဖိုးမရှိကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်လေတော့သည်။
"မြို့တွေကို မတွက်ရင် ဒါက တကယ်ကို အကြာဆုံး ရပ်နားမှုပဲ"
ရဲချီယန်က စက်ခေါင်းတွဲအတွင်း၌ ရပ်နေခဲ့သည်။ သူ၏ ရှေ့မှောက်ရှိ အလင်းမျက်နှာပြင်ပေါ်တွင် တာဝန်ပြီးမြောက်ကြောင်း အသိပေးချက်တစ်ခုက လင်းလက်နေလေ၏။
"တာဝန် ပြီးသွားပြီ ဆုလာဘ်တွေကို အရင်ကြည့်ရအောင်"
[လက်ရှိ ဘူတာ၏ ရည်မှန်းချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း]
[ရည်မှန်းချက် ၁ ဂေါ်ဘလင် စုန်းမကြီးကို သတ်ဖြတ်ရန်]
[ရည်မှန်းချက် ၂ သောင်းကျန်းနေသော မကောင်းဆိုးဝါးလှိုင်း၏ ရာခိုင်နှုန်း ၇၀ ကို ရှင်းလင်းရန်]
[ပြီးမြောက်မှု အဆင့်သတ်မှတ်ချက် S]
[တာဝန် ဆုလာဘ် ရရှိပါသည် ဂေါ်ဘလင်၏ အရိုးတောင်ဝှေး (အဆင့် ၈)]
[ဂေါ်ဘလင်၏ အရိုးတောင်ဝှေး]
[ကွဲပြားသော စိတ်စွမ်းအား ပမာဏများကို အသုံးပြု၍ အမျိုးအစားစုံလင်သော ဂေါ်ဘလင်များကို ဆင့်ခေါ်နိုင်ပြီး အမြင့်ဆုံးအနေဖြင့် အဆင့် ၈ ပေါင်းစပ် ဂေါ်ဘလင်တစ်ကောင်ကို ဆင့်ခေါ်နိုင်စွမ်းရှိသည်]
ဟင်း မဆိုးပါဘူး။ ဈေးကောင်းရနိုင်လောက်တယ်။ သူ ဆင့်ခေါ်နိုင်သော အရာများက အလွန်များပြားနေပြီ ဖြစ်သည်။ တိုက်ပွဲအတွင်း ဂေါ်ဘလင်များကို ဆင့်ခေါ်ရန် စိတ်စွမ်းအား အသုံးပြုစရာ အလျဉ်းမလိုပေ။ အဆင့် ၈ ပေါင်းစပ် ဂေါ်ဘလင်ဆိုသည်မှာ နားထောင်လို့ကောင်းသော်လည်း စောစောက မျက်ရည်နီတို့ အလွယ်တကူ သတ်ဖြတ်ခဲ့သော ဧရာမ ဂေါ်ဘလင်ကြီးသာ မဟုတ်ပါလော။ ရဲချီယန်က ထိုအကောင်များကို ထိုမျှလောက် အစွမ်းထက်မည်ဟု မထင်ထားပေ။
အချုပ်အားဖြင့်ဆိုရသော် ဤပစ္စည်းက ရဲချီယန်အတွက် စိတ်စွမ်းအားကို စတေး၍ အသုံးပြုရန် မတန်ပေ။ ထို့အပြင် ဂေါ်ဘလင် နတ်ဘုရား၏ တမန်တော်၏ ခန္ဓာကိုယ်တစ်ပိုင်းမှာလည်း လောဘတကြီး စားသောက်ခြင်း နတ်ဆိုး၏ အစာချေဖျက်မှုကို လုံးဝခံရပြီးဖြစ်လေသည်။ အစာချေဖျက်မှု အပြည့်အဝ ပြီးဆုံးသွားသည်နှင့် ရဲချီယန်အတွက် တိုက်ခိုက်ပေးရန် အသွင်ပြောင်းနိုင်မည် ဖြစ်သည်။ ထိုအဆင့်ရှိ ဂေါ်ဘလင်တစ်ကောင်ကသာ သူ့အတွက် အသုံးပြုရန် တန်ဖိုးရှိပေလိမ့်မည်။
"မှောင်ခိုဈေးကွက်ထဲမှာ သွားရောင်းရမလား ဒါမှမဟုတ် တစ်ယောက်ယောက်ဆီ ရောင်းလိုက်ရမလား"
"ထားလိုက်ပါတော့ ဒါကို နောက်မှပဲ ရှင်းတော့မယ်"
"ဘူတာရုံကနေ အရင် ထွက်ခွာတာက ပိုကောင်းမယ်"
နောက်ဆုံး ကျန်ရစ်သော အပ်ကြီးပျားက ငါးစာအဖြစ် အသုံးပြုရန် မကောင်းဆိုးဝါး၏ အလောင်းကို ယူဆောင်လာချိန်တွင် ရဲချီယန်က ထွက်ခွာရေးခလုတ်ကို နှိပ်လိုက်လေ၏။
မြို့ရိုးပေါ်ရှိ ဌာနေလူမျိုးများ၏ အကြည့်အောက်တွင် ရထား၏ ရှေ့မှောက်၌ လေဟာနယ်ဟင်းလင်းပြင်တစ်ခု ထွက်ပေါ်လာသည်။ ရေနွေးငွေ့ ဥဩသံ အကျယ်ကြီးက ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်သွားလေ၏။ ရထား၏ အမြန်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာပြီးနောက် သူ၏ ရထားမှာ ထိုအတိုင်း ထွက်ခွာသွားလေတော့သည်။
