အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း ၂၁၅ - ချန်အာက ဒီမိန်းကလေးအပေါ် မကောင်းတာတစ်ခုခု လုပ်ခဲ့လို့လား။
တစ်ချိန်တည်းမှာပင် တာအိုပြည်နယ် ၃၀၀၀အတွင်းရှိ မြောက်မြားစွာသော ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူများသည် တစ်စုံတစ်ခုကို စွမ်းအင်များကိုအာရုံခံမိပြီး စိတ်လှုပ်ရှားနေသော အမူအရာများ ပြသလာကြသည်။
"မင်းတို့အားလုံးအာရုံခံမိကြလား။ အရင်က ပိတ်ဆို့ခံထားရတဲ့ ရှေ့ဆက်မယ့်လမ်းက အခုတော့ လမ်းကြောင်းပြန်ပွင့်သွားပြီ။ သူတို့တွေ ပိုပြီးမြင့်မားတဲ့အဆင့်ကို ဆက်ပြီး တက်လှမ်းနိုင်ကြပြီ။"
ယင်းက လင်းချန် သည် ၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ အတွက် ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများကို လုံးဝဥဿုံ ပြန်လည်ပြုပြင်ပေးလိုက်ပြီဖြစ်ကြောင်း သက်သေထူနေသည်
လောကရှိ သက်ရှိသတ္တဝါအားလုံးကို မဟာဧကရာဇ်ကျင့်စဉ်နယ်ပယ် သို့ လှမ်းမျှော်နိုင်မည့် အခွင့်အရေးကို ပေးသနားလိုက်ခြင်းပင် ဖြစ်သည်။
ထိုအရာကို ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူအများအပြားသာ အာရုံခံမိသည်မဟုတ်ဘဲတာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိသတ္တဝါအားလုံး၏ နှလုံးသားထဲတွင်လည်း ဖော်ပြမရနိုင်သော ခံစားချက်တစ်ခု တိုးဝင်လာခဲ့သည်။
၎င်းတို့၏ အသိအမြင်များ နက်ရှိုင်းသောသစ္စာတရားများ နှင့် မူလစွမ်းအင်များ အားလုံးသည် စစ်မှန်သော အသွင်ကူးပြောင်းမှုတစ်ခုကို ဖြတ်သန်းသွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
၎င်းတို့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးသည်လည်း မကြုံစဖူး ထူးကဲသော ပြီးပြည့်စုံခြင်းအရသာကို ဆောင်ကြဉ်းလာခဲ့သည်။
၎င်းတို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးသည် ဤအခိုက်အတန့်တွင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပုံရသည်။
ရှေးဟောင်းလင်းမိသားစု ၏ သူတော်စင်အပေါင်းတို့၏ ရင်ပြင်တွင်...
ယန်လော့ရှ သည် ကောင်းကင်ယံကို မော့ကြည့်ရင်း နှုတ်ဆိတ်နေခဲ့ပြီးသူမ၏ အမူအရာက အနည်းငယ် အကူအညီမဲ့နေပုံရသည်။
လွန်ခဲ့သော တစ်လနီးပါးကတည်းက သူမသည် ရှေးဟောင်း လင်းမိသားစုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က လင်းချန်သည် မိသားစုထံသို့ ပြန်မလာသေးသဖြင့် သူမအနေဖြင့် လင်းမိသားစုတွင်သာ စောင့်ဆိုင်းနေခဲ့ရသည်။
အထက်ဘုံ ၏ ကိစ္စရပ်များသည် အလွန်အရေးကြီးသဖြင့် စိတ်အေးရစေရန်အတွက် လင်းချန်ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြရမည်ဖြစ်သည်။
သို့သော် ယခုအခါ တစ်လတာ ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး လင်းချန်သာ ပြန်မလာသေးပါက သူမ ထပ်မံ၍ ကြာရှည်စွာ စောင့်ဆိုင်းနိုင်တော့မည်မဟုတ်ကြောင်း စိုးရိမ်မိသည်။
အဆုံးတွင်တော့ သူမသည် လက်ရှိ၌ နတ်ဘုရားလှေကား ကို တက်လှမ်းရန် ကြိုးပမ်းနေပြီး သူမ၏ အစွမ်းများကိုလည်း ဆက်လက်မြှင့်တင်ရန် လိုအပ်နေသည်။
ဆယ်နှစ်သက်တမ်း ကန့်သတ်ချက်က ရှည်လျားသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် အမှန်တကယ် လိုအပ်လာသည့်အခါ မလုံလောက်ရုံတမယ်သာ ရှိတတ်သည်။
သူမသည် ခုနကတင် ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း သတိပြုမိလိုက်သဖြင့် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။
ရှေ့တွင် မည်သည့်အတားအဆီးမှ မရှိတော့ချေ။ သူမအနေဖြင့် ကျင့်စဉ်အဆင့်ကို တည်ငြိမ်စွာ မြှင့်တင်နိုင်သရွေ့ အထက်ဘုံသို့ ပြန်သွားပြီး ကလဲ့စားချေနိုင်မည့် အခွင့်အရေး ရှိလာပြီဖြစ်သည်။
