အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း (၃၂၄)
ဝန်ကြီးများက ခန်းမထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားကြသည်။
" ဟွန့်..." ဝမ်ကျန့်က ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်တို့ထံသို့ လျှောက်သွားပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း သူ၏ ဆိုလိုရင်းက ရှင်းလင်းနေသည်။
ဝမ်ကျန့်၏ အေးစက်သော အမူအရာကို မြင်သောအခါ ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ဘာမှမပြောကြတော့ပေ။ ယခုအချိန်မှစ၍ ဝမ်ကျန့်က သူတို့၏ ဆန့်ကျင်ဘက်တွင် ရပ်နေတော့မည်ကို သူတို့ နားလည်လိုက်ကြသည်။
" ဝန်ကြီးနှစ်ယောက် ခင်ဗျားတို့က အသက်ကြီးနေပေမယ့် စကားကို ဘယ်လိုပြောရမလဲဆိုတာ အပြည့်အဝ နားမလည်သေးတဲ့ပုံပဲ။ " လီစီက ဖြည်းညင်းစွာ လျှောက်လာပြီး ပြောလိုက်သည်။
" တရားရေးဝန်ကြီးက တော်တော်လေး ကျေနပ်နေတဲ့ပုံပဲ။ ဒါပေမယ့် သိပ်တော့ ဂုဏ်မယူလိုက်နဲ့။ " ဝမ်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
" စိတ်ချပါ ဝန်ကြီးဝမ်။ ကျုပ်က ဘယ်တော့မှ ဂုဏ်မမောက်ပါဘူး။ " လီစီက ဖြည်းညင်းစွာ တိုးကပ်လာပြီး တိုးညှင်းစွာ ပြောလိုက်သည်။ " ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ခင်ဗျာတို့က ဝမ်မိသားစုနဲ့ ကျောက်မိသားစုကို ဆန့်ကျင်မိသွာပြီ။ ဒါကြောင့် အနာဂတ်မှာ ခင်ဗျာတို့ အကြီးဆုံးမင်းသားကို ထောက်ပံ့ဖို့ ပိုပြီးတော့ ခက်ခဲသွားလိမ့်မယ်။ အရှင်မင်းကြီးက ကျောက်ဖုန်းကို အရမ်းတန်ဖိုးထားတာ။ သူရဲ့ သဘောထားကလည်း အရမ်းအရေးပါတယ်။ အနာဂတ်မှာ ခင်ဗျာတို့ ဆက်ပြီး ရယ်မောနိုင်ဖို့ မျှော်လင့်ပါတယ်။ " လီစီက နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားသည်။
ဝမ်ဝမ်၏ လုပ်ရပ်ကြောင့် နန်းတွင်းရှိ ဝန်ကြီးများ၏ စိတ်ထဲတွင် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်သွားခဲ့သည်။ ဟူဟိုက်က လှေကားထစ်များအတိုင်း ဆင်းလာပြီး ဖုစုအနားသို့ ချဉ်းကပ်လာသည်။
" အကိုတော်ရဲ့ ထောက်ခံသူနှစ်ယောက်က အကိုတော်အတွက် အားကောင်းတဲ့ ရန်သူနှစ်ယောက်ကို ယူဆောင်ပေးလိုက်တာပဲ။ အခုအချိန်ကစပြီး အကိုတော် သတိထားရလိမ့်မယ်။ " ဟူဟိုက်က အေးစက်စွာ ပြောပြီး ထွက်ခွာသွားသည်။
ဖုစု၏ စံအိမ်။
" ဒီနေ့ ကိစ္စက လောကြီးသွားခဲ့တယ်။ " ဖုစုက ဝန်ကြီးနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
" အရှင့်သား ဒီနေ့ကိစ္စက လောတာ မလောတာ အရေးမကြီးဘူး။ ဒါက မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာပဲ။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။