ဤမြင်ကွင်းကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့သော ဌာနေလူမျိုးများမှာ တန်ခိုးပြာဋိဟာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူတို့က ဤနေ့ကို ကယ်တင်ရှင်၏နေ့ ဟု သတ်မှတ်ခေါ်ဆိုခဲ့ကြသည်။ မြို့တွင်းရှိ လက်မှုပညာရှင်များက သူ့အတွက် ရုပ်တုတစ်ခု တည်ဆောက်ရန် ဧရာမ ကျောက်တုံးကြီးတစ်ခုကို ရှာဖွေခဲ့ကြပေသည်။ ရဲချီယန်က ဤအရာအားလုံးကို သိနိုင်ရန် နည်းလမ်းမရှိခဲ့သလို သိခဲ့လျှင်လည်း ဂရုစိုက်နေမည် မဟုတ်ချေ။
ဤအချိန်လေးမှာပင် ဂေါ်ဘလင် စုန်းမကြီး သေမင်းတမန် မြို့တော် ဘူတာရုံကမ္ဘာမှ ထွက်ခွာလာပြီးနောက် ရထားတွဲပြတင်းပေါက် အပြင်ဘက်ရှိ ကမ္ဘာကြီးမှာ သူ ဘူတာသို့ မဝင်ရောက်မီကအတိုင်း အတိအကျ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားရလေသည်။
မိုးကြိုးမုန်တိုင်းများက အဆက်မပြတ် ရွာသွန်းနေဆဲပင်။ သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးက ကမ္ဘာပျက်မည့် အသွင်ဆောင်နေလေ၏။
"ဘာကြီးလဲကွာ ငါ ဘူတာရုံထဲမှာ နှစ်ရက် သုံးရက်လောက် နေခဲ့တာတောင် ဒီရာသီဥတုက မပြီးသေးဘူးလား"
"နေပါဦး"
ရဲချီယန်က သူ၏ အိတ်ဆောင်နာရီကို ထုတ်ယူလိုက်သည်။ ဘူတာရုံမှ မထွက်ခွာမီက သူ တစ်ချက်ကြည့်ခဲ့သေးသည်။ ထိုပေါ်ရှိ အချိန်မှာ ၁၄း၄၁ ဖြစ်သင့်ပေသည်။ သို့သော် ယခု အိတ်ဆောင်နာရီပေါ်ရှိ အချိန်မှာ ၁၃း၀၉ ဖြစ်နေချေပြီ။
အချိန် နောက်ပြန်ဆုတ်သွားတာလား။ ဒါမှမဟုတ် နာရီပဲ ပျက်သွားတာလား။ မဟုတ်ဘူး နှစ်ခုစလုံး မဟုတ်ဘူး။ ရဲချီယန်က ချက်ချင်း တုံ့ပြန်လိုက်သည်။ အိတ်ဆောင်နာရီ၏ အမြဲတမ်း တိကျမှန်ကန်သော အချိန်မှာ ၎င်းတည်ရှိနေသည့် ကမ္ဘာအပေါ် မူတည်၍ ပုံသေ သတ်မှတ်ထားခြင်း ဖြစ်ပေသည်။
သို့ဆိုလျှင် ကွဲပြားသော ကမ္ဘာများတွင် မတူညီသည့် အချိန်စီးဆင်းမှုနှုန်းထားများ ရှိနေလျှင်ကော မည်သို့ဖြစ်မည်နည်း။ အချိန်စီးဆင်းမှု မြန်ဆန်သော ကမ္ဘာမှ နှေးကွေးသော လွင်တီးခေါင်ပြင်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် အချိန်ပတ်ဝန်းကျင် ပြောင်းလဲသွားသည်နှင့်အမျှ အိတ်ဆောင်နာရီ၏ အချိန်မှာလည်း ပြောင်းလဲသွားမည် ဖြစ်လေ၏။
"မဖြစ်နိုင်လိုက်တာ ငါက အဲ့ဒီကမ္ဘာမှာ ဒီလောက်ကြာကြာ နေခဲ့တာကို လွင်တီးခေါင်ပြင်မှာကျတော့ နေ့ဝက်ပဲ ကုန်ဆုံးသွားသေးတယ်ပေါ့လေ"
ရဲချီယန်က စကားတစ်ခွန်းမျှ မဆိုနိုင်တော့ဘဲ နဖူးကို လက်ဖြင့် ဖိလိုက်လေတော့သည်။ ဤမိုးကြိုးမုန်တိုင်းကို ရှောင်လွှဲနိုင်ရန်အတွက် သူက ဘူတာရုံသို့ စောစီးစွာ ဝင်ရောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြစ်မည်ကိုသာ သိခဲ့လျှင် သူက ဘူတာရုံကမ္ဘာထဲတွင် နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေခဲ့မိမည်မှာ အသေအချာပင်။
ယခုတော့ နောက်ထပ် ဘူတာရုံကို တိုက်ရိုက် ဝင်ရောက်ရတော့မလား။ မဟုတ်သေးဘူး ဝင်လို့မရသေးပေ။ ထွက်ခွာချိန် ကန့်သတ်ချက် ပျောက်ကွယ်သွားသော်လည်း နောက်ဘူတာသို့ ဝင်ရောက်ရန်အတွက် သူက အနည်းဆုံး ဒုတိယမြောက်နေ့ သန်းခေါင်ယံအချိန်အထိ လွင်တီးခေါင်ပြင်၌ ဆက်နေရန် လိုအပ်နေသေးလေ၏။
ထိုသို့မဟုတ်လျှင် မြို့တော်တစ်ခုခုကို သွားရမလား။ ဆော်လမွန် မြို့တော် ဒါမှမဟုတ် ကြယ်တစ်ထောင်မြို့တော်လား။ ရဲချီယန် စဉ်းစားနေဆဲမှာပင်...