မလှမ်းမကမ်းတွင်တော့ လင်းဟောက်ရန် နှင့် ယွမ်ချင်းရို တို့သည် ယန်လော့ရှကို လှမ်းကြည့်ရင်း ဆန်းပြားသော အမူအရာများကိုယ်စီ ဖြစ်ပေါ်နေကြသည်။
လွန်ခဲ့သော တစ်လက ဤမိန်းကလေးသည် ၎င်းတို့၏ ရှေးဟောင်း လင်းမိသားစုသို့ ရောက်ရှိလာပြီး လင်းချန်ကို ရှာဖွေနေကြောင်း ချက်ချင်းပြောခဲ့သည်။
ယန်လော့ရှ...ဤနာမည်ကို သူတို့ အတော်လေး ရင်းနှီးကြသည်။ သူမသည် လော့ရှမြင့်မြတ်နယ်မြေ ၏ သူတော်စင်ဖြစ်ပြီး ပါရမီရှင်အဆင့်သတ်မှတ်ချက်စာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူမသည် အဓိကအခွင့်အလမ်းအားလုံးတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ပြီး ကောင်းကင်ဘုံ၏ စောင်မခြင်းကို ခံရသော သမီးပျိုတစ်ဦး ဖြစ်သည်မှာ အမှန်ပင်။
သူတို့ကို ဇဝေဇဝါဖြစ်စေသည်မှာ ယန်လော့ရှသည် ၎င်းတို့၏သား လင်းချန်ကို အဘယ်ကြောင့် လာရောက်ရှာဖွေရသနည်း ဟူသောအချက် ဖြစ်သည်။
လင်းချန်သည် ယခုအခါ မဟာဧကရာဇ်အဆင့်ကို ရရှိထားပြီးဖြစ်သဖြင့် သူမနှင့် လင်းချန်အကြား ဆက်စပ်မှု မရှိသလောက်ပင် ဖြစ်သင့်သည်။
ယခင်ကလည်း ယန်လော့ရှနှင့် လင်းချန်အကြား မည်သည့်ပတ်သက်မှုမျိုးကိုမျှ သူတို့မကြားဖူးခဲ့ချေ။
'ချန်အာက သူတို့မသိဘဲ အဲ့ဒီမိန်းကလေးအပေါ် တစ်ခုခုလုပ်ခဲ့လို့ ဒီမိန်းကလေးက သူ့ကို လာရှာနေတာလား။’
ဤအတွေးက မယုံနိုင်စရာကောင်းသော်လည်း ၄င်းတို့နှစ်ဦးမှာ ယခုအချိန်တွင် ဤကဲ့သို့ အနည်းငယ် စိတ်ရွှေ့စောင်းစရာကောင်းသော အဖြေကိုသာ တွေးတောမိကြတော့သည်။
ဤအခိုက်အတန့်တွင် ယွမ်ချင်းရိုသည် လင်းဟောက်ရန်အား အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားများသည် ပြီးပြည့်စုံခြင်းသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ ချန်အာလည်း မကြာမီ ပြန်လာတော့မည်ဖြစ်သည်။
မပြန်လာခင်မှာပဲ ယန်လော့ရှ ဒီနေရာကို ဘာကြောင့် လာခဲ့တာလဲဆိုတာကို သူမ သိချင်နေသည်။
ယင်းကိုမြင်သော် လင်းဟောက်ရန် အနည်းငယ် ကြောင်အမ်းသွားသည်။
သူမက သူ့ကို ယန်လော့ရှထံ သွားရောက်ကာ လင်းချန်ကို အဘယ်ကြောင့် လာရှာရသနည်းဟု မေးခိုင်းနေခြင်းလော။
သူက ဂုဏ်သိက္ခာရှိလှသော ရှေးဟောင်း လင်းမိသားစု၏ အကြီးအကဲ ဧကရာဇ်တစ်ပိုင်း အဆင့်နှောင်းပိုင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါလျက် မဟာသူတော်စင်အဆင့် မျှသာရှိသေးသော မိန်းကလေးငယ်တစ်ဦးကို မည်သို့ မျက်နှာပူပူနှင့် သွားမေးနိုင်ပါမည်နည်း။
သို့သော် နောက်တစ်စက္ကန့်တွင် လင်းဟောက်ရန်သည် ယွမ်ချင်းရို၏ အကြည့်များက တဖြည်းဖြည်း အန္တရာယ်ရှိလာသည်ကို မြင်လိုက်ရသဖြင့် ရှေ့ဆက်မတွေးရဲတော့ဘဲ နားလည်သဘောပေါက်သည့် အမူအရာကို ချက်ချင်း ဖော်ပြလိုက်ရတော့သည်။
‘စိတ်မပူပါနဲ့အားလုံးကို ငါ့ကိုပဲ လွှဲထားလိုက်ပါ’ ဟု ပြောနေသကဲ့သို့ပင်။
ယင်းကိုမြင်မှ ယွမ်ချင်းရိုက ကျေနပ်စွာ ခေါင်းညိတ်ပြသည်။
ထိုမိန်းကလေးငယ်သည် သူမ၏သားကို မည်သည့်ကိစ္စဖြင့် လာရောက်တွေ့ဆုံသည်ကို သူမ တကယ်ကို သိချင်နေမိသည်။
လင်းဟောက်ရန်သည် မရှိသော ချွေးစေးများကို သုတ်လိုက်ပြီး ယန်လော့ရှထံသို့ အနည်းငယ် အနေရခက်စွာ လျှောက်လှမ်းသွားခဲ့သည်။
အမှန်အတိုင်းပြောရလျှင် စကားကို မည်သို့စတင်ရမည်ကို သူ သေချာမသိသေးချေ။
ယန်လော့ရှသည် လင်းဟောက်ရန်၏ လှုပ်ရှားမှုကို သတိပြုမိပြီး ဇဝေဇဝါဖြင့် ခေါင်းလှည့်ကာ တိုးညင်းစွာ မေးလိုက်သည်။
"မိသားစုအကြီးအကဲလင်း... ကျွန်မကို မေးစရာတစ်ခုခု ရှိလို့လားရှင့်။"
ယင်းကိုကြားသော် လင်းဟောက်ရန်က တစ်ချက် ချောင်းဟန့်လိုက်သည်။
"အဟမ်း... ငါ့မှာ မေးစရာတစ်ခုရှိတာ အမှန်ပဲ။ တကယ်တော့ ငါ မေးချင်တာက..."
