ဘူးသီးခြောက်
Vol. 001 Ch. 18
ဝမ်လင်းက စကားတစ်ခွန်းမျှ ထပ်မပြောဘဲ ဥယျာဉ်မှ ထွက်လာခဲ့သည်။ သူ၏အနီရောင် ဝတ်စုံက ပြင်ပတပည့်များကို ဆွဲဆောင်နေသည်။ သူတို့၏ မျက်နှာပေါ်တွင် အားကျသည့် အမူအရာများ ရှိနေ၏။ အနီးသို့ ရောက်လာမှ ထိုဝတ်စုံကို ဝတ်ဆင်လာသူကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့် အံသြသွားပြီး မနာလိုသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
"ပင်မတပည့် ဖြစ်လာတာ ဘယ်သူလဲ မှတ်တယ် ... သူကိုး ... ပြင်ပတပည့် ဖြစ်လာဖို့ ကိုယ့်ကိုယ်ကို သတ်သေဖို့ နည်းလမ်းတောင် သုံးခဲ့တာ ... အခုရော ဘာနည်းလမ်း သုံးလိုက်ပြန်ပြီလဲ မသိဘူး ... "
"မေးနေစရာတောင် မလိုဘူး ... အသိသာကြီး ... မကောင်းတာ တစ်ခုခုလုပ်ပြီး အကြီးအကဲစွန်းရဲ့ ထောက်ခံမှုကို ရအောင် လုပ်လိုက်မှာပေါ့ ... ဒီလိုကောင်မျိုးက အရှက်မှမရှိတာ ... "
"မှန်တယ် ... သူလိုကောင်မျိုးက ပင်မတပည့် ဖြစ်လာရင်တောင် အောက်ဆုံးမှာပဲ နေရမှာ ... ကျင့်ကြံတယ်ဆိုတာ လွယ်တာမှ မဟုတ်တာ ... "
"သူလိုလူမျိုး ပင်မတပည့် ဖြစ်လာတော့ရော ဘာဂရုစိုက်စရာ လိုလို့လဲ ... အမှိုက်က အမှိုက်ပဲ ... သူလိုကောင်က ဘယ်သွားသွား အထင်သေးခံရမှာပဲ ... "
"ခံပြင်းဖို့ကောင်းလိုက်တာ ... ငါ ပြင်ပတပည့် ဖြစ်တာ ၄ နှစ်ရှိပြီ ... သူ့လောက် အရှက်မရှိတာမျိုး မြင်ကိုမမြင်ဖူးဘူး ... အကြီးအကဲက သူ့ကို ဘာလို့ ရွေးလိုက်လဲမသိဘူး ... ငါကတောင် သူ့ထက် အစစအရာရာ သာတယ် ... "
"မင်းက ၄ နှစ်ပဲ ရှိသေးတာ ... ငါဆို ၁၂ နှစ်ရှိနေပြီ ... ဒါပေမဲ့ ငါက ကိုယ့်အားကိုယ်ကိုးတယ် ... အခုကြည့်ပါလား အဲ့ကောင် ဘယ်လောက် မောက်မာနေလဲ ... ပင်မတပည့်တွေက ခဏခဏ ပြိုင်နေကြတဲ့ ကောင်တွေ ... ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေစမ်းပါ ... "
ထိုစကားများကို ဝမ်လင်း ကြားနေပေမဲ့ လည်း ဘာမှပြန်ပြီး မတုံ့ပြန်ချေ။ သူတို့၏ မျက်နှာများကိုသာ အေးစက်စက်နှင့် ကြည့်သွားခဲ့၏။ ယခုချိန်မှာ မသန်မာ သေးသော်လည်း သန်မာလာတဲ့တစ်နေ့ ပြန်လက်စားချေမှာ ဖြစ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အရှေ့ဘက်ဂိတ်ကို ဖြတ်ပြီးသည်နှင့် စမ်းချောင်းဆီသို့ ပြေးသွားလိုက်၏။ စမ်းချောင်းသို့ ရောက်လာသောအခါ ဝမ်လင်းက မျက်နှာသစ် လိုက်သည်။ ထို့နောက် စမ်းရေအနည်းငယ် သောက်ကာ ထိုင်ချလိုက်ပြီး စဉ်းစားနေလေသည်။
အကြီးအကဲစွန်းက စမ်းချောင်းလေးနားက သစ်ပင်ပေါ်ကနေပြီး ဆဲရေးလိုက်သည် ...
