← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 23 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 23 Ch. 249-250

အခန်း (၂၄၉) ကလေးကလားဆန်သော အစီအစဉ်တစ်ခု

ရပ်ဆဲလ် ထွက်သွားပြီးနောက် ရဲချီယန်က မျက်ရည်နီ၊ လီဆက်တို့နှင့်အတူ အဝတ်အစားများကို ဆက်လက် ရွေးချယ်နေခဲ့လေ၏။

မျက်ရည်နီ၏ ဦးခေါင်းပေါ်ရှိ နတ်ဆိုးဂျိုများက သူမသည် လူသားမဟုတ်ကြောင်း ဖော်ပြနေသော်ငြား ဤကမ္ဘာတွင် လူသားမဟုတ်သော သက်ရှိများမှာ နေရာအနှံ့အပြား၌ ရှိနေတတ်လေရာ ဂျိုတစ်ချောင်း ပိုပါနေခြင်းက အထူးအဆန်း မဟုတ်ပေ။

မကြာမီမှာပင် ရပ်ဆဲလ်က အပြင်ဘက်မှနေ၍ ပြေးဝင်လာခဲ့သည်။

"ဟူး ဟူး အစ်ကို သတင်းအချက်အလက် ပို့ပြီးသွားပြီ"

"ဟေး ကျွန်တော့်မှာ စနစ် ချိတ်ဆက်ခြင်း လို အဆင့်မြင့် ပါရမီစွမ်းရည်မျိုး မရှိဘူးလေ ဒါပေမဲ့ ကံကောင်းလို့ ရထားက သိပ်မဝေးတဲ့နေရာမှာ ရပ်ထားတာ မဟုတ်ရင် အစ်ကို အကြာကြီး စောင့်နေရမှာ"

သူငယ်ချင်းစာရင်းထဲတွင် ရပ်ဆဲလ်က RUN ကုမ္ပဏီ နှင့်ပတ်သက်သော အချက်အလက်များအားလုံးကို စနစ်မှတစ်ဆင့် ပေးပို့လာခဲ့လေ၏။

အသေးစိတ်ရေးဆွဲထားသော အစီအစဉ်ကို ကြည့်လိုက်ချိန်တွင် ရဲချီယန်၏ မျက်ခွံများက အလိုအလျောက် တဆတ်ဆတ် တုန်ရီသွားတော့သည်။

"ဒီအစီအစဉ်က..."

"ကျွန်တော် ရေးဆွဲထားတာလေ ကောင်းလောက်မှာပါ ဟုတ်တယ်မလား သူဌေးက ပြောတယ် ဒီစစ်ဆင်ရေးက ကုမ္ပဏီရဲ့ ကံကြမ္မာအတွက် အရမ်းအရေးကြီးတယ်တဲ့ လုံးဝ ပြီးပြည့်စုံနေမှရမှာ သေချာပေါက်သာ..."

သူက အိပ်ပျော်လုနီးပါး ဖြစ်နေသော ဆိုင်ရှင်ကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "စစ်ကြောရေးခုံရုံး လို့ခေါ်တဲ့ နေရာကိုသာ သိမ်းပိုက်နိုင်ရင် ကုမ္ပဏီက ဒီမြို့တော်မှာ ခြေကုပ်ယူနိုင်လိမ့်မယ် အဲ့ဒီကနေတစ်ဆင့် အပြင်လူတွေရဲ့ ကျွန်ပြုခြင်းကို ခံနေရတဲ့ ကျွန်တော်တို့ ဌာနေ တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံးကို ဆင်းရဲဒုက္ခတွေထဲကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်လိမ့်မယ်"

ရဲချီယန်က တိကျသော မှတ်ချက်မပေးဘဲ နေလိုက်လေ၏။ အလွန်တရာ အလေးအနက်ထား၍ ရေးဆွဲထားပုံရသော အစီအစဉ်ကို သူက အကဲခတ်ကြည့်ရှုလိုက်သည်။

အမှန်တကယ်တော့ ပါဝင်သောအချက်အလက်များမှာ သိပ်ပြီး မများပြားလှချေ။

RUN ကုမ္ပဏီ ၏ သူဌေးက ရပ်ဆဲလ်နှင့် အခြားလူများကို မနက်ဖြန်ည ဆယ့်တစ်နာရီတိတိတွင် စစ်ကြောရေးခုံရုံး ၏ လွင့်မျောနေသော ကျွန်းပေါ်သို့ ဝင်ရောက်စေချင်နေခဲ့ခြင်း ဖြစ်ပေသည်။ ထိုနေရာတွင် စစ်ကြောရေးခုံရုံးကို ပိတ်လှောင်ထားနိုင်သော မှော်အကာအကွယ် အဆောင်များကို ချထားရမည် ဖြစ်လေ၏။

အကာအကွယ် အသက်ဝင်သွားသည်နှင့် တစ်ပြိုင်နက် စစ်ကြောရေးခုံရုံးမှာ ထိုအတွင်း၌ ပိတ်မိသွားမည်ဖြစ်ပြီး အတွင်းရှိ လူအားလုံး၏ စိတ်စွမ်းအား များမှာလည်း အဆက်မပြတ် ကျဆင်းသွားမည် ဖြစ်ပေသည်။

အကာအကွယ် စတင်အလုပ်လုပ်ချိန်တွင် ရေခဲမြို့တော်ဝန်ကို ခေါ်ဆောင်လာသော ကျိန်စာ ကတ်ပြား အစီအစဉ် ပိုင်ရှင် ကင်မလင်း ဂါလိုက အထူးပြုလုပ်ထားသော ကျိန်စာတစ်ခုကို စစ်ကြောရေးခုံရုံး၏ လွင့်မျောနေသော ကျွန်းဆီသို့ ပစ်သွင်းမည်ဖြစ်ပြီး အတွင်းရှိ လူများ၏ စွမ်းအားကို အားနည်းသွားစေကာ အကာအကွယ်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်ခြင်းမှ တားဆီးထားမည် ဖြစ်လေသည်။