ရုတ်တရက် ပြတင်းပေါက် အပြင်ဘက် လွင်တီးခေါင်ပြင်ထဲမှ ရှင်းပြ၍မရသော အလင်းတန်းတစ်ခုနှင့် ထူးဆန်းသော အသံတစ်သံက သူ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုအသံကို ကြားလိုက်ရသဖြင့် သူက လှမ်းကြည့်လိုက်လေ၏။ ရထား၏ တည့်တည့် ရှေ့မှောက်တွင်ကား မိုးပြာရောင် အလင်းတိုင်တစ်ခုက လမ်းပိတ်ရပ်တန့်နေချေပြီ။
ထိုအလင်းတိုင်မှနေ၍ မရေမတွက်နိုင်သော အလင်းကြိုးမျှင်များ ထွက်ပေါ်လာကာ ရဲချီယန်၏ ရထားဆီသို့ ဦးတည်လာကြသည်။ ပြင်းထန်လှသော ဖိအားကြောင့် ရထားကြီးမှာ နာကျင်စွာ ညည်းတွားသံများ ထွက်ပေါ်လာစေခဲ့သည်။
ဒါက ဘာကြီးလဲ။ လွင်တီးခေါင်ပြင်ထဲမှာ ဒီလိုအရာမျိုး ရှိနေတာလား။ လွင်တီးခေါင်ပြင် သက်ရှိလား။ မကောင်းဆိုးဝါးလား။ နတ်ဘုရားလား။ ဒါမှမဟုတ် တခြားအရာတစ်ခုခုလား။ မဟုတ်ဘူး ယခုအချိန်က ထိုအရာများကို စဉ်းစားနေရန် အချိန်မဟုတ်ပေ။
"ရထား လက်နက်ကိရိယာ အသက်သွင်းလိုက်"
[နီးကပ်လာသော ကမ္ဘာပျက် လွန်ပူ]
[လေပိုင်နက် ရှင်းလင်းရေး]
[ချမ်းသာကြွယ်ဝမှု ဒိုင်းလွှား]
ထို့အပြင်...
"အီဗ် အကန့်အသတ်ကျော်လွန် မုဒ်ကို ဖွင့်လိုက် ပြီးတော့ အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့်ကိုပါ ပေါင်းထည့်လိုက်"
[အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့် စွမ်းရည်အားလုံး၊ လက်နက်အားလုံးနှင့် အကျိုးသက်ရောက်မှုအားလုံးကို ဆယ်ဆ မြှင့်တင်ပေးပြီး အဆင့် ၂ ဆင့် ထပ်တိုး အကျိုးသက်ရောက်မှုကို ရရှိစေကာ ဆယ်မိနစ်တိုင်တိုင် ကြာမြင့်မည် ဖြစ်သည်]
အကန့်အသတ်ကျော်လွန်သော အလင်းတန်းများက အီဗ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားလေ၏။ သူမ၏ ပုံစံမှာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပေါက်ကွဲနိုင်စွမ်းရှိသော သံချပ်ကာအလွှာတစ်ခု ဖုံးလွှမ်းသွားသကဲ့သို့ပင်။ ၎င်း၏အောက်တွင် စီးဆင်းနေသော မိုးပြာရောင် အလင်းတန်းများက လေထုထဲတွင် အလင်းရောင်များ ရေးဆွဲနေသယောင်ပင်။
လက်နက်အားလုံးကို အသက်သွင်းလိုက်ချေပြီ။ အကန့်အသတ်ကျော်လွန် မုဒ်၏ နှစ်ဆသော အမြန်နှုန်းမှာ အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့်၏ ဆယ်ဆသော စွမ်းရည်များဖြင့် ပေါင်းစပ်သွားခဲ့သည်။ ဤစွမ်းရည်များဖြင့် သူမ ကိုင်ဆောင်ထားသော လက်နက်များပင်လျှင် များစွာ အစွမ်းထက်လာခဲ့ပေသည်။ ပစ်ခတ်လိုက်စမ်း။
တစ်ချိန်တည်းမှာပင် ရဲချီယန်ကလည်း တစ်စက္ကန့်မျှ တုံ့ဆိုင်းမနေခဲ့ပေ။ အမဲလိုက် စက်ယန္တရားနဂါးနှင့် မျက်ရည်နီတို့က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ပထမတစ်ခုက ကောင်းကင်ယံထက်တွင် မြင့်မားစွာ လွင့်မျောနေပြီး ၎င်း၏ စက်ယန္တရား လည်ပတ်သံက မိုးကြိုးသံများကိုပင် ဖုံးလွှမ်းသွားစေခဲ့သည်။ ဒုတိယတစ်ဦးမှာမူ ရထားပေါ်တွင် ရပ်နေခဲ့ပြီး မျက်ရည်နီ၏ သွန်းဖြိုးနေသော မိုးရေများက မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။