"ကောင်စုတ်ကလေး ... ဘူးသီးခြောက် သွားရှာမယ်ပြောပြီး ဒီမှာပဲ မျောလာတာကို ထိုင်စောင့်နေမယ်လို့ ငါတကယ်မယုံဘူး ... "
ဝမ်လင်း ထွက်သွားသည်နှင့် အကြီးအကဲစွန်းက ဘူးသီးခြောက်များ တွေ့ခဲ့သော နေရာကို သိရန် ချက်ချင်း နောက်ယောင်ခံ လိုက်လာခဲ့သည်။ သို့သော်လည်း ဝမ်လင်းက စမ်းချောင်း ဘေးမှာထိုင်ပြီး ကျင့်စဉ် ကျင့်နေမည်ဟု မထင်မိခဲ့ချေ။
ဤနေရာရှိ စိတ်စွမ်းအင်က ဆေးဥယျာဉ်ထဲကလောက် မသိပ်သည်းသော်လည်း အခန်းထဲတွင်ရှိသည့် စိတ်စွမ်းအင်ထက် အလွန်များပြားသည်။ ကီစုစည်းခြင်း အဆင့်တွင် စိတ်စွမ်းအင် ဘယ်လောက်များများ စုပ်ယူရမည်ကို သူသေချာမသိပေ။ ယခုအချိန်၌ ဝမ်လင်းက နည်းနည်းချင်းစီသာ စုပ်ယူနိုင်သေးသည်။ ဤအဆင့်က အချိန်ယူပြီး သေချာ တည်ဆောက်ရမည်ဟု သူနားလည်ထား၏။
ဝမ်လင်း၏ ခန့်မှန်းချက်က တကယ် မှန်ပေသည်။ ကီစုစည်းခြင်း အဆင့်က အနာဂတ်အတွက် ခန္ဓာကိုယ်ထဲသို့ စိတ်စွမ်းအင်ကို စုပ်ယူပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဖြစ်၏။
ဝမ်လင်းက နေ့လယ် ထိတိုင်အောင် အသက်ရှူ လေ့ကျင့်ခန်းကို လုပ်နေခဲ့သည်။ ထို့နောက် ဝမ်လင်းက မတ်တတ် ရပ်လိုက်ပြီး အကြောဆန့် လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှာ ပုရွက်ဆိတ်များ ဖြတ်ပြေး နေသလိုမျိုး မခံစားရပေ။ စမ်းချောင်းနားတွင် မတ်တတ် ရပ်နေပြီး တွေးနေလေသည် ... 'အကြီးအကဲစွန်းက ငါ့ကို အကြောင်းပြချက် မရှိဘဲ မလွှတ်လောက်ဘူး ... သူ ဒီနားလေးမှာပဲ ရှိလောက်တယ် ... '
ဝမ်လင်းက ဗိုက်ကို ပွတ်လိုက်ပြီး ဂိုဏ်းဆီသို့ ပြန်လာခဲ့သည်။
အကြီအကဲစွန်းက ဒေါသပေါက်ကွဲ နေလေပြီ။ အကျိုးမရှိဘဲ တစ်မနက်ခင်းလုံး စောင့်နေခဲ့ရသည်။ သူက ရေရွတ်လိုက်သည်။
“ကောင်စုတ်လေး ... ဒီအဘိုးကြီးက မင်းနဲ့ ကစားပေးရသေးတာပေါ့ ... မင်းတစ်ရက်နဲ့ မအောင်မြင်ရင် ငါက တစ်လစောင့်မယ် ... တစ်လနဲ့ မအောင်မြင်ရင် တစ်နှစ်စောင့်မယ် ... မင်းမှာ နောက်ထပ် ဘူးသီးခြောက်တွေ မရှိတော့ဆိုတာ မယုံဘူး ... "
အကြီးအကဲစွန်းက ပြောပြီးသည်နှင့် ဝမ်လင်း ပြန်မရောက်ခင် ဆေးဥယျာဉ်သို့ ပြန်လာ လိုက်တော့သည်။