ထို့နောက်တွင်တော့ အဆိပ်ငွေ့များကို အတွင်းသို့ လွှတ်တင်မည် ဖြစ်သည်။ အကယ်၍ စစ်ကြောရေးခုံရုံးမှ အဖွဲ့ဝင်အားလုံး သေဆုံးသွားခဲ့လျှင် ထိုလွင့်မျောနေသော ကျွန်းမှာ RUN ကုမ္ပဏီ ပိုင်ဆိုင်မှု ဖြစ်လာပေလိမ့်မည်။

သို့သော် ဤအစီအစဉ်ကမူ ဟာကွက်များဖြင့် ပြည့်နှက်နေခဲ့ချေပြီ။

ကန့်သတ်ချက်များနှင့် သတိပေးစက်ကိရိယာများ အမြောက်အမြားရှိနေသော စစ်ကြောရေးခုံရုံးအတွင်းသို့ ရပ်ဆဲလ်ကဲ့သို့ အားနည်းသော ရထားမောင်းနှင်သူ တစ်ယောက်က မည်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည်ဆိုသည်ကို ဘေးဖယ်ထားလိုက်ဦး။

ထိုအဆောင်က စစ်ကြောရေးခုံရုံးကို အမှန်တကယ် အပြည့်အဝ ပိတ်လှောင်ထားနိုင်မည်လား၊ သို့မဟုတ် ခုံရုံးအတွင်းရှိ စစ်ကြောရေးမှူး တစ်ယောက်ယောက် သို့မဟုတ် မွန်ရိုးဂျီနာက တိုက်ရိုက် ဖျက်ဆီးပစ်လိုက်မည်လား ဆိုသည်ကိုလည်း ထည့်မတွက်ထားသေးပေ။

အဆိပ်ငွေ့ဆိုသောအရာက တကယ်သာ အသုံးဝင်သည်ဆိုလျှင် အဘယ်ကြောင့် အရင်ကတည်းက အသုံးမပြုခဲ့သနည်း ဆိုသည်ကိုလည်း လျစ်လျူရှုထားလိုက်ဦး။

အချက်တစ်ချက်ကိုသာ ကြည့်လိုက်မည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ အဆင့် ၁၀ ထက် မကျော်လွန်သော ရထားမောင်းနှင်သူ အယောက်နှစ်ဆယ်ကျော်သာရှိသည့် RUN ကုမ္ပဏီ အနေဖြင့် စစ်ပွဲပြီးနောက် စစ်ကြောရေးခုံရုံး၏ လွင့်မျောနေသော ကျွန်းကဲ့သို့ ကြီးမားသော နယ်မြေကို မည်သို့သော အကြောင်းကြောင့် ရရှိနိုင်မည်နည်း။

ဤအစီအစဉ်က အစစ်အမှန် မဟုတ်ဘူးလား။ ဒီကောင်လေး လိမ်နေတာလား။

မဟုတ်ပေ၊ ရပ်ဆဲလ်၏ အမြင်တွင်တော့ ဤအစီအစဉ်က အစစ်အမှန်ပင် ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ဤအစီအစဉ်တွင် အကြောင်းအရာများ ပိုမိုပြည့်စုံစေရန်အတွက် ဌာနေ ရထားမောင်းနှင်သူ အယောက်နှစ်ဆယ်ကျော်၏ အချက်အလက်များဖြစ်သော အဆင့်သတ်မှတ်ချက်များ၊ စွမ်းရည်များနှင့် မွေးနေ့များကိုပါ သူက အသေအချာ မှတ်တမ်းတင်ထားသောကြောင့် ဖြစ်ပေသည်။

သို့ဆိုလျှင် ကုမ္ပဏီ၏ သူဌေးက သူတို့ကို လှည့်စားနေခြင်းပဲ ဖြစ်ရမည်။

ထို့အပြင် ကင်မလင်း ဂါလို။ ကျိန်စာ ကတ်ပြား အစီအစဉ် များကို စုဆောင်းသူ။ ထိုလူက မွန်ရိုးဂျီနာ၏ စွမ်းအားကို အလွန် ကောင်းစွာ သိရှိထားသင့်ပေသည်။

ရဲချီယန်က ဆော်လမွန် မြို့တော်သို့ ပြီးခဲ့သည့်အကြိမ် လာရောက်ခဲ့စဉ်က အဖြစ်အပျက်များကို မှတ်မိနေဆဲပင်။ ထာဝရ ညဉ့်ယံ မြို့တော်မှ စစ်တပ်များအားလုံးကို တားဆီးနိုင်သည့် အကာအကွယ်တစ်ခုကို မွန်ရိုးဂျီနာက ဒုတိယအလွှာရှိ အဆောက်အအုံတွင် တည်ဆောက်ထားခဲ့လေ၏။

အချိန်တိုတောင်းလွန်းသောကြောင့် ယခင်က ဤမျှ တိကျသေချာသော အကာအကွယ်မျိုးကို သူမ မတည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ခိုင်မာပြီးသားဖြစ်သော စစ်ကြောရေးခုံရုံးကို ထိုအမျိုးသမီးက မည်သို့သော စွမ်းအားမျိုးအထိ တည်ဆောက်ထားမည်နည်း။ အကယ်၍ သူတို့သာ အစီအစဉ်ကို စတင်မည်ဆိုလျှင် မနက်ဖြန်ညအထိ အချိန်ဆွဲမနေဘဲ တတ်နိုင်သမျှ အမြန်ဆုံးနှင့် အစောဆုံး လုပ်ဆောင်သင့်ပေသည်။

