← Chapters

တပည့်

Vol. 001 Ch. 16

တပည့်

Vol. 001 Ch. 16

အကြီးအကဲ၏ မျက်လုံးများက သူ၏တစ်ကိုယ်လုံးအား ထွင်းဖောက် ကြည့်နေသကဲ့သို့ ဝမ်လင်း ခံစားလိုက်ရ သည်။

အကြီးအကဲက မျက်မှောင်ကြုတ် လိုက်သည်။ ဝမ်လင်းနှင့် ပတ်သတ်သည့် မည်သည့်ကိစ္စကိုမျှ မူမမှန်သည်ကို မတွေ့ရချေ။ ထို့နောက် သူက မေးလိုက်သည် ...

“ဝမ်လင်း ... မင်းဘယ်အချိန်တုန်းက ပြန်ရောက်တာလဲ ... ”

အကြည့်တစ်ချက်နှင့်တင် ဝမ်လင်း၏နှလုံးက တဒုတ်ဒုတ် ခုန်နေဆဲ ဖြစ်သည်။ သူက အလျင်အမြန် ပြန်ဖြေသည်။

”ဒီတပည့်က မနေ့ညက တော်တော် နောက်ကျမှ ရောက်လာတာပါ ... မနက်ရောက်တော့ ကျွန်တော်ရဲ့ နေ့စဉ်အလုပ် လုပ်ဖို့ သွားတော့ အစ်ကိုလျိုက ကျွန်တော့်ကို အကြီးအကဲက ရှာနေတယ် ပြောလိုက်လို့ပါ ... “

အကြီးအကဲစွန်း၏ မျက်နှာက မည်းမှောင်သွားသည်။ ထို့နောက် စကားတစ်ခွန်းမှ ထပ်မပြောပဲ ဝမ်လင်းအား ဆွဲခေါ်၍ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တိမ်တွေပေါ်သို့ ထိုးတက်သွားပြီး ဝမ်လင်း၏ အခန်းဆီသို့ ဦးတည်လိုက်၏။

အမြန်နှုန်းက အလွန် လျင်မြန်လှသည်။ ဝမ်လင်းက အသက်ရှူ မဝသလို ခံစားလိုက် ရသော်လည်း ကံကောင်းစွာနှင့် ခရီးက တိုတောင်း၏။ သူ၏အခန်းသို့ ရောက်သောအခါ အကြီးအကဲစွန်းက ဝမ်လင်းအား လွှတ်ပေးကာ သူ၏စိတ် အာရုံဖြင့် ဝမ်လင်း၏အခန်းအား စစ်ဆေးလိုက်သည်။

“အဲ့ဒါ ... ဘာလဲ ... ” အကြီးအကဲစွန်းက ဝမ်လင်း၏ အိပ်ရာဘေးသို့ လျှောက်သွားလိုက်ပြီး စမ်းရေ ထည့်ထားသော ဘူးသီးခြောက်ကို တွေ့သွားသည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်သည်ဟု ထင်ရသော်လည်း သူ၏နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေသည်။ သူက အကြောင်းပြချက် ပေးနိုင်ရန် စကားလုံးများကို အလျင်အမြန် စဉ်းစားလိုက်သည်။

အကြီးအကဲစွန်းက ဘူးသီးခြောက်ကို အတော်အကြာ လေ့လာပြီးနောက် သူက ဝမ်လင်းအား မေးလိုက်သည်။

“ဝမ်လင်း ဘူးသီးခြောက်ထဲမှာ ဘာထည့်ထားတာလဲ ... “

ဝမ်လင်းက အရူးလုပ်ရန် ကြိုးစားလိုက်သည်။

“အကြီးအကဲ ... ဘူးသီးခြောက်ထဲကို တောင်ပေါ်က စမ်းရေ ထည့်ထားတာပါ ... အဲ့စမ်းရေက အလွန်အံ့သြဖို့ ကောင်းတယ် ... ကျွန်တော် မောပန်းတဲ့ အချိန်တိုင်း အဲ့ဒီရေကို သောက်လိုက်ရင် ချက်ချင်း လန်းဆန်းသွားတယ် ... ကျွန်တော် စာအုပ်တွေထဲမှာ ဖတ်ဖူးတယ် ... အင်မော်တယ်တွေ သုံးတဲ့အရာတွေက အမြဲကောင်းမွန်တယ်တဲ့ ... မမျှော်လင့်မိဘူး ဒီစမ်းရေက အရမ်းအံ့သြဖို့ ကောင်းတယ် ... တကယ်လို့ အကြီးအကဲ လိုချင်ရင် ဂိုဒေါင်ထဲမှာ ကျွန်တော်ကိုယ်တိုင် ဖြည့်ထာတဲ့ စည်တွေ ၁၀ပိုင်းလောက် အပြည့်ရှိတယ် ... အဲ့စည်ပိုင်းတွေက တစ်ခုတစ်ခုကို အိမ်တစ်လုံးစာလောက် ရှိတယ် ... “