လီဆက်က သူ၏ အနောက်တွင် ပေါ်လာပြီးဖြစ်ကာ နာရီ၊ မိနစ်နှင့် စက္ကန့်လက်တံများက တဂျပ်ဂျပ် မြည်လာပြီး စွမ်းအင်များကို စုဆောင်းနေကြသည်။ ကတ်ပြား အစီအစဉ် တစ်ခုလုံးက သူ၏ ဝန်းကျင်တွင် လည်ပတ်နေလေ၏။ ကြိုတင်သတိပေးသူ၏ ကျီးကန်းနတ်ဆိုးက အော်ဟစ်ခြင်း မရှိပေ။ ဆိုလိုသည်မှာ ဤနေရာတွင် မည်သူမျှ သေဆုံးမည် မဟုတ်ကြောင်းပင်။
ရဲချီယန်က ရထား၏ ပထမဆုံး စက်ခေါင်းတွဲအတွင်း၌ ရပ်နေရင်း လက်ဝါးကို မြှောက်ကာ ရှေ့သို့ ဆုပ်ကိုင်လိုက်သော ဟန်ပန်ကို ပြုလုပ်လိုက်သည်။
[သုံးစွဲမှု အကြီးအကျယ် လျှော့ချခြင်း မော်ဂျူး၊ အသက်သွင်းလိုက်]
အကန့်အသတ်ကျော်လွန် မုဒ်၊ စတင်လိုက်။
ရှေ့တွင် မည်သည့်အရာပင် ရှိနေပါစေ ရဲချီယန်က ဤအမည်မသိ သက်ရှိကို အမြင့်ဆုံး ရိုသေလေးစားမှု ပြသသွားမည် ဖြစ်လေတော့သည်။
"အကန့်အသတ်ကျော်လွန်သော ထိပ်ဖူး"
"ဒီမြေနိုးကို တည့်တည့်သာ ဝင်တိုက်ချလိုက်စမ်း"
အခန်း (၂၄၂)
အကန့်အသတ်ကျော်လွန်သော ထိပ်ဖူးကို ပစ်လွှတ်လိုက်လေ၏။
တစ်စက္ကန့်မျှ ကြာမြင့်သော တွင်းနက်ကြီးတစ်ခုက ထိုအလင်းတန်းကြီးအတွင်းရှိ ဧရာမကွက်လပ်ကြီးတစ်ခုကို အတင်းအဓမ္မ ဖျက်ဆီးပစ်လိုက်သည်။ သို့သော်ငြား အမဲလိုက် စက်ယန္တရားနဂါး၏ ဤတိုက်ခိုက်မှုက ၎င်းကို အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိချေ။
ပြိုကျပျက်စီးသွားသော တွင်းနက်ကြီး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ထိုကွက်လပ်ကြီးက သူ့အလိုလို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့၏။ နောက်တစ်စက္ကန့်တွင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည့်အလားပင်။
သို့သော် ဤသည်မှာ အကန့်အသတ်ကျော်လွန်သော ထိပ်ဖူးက အသုံးမဝင်ကြောင်း ဆိုလိုခြင်း မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် မူလက ကောင်းကင်ယံကို ဖောက်ထွက်သွားမယောင် ထင်ရသော အလင်းတန်းကြီးမှာ ထိုတွင်းကြီးကို ပြန်လည်ပြုပြင်ရန်အတွက် တစ်ဝက်ကျော်မျှ ကျုံ့ဝင်သွားခဲ့ရလေသည်။ ထို့အပြင် အီဗ်က အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့် အခြေအနေတွင် ရှိနေသဖြင့် လက်နက်အားလုံးသည် တူညီသော ဆယ်ဆစွမ်းအားမြှင့်တင်မှုကို ရရှိထားလေ၏။
ရူးသွပ်စွာ ဗုံးကြဲတိုက်ခိုက်လိုက်ရာ ရထားဆီသို့ တိုးဝင်လာရန် ကြိုးပမ်းနေသော အလင်းကြိုးမျှင်များအားလုံး ဖရိုဖရဲ လွင့်စင်ကာ ပျက်စီးသွားလေတော့သည်။
အနီရောင် သုံးဆ အမြန်နှုန်း ရထား အရှိန်တင်စက်ကို အသက်သွင်းလိုက်သည်။ ၎င်းအတွင်းသို့ ငွေရောင်ကျည်ဆန်များကို ထည့်သွင်းလိုက်ရာ ရထား၏ အမြန်နှုန်းမှာ အဟုန်ပြင်းစွာ မြင့်တက်သွားချေပြီ။
နီးကပ်လာသော ကမ္ဘာပျက် လွန်ပူမှ ဟိန်းဟောက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး အရှိန်ပြင်းစွာဖြင့် ဝင်တိုက်ချလိုက်လေ၏။ ရထားကြီးထံမှ စူးရှသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