"အစ်ကို ဘယ်လိုလဲ"

ရဲချီယန်က တိတ်ဆိတ်စွာ ခေါင်းမော့လာပြီး ပြုံးလျက် အကြောင်းပြန်လိုက်လေသည်။ "အစီအစဉ်က အရမ်းကောင်းတယ် အဲ့ဒီအတိုင်းသာ အကောင်အထည်ဖော်လိုက် ကုမ္ပဏီ သေချာပေါက် အောင်မြင်လိမ့်မယ်"

ရပ်ဆဲလ်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားခဲ့၏။ သူက သဘောတူညီကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်လေသည်။

"အစ်ကို့ရဲ့ စကားကြောင့် ကျွန်တော် စိတ်အေးသွားပြီ"

"အင်း မင်း အရင်ပြန်တော့ အပြင်မှာ လျှောက်မသွားနေနဲ့ စစ်ကြောရေးခုံရုံးက လူတွေက နေရာတိုင်းမှာ ရှိနေတာ သူတို့ မင်းကို ဖမ်းမိသွားရင် အစီအစဉ် ပေါက်ကြားသွားလိမ့်မယ်"

"ဟုတ်တယ် ဟုတ်တယ် ကျွန်တော် အခု ပြန်တော့မယ် အစီအစဉ် အောင်မြင်ပြီးသွားရင် အစ်ကို့ကို ကျွန်တော် ထမင်းဝယ်ကျွေးမယ် အော် ဒါနဲ့ ဆိုင်ရှင် သူတို့ ဝယ်ထားတာတွေအတွက် ကျွန်တော် ရှင်းပေးမယ်"

ငိုက်မျဉ်းနေသော အဝတ်အထည်ဆိုင်ပိုင်ရှင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရဲချီယန်ဘက်သို့ လှည့်ကြည့်ကာ လက်ငါးချောင်းကို ထောင်ပြလိုက်လေ၏။

"ဆော်လမွန် ဒင်္ဂါး ငါးထောင် ဒါမှမဟုတ် ရထားဒင်္ဂါး ငါးပြားဆိုရင် ရပြီ"

"ဗျာ"

"မိတ်ဆွေလေး မင်းဆီမှာ ပိုက်ဆံမရှိဘူး မဟုတ်လား"

ရပ်ဆဲလ်က သွားကိုကြိတ်ကာ ရထားဒင်္ဂါး ငါးပြားကို ဝမ်းနည်းနှမြောစွာဖြင့် ထုတ်ယူလိုက်ပြီး ဆိုင်ရှင်၏ ရှေ့တွင် ချထားလိုက်လေ၏။ အဝတ်အစားတချို့ဝယ်တာလေးက ဒီလောက်ထိ ဈေးကြီးလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သို့သော် သူက ပြောပြီးသွားပြီဖြစ်ရာ စီနီယာ၏ ရှေ့တွင် မျက်နှာအပျက်မခံချင်တော့ပေ။

ပိုက်ဆံရှင်းပြီးနောက် ရပ်ဆဲလ်က ရဲချီယန်ကို နောက်တစ်ကြိမ် နှုတ်ဆက်ကာ နောက်သို့ လှည့်မကြည့်တော့ဘဲ ပြေးထွက်သွားလေတော့သည်။ သူ၏ သတိထားနေသော အမူအရာကို ကြည့်ရခြင်းဖြင့် ရဲချီယန်၏ စကားများကို နှလုံးသွင်းသွားကြောင်း ထင်ရှားလှပေသည်။

ရပ်ဆဲလ် ထွက်သွားပြီးနောက်။

ရဲချီယန်က အဝတ်အထည်ဆိုင်ပိုင်ရှင်၏ ကောင်တာဆီသို့ လျှောက်သွားကာ တစ်ဖက်လူ၏ ပြောင်လက်နေသော ကတုံးကို ကြည့်ရင်း နောက်ပြောင်သော လေသံဖြင့် ပြောလိုက်လေ၏။ "ကျွန်တော် မမှားဘူးဆိုရင် ကျွန်တော် ဝယ်ထားတဲ့ အဝတ်အစားတွေ အားလုံးက နှစ်ထောင်ကျော်ကျော်လေးပဲ ကျသင့်တာလေ သူဌေး ပြောတဲ့ ဈေးနှုန်း မဟုတ်ဘူးလေ"

ကတုံးပိုင်ရှင်က လက်ထဲရှိ တက်ဘလက်ကို ချထားလိုက်ပြီး ကောက်ကျစ်သော ကုန်သည်တစ်ဦး၏ အပြုံးမျိုးကို ဖော်ပြကာ အကြောင်းပြန်လိုက်သည်။ "ဧည့်သည် ခင်ဗျား ဝယ်လို့ မပြီးသေးဘူး မဟုတ်လား ကျွန်တော်က ကြိုပြီး ငွေကောက်ထားလိုက်တာပါ ခင်ဗျား ဆက်ဝယ်လို့ရပါတယ် ပြီးရင် ကျွန်တော် ပိုက်ဆံအမ်းပေးပါ့မယ် စိတ်မပူပါနဲ့ ကျွန်တော်တို့ ဆိုင်လေးက လူကြီးလူငယ်မရွေး တရားမျှတစွာ ဆက်ဆံပါတယ် ဘယ်တော့မှ ဈေးတင်မရောင်းပါဘူး"