အကြီးအကဲစွန်းက ဘူးသီးခြောက်ကို ဖွင့်ပြီး အနံ့ခံကြည့်လိုက်သည်။ ရုတ်တရက် သူ၏မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး မေးလိုက်သည်။

”ဘယ်သူက မင်းကို စမ်းရေအကြောင်း မေးနေလို့လဲ ... မြန်မြန်ပြောစမ်း ... မင်း ဒီဘူးသီးခြောက်ကို ဘယ်ကရှာတွေ့တာလဲ ... “

ဝမ်လင်း မှင်တက် သွားသည်။ သူက အပြစ်ကင်းသော ပုံစံဖြင့် မေးလိုက်သည်။

”အကြီးအကဲ ဒီဘူးသီးခြောက်က ဘာမှားနေလို့လဲ ... ကျွန်တော် ရေသွားသယ်တော့ ဒါကို စမ်းချောင်းထဲမှာ မျောနေတာ တွေ့လိုက်ရတယ် ... ဘူးသီးခြောက်က ချစ်စရာ ကောင်းတာနဲ့ ရေထဲကနေ ဆယ်ယူထားတာပါ ... “

အကြီးအကဲစွန်း၏ မျက်လုံးများ ကျဉ်းမြောင်း သွားသည်။ ဝမ်လင်းအား လေးလေးနက်နက် ကြည့်ကာ ဘူးသီးခြောက်အား ကိုင်ထားရင်း စဉ်းစားလိုက်သည် ... ‘ဒီဘူးသီးခြောက်ထဲမှာ စိတ်စွမ်းအင်တွေ အများကြီးပါတယ် ... သေမျိူး တစ်ယောက်က ဒါကိုသောက်ရင် ဒီထဲက စိတ်စွမ်းအင်တွေကို မစုပ်ယူနိုင်လည်း သူတို့ကို လန်းဆန်း သွားစေလိမ့်မယ် ... သူက ညာနေတဲ့ပုံ မပေါ်ဘူး ... ဒီဘူးသီးခြောက်ကို သူက ဖြုန်းတီးနေတာပဲ ... တကယ်လို့ ဒါကိုဆေးဖော် လိုက်မယ်ဆိုရင် ရလဒ်က အတော်ကောင်းမှာပဲ ... ဒါက သေနေတဲ့ အပြာရောင်မြက်နှင့် ညခရမ်းပင်ကို ဒီဘူးသီးခြောက်နဲ့ တစ်ခုခု စမ်းသပ်ကြည့်ဖို့ အခွင့်အရေးကြီး တစ်ခုပဲ ... သူတို့က သဘာဝရန်သူတွေ ဆိုပေမဲ့ မစမ်းကြည့်ပဲနဲ့ ဘာမှသိရမှာ မဟုတ်ဘူး ... ‘

သူ၏ အတွေးများအား ရပ်တန့်ပြီးနောက် အကြီးအကဲ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဘူးသီးခြောက်အား ဂရုတစိုက် ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ ဝမ်လင်းအား အေးစက်စွာ မေးလိုက်သည်။

”ဝမ်လင်း ... မင်းက သတ္တိတွေ ရှိနေတာပဲ ... အကြီးအကဲကိုတောင် လိမ်ညာရဲတယ်…. မင်းကိုကြည့်ရတာ ဟုန်ယွီဂိုဏ်းမှာ မနေချင်တော့ဘူး ထင်တယ် ... “

ဝမ်လင်းက ပဟေဠိဖြစ်နေဟန်ဖြင့် လျင်မြန်စွာ ပြောလိုက်သည်။

”အကြီးအကဲ ... ကျွန်တော် မညာပါဘူး ... ဂိုဒေါင်ထဲမှာ စမ်းရေ ၁၀စည်ပိုင်း အပြည့်ရှိပါတယ် ... “

