အခန်း ၃၂၂
Vol. 33 Ch. 322
အခန်း (၃၂၂)
" ကျောက်ကောင်း ဖတ်ပြစမ်း။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
ကျောက်ကောင်းက အစီရင်ခံစာကို ဆင်းယူပြီး ဖွင့်ဖတ်လိုက်သည်။
" ကျွန်တော်မျိုး ကျောက်ဖုန်းက တလျန်မြို့ကို ရေလွှမ်းမိုးစေခဲ့ပြီး သုံ့ပန်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဝေဝူကျိကို ခေါင်းဖြတ်ပြီး ဝေဘုရင်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဝေဘုရင်ကိုယ်တိုင် ရေးသားထားတဲ့ လက်နက်ချအမိန့်တော်ကို ရယူခဲ့ပြီး ချူးရှမြို့ကို သွားကာ စစ်သေနာပတိချုပ်ဖန်ဝူနဲ့ စစ်သည်တစ်သိန်းကို လက်နက်ချအညံ့ခံစေခဲ့ပါတယ်။ "
" ဝေအပေါ် လုံးဝသစ္စာရှိတဲ့ လူအနည်းငယ်က လွဲရင် ဝေနိုင်ငံက ခုခံနိုင်စွမ်း လုံးဝမရှိတော့ပါဘူး။ နှစ်လအတွင်းမှာ ဝေနယ်မြေတစ်ခုလုံးက ချင်နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီလောကမှာ ဝေနိုင်ငံဆိုတာ မရှိတော့ပါဘူး။ " ကျောက်ကောင်းက ကျယ်လောင်စွာ ဖန်ပြလိုက်သည်။
ညီလာခံတစ်ခုလုံးက တိတ်ဆိတ်သွားပြီး ရင်ကျန့်က အားရပါးရ ရယ်မောလိုက်သည်။
" ကျင့်သုံးနိုင်ငံရဲ့ နယ်မြေအားလုံးက ချင်လက်အောက်ကို ရောက်သွားပြီ။ ကျောက်ဖုန်း ရှိနေတာက ကောင်းကင်ဘုံက ချင်ကို မျက်နှာသာပေးတာပဲ။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
နိုင်ငံခြောက်ခုအနက် ချင်က သုံးခုကို ဖျက်ဆီးခဲ့ပြီဖြစ်သည်။ ယခု ချင်ကလွဲလျှင် ချီ၊ ချူနှင့် ယန်ဟူသော နိုင်ငံသုံးခုသာ ကျန်ရှိတော့သည်။ ထိုနိုင်ငံသုံးခုထဲတွင်လည်း ချူနိုင်ငံတစ်ခုသာ ချင်နှင့် အနည်းငယ်ယှဉ်နိုင်ပြီး ကျန်နိုင်ငံနှစ်ခုက ချင်နှင့် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝမရှိပေ။ တစ်လောကလုံးကို စုစည်းမည့် အရေးက မျက်စိရှေ့တွင် မြင်တွေ့နေရပြီဖြစ်သည်။
" ကောင်းကင်က ချင်ကို ကောင်းချီးပေးပါပြီ။ " ဝန်ကြီးများအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။ သူတို့အားလုံးက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ တစ်လောကလုံးကို စုစည်းမည့် ချင်၏ ရည်ရွယ်ချက်က တစ်နေ့ထက်တစ်နေ့ နီးကပ်လာခဲ့ပြီဖြစ်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်ကျောက်ဖုန်းက ဝေကို တိုက်ခိုက်ပြီး ဝေမြို့တော်ကို ထိုးဖောက်ခဲ့ပါတယ်။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက ကြီးမားတဲ့ စွမ်းဆောင်မှုကို ရရှိခဲ့ပါတယ်။ ကြီးမားတဲ့ ဆုလာဘ်တွေနဲ့ ထိုက်တန်ပါတယ်။ ဒါပေါ့။ စစ်သေနာပတိချုပ် ဟွမ်ယိကလည်း ချင်အတွက် တိုက်ခိုက်ခဲ့ပြီး ချင်အတွက် စစ်ရေးစွမ်းဆောင်မှုတွေ လုပ်ဆောင်ခဲ့တာမလို့ ကြီးမားတဲ့ ဆုလာဘ်တွေနဲ့ ထိုက်တန်ပါတယ်။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