အမဲလိုက် စက်ယန္တရားနဂါးနှင့် အီဗ်တို့၏ တိုက်ခိုက်မှုများက မရပ်မနား ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့၏။ လွန်ပူ၏ ထိုးစစ်ကြောင့် အလင်းတန်းကြီး၏ အရွယ်အစားမှာ စတင်ကျုံ့ဝင်လာခဲ့သည်။
သို့ရာတွင် ထိုမျှနှင့် မလုံလောက်သေးချေ။ နောက်ဆုံးတွင်တော့ စစ်မြေပြင် အသက်ဝင်လာခြင်း။
ရထားခေါင်မိုးပေါ်တွင် နေရာယူထားသော မျက်ရည်နီက စွဲထင်နေသောမျက်ရည် ဓားကို ဆွဲထုတ်လိုက်လေ၏။ သူမ၏ မျက်လုံးထောင့်မှနေ၍ မျက်ရည်တစ်ပေါက် စီးကျလာသည်။ တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ရှေ့သို့ ဓားဖြင့် ချိန်ရွယ်လိုက်၏။
ရှေ့မှောက်မှနေ၍ မရေမတွက်နိုင်သော ပုံရိပ်များ လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး ကျပန်း ရွေးချယ်လိုက်လေသည်။ ထို့နောက် သူမက ဓားကို ဝှေ့ယမ်းလိုက်တော့သည်။
လမ်းကြောင်းတစ်ခုကို ထွင်းဖောက်သွားသော ဓားချက်က အလင်းတန်းကြီးနှင့် ထိတွေ့သွားပြီး ပြတ်တောက်သွားစေလေ၏။
အလင်းတန်းကြီးမှာ ထပ်မံ၍ ကျုံ့ဝင်သွားပြန်သည်။ ၎င်းမှာ အဆက်မပြတ် သေးငယ်လာနေခဲ့ချေပြီ။ နီးကပ်လာသော ကမ္ဘာပျက် လွန်ပူ၏ စူးရှသော အသံကြီးမှာ ပိုမိုပြင်းထန်လာခဲ့၏။
တည့်တည့် ထိုးဖောက်ဝင်ရောက်သွားတော့မည်ဟု ထင်ရချိန်လေးမှာပင် အလင်းတန်းကြီး၏ အရွယ်အစားမှာ ရထား၏ ရှေ့ပိုင်းအရွယ်အစားနှင့် တူညီသွားသည်အထိ ကျုံ့ဝင်သွားခဲ့လေသည်။
ထို့နောက် ၎င်း၏ တည့်တည့်ရှေ့တွင် အလွန်တရာ လှပဆန်းကြယ်သော ခရုပတ်ပုံသဏ္ဍာန် ဓားမြှောင်တစ်လက်က ရထား၏ နီးကပ်လာသော ကမ္ဘာပျက် လွန်ပူနှင့် ဝင်တိုက်မိသွားတော့သည်။ မျက်နှာချင်းဆိုင် ဝင်တိုက်မိခြင်းပင်။
ရဲချီယန်ကို အံ့အားသင့်စေခဲ့သည်ကတော့။
နီးကပ်လာသော ကမ္ဘာပျက် လွန်ပူမှာ အက်ကွဲတော့မည့် လက္ခဏာရပ်များကို အနည်းငယ် ပြသလာခြင်းပင် ဖြစ်လေ၏။ မဟုတ်သေးပေ၊ အနည်းငယ်သာ မဟုတ်ဘဲ တကယ်ကို အက်ကွဲပျက်စီးနေခြင်း ဖြစ်သည်။ အနည်းငယ်မျှသာ လိုတော့၏။
သို့သော် သူ၏ စိတ်စွမ်းအားများမှာလည်း ကုန်ခန်းလုနီးပါး ဖြစ်နေချေပြီ။ မျက်ရည်နီကို နောက်ထပ်တစ်ကြိမ် ဓားဝှေ့ယမ်းစေရန်အတွက် သူ့အနေဖြင့် စိတ်စွမ်းအား လိုအပ်နေပေသည်။ စောစောက သူ ဖန်တီးထားခဲ့သော ဆေးရည်ကို သောက်လိုက်ရမလား။
ရဲချီယန်က မည်သည့် တုံ့ဆိုင်းမှု တွန့်ဆုတ်မှုမျှ မရှိဘဲ အီဗ်၏ ကုသရေးအပေါက်ထဲမှ ဆေးရည်ကို ထုတ်ယူကာ သောက်ရန် ပြင်လိုက်ချိန်လေးမှာပင်။ သူ၏ဘေးတွင် ရပ်နေခဲ့သော လီဆက်က လျှောက်လာပြီး သူ၏လက်ကို ဆုပ်ကိုင်လိုက်လေ၏။
"လီဆက်"
လူသားတစ်ဦးနှင့်တူသော စက်ရုပ်အိမ်အကူမလေးက သူ့ကို မျက်တောင်တစ်ချက် ခတ်ပြလိုက်သည်။
"ဒါက အရမ်းအဖိုးတန်တယ် သိမ်းထားမှ ဖြစ်မယ်"
"ဒါပေမဲ့ ငါ ဒါကို မသောက်ဘူးဆိုရင်"
"ရှင့်မှာ ကျွန်မ ရှိတယ်လေ"
သူမ၏ အနောက်ဘက်ရှိ နာရီလက်တံက ၁၂ နာရီသို့ လှည့်သွားလေ၏။