ဝမ်လင်း၏ စကားမဆုံးမီ အကြီးအကဲစွန်းက ဒေါသထွက်စွာဖြင့် အော်လိုက်သည် “မင်း ငါ့ကို ဆက်ပြီး ရိုးသားချင်ယောင် ဆောင်ပြနေဦးမှာလား ... ငါ့ကမင်းကို ဘူးသီးခြောက် အကြောင်းကို မေးနေတာ ... ငါ မင်းကို နောက်ဆုံး အခွင့်အရေးပေးမယ် ... ဒီဘူးသီးခြောက် ဘယ်ကရလဲဆိုတာ မင်းငါ့ကို ပြောပြမလား ဒါမှမဟုတ် မင်းကို ဒီနေ့ပဲ ဟုန်ယွီဂိုဏ်းကနေ ကန်ထုတ်ရမလား ... “

ဝမ်လင်း၏ မျက်နှာတွင် ခံပြင်းသည့် အမူအရာများ ပေါ်လာပြီး ငိုပြီး ပြောလိုက်သည်။

“ ဘာဖြစ်လို့ ကျွန်တော့်က နှင်ထုတ်ခံရမှာလဲ ... ဟုန်ယွီဂိုဏ်းကို ရောက်ကတည်းက သတ်မှတ်ထားတဲ့ အတိုင်း ရေကို ၁၀စည်ပြည့်အောင် အကြိမ်ပေါင်းများစွာ သယ်ခဲ့ရတယ် ... ထမင်းဆိုလည်း တစ်ပတ်ကျော်မှ တစ်ခါလောက်ပဲ စားခဲ့ရတယ် ... ကျွန်တော့်အမေ ပေးခဲ့တဲ့ အာလူးကြော်တွေသာ မရှိဘူးဆိုရင် အခုအချိန်ထိ အသက်ရှင်နေမှာ မဟုတ်ဘူး ... ဒါက ကျင့်စဉ် ကျင့်ခိုင်းတာ မဟုတ်ဘူး ... နှိပ်စက်နေတာပဲ ... “

“ကျွန်တော် ကိုယ့်အားကိုယ်ကိုးပြီး ဒီဘူးသီးခြောက်ကို မြစ်ထဲကနေ ဆယ်ခဲ့တာ ... တကယ်လို့ အကြီးအကဲ လိုချင်တယ်ဆိုရင် ယူလိုက်ပါ ... ကျွန်တော်က ဘာလို့ညာရမှာလဲ ... “

အကြီးအကဲစွန်းက ကျန်ရှိနေသော အာလူးကြော်များကို ကြည့်လိုက်ပြီး ဘူးသီးခြောက်အား တစ်လှည့်ကြည့်ကာ စဉ်းစားလိုက်သည် ... ‘ငါက ဒီပစ္စည်းကို လိုချင်လို့ ပြင်ပဂိုဏ်းသား တစ်ယောက်ရဲ့ ရတနာကို ယူပြီး သူ့ကို အဝေးကို မောင်းထုတ် လိုက်တာကိုသာ တခြားသူတွေ သိသွားခဲ့ရင် ... ငါ့သိက္ခာ ကျသွားလိမ့်မယ် ... ပြီးတော့ တခြားလူတွေကလည်း ဒီကိစ္စကို စုံစမ်းကြတော့မှာ ငါ ဒါကိုယူသွားလို့ မရဘူး ... ဒီကလေးက ငါ့ကို ခုထိညာနေတုန်းပဲ ... ဒီလိုဘူးသီးခြောက်တွေက အများကြီး ရှိဦးမယ် ထင်တယ် ... ဒါတွေ အားလုံးကိုသာ ရရင် ငါ့ရဲ့ ဆေးဖော်စပ်မှု စွမ်းရည်က နောက်တစ်ဆင့်ကို ရောက်သွားလိမ့်မယ် ... ‘

ထိုအကြောင်းကို စဉ်းစားပြီးနောက် ရုတ်တရက် အံ့သြသော အမူအရာဖြင့် ပြောသည် ... “ကြမ်းတမ်းလိုက်တဲ့ အဖြစ်ပါလား ... တစ်ပတ်လုံးလုံး ဘာမှမစားခဲ့ရတာကို ငါမသိခဲ့ဘူး ... အခုတော့ ဒီကိစ္စကို သိသွားပြီမို့လို့ ငါဖြေရှင်းပေးမယ် ... ပြင်ပဂိုဏ်းသား ဆိုတာလည်း ဟုန်ယွီဂိုဏ်းရဲ့ တပည့်တွေပဲလေ ... ”

သူစကား ပြောပြီးသောအခါ ဝမ်လင်း ခံပြင်းနေဆဲ ဖြစ်နေတာကို သတိထားမိလိုက်သည်။ သူက အေးစက်စက် ရယ်မောပြီး ညင်သာစွာ ပြောသည်။