ယန်လော့ရှက ကြားဖြတ်မပြောဘဲ စူးစမ်းလိုသောအကြည့်ဖြင့် လင်းဟောက်ရန်၏မေးခွန်းကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော် ကွက်တိပင်။ ၎င်းတို့သုံးဦး၏ နားထဲတွင် ရင်းနှီးပြီး စူးစမ်းလိုဟန်ရှိသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အဖေ အမေ ယန်လော့ရှ... မင်းတို့ ဘာလုပ်နေကြတာလဲ။"
အနီးအနားမှ ထွက်ပေါ်လာသော ထိုအသံကို ကြားလိုက်ရသဖြင့် လင်းဟောက်ရန်သည် အပြစ်ရှိသလို ခံစားရမှုများမှ လွတ်မြောက်သွားကာ အသံလာရာဆီသို့ အမြန်လှည့်ကြည့်လိုက်သည်။
အပေါ်ယံကောင်းကင်တွင် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။
ထိုပုံရိပ်ကို သူ အလွန်ပင် ရင်းနှီးလှသည်။
သူကတော့ အခြားသူမဟုတ် ၎င်း၏သား လင်းချန်ဖြစ်ပြီး ယခု တာအိုပြည်နယ် ၃၀၀၀ ရှိ တစ်ဦးတည်းသော မဟာဧကရာဇ် ကျွမ်းကျင်သူပင် ဖြစ်သည်။
"ချန်အာ မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ။"
ဘေးနားတွင်တော့ ယန်လော့ရှသည်လည်း သက်ပြင်းတစ်ချက်ကို ခိုးချလိုက်ရင်း မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
တစ်လကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် လင်းချန် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီဖြစ်၏။
သူမအနေဖြင့် ကိစ္စရပ်ကို ရှင်းပြပြီးသည်နှင့် နတ်ဘုရားလှေကားသို့ ပြန်သွားကာ ယခင်ကျင့်စဉ်များကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အခြားနှစ်ဦးက ဝမ်းမြောက်နေချိန်တွင် စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့သော ယွမ်ချင်းရိုသည် လင်းချန်၏အနားသို့ တိုက်ရိုက်လျှောက်လှမ်းသွားပြီး သူ့ကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ဖက်ထားလိုက်သည်။
"ချန်အာ... ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတရားတွေကို ပြန်ပြင်တုန်းက မင်း တစ်ခုခု ထိခိုက်မိသေးလား။ အမေ ကြည့်ပါရစေဦး။"
ထိုသို့ပြောရင်း ယွမ်ချင်းရိုသည် သူ့ကို ခြေဆုံးခေါင်းဆုံး သေချာစွာ စစ်ဆေးတော့သည်။
လင်းချန်က ပြုံးလိုက်ပြီး ယွမ်ချင်းရို စစ်ဆေးနိုင်ရန် လက်နှစ်ဖက်လုံးကို မြှောက်ကာ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
"ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတရားတွေကို ပြန်လည်ပြုပြင်တာက သားကို ဘာအန္တရာယ်မှ မဖြစ်စေပါဘူး။ အချိန်နည်းနည်း ပိုကြာသွားရုံပါပဲ။"
"ဒီတစ်ခေါက်မှာ နိယာမတရားတွေကို ပြန်လည်ပြုပြင်နိုင်ခဲ့ရုံတင်မကဘဲ သားရဲ့ကိုယ်ပိုင်စွမ်းအားအပေါ် နားလည်မှုကလည်း ပိုပြီး နက်ရှိုင်းလာခဲ့တယ်။ ဒါကလည်း သတင်းကောင်းတစ်ခုလို့ ပြောလို့ရတာပေါ့။"
လင်းချန်ကို ခြေဆုံးခေါင်းဆုံး စစ်ဆေးပြီးနောက် ယွမ်ချင်းရိုသည် လင်းချန် ဒဏ်ရာမရရှိထားကြောင်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့ပြီးမှ လုံးဝ စိတ်အေးသွားတော့သည်။
သူမသည် နိယာမတရားများကို မပြုပြင်မီက ထိုလုပ်ငန်းစဉ်အတွင်း လင်းချန် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရရှိစေမည်ကို အလွန်စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ စိုးရိမ်ပူပန်မှုများက လက်တွေ့မဖြစ်လာခဲ့ဘဲ သာမန်တွေးပူမိခြင်းသာ ဖြစ်ခဲ့သည်။
လင်းချန်သည် ယွမ်ချင်းရိုကို ပြုံးပြကာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပြန်လည်ဦးဆောင်ခေါ်သွားပြီး ယန်လော့ရှဘက်သို့ လှည့်ကာ မေးလိုက်သည်။
"တာအိုမိတ်ဆွေယန်လော့ရှ... မင်း ငါ့ရဲ့ ရှေးဟောင်း လင်းမိသားစုမှာ ဒီလောက်ကြာအောင် စောင့်နေခဲ့တာ... ငါ့ကို ရှာဖို့အတွက်လား။"
မေးခွန်းတစ်ခုဖြစ်သော်လည်း သူ၏လေသံက အလွန်သေချာနေခဲ့သည်။
ယန်လော့ရှ လင်းမိသားစုသို့ ရောက်ရှိလာကတည်းက သူ ဤအကြောင်းကို သိရှိခဲ့သော်လည်း ထိုအချိန်က ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မရခဲ့ခြင်းသာ ဖြစ်သည်။