" ယွီချင်း ကျောက်ဖုန်းကို ဘယ်လိုဆုလာဘ်မျိုး ချီးမြှင့်သင့်လဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်ကျောက်ဖုန်းရဲ့ ရာထူးအဆင့်အတန်းက စစ်ရေးစွမ်းဆောင်မှုစနစ် တိုင်းတာမှုထက် ကျော်လွန်နေပါပြီ။ ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်မျိုး အဆင်အခြင်မဲ့ စကားမပြောဝံ့ပါဘူး။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ဟွမ်ယိက တိုက်ပွဲမှာ မြို့တွေကို သိမ်းပိုက်ပြီး ရန်သူတွေကို ချေမှုန်းနိုင်ခဲ့လို့ ဘွဲ့ထူးတစ်ဆင့် တိုးမြှင့်စေ။ ရွှေစတစ်ထောင်၊ ငွေတစ်သောင်း ချီးမြှင့်စေ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ " အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ကျောက်ဖုန်းကတော့..." ရင်ကျန့်က စဉ်းစားနေသည်။ " ကျောက်ဖုန်းက ဝေမြို့တော်ကို သိမ်းပိုက်ပြီး အဓိကစွမ်းဆောင်မှုကို ရရှိခဲ့တယ်။ သူ့ကို ကြီးမားတဲ့ ဆုလာဘ် ချီးမြှင့်ရမယ်။ ငါတို့ ချင်စစ်သည်တွေ ဆုံးရှုံးမှုမရှိအောင် လုပ်နိုင်ခဲ့တယ်။ ဒါက ပိုကြီးမားတဲ့ စွမ်းဆောင်မှုပဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ "
" ကျောက်ဖုန်းက ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ရယူခဲ့လို့ သူကို ဘွဲ့ထူးနှစ်ဆင့်တိုးမြှင့်ပြီး စစ်ချီရှုကျန်းဘွဲ့အပ်နှင်းစေ။ နှစ်စဉ်လစာရိက္ခါကို ခံစားပြီး ကိုယ်ပိုင်အကြံပေးအဖွဲ့ကို တည်ထောင်ခွင့်ပေးလိုက်တယ်။ ရွှေတစ်သောင်း၊ ငွေတစ်သိန်း၊ ကျောက်စိမ်းပစ္စည်းတစ်ထောင်နဲ့ အစေခံတစ်ထောင်ကို ပေးသနားလိုက်တယ်။ ပြီးတော့ ကျောက်ဖုန်းရဲ့ ဇနီးကို ဖူရန်ဘွဲ့အပ်နှင်းပြီး စိုက်ပျိုးခြင်းမပြုရသေးတဲ့ မြေဧကတစ်သောင်းကို ချီးမြှင့်လိုက်တယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ အမိန့်ပေးလိုက်သည်။
သူ၏ စကားများဆုံးသည်နှင့် နန်းတွင်းတစ်ခုလုံး တုန်လှုပ်သွားကြသည်။ ကျောက်ဖုန်းက ထိုသို့ ဘွဲ့ထူးတိုးမြှင့်ပေးလိမ့်မည်ဟု လူတိုင်းက ကြိုတင်မျှော်လင့်ထားကြသည်။ သို့သော် ရင်ကျန့်အနေဖြင့် ကျောက်ဖုန်းကို တစ်ပြိုင်နက်တည်း ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
" အရှင်မင်းကြီး ဒါက မဖြစ်သင့်ပါဘူး။ စစ်သေနာပတိချုပ်ကျောက်ဖုန်းက ယန်ကောင်းမြို့မှာ ဝေစစ်တပ်ကို ချေမှုးတုန်းကတင် အရှင်မင်းကြီးက ဘွဲ့ထူးတစ်ဆင့်တိုးမြှင့်ပေးခဲ့ပြီးပါပြီ။ အခုအချိန်မှာ သူ့ကို ဘွဲ့ထူးနှစ်ဆင့်တိုးမြှင့်ပေးလိုက်တာက ရက်ရောလွန်းရာရောက်ပါတယ်။ အရှင်မင်းကြီးသိတဲ့အတိုင်း စစ်သေနာပတိချုပ်ဝမ်ကျန့်တောင် ၁၆ ဆင့်မြောက် ဘွဲ့ထူးအဆင့်မှာပဲ ရှိပါသေးတယ်။ သူက စစ်ရေးစွမ်းဆောင်မှုတွေ ရယူထားနိုင်ပေမယ့် စစ်မှုထမ်းသက်တမ်းက နုနယ်သေးပါတယ်။ အရှင်မင်းကြီး ထပ်ပြီးစဉ်းစားပါဦး။ " ဝမ်ဝမ်က ချက်ချင်း ထပြီး ကန့်ကွက်လိုက်သည်။