ကောက်ကျစ်သော ကုန်သည်ပင်။ သို့သော် ၎င်းက အမှန်ပင် ဖြစ်လေ၏။ သူ ဝယ်၍ မပြီးသေးချေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ဤကောက်ကျစ်သော ကုန်သည်က သူ့ကို ရထားဒင်္ဂါး အနည်းငယ် ချွေတာနိုင်ရန် ကူညီပေးခဲ့ခြင်းပင်။

ရဲချီယန်က အထုပ်အကြီးအသေး အားလုံးကို မျက်ရည်နီနှင့် လီဆက်တို့ထံသို့ လွှဲပြောင်းပေးပြီးနောက် အမ်းငွေအဖြစ် ပြန်လည်ရရှိလာသော ရထားဒင်္ဂါး တစ်ပြားကို ကြည့်လိုက်လေ၏။ ခေတ္တမျှ စဉ်းစားပြီးနောက် ဤအခြေအနေနှင့် ပတ်သက်၍ မွန်ရိုးဂျီနာအား အသိပေးရန် လိုအပ်သေးသည်ဟု သူ ခံစားလိုက်ရသည်။

ဟာကွက်များရှိနေသော အစီအစဉ်တစ်ခု၏ နောက်ကွယ်တွင် လူကို မျိုချရန် စောင့်ဆိုင်းနေသော မြွေပွေးတစ်ကောင် ရှိနေနိုင်ပေသည်။ စစ်ကြောရေးခုံရုံး၏ စစ်ကြောရေးမှူး ဟူသော အဆင့်အတန်းက အတော်လေး ကောင်းမွန်လှရာ ၎င်းတံဆိပ်ကို ချက်ချင်း စွန့်ပစ်ရန် သူ ရည်ရွယ်မထားခဲ့ချေ။

စစ်ကြောရေးခုံရုံးသို့ ပြန်ရောက်ချိန်တွင် ဆေးရည် ဖန်တီးမှု ပြီးဆုံးရန် မိနစ်နှစ်ဆယ်ခန့်သာ လိုအပ်တော့လေ၏။ သူက တရားသူကြီးချုပ်၏ ပလ္လင်ခန်းမ အတွင်းသို့ ကျွမ်းကျင်စွာ ဝင်ရောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

အမြင့်ဆုံးနေရာတွင် ထိုင်နေသော မွန်ရိုးဂျီနာက သူ မပြောရသေးမီမှာပင် စတင်ပြောဆိုလာခဲ့၏။

"RUN ကုမ္ပဏီ... အိမ်ပြန်ချင်သူများ ဘက်က လူတွေက သူတို့ကိုပါ ဆော်လမွန် မြို့တော်ထဲကို ခေါ်လာလိမ့်မယ်လို့ အစ်မ မထင်ထားခဲ့ဘူး"

"ဒါပေမဲ့ အစ်မ ပိုပြီး မထင်ထားတာက မောင်လေးဆီမှာလည်း သူတို့နဲ့ပတ်သက်တဲ့ ကိုယ်ပိုင် သတင်းကွန်ရက် ရှိနေတာပဲ"

မွန်ရိုးဂျီနာက ဤကိစ္စကို သိရှိနေခြင်းအပေါ် ရဲချီယန်က အံ့အားမသင့်ခဲ့ချေ။ ဤအမျိုးသမီး၏ သတင်းကွန်ရက်မှာ ဖြတ်လမ်းတစ်ခုအလားပင် ဖြစ်လေ၏။ မြို့တော်သို့ ဝင်ရောက်ရာတွင် ဖြတ်သန်းရသော ဆေးတောင့်ပုံစံဥမင်လိုဏ်ခေါင်း ကို သူမက ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပေသည်။ ဆော်လမွန် မြို့တော်သို့ ဝင်ရောက်လာသူတိုင်း၏ အချက်အလက်များအားလုံးကို သူမက ရှင်းလင်းပြတ်သားစွာ သိရှိနေလေ၏။ မြို့တော်အနှံ့အပြားတွင် စောင့်ကြည့်ကင်မရာများ ရှိနေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

"ရိုးရှင်းပြီး လှည့်စားရလွယ်တဲ့ လူတစ်ယောက်ပါ သတင်းကွန်ရက်ကြီးရယ်လို့တော့ မဟုတ်ပါဘူး"

ရဲချီယန်က ပခုံးတွန့်ပြလိုက်ကာ ပုံမပေါ်သေးသော ဆေးရည်ဆီသို့ လျှောက်သွားရင်း ရပ်ဆဲလ်ပေးခဲ့သော အစီအစဉ်ကို ပေးပို့လိုက်လေ၏။ ကလေးကလားဆန်လှသော ဤအစီအစဉ်ကို မြင်လိုက်ရချိန်တွင် မွန်ရိုးဂျီနာမှာ ပုံမှန်မဟုတ်ဘဲ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

သူမက ခေါင်းခါလိုက်ပြီးနောက် အပြုံးတစ်ခုက မျက်နှာထက်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။

"ဒါက အတုအယောင် အစီအစဉ်တစ်ခုပဲ"

"ဒါပေမဲ့ အဲ့ဒီအထဲမှာ အစစ်အမှန် အချက်အလက်တချို့တော့ ပါဝင်နေတယ်"

"ဥပမာအနေနဲ့ ဒီဌာနေ ရထားမောင်းနှင်သူတွေကို စစ်ကြောရေးခုံရုံးထဲ ဝင်ခိုင်းတာမျိုးပေါ့"

"ဒါပေမဲ့ လူသားပုံစံနဲ့တော့ မဟုတ်ဘူးလေ"

အခန်း (၂၅၀) သူတို့၏ အစစ်အမှန် အစီအစဉ်

[ယဇ်ပူဇော်ခြင်း ကတ်ပြား · လူသား၏ အတိတ်]