ယန်လော့ရှသည်လည်း ဘာမှ ဖုံးကွယ်မထားဘဲ ရိုးသားစွာ ခေါင်းညိတ်ပြလိုက်ပြီးသူမ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။
"ကျွန်မ ဒီနေရာကို လာခဲ့တာက မင်း မကြာခင် အထက်ဘုံသို့ တက်လှမ်းခြင်း နဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုကို အသိပေးဖို့ လာခဲ့တာပါ။"
"လော့ရှမြင့်မြတ်နယ်မြေရဲ့ အဆင့်မြင့်အဖွဲ့ဝင်အစစ်အမှန်တွေကလွဲရင် လောကမှာ ဘယ်သက်ရှိသတ္တဝါမှ ဒါကို မသိကြပါဘူး။"
"တကယ်တော့... ကျွန်မက အတိတ်ဘဝတုန်းက ကောင်းကင်ဘုံဧကရာဇ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ လူဝင်စားပါ။ တာအိုပြည်နယ် ၃၀၀၀ ကို ပြန်လာခဲ့တာက အတိတ်ဘဝက လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်ကို ပြန်လည်ခြေရာခံပြီး စွမ်းအားတွေ ပြန်လည်စုဆောင်းဖို့အတွက်ပဲ ဖြစ်ပါတယ်။"
"ကျွန်မ ရှင့်ကို ပြောပြရမယ့် ကိစ္စက ရှင်အထက်ဘုံကို တက်လှမ်းမယ့်အရေးနဲ့ ဆက်စပ်နေပါတယ်။ ကျွန်မ အတိတ်ဘဝတုန်းက ကျဆုံးပျက်စီးခဲ့ရတဲ့ အကြောင်းရင်းကလည်း အဲ့ဒီကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။"
ထိုစကားလုံးများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သည် ရပ်နေသည့်နေရာ၌ပင် လုံးဝ ဆွံ့အမှင်တက်သွားကြတော့သည်။
ဘာတွေဖြစ်နေတာလဲ။
သူတို့ အခု ဘာကို ကြားလိုက်ရတာလဲ။
ယန်လော့ရှက သူမကိုယ်သူမ ကောင်းကင်ဘုံဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ လူဝင်စားဟု အမှန်တကယ် ပြောဆိုနေခြင်းလော။
အရေးကြီးဆုံးအချက်မှာ သူမ ချန်အာကို ပြောပြရမည့်ကိစ္စသည် သူမ၏အတိတ်ဘဝ ကျဆုံးမှုနှင့် ဆက်စပ်နေခြင်း ဖြစ်သည်။
ကောင်းကင်ဘုံဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ကျဆုံးစေခဲ့သော ထိုအဖြစ်အပျက်သည် ချန်အာ မကြာမီ ရင်ဆိုင်ရတော့မည့်အရာ ဖြစ်နေနိုင်သလော။
ထိုသို့တွေးမိသည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားကြပြီး လင်းချန်ကို စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
၎င်းတို့၏ အကြည့်များကို အာရုံခံမိသဖြင့် လင်းချန်သည် သူတို့ကို စိတ်အေးစေမည့် အပြုံးတစ်ခု ပေးလိုက်ပြီးနောက် ယန်လော့ရှကို စိုက်ကြည့်လိုက်ရာ သူ၏ အမူအရာက အနည်းငယ် ဆန်းပြားသွားသည်။
အဘယ်ကြောင့် လူတိုင်းက အထက်ဘုံသို့ ပျံတက်ခြင်းအကြောင်းကို ပြောပြရန် သူ့ထံသို့ ရုတ်တရက် စုရုံးရောက်ရှိလာကြသနည်း။
ပြီးတော့ ယန်လော့ရှက ကောင်းကင်ဘုံဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ လူဝင်စား ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ ၏ ရေပြင်က သူ ထင်ထားသလောက် ဘယ်လိုမှ မတိမ်ကောဘဲ အလွန်ပင် နက်ရှိုင်းလှပုံရပေသည်။
အခန်း ၂၁၆ - အဲ့အချိန်ကျရင် ငါတို့အတူတူ တိုက်ပွဲဝင်ပြီး ထျန်းယီနန်းတော်ကို အမှုန့်ခြေပစ်ကြမယ်။
လင်းချန် ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ယန်လော့ရှ က သူမ၏စကားကို သူ မယုံကြည်ဟု ထင်မှတ်သွားခဲ့သည်။
သူမက မျှော်လင့်ထားသည့်အတိုင်း ပြုံးလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
"ကျွန်မ ဒီကိုမလာခင်ကတည်းက ရှင့်အနေနဲ့ ကျွန်မပြောတာတွေကို အလွယ်တကူ ယုံကြည်မှာမဟုတ်ဘူးလို့ တွေးထားပြီးသားပါ။"
"ကျွန်မပြောတဲ့စကားတွေက တကယ်ပဲ အံ့ဩတုန်လှုပ်စရာကောင်းပေမဲ့ ကျွန်မမှာ သက်သေအထောက်အထား ရှိပါတယ်။"
"ကျွန်မ ဒီနေရာမှာ တစ်လတိတိ စောင့်နေခဲ့တာက ရှင်အထက်ဘုံသို့ တက်လှမ်းခြင်း အဆင့်ကို ဖြတ်သန်းတဲ့အခါ သတိထားဖို့နဲ့ အခြားလမ်းကြောင်းတစ်ခုကို ရှာဖွေဖို့ သတိပေးချင်လို့ပါပဲ။"
သူမ ပြောနေစဉ်မှာပင် ယန်လော့ရှသည် သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ရာ သူမ၏ခန္ဓာကိုယ်အတွင်းမှ ကြီးမြတ်ပြီး အတိုင်းအဆမရှိသော စွမ်းအားတစ်ခု နိုးထလာပုံရသည်။