ခဏကြာတော့ ဝမ်လင်း ပြန်ရောက်လာသည်။ စွန်းတဇူးက သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး မေးလိုက်၏ ... "တပည့် ... ဘူးသီးခြောက်တွေ့ခဲ့လား ... "
ဝမ်လင်းက ခေါင်းခါပြီး ဖြေလိုက်သည်။
"ဆရာ ... တပည့် တစ်မနက်ခင်းလုံး စမ်းချောင်းမှာ ထိုင်စောင့်နေတယ် ... ဒါပေမဲ့ ဘူးသီးခြောက် တစ်ခုမှ မတွေ့ခဲ့ရဘူး ... မွန်းလွဲပိုင်း ထပ်သွားကြည့်လိုက်မယ် ... တပည့်က ကံကောင်းပါတယ် ... "
စွန်းတဇူးက စိတ်ထဲကနေ ကျိန်ဆဲနေသည်။
"မျက်လုံးပိတ်ပြီး ကျင့်စဉ်ကျင့်နေမှတော့ ... ဟိုက မျောလာရင်တောင် တွေ့မှာမဟုတ်ဘူး ... "
သို့သော် ပါးစပ်က အားပေးစကားသာ ပြောလိုက်၏ ... "ကောင်းတယ် ... ဝမ်လင်း ... အခုတော့ ထမင်းစားလိုက်ဦး ... နေ့လယ်မှ ထပ်သွားကြည့်ပေါ့ ... "
"ဟုတ် ... " ဝမ်လင်းက တစ်ခွန်းတည်း ပြောလိုက်သည်။ အခန်းထဲသို့ ဝင်လိုက်သောအခါ စားပွဲပေါ်က အသား၊ အရွက်နှင့် စွပ်ပြုတ်ဟင်းတွေကြောင့် အရမ်းဆာလောင် လာသည်။ မည်သူလာထားသလဲ မတွေးတော့ဘဲ အမြန်ထိုင်လိုက်ပြီး စားလိုက်၏။ စွပ်ပြုတ်အရည်ကို ကုန်အောင် သောက်လိုက်ပြီး တရေးတမော အိပ်လိုက်လေသည်။
စွန်းတဇူး၏ ခန္ဓာကိုယ်က တစ္ဆေ တစ်ကောင်ကဲ့သို့ ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည် ... "ဒီအဘိုးကြီးက ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို လိုက်နာပါတယ် ... အဆိပ်လည်း မခတ်ပါဘူး ... ဒါပေမဲ့ မင်းစားလိုက်တဲ့ အစားအစာထဲမှာတော့ စိတ်စွမ်းအင် စုပ်ယူတာကို တားဆီးပေးတဲ့ ဆေးလေး ထည့်လိုက်ရုံပါပဲ ... မင်းရဲ့ သာမန်စွမ်းရည်နဲ့ ဒီဆေးရယ် ပေါင်းလိုက်ရင် ကီဖွဲ့စည်းခြင်း တတိယအလွှာကို ဘယ်တော့မှ ရောက်မှာ မဟုတ်တော့ဘူး ... မင်းက ငါ့အောက်မှာပဲ အမြဲတမ်း ရှိနေလိမ့်မယ် ... "
တစ်နာရီခန့် ကုန်လွန်ပြီးနောက် ဝမ်လင်း နိုးလာသည်။ သူ၏အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆန့်လိုက်ပြီး စမ်းချောင်းဆီသို့ သွားလေသည်။ ထို့နောက် မျက်လုံးမှိတ်ပြီး ကျင့်နေပြန်၏။ ညနေခင်းအချိန် မှောင်လာတော့မှ ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီး တောထဲသို့ ဝင်သွားလေသည်။