" ဒီကိစ္စကို ကျုပ်နားလည်တယ်။ ဒါပေမယ့် ဒါက မအောင်မြင်တဲ့အပြင် မိသားစုနှစ်ခုလုံးကိုပါ စော်ကားမိသွားပြီ။ " ဖုစုက သက်ပြင်းချလိုက်သည်။
ဝမ်ဝမ်၏ စကားများကို သူနားလည်သည်။ ထိုမိသားစုနှစ်ခုက ချင်နိုင်ငံ စစ်အင်အား၏ ထက်ဝက်ကို ထိန်းချုပ်ထားကြခြင်းမှာ အမှန်တကယ်ပင် စိုးရိမ်စရာဖြစ်သည်။ သူက တစ်နေ့တွင် အိမ်ရှေ့စံဖြစ်လာရန်နှင့် ဘုရင်ဖြစ်လာရန် တွေးခဲ့လျှင် ထိုကိစ္စကို စိုးရိမ်ရတော့မည်ဖြစ်သည်။
" နောက်ဆုံးမှာ ကျွန်တော်မျိုးတို့က အရှင်မင်းကြီးရဲ့ စိတ်ထဲက ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့ရဲ့ အရေးပါမှုကို အထင်သေးမိသွားတယ်။ သူတို့နှစ်ယောက်က စစ်စခန်းနှစ်ခုရဲ့ အာဏာကို ကိုင်စွဲထားတာတောင် အရှင်မင်းကြီးက သူတို့အပေါ် ဘာသံသယမှ မရှိဘူးဖြစ်နေတယ်။ ဒီမိသားစုနှစ်ခုက နန်းတွင်းကို မလှုပ်ခါနိုင်ရင်တောင် အရေးပေါ် အပြောင်းအလဲတစ်ခု ဖြစ်လာရင် ချင်နိုင်ငံတစ်ခုလုံးကို လှုပ်ခါနိုင်လိမ့်မယ်။ " ဟွိုက်ကျွမ်းက လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ပါရမီရှင်တစ်ယောက်ဆိုတော့ အခြေအနေကို သူထိန်းချုပ်နိုင်တယ်လို့ ယုံကြည်နေတယ်။ အနာဂတ်မှာ ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့ထဲက တစ်ယောက်က ချင်နိုင်ငံရဲ့ စစ်ဦးစီးချုပ်ရာထူးကို ရသွားလိမ့်မယ်။ အဲ့ဒီအခြေအနေသာ တကယ်ဖြစ်လာခဲ့ရင် ချင်နိုင်ငံမှာ ဘယ်သူက အဲ့ဒီမိသားစုနှစ်ခုကို ဆန့်ကျင်နိုင်မှာလဲ။ " ဝမ်ဝမ်က ပြောလိုက်သည်။
" အရှင်မင်းကြီးက ကျောက်ဖုန်းနဲ့ ဝမ်ကျန့်တို့ကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမယ့် အနာဂတ်ကျရင် ဘာဖြစ်လာမလဲ။ တကယ်လို့ အရှင့်သားက အိမ်ရှေ့စံဖြစ်လာခဲ့ရင် အရှင်သားရဲ့ ကြင်နာတဲ့ စိတ်ထားနဲ့ဆိုရင် သူတို့နှစ်ယောက်ကို ထိန်းချုပ်ဖို့ တကယ်ပဲ ရုန်းကန်ရလိမ့်မယ်။ အနာဂတ်မှာ သူတို့ရဲ့ ဩဇာအာဏာ တကယ်ကြီးမားလာရင် ဖိနှိပ်ဖို့ မဖြစ်နိုင်တာ ဒါမှမဟုတ် ပုန်ကန်တာမျိုးတောင် ဖြစ်လာနိုင်တယ်။ "
" ကျွန်တော်မျိုး ကြားဖူးတာကတော့ လန်ထျန်းစခန်းမှာဆိုရင် စစ်သည်တိုင်းက ဝမ်ကျန့်တစ်ယောက်တည်းကိုပဲ လေးစားကြတယ်။ ဝူအန်းစခန်းမှာလည်း အဲ့ဒီအပြစ်သားတပ်ဖွဲ့က စစ်သည်တွေက ကျောက်ဖုန်းကို ဒုတိယမိဘလို့ သဘောထားကြတယ်။ စစ်တပ်တွင်းမှာဆို သူရဲ့ စကားတစ်ခွန်းက အရှင်မင်းကြီးရဲ့ အာဏာထက်တောင် ကျော်လွန်နေတယ်။ ဒီလောက်ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုးကို အရှင်မင်းကြီးက ဂရုမစိုက်တာ တကယ်ကို အံ့ဩစရာပဲ။ " ချွန်းယွီယွဲ့က သက်ပြင်းချပြီး ပြောလိုက်သည်။