နောက်တစ်စက္ကန့်တွင် ယန်လော့ရှသည် သူမ၏မျက်လုံးများကို ဖြည်းညင်းစွာ ပြန်လည်ဖွင့်လိုက်ရာ သူမ၏မျက်သူငယ်အိမ်များသည် ရွှေရောင်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ယခင်က မရှိခဲ့ဖူးသော မြင့်မြတ်ခြင်း ကြီးမြတ်ခြင်းနှင့် ခန့်ညားထည်ဝါခြင်း အရှိန်အဝါတို့က သူမ၏ခန္ဓာကိုယ်ကို သဘာဝကျကျ ဝန်းရံသွားခဲ့သည်။
ထိုဂုဏ်အရည်အချင်းများသည် မူလကတည်းက သူမထံတွင် တည်ရှိနေသင့်သည့်အလားပင်။
သူမ၏ ကျင့်စဉ်အဆင့် အရှိန်အဝါသည်လည်း ယခင်ကထက် မည်မျှပင် များပြားလှသည်မသိ အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။
ယန်လော့ရှသည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လင်းချန်ကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"လင်းချန်... ကျွန်မ အခုပြောလိုက်တဲ့စကားကို မင်း ယုံပြီလား။"
"ဒါက အတိတ်ဘဝတုန်းက ကျွန်မရဲ့ ဝိညာဉ်အသိစိတ် အပိုင်းအစလေးတစ်ခုပါ။ မူလကတော့ အသက်ဘေးကလွတ်ဖို့ နောက်ဆုံးဝှက်ဖဲအနေနဲ့ ထားခဲ့တာ ဖြစ်ပေမဲ့ အခုတော့ ရှင့်ရှေ့မှာပဲ အရင်ဆုံး သုံးလိုက်ရတာပေါ့။"
"အထက်ဘုံ ကို တက်လှမ်းတာက တကယ့်ကို အခွင့်အလမ်းကြီးတစ်ခုနဲ့ အစပျိုးမှုအသစ် ဖြစ်တာမှန်ပေမဲ့ အပေါ်မှာ အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုလည်း ရှိနေသေးတယ်။"
သူမ၏ စကားအဆုံးတွင် လေသံက တည်ကြည်လေးနက်မှုနှင့် သတိကြီးစွာ ထားရှိမှုတို့ဖြင့် ပြည့်နှက်နေသည်။
ယန်လော့ရှ၏ ရုတ်တရက် အဆမတန် အားကောင်းလာသော အရှိန်အဝါနှင့် သူမ၏ မြင့်မြတ်ခန့်ညားသော ပုံစံကို ခံစားလိုက်ရသဖြင့် လင်းဟောက်ရန် လင်းချန်နှင့် ယွမ်ချင်းရို တို့၏ အမူအရာများအားလုံး တင်းမာသွားခဲ့ကြသည်။
သံသယဖြစ်ဖွယ်မရှိဘဲ ယန်လော့ရှ၏ လက်ရှိအခြေအနေသည် အလွန်အမင်း အားကောင်းလှပြီး ဧကရာဇ်တစ်ပိုင်းကျွမ်းကျင်သူတစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်လုနီးပါး ဖြစ်နေသည်။
အထူးသဖြင့် သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် မဟာဧကရာဇ် ကျွမ်းကျင်သူများပင် ပိုင်ဆိုင်ခြင်းမရှိသော အရာမျိုးဖြစ်သည်။
ဤမျှ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ရန်အတွက် မဟာဧကရာဇ်အထက် အဆင့်ဖြစ်သော ကောင်းကင်ဘုံဧကရာဇ် ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်နိုင်သည်။
ဒါက ကောင်းကင်ဘုံဧကရာဇ် ကျွမ်းကျင်သူတစ်ဦး ကျဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ ဝိညာဉ်အသိစိတ် အပိုင်းအစတစ်ခုလား။
ကောင်းကင်ဘုံဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပီပီ ဝိညာဉ်အသိစိတ် အပိုင်းအစလေးတစ်ခုကတင် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ရှိနေတာပဲ။
ယန်လော့ရှက တကယ်ပဲ ကောင်းကင်ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးရဲ့ လူဝင်စားဆိုတာအစစ်အမှန်ပဲ။
သို့သော်လည်း သတိပြန်ဝင်လာပြီးနောက် လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့၏ အမူအရာများသည် ပို၍ပင် စိုးရိမ်ပူပန်လာကြပြီး လင်းချန်ထံသို့သာ သူတို့၏အကြည့်များကို မလွှဲတမ်း စိုက်ကြည့်နေမိကြတော့သည်။
အခြေအနေ သေးသေးလေးမှတစ်ဆင့် အလုံးစုံကို တွေးကြည့်ရုံဖြင့်ပင် ယန်လော့ရှ၏ လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သူမ၏ အတိတ်ဘဝက မည်မျှအထိ အစွမ်းထက်ခဲ့သည်ကို သူတို့ ခန့်မှန်းနိုင်သည်။
သို့သော် ထိုမျှ အစွမ်းထက်သော တည်ရှိမှုမျိုးပင်လျှင် ထိုကိစ္စကြောင့် ကျဆုံးပျက်စီးသွားခဲ့ရပြီး လူဝင်စားအဖြစ် ခံယူကာ တာအိုပြည်နယ် ၃၀၀၀ သို့ ပြန်လာခဲ့ရသည်။
လင်းချန်သည် ယခုအခါ မဟာဧကရာဇ်ကျင့်စဉ်နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီး သာမန်မဟာဧကရာဇ်တစ်ပါးထက် ပို၍ အစွမ်းထက်သော တည်ရှိမှုမျိုး ဖြစ်နေသော်လည်း...