ဒေါင်၊ ဒေါင်။
ထိုအသံမှာ မည်သည့်နေရာမှန်း မသိရဘဲ ရှေးဟောင်းနာရီကြီးတစ်ခု၏ မြည်သံအလား ထွက်ပေါ်လာခဲ့သည်။
လီဆက်က သူ၏ရှေ့သို့ လျှောက်သွားကာ အနက်ရောင်ကြိုး လက်အိတ်များ ဝတ်ဆင်ထားသော လက်ဝါးကို ရှေ့သို့ ဖြန့်ထုတ်လိုက်ပြီးနောက် လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ကာ လက်သူကြွယ်နှင့် လက်သန်းကို ပူးလိုက်ပြီး အလယ်တွင် ခွဲခြားထားလိုက်ရာ V ပုံစံလေးအတိုင်း ဖြစ်သွားလေတော့သည်။
တစ်ချပ်ချပ် မြည်သံနှင့်အတူ နာရီလက်တံက ရှေ့သို့ ထပ်မံ ရွေ့လျားသွားပြန်သည်။ ထိုအလင်းတန်းကြီး၏ အမာကျောဆုံး ကျန်ရစ်နေသော အစိတ်အပိုင်းမှာ နီရဲနေသော သံပူနှင့် ထိတွေ့သွားသည့် ရေခဲတစ်ခုအလား လုံးဝ အရည်ပျော်သွားခဲ့ချေပြီ။
ရထား၏ ရှေ့မှောက်တွင်တော့ လမ်းကြောင်းမှာ ရှင်းလင်းသွားလေ၏။ မိုးကြိုးမုန်တိုင်းများကလည်း တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ရာသီဥတုကတော့ နေသာသောနေ့လေးအသွင်ပြောင်းလဲသွားခဲ့တော့လေသည်။
"ရပ်လိုက်တော့"
[လွင်တီးခေါင်ပြင် အနားယူခြင်း] ကို အသက်သွင်းလိုက်သည်။ ရထား၏ အမြန်နှုန်းမှာ တဖြည်းဖြည်း နှေးကွေးသွားပြီး လုံးဝ ရပ်တန့်သွားလေတော့၏။
ရဲချီယန်က မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ပြုမူနေသော လီဆက်ကို ကြည့်လိုက်ပြီး လက်လှမ်းကာ သူမ၏ အနောက်ဘက်ရှိ ဆူးချွန်တစ်ခုအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသော လက်နက်ကို ပွတ်သပ်လိုက်လေသည်။
[စက်သွားတပ် ယန္တရား၏ ကြယ်ပွင့် (အဆင့် ၁၂)]
[တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သော မုဒ်သုံးခု ပိုင်ဆိုင်ထားသည်]
[စက္ကန့်လက်တံ အချိန်ကြာလာသည်နှင့်အမျှ တိုးများလာသော ပျံသန်းနေသည့် မြားများကို ဆင့်ခေါ်နိုင်ပြီး စိတ်စွမ်းအား သုံးစွဲမှုမှာလည်း အချိန်နှင့်အမျှ မြင့်တက်လာမည် ဖြစ်သည်]
[မိနစ်လက်တံ မည်သည့်ရန်သူ၏ ဦးခေါင်းကိုမဆို ပစ်မှတ်ထားသော အပ်ပုံစံ ဓားများကို ဆင့်ခေါ်နိုင်ပြီး အရေအတွက်မှာ အချိန်နှင့်အမျှ တိုးများလာမည် ဖြစ်သည်]
[နာရီလက်တံ အချိန်က ရှေ့သို့သာ ရွေ့လျားမည်ဖြစ်ပြီး နောက်သို့ ဘယ်တော့မှ ဆုတ်မည် မဟုတ်ပေ]
သူက ယခင်က ထိုအရာကို တစ်ခါမျှ ဂရုမစိုက်ခဲ့ပေ။ ဤဆူးချွန်မှာ အဆင့် ၁၂ လက်နက်တစ်ခု ဖြစ်နေကြောင်း ရဲချီယန် လုံးဝ သတိမထားမိခဲ့ချေ။ ပထမ ရှင်းလင်းချက် နှစ်ခုမှာ နားလည်ရန် လွယ်ကူလှသည်။ တတိယတစ်ခုကကော။ အချိန် အရှိန်မြှင့်တင်ခြင်းလား ဒါမှမဟုတ် တခြားအရာတစ်ခုခုလား။
ခေါင်းထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဘေးဖယ်ထားလိုက်ကာ ရဲချီယန်က အပြင်ဘက်ရှိ နေသာနေသော ရာသီဥတုကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအားကို စစ်ဆေးကြည့်လိုက်လေ၏။