" ဒီကိစ္စက အပေးအယူလုပ်လို့ မရဘူးလား။ ဝမ်ကျန့်နဲ့ ကျောက်ဖုန်းတို့က ဖြောင့်မတ်တဲ့ သူတွေပဲ။ သူတို့က ချင်နိုင်ငံကို သစ္စာဖောက်မှာ မဟုတ်ဘူး။ " ဖုစုက ဖြည်းညင်းစွာ ပြောလိုက်သည်။
" လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်က သစ္စာရှိဝန်ကြီးတွေပဲ။ ဒါပေမယ့် အနာဂတ်ကျရင် ဘာဖြစ်လာမလဲ။ စစ်တပ်ထဲမှာ သူတို့ရဲ့ အရှိန်အဝါက ကြီးမားလွန်းတယ်။ တစ်နေ့မှာ သူတို့က ဆန့်ကျင်ဘက် အခြေအနေနဲ့ ရင်ဆိုင်ရရင် အရှင်သားအနေနဲ့ သူတို့က သစ္စာမဖောက်ဘူးလို့ အာမခံနိုင်ပါ့မလား။ သူတို့တစ်ယောက်ချင်းစီက စိုးရိမ်စရာမရှိပေမယ့် သူတို့နှစ်ယောက်ပူးပေါင်းသွားရင်တော့ တကယ်ကို စိုးရိမ်စရာ ကိစ္စကြီး ဖြစ်သွားလိမ့်မယ်။ သူတို့ရဲ့ ပြဿနာက လက်ရှိအချိန်မှာ မဟုတ်ဘူး။ အရှင့်သား ဘုရင်ဖြစ်လာမယ့် အချိန်နဲ့ သက်ဆိုင်နေတာပါ။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။
" အရှင့်သား ကျွန်တော်မျိုးတို့က သူတို့မိသားစုနှစ်ခုကို ဆန့်ကျင်မိသွားပြီဖြစ်လို့ အနာဂတ်မှာ သူတို့ကို သတိထား စောင့်ကြည့်ရပါမယ်။ နောက်ကျရင် အသုံးချနိုင်ဖို့ သူတို့ အမှားတွေကို ရှာဖွေထားရပါမယ်။ လက်ရှိအချိန်မှာ သူတို့ကို လိုအပ်နေသေးတယ်ဆိုပေမယ့် ကမ္ဘာကြီးကို စုစည်းပြီးသွားရင် သူတို့ကို အသုံးမလိုတော့ပါဘူး။ အဲ့အခါကျရင် ကျွန်တော်မျို့တို့ရဲ့ အချိန်ရောက်လာပါလိမ့်မယ်။ "
ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ဝမ်ကျန့်နှင့် ရှဝူချယ်တို့က ရင်ကျန့်ကို ဦးညွှတ်လိုက်ကြသည်။
" ထပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ထွက်သွားကြ။ " ရင်ကျန့်က ကျောက်ကောင်းနှင့် အစေခံများကို ကြည့်ပြီး ပြောလိုက်သည်။
" အမိန့်အတိုင်ပါ။ " ကျောက်ကောင်းက ဦးညွှတ်လိုက်ပြီး အစေခံများနှင့်အတူ ထွက်ခွာသွားသည်။
" ဒီနေ့ ဝန်ကြီးချုပ်ဝမ်ရဲ့ လုပ်ရပ်က ငါ့ကို တကယ်အံ့ဩစေခဲ့တယ်။ " ရင်ကျန့်က သဘောကျဟန်ဖြင့် ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးနဲ့ ကျောက်ဖုန်းတို့ရဲ့ အာဏာက တကယ်ကြီးမားလွန်းပါတယ်။ နန်းတွင်းက ကန့်ကွက်တာတွေက တမင်ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးပြောခဲ့တဲ့ စကားတွေကလည်း ဟန်ဆောင်တာမဟုတ်ဘဲ စိတ်ရင်မှန်နဲ့ ပြောခဲ့တာပါ။ " ဝမ်ကျန့်က ပြောလိုက်သည်။
သူနှင့် ကျောက်ဖုန်းတို့၏ ပူးပေါင်းမှုက အမှန်တကယ် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ကို သူနားလည်သည်။ ရင်ကျန့်က မည်မျှထူးချွန်သည်ဖြစ်စေ အဆုံးတွင် ထိုအာဏာကို ပြန်လည်ရုတ်သိမ်းရမည်ဖြစ်သည်။