ကောင်းကင်ဘုံဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ထိုကိစ္စ၏ နောက်ဆက်တွဲအကျိုးဆက်များကို ခုခံရန် ခက်ခဲခဲ့သည်။
အကယ်၍ လင်းချန်သာ အထက်ဘုံသို့ တက်လှမ်းသွားပါက သူ မည်သို့သော အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ရမည်နည်း။
ထွက်ပေါ်လာနိုင်မည့် ရလဒ်က အလွန်အန္တရာယ်များလှသဖြင့် သူတို့အနေဖြင့် ဆက်ပြီး မတွေးရဲတော့ချေ။
လင်းချန်သည် သူတို့၏ ပိုမိုစိုးရိမ်ပူပန်လာသော အကြည့်များကို သတိပြုမိသဖြင့် စိတ်သက်သာရာရစေမည့် အပြုံးတစ်ခုကို ပေးလိုက်သည်။
"အဖေ အမေ... စိတ်အေးအေးထားပါ။တာအိုမိတ်ဆွေ ယန်လော့ရှ ရောက်လာကတည်းက ဒါကို ဖြေရှင်းမယ့် နည်းလမ်းရှိလို့ နေမှာပါ။"
"ဒါမှမဟုတ်ရင်တာအိုမိတ်ဆွေ ယန်လော့ရှအနေနဲ့ ကျွန်တော်တို့ ရှေးဟောင်းလင်းမိသားစုကို ရောက်ရောက်ချင်း တစ်လနီးပါးအထိ စောင့်နေမှာ မဟုတ်ပါဘူး။"
"ပြီးတော့ ယန်လော့ရှ ပြောပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်တော့ သိထားပြီးသားပါ။"
ထိုသို့ပြောရင်း လင်းချန်က ယန်လော့ရှကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"တာအိုမိတ်ဆွေယန်လော့ရှ... မင်းပြောတဲ့စကားရဲ့ မှန်ကန်မှုကို ငါ တစ်ခါမှ မသံသယမဖြစ်ခဲ့ပါဘူး။ မင်းရဲ့ လက်ရှိအခြေအနေကို ရုပ်သိမ်းလိုက်ပါတော့။"
"ဒီဝိညာဉ်အသိစိတ် အပိုင်းအစက အကြာကြီး တောက်လောင်နေနိုင်မှာ မဟုတ်ဘူး။ မင်း နောက်နောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျန်တာကို ချန်ထားသင့်တယ်။"
လင်းချန်၏ စကားပထမပိုင်းကို ကြားလိုက်ရသောအခါ ယန်လော့ရှ၏ တည်ငြိမ်အေးဆေးသော အမူအရာက ပြောင်းလဲသွားပြီး သူမ အနည်းငယ် ကြောင်အမ်းသွားသည်။
လင်းချန်က သူမပြောပြမည့် ကိစ္စကို သူ ကြိုသိနေသည်ဟု ပြောလိုက်ခြင်းလော။
လင်းချန်က ထိုအကြောင်းကို ဘယ်ကနေ သိရှိခဲ့သနည်း။
တာအိုပြည်နယ် ၃၀၀၀ မှ အောင်မြင်စွာ တက်လှမ်းသွားခဲ့ကြသော မဟာဧကရာဇ် ကျွမ်းကျင်သူများသာလျှင် ထျန်းယီနန်းတော်၏ ကြံစည်မှုများနှင့် အထက်ဘုံရှိ အန္တရာယ်များကို သိရှိနိုင်မည်ဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။
လင်းချန်က မဟာဧကရာဇ်နယ်ပယ်သို့ ခုမှသာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ရာထိုကိစ္စကို သူက မည်သို့လုပ်ပြီး သိနေနိုင်မည်နည်း။
သို့သော်လည်း လင်းချန်၏ စကားနောက်ဆုံးပိုင်းကို ကြားပြီးနောက်တွင်တော့ ယန်လော့ရှသည် သံသယများစွာ ရှိနေသော်လည်း ဘာမှပြန်မပြောဘဲ တိတ်တဆိတ်သာ ခေါင်းညိတ်လိုက်သည်။
အမှန်ပင်။ ဤဝိညာဉ်အသိစိတ် အပိုင်းအစ တောက်လောင်နိုင်မည့်အချိန်က ဆယ့်ငါးမိနစ်သာ ခံမည်ဖြစ်သည်။
ဆယ့်ငါးမိနစ် ကြာပြီးနောက်တွင်တော့ ဤနောက်ဆုံးကျန်ရစ်သော ဝိညာဉ်အသိစိတ် အပိုင်းအစသည် လေထုထဲသို့ ကွယ်ပျောက်သွားမည်ဖြစ်ပြီး သူမတွင် အသက်ဘေးမှ လွတ်မြောက်နိုင်မည့် နည်းလမ်းအားလုံး ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။
လင်းချန်က ထိုအကြောင်းကို အသေအချာ သိရှိပြီးသားဟု ပြောထားသဖြင့် သူကပဲ နောက်ထပ် အရာအားလုံးကို ရှင်းပြလိမ့်မည်ဟု သူမ ယူဆလိုက်သည်။
ယန်လော့ရှသည် သူမ၏မျက်လုံးများကို ထပ်မံမှိတ်လိုက်ပြီး ဝိညာဉ်အသိစိတ်နှင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော ခန့်ညားထည်ဝါ၍ မြင့်မြတ်ဆန်းပြားလှသည့် စွမ်းအား အရှိန်အဝါများအားလုံးသည် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။
သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ယန်လော့ရှသည် လင်းချန်ကို စူးစမ်းလိုသောအကြည့်ဖြင့် ကြည့်ကာ သူ ခုနက ကတိပေးထားသည့် အဖြေကို စောင့်ဆိုင်းနေခဲ့သည်။