[အတိတ် တခြားသူများ၏ အတိတ်အတွက် တန်ဖိုးတစ်ခုကို ပေးဆပ်ရမည်]

[ယဇ်ပူဇော်ခြင်း သင့်၏ အာရုံစိုက်မှုအတွက် အတိတ်ကို လဲလှယ်ရယူပါ]

ဤသည်ကား မွန်ရိုးဂျီနာ မကြာသေးမီကမှ ရရှိထားသော ယဇ်ပူဇော်ခြင်း ကတ်ပြား တစ်ကတ် ဖြစ်လေ၏။ သူမက ကတ်ပြား၏ စွမ်းရည်မှတစ်ဆင့် ရရှိလာသော အတိတ်မှ မြင်ကွင်းတစ်ခုကို ချက်ဘောက်စ် မှတစ်ဆင့် ရဲချီယန်ထံသို့ ပေးပို့လိုက်သည်။

မြင်ကွင်းထဲတွင် ပါဝင်နေသူမှာ အခြားသူမဟုတ်ဘဲ ကျိန်စာ ကတ်ပြား အစီအစဉ် ပိုင်ရှင် ကင်မလင်း ဂါလို ပင် ဖြစ်ပေသည်။ အသက်ရှူမျက်နှာဖုံးကို တပ်ဆင်ထားသော အမျိုးသားက ဆော်လမွန် မြို့တော်၏ မြို့တော်ဝန်ဖြစ်သူ ဂရေ့စ်၏ ရေခဲဂူဗိမာန် ရှေ့တွင် ရပ်နေခဲ့၏။

သူက တိုးတိတ်သော အသက်ရှူသံများကို ဆက်တိုက် ထုတ်လွှတ်လိုက်ပြီး ပြောလိုက်သည်။

"ကိစ္စကတော့ ပြီးသွားပြီ ဒါပေမဲ့ မင်းတို့ အိမ်ပြန်ချင်သူတွေ ရှာနေတဲ့ နတ်ဘုရားတွေက တကယ်ပဲ ယုံကြည်စိတ်ချရလို့လား ဌာနေ ရထားမောင်းနှင်သူ တစ်ယောက်ကို ဆွေးမြည့်ခြင်း တမန်တော် တစ်ယောက်အဖြစ် ပြောင်းလဲပစ်ဖို့ဆိုတာ အဲ့ဒီ ယဇ်ပူဇော်ခြင်း လို့ခေါ်တဲ့ မိန်းမရဲ့ ပိတ်ဆို့ထားမှုကို သူတို့တွေ ဖောက်ထွက်နိုင်ပါ့မလား"

"သူမက မှော်ဆရာမ တစ်ယောက်ဆိုတာကို မမေ့နဲ့ ပြီးခဲ့တဲ့အကြိမ်က စစ်ဆေးရေးမှူး ဌာန ဝင်စွက်ဖက်လာလို့ စစ်ကြောရေးခုံရုံးကို တစ်ခါတည်း အပိုင်မသိမ်းနိုင်ခဲ့ဘူး အခုတော့ အဲ့ဒီနေရာကို သူမက ခံတပ်တစ်ခုလို တည်ဆောက်ထားလောက်ပြီလို့ ငါ စိုးရိမ်မိတယ် ဌာနေလူမျိုးတစ်စုနဲ့တော့..."

ရေခဲဂူဗိမာန် အတွင်းရှိ ဂရေ့စ်မှာ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး သူမ၏ ခန္ဓာကိုယ်မှာ ကျောက်ရှီး၏ နောက်ဆုံးတိုက်ခိုက်မှုကြောင့် နှလုံးကို ထိုးဖောက်ခံထားရသည့် အနေအထားတွင်ပင် ရှိနေဆဲဖြစ်သည်။ သူမ၏ အသံက ရေခဲပြင်အတွင်းမှ ထွက်ပေါ်လာခဲ့လေ၏။

"ပုံမှန်အခြေအနေအောက်မှာဆိုရင်တော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ RUN ကုမ္ပဏီက အဲ့ဒီမိန်းမဆီမှာ အစားထိုး အခွင့်အာဏာ ပုံစံကြမ်း ရှိနေတယ်လေ အမြင့်ဆုံးအဆင့် အစားထိုး အခွင့်အာဏာ အတုံး တစ်ခု ဖန်တီးဖို့ ကုန်ကြမ်းတွေကို ငါ သူမဆီ ထောက်ပံ့ပေးထားတယ် အဲ့ဒီ အတုံးကို အထဲပို့နိုင်သရွေ့ အဲ့ဒီနတ်ဘုရားက ဒီဌာနေ ရထားမောင်းနှင်သူတွေ ပြောင်းလဲသွားတဲ့ ဆွေးမြည့်ခြင်း တမန်တော် တွေကတစ်ဆင့် သူတို့ရဲ့ အသိစိတ်ကို ဆင်းသက်လာစေနိုင်တယ်"

ဂါလိုက သံသယများ ပြည့်နှက်နေသော လေသံဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

"အဲ့ဒီ ယဇ်ပူဇော်ခြင်း လို့ခေါ်တဲ့ မိန်းမရဲ့ တိုက်ရည်ခိုက်ရည်က အင်ပါယာအမိန့်တော် အဖွဲ့အစည်း ထဲက အရူးတချို့လောက် မစွမ်းဘူးဆိုပေမဲ့ သူမဆီမှာ ယဇ်ပူဇော်ခြင်း ကတ်ပြား တော်တော်များများ ရှိနေလောက်တယ် မင်းပြောတဲ့ နတ်ဘုရားက သူမကို တကယ်ပဲ အနိုင်ယူနိုင်ပါ့မလား"