ဟင်း။ အကန့်အသတ်ကျော်လွန်သော ထိပ်ဖူး တစ်ခု၊ မျက်ရည်နီထံမှ စစ်မြေပြင် အသက်ဝင်လာခြင်း တစ်ခု။ ဆိုလိုသည်မှာ အီဗ်၏ အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့်က သူ့ထံမှ စိတ်စွမ်းအား သုံးစွဲရန် မလိုအပ်ခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ယခုအချိန်တွင် ခန်းခြောက်သွားလောက်ပြီ ဖြစ်ပေသည်။
"ဟူး" သူက ပင်ပန်းနွမ်းနယ်စွာဖြင့် နဖူးကို ပွတ်သပ်လိုက်ပြီး စကားတစ်ခွန်းမျှ မဟရသေးမီမှာပင် လီဆက်က ရေခဲစိမ်ထားသော ကိုလာတစ်ဗူးကို သူ့ထံ ကမ်းပေးလာခဲ့သည်။
"ကျေးဇူးပဲ ဒါပေမဲ့ စောစောက ဓားမြှောင်က တကယ်တော့ ဘာကြီးလဲဆိုတာ ငါ သိချင်နေတယ်"
လွင်တီးခေါင်ပြင်က တကယ်ကို ထိတ်လန့်စရာကောင်းလှသည်။ ဤနေရာတွင် တွေးတော၍မရနိုင်သော အရာများ အလွန်များပြားနေပေ၏။ ဤအလင်းတန်းကြီး၊ ပြီးခဲ့သည့်အကြိမ်က မီးခိုးရောင် မြူခိုးများနှင့် ထိုမတိုင်မီက အိပ်မက်စားသုံးသူတို့ပင်။
ယခုအချိန်အထိ သူ ဝင်ရောက်ခဲ့ဖူးသော အဆင့် ၈ ပလက်ဖောင်းများမှာ လွင်တီးခေါင်ပြင်ကဲ့သို့ အန္တရာယ်မများကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ ပင်ပန်းနွမ်းနယ်နေသော်ငြား သူက ရထားပေါ်မှ ဆင်းသွားခဲ့သေးသည်။
သူ အထက်သို့ မော့ကြည့်လိုက်လေ၏။ ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ်နေသည်။ မကောင်းဆိုးဝါးများ မရှိသလို မိုးကြိုးမုန်တိုင်းများလည်း မရှိတော့ချေ။ ကောင်းကင်ယံတွင် တိမ်တစ်တိုက်မျှ မရှိဘဲ နေရောင်ခြည်ကလည်း အလွန်တရာ နူးညံ့နေခဲ့သည်။
လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး အဆင့်တစ်ခုကို အောင်မြင်သွားသည့်အတွက် သူ့အား ဆုချီးမြှင့်နေသည့်အလားပင်။
"ဒါတွေအားလုံးက ဘာတွေလဲကွာ" သူက ခေါင်းခါယမ်းလိုက်လေသည်။
အလင်းတန်းကြီး ပျောက်ကွယ်သွားသော နေရာသို့ ပြန်သွားကြည့်ရာ ထိုဓားမြှောင်မှာ အနီးအနားတွင် ရှိနေသင့်ပေသည်။ မကြာမီမှာပင် ရထားထဲတွင် တုန်ရီစွာ ပုန်းအောင်းနေခဲ့သော ဝေါလီကလည်း ပြေးထွက်လာခဲ့၏။
ရတနာရှာဖွေရေး မုဒ်ကို အသက်မသွင်းထားဘဲနှင့်ပင် ၎င်းက အလင်းတန်းကြီးထဲတွင် နစ်ဝင်နေခဲ့ပြီး နီးကပ်လာသော ကမ္ဘာပျက် လွန်ပူကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည့် ထိုဓားမြှောင်ကို လီဆက်တို့ထက်အရင် ရှာတွေ့သွားခဲ့လေသည်။ ၎င်းကို ခေါင်းပေါ်တွင် မြှောက်ကိုင်ထားရင်း ရဲချီယန်၏ ခြေရင်းဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။
"တော်တယ် ဝေါလီရေ။ ဟူး ငါတို့ ပြန်ကြစို့"
ကုသပေးနိုင်စွမ်းရှိသော မုန်လာဥနီတစ်ကိုက် ကိုက်စားလိုက်ရင်း ရဲချီယန်က ထိုဓားမြှောင်ကို ချက်ချင်း မကြည့်သေးဘဲ လှမ်းယူလိုက်လေ၏။ လွင်တီးခေါင်ပြင် အနားယူခြင်းက တစ်နာရီသာ ကြာမြင့်ပြီး ဤဓားမြှောင်ကို ရှာဖွေရာတွင် မိနစ်လေးဆယ်နီးပါး အချိန်ယူခဲ့ရသည်။ အချိန်ကုန်လုနီးပါး ဖြစ်နေချေပြီ။