စွန်းတဇူးကလည်း သစ်ပင်ပေါ်တွင် ထိုင်နေရာမှ ဝမ်လင်းနောက်သို့ လျှို့ဝှက်စွာ လိုက်လာလေ၏။
ဝမ်လင်းကလည်း လမ်းတစ်လျှောက် ဘေးဘယ်ညာကို သေချာကြည့်ပြီး ဖြည်းဖြည်းချင်း လျှောက်လာသည်။ ရုတ်တရက် သူ့မျက်နှာတွင် ပျော်ရွှင်သော အမူအရာ ပေါ်လာသည်။ သူတွေ့လိုက်ရသည်က ဘူးသီးခြောက်များ အပြည့်ရှိနေသည့် နွယ်ပင် ဖြစ်၏။ ဝမ်လင်းက ဘူးသီးခြောက် အသေးတစ်ခုကို ကောက်ယူပြီး တောထဲမှ မြန်မြန် ပြန်ထွက်လာသည်။
ဝမ်လင်း ထွက်သွားပြီးနောက် စွန်းတဇူး အလွန် စိတ်ရှုပ်ထွေးသွား၏။ ဘယ်လိုကြည့်ကြည့် ဤဘူးသီးခြောက်များက သာမန်မျှသာ ဖြစ်သည်။ သူလည်း ဘူးသီးခြောက် အနည်းငယ် ကောက်ယူလိုက်ပြီး ပျောက်ကွယ် သွားလေသည်။
ဝမ်လင်းက လမ်းအတိုင်း ဘယ်မှမဝင်ဘဲ ဂိုဏ်းသို့ ပြန်လာသည်။ လမ်းတစ်လျှောက် အခြားသူများ ပြောသည့် စကားများကို လျစ်လျူရှုခဲ့၏။ ဆေးဥယျာဉ်ထဲသို့ ဝင်လာပြီးနောက် သူ့ကိုကြည့်နေသော စွန်းတဇူး၏ သုန်မှုန်နေသော မျက်နှာကို မြင်တွေ့လိုက်ရသည်။
ဝမ်လင်းက ချက်ချင်း လက်ထဲမှ ဘူးသီးခြောက်ကို ရိုရိုသေသေ စွန်းတဇူးထံ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။
"ဆရာ ... တပည့်ရဲ့ကံက ကောင်းတယ်လို့ ပြောခဲ့တယ်နော် ... စမ်းချောင်းထဲကနေ ဘူးသီခြောက်ကို မတွေ့ခဲ့ရပေမည့် တောင်ကို ပတ်ကြည့်တဲ့အခါ ဘူးသီးခြောက် အနည်းငယ်ကို တွေ့လိုက်ရတယ် ... ဒီဘူးသီးခြောက်က အရင်ပေးတဲ့ ဘူးသီခြောက်နဲ့ အတူတူပဲ...ဆရာ ... ဒါကရော ဘယ်လိုလဲ ... "
စွန်းတဇူး ဒေါသများ ပေါက်ကွဲလုနီးပါး ဖြစ်လာသော်လည်း ဒေါသကို မျိုချလိုက်ပြီး အားတင်းပြီး ပြုံးပြလိုက်သည်။ ဘူးသီခြောက်ကို ကောက်ယူလိုက်ပြီး အပြင်ကို လွင့်ပစ်လိုက်ကာ ဝမ်လင်းကို ပြောလိုက်၏။
"ငါလိုချင်တဲ့ ဘူးသီးခြောက်က အရင်တစ်ခါကလို စိတ်စွမ်းအင်တွေနဲ့ ပြည့်နေတဲ့ ဘူးသီးခြောက်ကို လိုချင်တာ ... တွေ့ကရာ ကောက်လာတဲ့ ဘူးသီးခြောက် မဟုတ်ဘူး ... "
စွန်းတဇူး ဒေါသကို မထိန်းနိုင်တော့ဘဲ အနည်းငယ် အော်ဟစ်ပြီး ပေါက်ကွဲလိုက်သည်။ တစ်နေ့လုံး ဝမ်လင်းနောက်ပြီး အချိန်တွေ အလဟဿ ဖြစ်ခဲ့ရပြီး သာမန် ဘူးသီးခြောက်များကို ကောက်ယူပြီး စမ်းသပ်ရသည်အထိ လိမ်ခံလိုက်ရ၏။
***