"...မင်းက လတ်ဆတ်တဲ့ လေကို မရှူရတာ ကြာနေလို့ ဦးနှောက်များ ထုံအသွားတာလား"

"အဲ... မင်း ဘာကို ဆိုလိုတာလဲ"

"မင်းက လူသားမဟုတ်ဘူးလား ပြီးတော့ အဲ့ဒီ RUN ကုမ္ပဏီ က သူဌေးကကော လူသားမဟုတ်ဘူးလား မွန်ရိုးဂျီနာကို အဲ့ဒီနတ်ဘုရားက ကန့်သတ်ထားပါစေ ပြီးရင် ကျန်တဲ့သူတွေကိုတော့ မင်းတို့ အာရုံစိုက်ပြီး ကိုင်တွယ်လိုက်ပေါ့ စစ်ကြောရေးခုံရုံးမှာ အခု ကျောက်ရှီး မရှိတော့ဘူး ပြီးတော့ တတိယအဆင့် စစ်ကြောရေးမှူး အများစုကလည်း အဲ့ဒီမှာ မရှိကြဘူး အင်ပါယာအမိန့်တော် အဖွဲ့အစည်း က လူတွေကတော့..."

ဂရေ့စ်က စကားကို ခေတ္တရပ်တန့်လိုက်လေ၏။

"အင်ပါယာအမိန့်တော် အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ကျူရှင်းထူက ကောင်းကင်ယံဥယျာဉ် မှာ ရှိနေတယ်ဆိုတာကို ငါတို့ မထင်မှတ်ဘဲ ရှာတွေ့ခဲ့တယ်"

"ဟင် မင်း နောက်နေတာလား အဲ့ဒီ သေနာမ လူလိမ်မကိုလား မင်းတို့က သူမကို ရှာတွေ့နိုင်တယ် ဟုတ်လား အဲ့ဒါက ထောင်ချောက်တစ်ခု မဟုတ်ဘူးဆိုတာ သေချာလို့လား"

ဂရေ့စ်ကိုယ်တိုင်လည်း ယုံကြည်မှု ကင်းမဲ့နေပုံရပြီး ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် မောပန်းနွမ်းနယ်စွာဖြင့် ပြန်ဖြေလိုက်လေသည်။

"ငါလည်း မသေချာဘူး သူမကို ငါတို့ ရှာတွေ့နိုင်ခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ငါ့ရဲ့ အိမ်ပြန်ချင်သူ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က စားသောက်ဆိုင်တစ်ဆိုင်ကို အစားသွားစားရင်း အဲ့ဒီ လူလိမ်မကို မထင်မှတ်ဘဲ မြင်တွေ့ခဲ့ရလို့ပဲ... သူမ... သူမ လဲကျသွားတယ်..."

"...မင်း နောက်နေတာ မဟုတ်ဘူးမလား"

"...ဘယ်လိုပဲဖြစ်ဖြစ် အင်ပါယာအမိန့်တော် အဖွဲ့အစည်း က လူတွေ ထွက်လာဖို့တော့ မဖြစ်နိုင်ဘူး ဒါက အဆင့်မြင့် ကတ်ပြား ကိုင်ဆောင်သူတစ်ယောက်ကို သတ်ပစ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

မြင်ကွင်းမှာ ရုတ်တရက် အဆုံးသတ်သွားလေတော့သည်။

ဤမြင်ကွင်းမှာ အတော်လေးကို အဓိပ္ပာယ်မဲ့လွန်းလှပြီး တစ်စုံတစ်ယောက်က ကင်မရာတစ်လုံးကို သယ်ဆောင်ကာ သူတို့၏ဘေးတွင် ရပ်လျက် အရည်အသွေးမြင့် ရုပ်ရှင်တစ်ကားကို ရိုက်ကူးနေသည့်အလားပင်။ လူကိုယ်တိုင် ထိုနေရာတွင် ရှိနေသကဲ့သို့ ခံစားရစေပေသည်။

သို့သော် ရဲချီယန်ကို ပို၍ ရယ်ချင်စိတ် ဖြစ်ပေါ်စေခဲ့သည်မှာ စကားပြောဆိုမှု၏ နောက်ဆုံးအပိုင်းပင် ဖြစ်လေ၏။

လဲကျသွားတယ် ဟုတ်လား။ သူမ ဘယ်ရောက်နေလဲဆိုတာကို ရှာတွေ့သွားတယ်ပေါ့။

ဘာလို့ တစ်စုံတစ်ခုက ရှင်းပြလို့မရအောင် ရယ်စရာကောင်းနေရတာလဲ။ ဂါလိုနှင့် မြင်ကွင်းထဲရှိ ထိုအဘွားအိုတို့ မယုံကြည်ကြခြင်းကိုလည်း အပြစ်တင်၍မရပေ။ အကယ်၍ ထိုလူလိမ်မ ကျူရှင်းထူက ကံဆိုးခြင်း ကို ချိတ်ပိတ်ထားသည့် ပုလင်းကို တမင်တကာ ဖွင့်လိုက်ခြင်းဖြစ်ကြောင်း သူသာ မသိထားခဲ့လျှင် သူမက တမင်သက်သက် လုပ်နေခြင်းဖြစ်သည်ဟု သူကိုယ်တိုင်ပင် ထင်မိမည်မှာ အသေအချာပင်။ ယခုတော့... ကျူရှင်းထူ တစ်ယောက် တကယ်ပဲ ကံဆိုးနေပြီ ဖြစ်ရမည်။