”ဝမ်လင်း ... ငါ ဒီဘူးသီးခြောက်ကို လိုချင်ပေမဲ့ မင်းကို မတရား မလုပ်ပါဘူး ... ငါ့မှာ အခု အကူတစ်ယောက် လိုနေတယ် ... ငါ့ရဲ့ အကူလုပ်မလား ... “

ဝမ်လင်း အံ့သြသွားသည် ... “ကျွန်တော် မလုပ်ချင်ဘူး ... အကူဆိုတာ အစေခံတစ်ယောက်နဲ့ အတူတူပဲ ... ကျွန်တော်က အစေခံတစ်ယောက် ဖြစ်နေတာ အဖေသိသွားရင် သေလောက်အောင် ရိုက်လိမ့်မယ် ... “

အကြီးအကဲစွန်း တော်တော် ဒေါသထွက်သွား၏။ ဝမ်လင်း၏အဖေက သူ့ကို မရိုက်ခင် သူကအရင် ရိုက်သတ်ချင် သွားသည်။ ဒုတိယမျိုးဆက်၌ သူ့ အဆင့်က နိမ့်သော်လည်း အကူတစ်ယောက် ရှာဖွေ နေကြောင်းကို ကြေညာပါက ပြင်ပတပည်များ အပြေးအလွား ရောက်လာကြပေမည်။

သူ့ဒေါသများအား မျိုသိပ်ကာ ပြောလိုက်သည် ... ''ကောင်းပြီ ... မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံလိုက်မယ် ... အခု ဂိုဏ်းခေါင်းဆောင်ကို သွားပြောလိုက်ဦးမယ် ... မင်းရဲ့ ပစ္စည်းတွေကို ထုပ်ပိုးပြီးတော့ ငါ့ရဲ့ ဥယျာဉ်မှာ စောင့်နေပါ ... '' ထိုနောက် ဝမ်လင်း၏ အခန်းလေးထဲက ထွက်သွားတော့သည်။

အကြီးအကဲစွန်း ထွက်ခွာ သွားပြီးနောက် ဝမ်လင်၏မျက်နှာက မည်းမှောင်သွားသည်။ သူ့စိတ်ထဲ၌ လှောင်ပြောင်နေ၏ ... ‘ဒီအဘိုးကြီးက အပေါ်ယံမှာတော့ ငါ့ကို သူ့ရဲ့ တပည့်အဖြစ် လက်ခံထားတယ် ... အမှန်က ဒီဘူးသီးခြောက်တွေကို ပိုလိုချင်နေတာပဲ ... ‘

သူက တွေးပြီး ရယ်လိုက်သည် ... ‘တောင်ပေါ်၌ ဘူးသီးခြောက်တွေ အများကြီး ရှိတယ် ... တချို့ကို မှော်ကျောက်တုံး စိမ်ထားတဲ့ရေ ထည့်ထားရမယ် ... အခု ပင်မတပည့် ဖြစ်ဖို့ အခွင့်အရေး ရနေပြီ ... ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းဖို့ ဒီအခွင့်အရေးကို အရယူရမယ် ... ‘

ထိုအကြောင်းကိုတွေးကာ ဝမ်လင်း စိတ်လှုပ်ရှားလာသည်။ သူ၏ပစ္စည်းများကို ထုပ်ပိုးကာ အာလူးကြော်များကို ကျန်းဟူအတွက် ချန်ထားလိုက်သည်။ ထို့နောက် သူက အကြီးအကဲစွန်း၏ ခြံဝင်းဆီသို့ ထွက်လာတော့သည်။

သည်တစ်ကြိမ်တွင်တော့ ဝမ်လင်းက သူရောက်ရှိလာသည်ကို အသိမပေးတော့ချေ။ သစ်ပင်ပေါ်၌ ထိုင်နေသည့် ဝတ်စုံဖြူဝတ် လူငယ်ကလည်း မတားပေ။ ဝမ်လင်းကို တပည့်အဖြစ် လက်ခံထားကြောင်းကို အကြီးအကဲစွန်းထံမှ သူက သိထားပြီး ဖြစ်၏။ လူငယ်က ရယ်မောပြီး သူ့ကိုယ်သူ ပြောလိုက်သည် ... "အမှိုက်လိုဆရာက အမှိုက်လိုတပည့်ကို လက်ခံထားတာပဲ ... ဒါကို အလွန်ကို လိုက်ပါပေတယ် ... “

***

All Chapters