သူမသည် လင်းချန်ကို ထိုအကြောင်းအရာ အသိပေးရန်အတွက်သာ တစ်လတိတိ စောင့်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ယခုတော့ လင်းချန်က သူ ကြိုသိနေသည်ဟု ဆိုသဖြင့် အဘယ်ကြောင့်ဆိုသည့် အကြောင်းရင်းကို သူမ သိရှိရမည်ဖြစ်သည်။
သူမ မည်သို့ပင် တွေးတောပါစေ လင်းချန် မည်သို့သိရှိသွားသည်ကို အဖြေရှာမရနိုင်ခဲ့ချေ။
ယန်လော့ရှတစ်ယောက်သာ အံ့ဩဇဝေဇဝါ ဖြစ်နေရသည်မဟုတ်ဘဲ လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။
သူတို့သည် ၎င်းတို့၏သား ချန်အာကို ကောင်းကောင်း သိကြသည်။ သူသည် တာအိုပြည်နယ် ၃၀၀၀ တွင်သာ အမြဲနေထိုင်ခဲ့ပြီး တစ်ခါမျှ အပြင်သို့ မထွက်ခွာဖူးချေ။
ထိုကိစ္စက အထက်ဘုံ၏ အရေးကိစ္စဖြစ်ရာတာအိုပြည်နယ် ၃၀၀၀ တွင်သာ ရှိနေသော ချန်အာက မည်သို့လုပ်ပြီး စုံစမ်းသိရှိသွားခဲ့သနည်း။
ဤကဲ့သို့သောအရာမျိုးသည် ၎င်းတို့၏ တာအိုပြည်နယ် ၃၀၀၀ ၏ ကောင်းကင်ဘုံတာအိုပင်လျှင် ထောက်လှမ်းမိရန် ခက်ခဲလိမ့်မည် မဟုတ်ပါလား။
ယင်းကို လင်းချန်က ပြုံးလျက် ဖွင့်ဟပြောဆိုလိုက်သည်။
"အမှန်အတိုင်း ပြောရရင်တော့... ကျွန်တော် မဟာဧကရာဇ် မဖြစ်ခင် အချိန်အတော်ကြာကတည်းက ကစဥ့်ကလျားမြင့်မြတ်မြေကို သွားခဲ့တယ်။ အဲ့ဒီမှာရှိတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကနေ ဒီအကြောင်းကို သိခဲ့တာပါ။"
"အဲ့ဒီ လျှို့ဝှက်နယ်မြေကမ္ဘာထဲမှာ ကစဥ့်ကလျားမဟာဧကရာဇ် ချန်ထားခဲ့တဲ့ အသိစိတ်ကိုယ်ပွား တစ်ခု ရှိနေပြီးအဲ့ဒီကိုယ်ပွားက အထက်ဘုံမှာရှိတဲ့ သူ့ရဲ့ပင်မခန္ဓာကိုယ်နဲ့ ဆက်သွယ်နိုင်စွမ်း ရှိပါတယ်။"
"သူ့ဆီကနေတစ်ဆင့် ကျွန်တော်တို့ တာအိုပြည်နယ် ၃၀၀၀ ကနေ အထက်ဘုံကို ပျံတက်မယ့် လမ်းကြောင်းရဲ့ ထွက်ပေါက်က ထျန်းယီနန်းတော်လို့ခေါ်တဲ့ အားကောင်းတဲ့ အင်အားစုတစ်ခုရဲ့ အတွင်းထဲမှာ ရှိနေတယ်ဆိုတာကို သိခဲ့ရတာပါ။"
"မိတ်ဆွေမင်း ကျွန်တော့်ကို သတိပေးချင်တဲ့ အလွန်ကြောက်စရာကောင်းတဲ့အရာဆိုတာ ဒီ ထျန်းယီနန်းတော်ကို ပြောတာ မဟုတ်လား။"
ယန်လော့ရှ၏ အမူအရာ တင်းမာသွားပြီး သူမ စတင်နားလည်သဘောပေါက်သွားခဲ့သည်။
"မှန်ပါတယ်... ကြောက်စရာကောင်းတဲ့အရာနဲ့ ကျွန်မ မင်းကို ပြောပြချင်တဲ့ ကိစ္စနှစ်ခုလုံးက ထျန်းယီနန်းတော်နဲ့ ပတ်သက်နေတာပါ။"
"မူလကတော့ ကျွန်မ ရှင့်ကို တက်လှမ်းမယ့်လမ်းကြောင်းရဲ့ အခြားထွက်ပေါက်တစ်ခုအကြောင်း ပြောပြဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမဲ့ အခုတော့ အဲ့ဒါ မလိုတော့ဘူးထင်တယ်။"
ပြောပြီးနောက် ယန်လော့ရှက အကူအညီမဲ့စွာ ပြုံးလိုက်သည်။
သူမ တစ်လတိတိ စောင့်ဆိုင်းခဲ့ရသော်လည်း အဆုံးသတ်တွင်တော့ သူမအနေဖြင့် ဘာမှ မကူညီပေးလိုက်ရချေ။
သို့သော်လည်း သူမကို စိတ်သက်သာရာရစေသည့်အချက်မှာ လင်းချန်သည် ထျန်းယီနန်းတော်သို့ တိုက်ရိုက်မသွားဘဲ မည်သို့ရှောင်ကွင်းရမည်ကို နောက်ဆုံးတွင် သိရှိသွားခြင်းပင် ဖြစ်သည်။
ရှေးဟောင်းလင်းမိသားစုသို့ လာခဲ့သည့် သူမ၏ မူလရည်ရွယ်ချက်က အခြားနည်းလမ်းတစ်ခုဖြင့် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
တစ်လတာ စောင့်ဆိုင်းခဲ့ရခြင်းက အချည်းနှီးမဖြစ်ခဲ့ချေ။ အနည်းဆုံးတော့ သူမ စိတ်အေးသွားနိုင်ခဲ့ပြီ ဖြစ်သည်။
လင်းချန်က ပြုံးလိုက်ပြီး တည်ကြည်သော အမူအရာဖြင့် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"မိတ်ဆွေ.. မင်းရဲ့ စေတနာကောင်းတွေကို ငါ အလေးအနက်ထားပါတယ်။ တာအိုပြည်နယ် ၃၀၀၀ ရဲ့ မိတ်ဆွေအချင်းချင်းတွေအနေနဲ့ ထျန်းယီနန်းတော်က ငါတို့အားလုံးရဲ့ ဘုံရန်သူပဲ။"
"တာအိုပြည်နယ် ၃၀၀၀ ကနေ တက်လှမ်းလာကြတဲ့ ထူးချွန်ထက်မြက်တဲ့ မဟာဧကရာဇ် ကျွမ်းကျင်သူတွေကို ထိန်းချုပ်ဖို့အတွက်။"
"ထျန်းယီနန်းတော်က တက်လှမ်းလာတဲ့ အခိုက်အတန့်မှာပဲ သူတို့ကို ကျွန်ပြုဖို့ ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးခဲ့ကြပြီးပျံတက်လာတဲ့ မဟာဧကရာဇ်တွေကို ထျန်းယီနန်းတော်ရဲ့ အမိန့်ကို နာခံဖို့နဲ့ သူတို့အတွက် အလုပ်အကျွေးပြုဖို့ ဖိအားပေးခဲ့ကြတယ်။"