သို့သော် ဤမြင်ကွင်းတွင် ဖော်ပြထားသော သတင်းအချက်အလက်များက ထိုမျှနှင့် မလုံလောက်သေးချေ။ အစားထိုး မော်ဂျူးများ၊ နတ်ဘုရား၏ တမန်တော်များ ဟုတ်လား။ ပြီးတော့... နတ်ဘုရားတစ်ပါးက သူတို့ရဲ့ အသိစိတ်ကို ဆင်းသက်လာစေတယ်ပေါ့။

ဤသည်မှာ မွန်ရိုးဂျီနာတစ်ယောက်တည်းကို သတ်ဖြတ်ရန် ဖန်တီးထားသည့် တကယ်ကို... ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းကြီးတစ်ခု မဟုတ်ပါလော။ ရဲချီယန်က သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားဆဲဖြစ်သော မွန်ရိုးဂျီနာကို ကြည့်လိုက်လေ၏။

ဤအမျိုးသမီးက လူလိမ်မ ကျူရှင်းထူနှင့် မတူညီသော်ငြား သူမတွင်လည်း လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေဆဲပင်။ ဤအခြေအနေကို ရင်ဆိုင်ရချိန်တွင်ပင် သူမက လုံးဝ ဂရုမစိုက်သည့်ဟန် ပေါ်နေခဲ့သည်။ သူမက ဘာကိုမှ မကြောက်ဘူးလား။

"ဒီမြင်ကွင်းကို ယဇ်ပူဇော်ခြင်း ကတ်ပြား ကနေ မြင်တွေ့ခဲ့ရတာလား"

"ဟုတ်တယ် မကြာသေးခင်ကမှ အစ်မ ရထားတဲ့ ယဇ်ပူဇော်ခြင်း ကတ်ပြား လေ ဟီးဟီး အဲ့ဒါက အဲ့ဒီ အရပ်ပုပု တရားသူကြီးချုပ် ဆီကနေ အကူအညီ နည်းနည်းလည်း ရခဲ့သေးတယ် အစ်မ မောင်လေးကို ပြမယ်လေ"

လူသား၏ အတိတ်၏ အကျိုးသက်ရောက်မှုကို ဖော်ပြထားသော ဓာတ်ပုံတစ်ပုံမှာ ရဲချီယန်နှင့် ပြောဆိုနေသော ချက်ဘောက်စ် ထဲသို့ ရောက်ရှိလာခဲ့လေ၏။

"ဒီသတင်းအချက်အလက်ကို ရဖို့အတွက် အစ်မက ရထားဒင်္ဂါး ၁၃၀ တိတိ သုံးလိုက်ရတယ် ဟီးဟီး ဒါပေမဲ့ စိတ်မပူပါနဲ့၊ မောင်လေးရဲ့ မာနတရား ကြောင့် ဒီယဇ်ပူဇော်ခြင်း ကတ်ပြား က မောင်လေးရဲ့ ဖြစ်တည်မှုကို မစူးစမ်းနိုင်သလို ကမ္ဘာတစ်ခုနဲ့ တစ်ခု ဖြတ်ကျော်ပြီး စူးစမ်းရှာဖွေတာမျိုးလည်း မလုပ်နိုင်ဘူး"

"အော်"

ရဲချီယန်က ဆက်လက်ပြောဆိုရန် ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသဖြင့် မွန်ရိုးဂျီနာက သူမ၏ လှပသော မျက်တောင်လေးများကို ခတ်လိုက်ပြီး ညင်သာစွာ မေးလိုက်လေသည်။

"မောင်လေး သိချင်စိတ် မဖြစ်မိဘူးလား"

"ဘာကို သိချင်ရမှာလဲ"

"နတ်ဘုရား၊ တမန်တော်တွေနဲ့... ဒီအရာအားလုံးကို တွန်းလှန်ဖို့ အစ်မ ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလေ"

"ကျွန်တော် မေးရင် အစ်မ ဖြေမှာလား"

"ဖြေမှာပေါ့"

မွန်ရိုးဂျီနာ၏ တုံ့ဆိုင်းမှုကင်းမဲ့ပြီး ခိုင်မာသော အဖြေကြောင့် ရဲချီယန်မှာ အနည်းငယ် ရှုပ်ထွေးသွားရလေ၏။

သို့သော် သူက ခေါင်းခါလိုက်သည်။

"စိတ်မဝင်စားပါဘူး။ ဒီက ကိစ္စတွေက ကျွန်တော်နဲ့မှ မဆိုင်တာ။ ဆေးရည်ရတာနဲ့ ကျွန်တော် ထွက်သွားမှာပဲ။ ဒီနေရာအတွက် ပြောရရင် အစ်မက ဒါတွေအားလုံးကို မြင်ပြီးသားဆိုတော့ အစ်မသာ တကယ် ကိုင်တွယ်ဖြေရှင်းလို့ မရနိုင်ဘူးဆိုရင် အစောကြီးကတည်းက ထွက်ပြေးသွားလောက်ပြီ။ ဘယ်လိုလုပ် ဒီနေရာမှာ ဆက်ရှိနေနိုင်မှာလဲ"

"အင်း မောင်လေး ပြောတာ မှန်တယ်"

မွန်ရိုးဂျီနာက ဘာမျှ ဆက်မပြောတော့ချေ။ သူမက သိချင်စိတ်များ အပြည့်အဝ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ရဲချီယန်ကိုသာ စိုက်ကြည့်နေခဲ့လေ၏။

လီဆက်က သူမ၏ မြင်ကွင်းကို တိတ်ဆိတ်စွာ ဝင်ရောက်ပိတ်ဆို့လိုက်ပြီး ညင်သာသော အပြုံးတစ်ခုကို ဖော်ပြလာသည့် အချိန်အထိပင်။ လူနှင့် စက်ရုပ်၊ သူတို့၏ မျက်လုံးလေးလုံး ဆုံတွေ့သွားကြသည်။ အတန်ကြာပြီးနောက် မွန်ရိုးဂျီနာ၏ နှုတ်ခမ်းများက အနည်းငယ် ပို၍ ကွေးတက်သွားလေ၏။