" ကျွန်တော်မျိုးကလည်း ထောက်ခံပါတယ်။ ကျွန်တော်မျိုးတို့ချင်က ဘွဲထူးအဆင့်နှစ်ဆယ်ပဲ ရှိတာပါ။ အခုဆိုရင် စစ်သေနာပတိချုပ် ကျောက်ဖုန်းက အလွန်မြင့်တဲ့ အဆင့်အတန်းကို ရောက်နေပါပြီ။ တကယ်လို့ ဒီလိုသာ ဘွဲ့ထူးတွေ ဆက်ပေးနေရင် နောက်ထပ်ချီးမြှင့်စရာ ဘွဲ့ထူးမရှိတော့မှာ စိုးရိမ်ရပါတယ်။ အရှင်မင်းကြီးအနေနဲ့ သေချာစဉ်းစားဖို့ တောင်းဆိုချင်ပါတယ်။ " ဟွိုက်ကျွမ်းကလည်း ထောက်ခံပြောဆိုလိုက်သည်။
ချီးမြှင့်စရာဘွဲ့ထူးမကျန်သောအဆင့်။ သမိုင်းတစ်လျှောက်တွင် ဝန်ကြီးများက ထိုအခြေအနေကြောင့်ပင် ပျက်စီးခြင်းသို့ပင် ဆိုက်ရောက်ခဲ့ကြသည်။ အတိတ်က အရှင်ဝူအန်းဖြစိသူ ပိုင်ချီက အကောင်းဆုံးသာဓကပင်ဖြစ်သည်။ သူက စစ်ဦးစီးချုပ်ရာထူးနေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ဘွဲ့ထူးနှစ်ဆယ်ထက် ကျော်လွန်သော ဝူအန်းကျွင်းဘွဲ့ကို ရရှိခဲ့သည်။
သူ့အတွက် ချီးမြှင့်စရာ ဘွဲ့ထူးမကျန်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ချင်၏ ကျောက်ရှန်းဘုရင်က ပိုင်ချီအား ကျောက်ကို သွားရောက်ချေမှုန်းရန် အမိန့်ထုတ်ခဲ့သော်လည်း ကျောက်ကို ချေမှုန်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သောကြောင့် ပိုင်ချီက ငြင်းဆန်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် သေဒဏ်ပေးခြင်း ခံခဲ့ရသည်။
ဟွိုက်ကျွမ်း၏ စကားများက ဖုံးကွယ်နေသော အန္တရာယ်များနှင့် ပြည့်နှက်နေခဲ့သည်။ သာမန်ဘုရင်တစ်ပါးဆိုလျှင် ထိုသို့သော စကားမျိုးကို ကြားရသောအခါ သံသယစိတ်ပေါ်လာပြီး ရလဒ်အနေဖြင့် သတိထားစောင့်ကြည့်လာနိုင်သည်။
ထို့အပြင် ဝမ်ဝမ်က ဝမ်ကျန့်၏ ၁၆ဆင့်မြောက် ဘွဲ့ထူးကို ထည့်ပြောခဲ့သော ရည်ရွယ်ချက်မှာ ဝမ်ကျန့်နှင့် ကျောက်ဖုန်းကြားရှိ ဆက်ဆံရေးကို ဖွင့်ချလိုက်ခြင်းဖြစ်သည်။ ဝမ်ကျန့်က စစ်သေနာပတိချုပ်ဖြစ်နေသည့်အပြင ကျောက်ဖုန်း၏ ယောက္ခမလည်း ဖြစ်နေသည်။ သူတို့နှစ်ယောက် ပူးပေါင်းလိုက်လျှင် ချင်ဘုရင်၏ ရာထူးနေရာကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု ပွင့်ပွင့်လင်းလင်း မပြောရုံသာရှိသည်။
" ဝမ်ကျန့်နဲ့ ကျောက်ဖုန်းက စစ်သည်ခြောက်သိန်းကနေ ခုနှစ်သိန်းထိ ထိန်းချုပ်ထားကြတယ်။ ဒီလိုကြီးမားတဲ့ ခြိမ်းခြောက်မှုကို လျစ်လျူရှုထားလို့မရဘူး။ အရှင်မင်းကြီးက ဒါကို သတိထားပြီးကိုင်တွယ်လောက်တယ်။ စစ်အာဏာမလို့ သတိမမူဘဲ နေလို့မရဘူး။ ဒီလိုအကြောင်းပြချက်အောက်မှာ အရှင်မင်းကြီးက ကျောက်ဖုန်းအပေါ် သံသယစိတ် ဝင်လာနိုင်တယ်။ " ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ကြသည်။