"အတိတ်တုန်းက တက်လှမ်းသွားခဲ့ကြတဲ့ မဟာဧကရာဇ် ကျွမ်းကျင်သူတွေအားလုံးဟာ ဒီလို အတွေ့အကြုံမျိုး ကြုံတွေ့ခဲ့ကြရတာချည်းပဲ။ ဒီလို လုပ်ရပ်မျိုးက တကယ့်ကို ရွံရှာစက်ဆုပ်ဖို့ ကောင်းပါတယ်။"
"ကံကောင်းထောက်မစွာနဲ့ပဲ အဲ့ဒီကျွမ်းကျင်သူ အများစုက အခုတော့ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ကြပြီ။"
"ပြီးတော့ တာအိုဘိုးဘေး နဲ့ မိစ္ဆာဘိုးဘေး တို့ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ တာအိုပြည်နယ် ၃၀၀၀ ကနေ ပျံတက်သွားခဲ့ကြတဲ့ ကျွမ်းကျင်သူတွေဟာ ထျန်းယီနန်းတော်ကို တော်လှန်ပုန်ကန်ဖို့ အင်အားစုတစ်ခုကို ဖွဲ့စည်းထားပြီးပြီ။"
"အဲ့ဒီအင်အားစုရဲ့ နာမည်က အလွန်ရိုးရှင်းပြီးပါတယ် တာအိုပြည်နယ် ၃၀၀၀လို့ပဲ ခေါ်တယ်။ ကျင့်ဖော် ယန်လော့ရှ... ငါပြောတာ မှန်တယ်မလား။"
ယန်လော့ရှ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ကစဥ့်ကလျားမဟာဧကရာဇ်က ရှင့်ကို အရာအားလုံး ပြောပြခဲ့ပုံရတာပဲ။ အခုတော့ ကျွန်မ စိတ်အေးလက်အေး ဖြစ်သွားပါပြီ။"
"နောက်ထပ် ကိစ္စမရှိတော့ရင်တော့ ကျွန်မ လော့ရှမြင့်မြတ်နယ်မြေကို အရင်ပြန်ပါရစေဦး။ နတ်ဘုရားလှေကားပေါ်က ကျွန်မရဲ့ ခရီးစဉ်က မပြီးဆုံးသေးဘူးလေ။"
သူမ လုပ်ချင်တဲ့အရာအားလုံးကို လုပ်ဆောင်ပြီးသွားပြီဖြစ်ရာ ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ချေ။
လင်းချန်၏ တာအိုပြည်နယ် ၃၀၀၀ အတွင်းရှိ လမ်းစဉ်က ပြည့်စုံသွားခဲ့ပြီ ဖြစ်သော်လည်း သူမ၏ လမ်းစဉ်ကတော့ လမ်းခုလတ်တွင်သာ ရှိနေသေးသဖြင့် ရှေ့ဆက်လျှောက်လှမ်းရန် လိုအပ်နေသေးသည်။
လင်းချန်က သူမကို ဆွဲမထားဘဲ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်တော် လိုက်မပို့တော့ပါဘူး။ ဒီအကြောင်းအရာတွေကို အသိပေးဖို့အတွက် တစ်လတိတိ စောင့်ဆိုင်းပေးခဲ့တဲ့ တာအိုမိတ်ဆွေယန်လော့ရှကို နောက်တစ်ကြိမ် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။"
လင်းချန်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောသည်။
"အထက်ဘုံရဲ့ တာအိုပြည်နယ် ၃၀၀၀ မှာ မင်း ရောက်လာမယ့်အချိန်ကို ကျွန်တော် စောင့်နေပါ့မယ်။ ထိုအချိန်ကျရင် ငါတို့အတူတူ တိုက်ပွဲဝင်ပြီး ထျန်းယီနန်းတော်ကို အမှုန့်ခြေပစ်ကြတာပေါ့။"
ထျန်းယီနန်းတော်ကို အမှုန့်ခြေပစ်မယ်။
ဒီစကားတွေကို ကြားလိုက်ရတဲ့အခါ ယန်လော့ရှအနေနဲ့ သူမရဲ့ သွေးတွေ ဆူပွက်လာသလို မခံစားမိဘဲ မနေနိုင်တော့ဘဲ စိတ်အလိုအလျောက် အော်ဟစ်လိုက်မိသည်။
"ကောင်းပြီ အဲ့အချိန်ကျရင် ငါတို့အတူတူ တိုက်ပွဲဝင်ပြီး ထျန်းယီနန်းတော်ကို အမှုန့်ခြေပစ်ကြစို့။"
ထိုသို့ပြောပြီးနောက် သူမသည် အနည်းငယ် ကြောင်အမ်းနေဆဲဖြစ်သော လင်းဟောက်
ရန်နှင့် ယွမ်ချင်းရိုတို့ဘက်သို့ ဂါဝရပြုလိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်းလှမ်းကာ လော့ရမြင့်မြတ်နယ်မြေဆီသို့ ဦးတည်ထွက်ခွာသွားခဲ့တော့သည်။
မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသော လင်းချန်နှင့် အသိစိတ် လုံးဝ ပြန်မဝင်သေးသော လင်းဟောက်ရန်နှင့် ယွမ်ချင်းရိုတို့သာ ကျန်ရစ်ခဲ့သည်။
ခုနကတင် လင်းချန်နှင့် ယန်လော့ရှတို့အကြား ပြောဆိုခဲ့သော စကားဝိုင်းထဲတွင် ပါဝင်သည့် အချက်အလက်များက အလွန်ပင် ပေါက်ကွဲအားပြင်းလွန်းလှသဖြင့် ၎င်းတို့၏ နားလည်မှုနှင့် ကမ္ဘာ့အမြင်ကို တိုက်ရိုက် ရိုက်ခွဲဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
ငါတို့ရဲ့ တာအိုပြည်နယ် ၃၀၀၀ ကနေ ပျံတက်သွားခဲ့ကြတဲ့ မဟာဧကရာဇ် ကျွမ်းကျင်သူတွေအားလုံးဟာ ထျန်းယီနန်းတော်လို့ခေါ်တဲ့ အဲ့ဒီအင်အားစုရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ကြရတာလား။