"စိတ်ဝင်စားစရာကောင်းတဲ့ စက်ရုပ်လေးပဲ... မဟုတ်သေးဘူး စက်ယန္တရား သက်ရှိလေး ဟီးဟီး တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်"

သူမ၏ သိချင်စိတ်က လီဆက်ကို ရည်ညွှန်းနေခြင်း မဟုတ်ချေ။ လီဆက်၏ အနောက်တွင် ပိတ်ဆို့ခံထားရသော ရဲချီယန်ကို ရည်ညွှန်းနေခြင်းပင်။

နောက်ဆုံးသုတ်မှ ရထားမောင်းနှင်သူ တစ်ဦး။ သို့သော် ဤမျှတိုတောင်းသော အချိန်အတွင်း ဤအရာအားလုံးကို ပိုင်ဆိုင်နိုင်စွမ်းရှိနေခြင်းမှာ ကံကောင်းခြင်းဆိုသည့် အကြောင်းပြချက်တစ်ခုတည်းနှင့် မလုံလောက်တော့ချေ။

ကံအကောင်းဆုံး လူတစ်ယောက်အတွက်ပင်လျှင် ကြီးထွားမှုနှုန်း ကန့်သတ်ချက် တစ်ခုတော့ ရှိရပေမည်။ ဤကန့်သတ်ချက်မှာ တခြားအရာ မဟုတ်ပေ။ စိတ်စွမ်းအား ပင် ဖြစ်လေ၏။

ရထားမောင်းနှင်သူ၏ စိတ်စွမ်းအား။ ကွဲပြားသော ဘူတာရုံများအတွင်းသို့ ဆက်တိုက် ဝင်ရောက်ခြင်း။ အနိမ့်ပိုင်းအဆင့်များတွင် ဆေးရည်များ မရှိသလို စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှုနှုန်းကို မြှင့်တင်ပေးနိုင်မည့် မော်ဂျူးများ၊ နည်းလမ်းများလည်း မရှိချေ။ မြို့တော်အားလုံးတွင် ဖျော်ဖြေရေး အဆောက်အအုံ မြောက်မြားစွာ ရှိလေသည်။

ဤအဆောက်အအုံများမှာ ရထားဒင်္ဂါးများ ရှာဖွေရန်အတွက်သာမက ဖျော်ဖြေမှုများမှတစ်ဆင့် စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှုကို အရှိန်မြှင့်တင်ရန်အတွက်လည်း ဖြစ်ပေသည်။

ဒါပေမဲ့ ရဲချီယန်ကကော။

ယုတ္တိဗေဒကို လုံးဝ ဆန့်ကျင်နေခဲ့သည်... သူက လုံးဝ ရပ်တန့်မသွားခဲ့ဖူးသည့်အလားပင်။ သူက ရှေ့ကို ဆက်လျှောက်နေရုံသာမက တခြားသူတိုင်း၏ ကြီးထွားမှုနှုန်း ကန့်သတ်ချက်များကိုလည်း ချိုးဖျက်နိုင်ခဲ့လေ၏။

တစ်လအတွင်း သူက အဆင့်မြင့် ဘူတာရုံများအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အနိမ့်ပိုင်းအဆင့် အနေအထားဖြင့် အဆင့်မြင့် ပစ္စည်းများကို ပိုင်ဆိုင်ထားလေ၏။

နားလည်နိုင်စွမ်းမရှိဘူး...

စိတ်ဝင်စားဖို့ ကောင်းတယ်...

လူတစ်ယောက်ကို...

သူ့အနားကို ပိုကပ်သွားချင်အောင်၊ သူ့အကြောင်း အရာအားလုံးကို နားလည်ချင်လာအောင် ဆွဲဆောင်နေတယ်...

"မောင်လေးရဲ... ဟင်"

မွန်ရိုးဂျီနာက စကားတစ်စုံတစ်ရာ ပြောဆိုရန် ပြင်လိုက်လေ၏။

ထိုအချိန်လေးမှာပင်။

[ဒင် ဒင် ဒင် ]

ရဲချီယန်နှင့် သူမကြားရှိ စနစ် အလင်းမျက်နှာပြင်က အသိပေးချက်တစ်ခုကို တစ်ပြိုင်နက်တည်း ဖော်ပြလာခဲ့သည်။

[ဆေးရည် ဖန်တီးမှု ပြီးဆုံးပါပြီ]

[၎င်း၏ ပိုင်ရှင် ရဲချီယန်]

ကောင်းကင်ယံသို့ ပျံတက်သွားခြင်း

လှိုင်းလုံးများ ရိုက်ခတ်ခြင်း

ဆော်လမွန် မြို့တော် တစ်ခုလုံးသည် တစ်ချိန်တည်းမှာပင် မြင့်မားသော ကောင်းကင်ယံမှ ပဲ့တင်ထပ်လာသော အမည်မသိ တီးဝိုင်းသံတစ်ခုကို ကြားလိုက်ရလေ၏။

ကခုန်နေသော ရင့်မှိုင်းသည့် အပြာရောင် အလင်းတန်းလေးများနှင့် ရောနှောနေသည့် တောက်ပသော အနီရောင် ဆေးရည်တစ်ပုလင်းက ရဲချီယန်၏ ရှေ့မှောက်တွင် လွင့်မျောလာခဲ့သည်။

အချိန်ရေတွက်မှု။

အဆုံးသတ်သွားခဲ့ချေပြီ။

All Chapters