" ဝန်ကြီးနှစ်ယောက်ရဲ့ စကားတွေအရ ကျုပ်တို့ ချင်က စစ်ရေးစွမ်းဆောင်မှုတွေပေါ် မူတည်ပြီး ရာထူးဘွဲ့ထူးတိုးမြှင့်ပေးရမှာမဟုတ်ဘဲ လုပ်သက်၊ ဝါရင့်မှုနဲ့ အသက်အရွယ်ကို ကြည့်ပြီး သတ်မှတ်ရမှာလား။ " ဝမ်ကျန့်က ရှေ့ထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့ ပြန်ပြောသည်ကို မစောင့်ဘဲ ဝမ်ကျန့်က ပလ္လင်ပေါ်မှ ရင်ကျန့်ကို မော့ကြည့်ပြီး ပြောလိုက်သည်။ " အရှင်မင်းကြီး ဒီဝန်ကြီးနှစ်ယောက်ရဲ့ စကားတွေအရ ကျွန်တော်မျိုးနဲ့ ကျောက်ဖုန်းဟာ ယောက္ခမနဲ့ သမက်တော်စပ်နေတာဖြစ်လို့ ကျွန်တော်မျိုးတို့ရဲ့ ရာထူးဘွဲ့ထူးတွေက အရှင်မင်းကြီးကို ဆန့်ကျင်လာစေလိမ့်မယ်လို့ သူတို့က ယုံကြည်နေပုံရပါတယ်။ "
" တကယ်လို့ ဒါက သံသယစိတ်တွေ ဖြစ်ပေါ်စေပြီး ကျောက်ဖုန်းနဲ့ ကျွန်တော်မျိုးက စစ်အာဏာကို အလွန်အကျွံ ကိုင်စွဲထားတယ်လို့ ထင်မြင်စေရင် ကျွန်တော်မျိုးအနေနဲ့ လန်ထျန်းစခန်းရဲ့ စစ်သေနာပတိချုပ်ရာထူးကနေ နုတ်ထွက်ဖို့ ဆန္ဒရှိပါတယ်။ ပြီးရင် ကျွန်တော်မျိုးရဲ့ ဇာတိရွာကို ပြန်ပြီး အနားယူပါမယ်။ " ဝမ်ကျန့်က ပြင်းထန်စွာ တုန့်ပြန်လိုက်သည်။
ထိုစကားများကို ကြားသောအခါ နန်းတွင်းရှိဝန်ကြီးများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လက်ရှိတွင် ဝမ်ကျန့်က စွမ်းဆောင်ရည်အကောင်းဆုံးအရွယ်တွင် ရှိနေဆဲ ဖြစ်သည်။ ဝမ်ကျန့်၏ စကားများက ပြင်းထန်လှသော်လည်း ၎င်းတို့က အမှန်တကယ် လက်တွေ့ကျသော အချက်များဖြစ်သည်။
မည်သည့် ဘုရင်အတွက်မဆို စစ်အာဏာက အရေးကြီးဆုံးဖြစ်သည်။ ဘုရင်က အမြဲတမ်း ကြိုတင်ကာကွယ်ထားပြီး နေရာတိုင်းထားတွင် သူလျိုများ ထားရှိပေလိမ့်မည်။ အရပ်ဘက်အရာရှိများက မည်မျှမြင့်မားသော ရာထူးကို ကိုင်စွဲထားသည်ဖြစ်စေ ပြဿနာမရှိပေ။ သို့သော် စစ်ဘက်အရာရှိများက စစ်အာဏာကို ကိုင်ဆွဲထားကြသည်။ အထူးသဖြင့် စစ်သေနာပတိချုပ်တစ်ယောက်က စစ်သည်သိန်းချီကို ကွပ်ကဲရသည်။
လျန်ထျန်းစခန်း၏ စစ်သေနာပတိချုပ်ဝမ်ကျန့်နှင့် ဝူအန်းစခန်း၏ စစ်သေနာပတိချုပ် ကျောက်ဖုန်းတို့က စုစုပေါင်းစစ်သည်အင်အားခြောက်သိန်းကျော်ကို ထိန်းချုပ်ထားရာ အကယ်၍ ထိုယောက္ခမနှင့် သမက်တို့ ပူးပေါင်းပြီး ပုန်ကန်ခဲ့လျှင် ချင်နိုင်ငံအတွင်း သူတို့ကို မည်သူမျှတားဆီးနိုင်မည်မဟုတ်ပေ။
" ဝမ်ကျန့် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ " မုန့်ဝူက ဝမ်ကျန့်ကို ပြောလိုက်သည်။ သူ၏ အကြည့်များက ဝမ်ကျန့်ကို ထပ်မပြောရန် သတိပေးနေခဲ့သည်။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ပြီး တိုးတက်ရန် ကြိုးစားနေကြသူများ ဖြစ်သော်လည်း ဝမ်ကျန့်က ရာထူးမှ နုတ်ထွက်ပြီး ဇာတိရွာကို ပြန်မည်ဟု ကြားသောအခါ မုန့်ဝူက သဘာဝအတိုင်း နှုတ်ဆိတ်မနေနိုင်တော့ပေ။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့