ရထားတွဲဆီသို့ ပြန်သွားကာ ရထားကို စတင်မောင်းနှင်လိုက်တော့သည်။ ရင်းနှီးနေသော ရထားဘီးများ လိမ့်နေသည့် အသံက သူ၏ စိတ်ခံစားချက်ကို အနည်းငယ် ပိုမို တည်ငြိမ်သွားစေခဲ့၏။
"ငါ့ကို ဒီလောက်တောင် ဒုက္ခပေးရတယ်ဆိုတော့ ဒီအရာက တကယ်တော့ ဘာကြီးလဲဆိုတာ ကြည့်လိုက်ရအောင်။ ချမ်းသာကြွယ်ဝမှု ဒိုင်းလွှားနဲ့ လွန်ပူကိုတောင် ဖောက်ထွက်လုနီးပါး ဖြစ်ခဲ့တာဆိုတော့ သိပ်တော့ မဆိုးလောက်ဘူး မဟုတ်လား"
ဓားမြှောင်ကို ထိကိုင်လိုက်သည်နှင့် သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။ စနစ်၏ အသိအမှတ်ပြု အလင်းမျက်နှာပြင် ထွက်ပေါ်လာလေ၏။
[ပညတ်တရားအားလုံးကို ဖျက်ဆီးမည့် အဆောင်]
[စိတ်စွမ်းအား ၂၀၀ ကို သုံးစွဲရမည်ဖြစ်ပြီး လွင်တီးခေါင်ပြင် အချိန် ၀း၀၀ နာရီ ကျော်လွန်ပြီးနောက် တစ်ကြိမ် အသုံးပြုနိုင်သည်]
[မည်သည့် လျှို့ဝှက်ဆန်းကြယ်မှု၊ မှော်မန္တန်၊ ချိတ်ပိတ်မှု၊ အကာအကွယ်၊ ထူးဆန်းမှု များကိုမဆို ဖျက်ဆီးနိုင်သည်]
[မှတ်ချက် ဤသည်မှာ နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးမည့်သူများအတွက် ဆုလာဘ်တစ်ခု ဖြစ်သည်]
"ပညတ်တရားအားလုံးကို ဖျက်ဆီးမည့် အဆောင် ဟုတ်လား"
ရဲချီယန်က အမြင်မှားသွားလေသလားဟူသော အတွေးဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်လေသည်။ ဤဓားမြှောင်က ဤကဲ့သို့သော အရာများကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိနေခဲ့၏။
ချက်ချင်းဆိုသလိုပင် သူ တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ သူက သိုလှောင်ရေး ရထားတွဲဆီသို့ ပြေးသွားကာ သာမန် သိုလှောင်ခန်း၏ အနောက်ဆုံးအပိုင်းသို့ သွားလိုက်လေ၏။ ထိုအနက်ရောင် သေတ္တာကို သူ ထုတ်ယူလိုက်သည်။
[ချိတ်ပိတ်ခြင်း သေတ္တာ]
[သေတ္တာထဲတွင် ချိတ်ပိတ်မှုတစ်ခု ပါဝင်ပြီး အမည်မသိ အရာတစ်ခုကို ထိုချိတ်ပိတ်မှုအတွင်း၌ ချိတ်ပိတ်ထားသည်]
ဤအရာမှာ မွန်ရိုးဂျီနာ ရရှိခဲ့သော ချိတ်ပိတ်မှုဖြစ်ပြီး ဆော်လမွန် မြို့တော်ထဲတွင် ဖုံးကွယ်ထားခဲ့သော အရာပင် ဖြစ်ပေသည်။ ၎င်းကို ဖွင့်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခုကို သူ တစ်ခါမျှ မစဉ်းစားမိခဲ့ချေ။ သို့ရာတွင် ယခု သူ၌ ဤအရာ ရှိနေပြီ။
ရဲချီယန်က ခေါင်းခါလိုက်လေ၏။ သိချင်စိတ်သက်သက်ဖြင့်တော့ သူ ၎င်းကို မဖွင့်ချင်သေးပေ။
"စိတ်စွမ်းအား ၂၀၀ တောင်။ ဆေးရည် သောက်ပြီးတာတောင် မလုံလောက်ဘူး ပြီးတော့ တကယ်လို့ ဖွင့်လို့ရသွားရင်တောင် စိတ်စွမ်းအားတွေ ကုန်ခန်းနေတဲ့အချိန်ဆိုတော့ အန္တရာယ်နဲ့ ကြုံရလိမ့်မယ်လို့ ငါ ခံစားနေရတယ်"
"ဒါပေမဲ့"
လက်ထဲရှိ ခရုပတ်ပုံသဏ္ဍာန် ဓားမြှောင်ကို ကစားရင်း နောက်လက်တစ်ဖက်ရှိ အနက်ရောင် သေတ္တာကို သူ ကြည့်လိုက်လေသည်။
သင့်တော်မည့် အခွင့်အရေးတစ်ခုကို ရှာဖွေရပေမည်။ ၎င်းကို ဖွင့်ပြီး တစ်ချက်လောက်တော့ ကြည့်ရမည်မှာ အသေအချာပင်။
"ဒါဆိုရင် စောစောက အလင်းတန်းကြီးက တကယ်တော့ ဘာကြီးလဲ"