ဝမ်ကျန့်အနေဖြင့် ဝမ်မိသားစုကို အနာဂတ်တွင် စိတ်ချစေရန် နောင်တစ်ချိန်တွင် အခြေအနေများ မရှုပ်ထွေးစေရန် စစ်အာဏာကို ကြိုတင်လွှဲအပ်ထားခြင်းက ပိုကောင်းပေသည်။ ပို၍ အရေးကြီးသည်မှာ ကျောက်ဖုန်း၏ အနာဂတ်ကို ကာကွယ်ရန်ဖြစ်သည်။
" ငါနားလည်ပါတယ်။ စစ်အာဏာကို ကိုင်စွဲထားတဲ့ မိသားစုနှစ်ခု အိမ်ထောင်ပြုသွားတာက ငါ့ရဲ့ အာဏာကို ထိပါးစေတယ်။ ဒါပေမယ့် မင်းကတော့ မတူဘူး။ ကျောက်ဖုန်းက ပိုလို့တောင် ကွဲပြားသေးတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ဘေးမှ ရှဝူချယ်က ဘာမှမပြောဘဲ ပြုံးနေခဲ့သည်။ ယနေ့ ရင်ကျန့်က ဝမ်ကျမ့်ကို ကျန်းထိုင်နန်းဆောင်ကို ဆင့်ခေါ်လိုက်ခြင်းကြောင့် ရှဝူချယ်က တစ်စုံတစ်ခုကို ခန့်မှန်းမိပြီးသားဖြစ်သည်။ ထို့အပြင် ယနေ့ ဝမ်ကျန့်က ကျောက်ဖုန်းအတွင် အာဏာကို စွန့်လွှတ်ရန် လိုလားခဲ့ပြီး ကျောက်ဖုန်းအပေါ် သူ၏ စစ်မှန်သော စေတနာကို သက်သေပြခဲ့သည်။ ထို့ကြောင့် ရင်ကျန့်က ဝမ်ကျန့်ကို ခမည်းခမက်အဖြစ် လုံးဝ လက်ခံလိုက်ပြီဖြစ်သည်။
ဝမ်ကျန့်က နားမလည်နိုင်ဖြစ်သွားပြီး ထိုစကားများကို စဉ်းစားမရခဲ့ပေ။ " ကျွန်တော်မျိုးက ဘာလို့ မတူတာလဲ။ ကျောင်းဖုန်းကရော ဘာလို့ကွဲပြားတာလဲ။ "
" ဘာလို့လဲဆိုတော့ ကျောက်ဖုန်းက ငါ့ရဲ့ သားတော်ဖြစ်နေလို့ပဲ။ " ရင်ကျန့်က ဝမ်ကျန့်ကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်သည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဝမ်ကျန့်က မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သ၏ အမူအရာက လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူက ရင်ကျန့်ကို မျက်လုံးပြူး၍ ကြည့်နေသည်။
" အရှင်မင်းကြီး ဘာပြောလိုက်တာလဲ။ ကျွန်တော်မျိုး သေချာမကြားလိုက်ပါဘူး။ " ဝမ်ကတန့်က သူ့ကိုသူ နားကြားမှားသည်ဟု ထင်လိုက်သည်။
" ငါပြောတာက ကျောက်ဖုန်းက ငါ့ရဲ့ သားတော်ပဲ။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။
ဝမ်ကျန့်၏ မျက်လုံးများက မယုံကြည်နိုင်မှုများ ပြည့်နှက်သွားပြီး သူ၏ စိတ်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
" ဒါ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဝမ်ကျန့်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။
" ငါ ပထမဆုံး နန်းတက်တုန်းက နန်းတော်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ လူသတ်ပွဲကြီးကို မှတ်မိသေးလား။ ငါ ချင်နိုင်ငံကို ပထမဆုံး ပြန်ရောက်တုန်းက ငါ့ရဲ့ ဘေးနားမှာ ရှိနေခဲ့တဲ့ အမျိုးသမီးကိုရော မှတ်မိလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
" ဖြစ်နိုင်တာက ကျောက်ဖုန်းက အဲ့ဒီအမျိုးသမီး တုန်အာနဲ့ အရှင်မင်းကြီးတို့ရဲ့ ရင်သွေးဖြစ်နေတာလား။ အဲ့ဒီတုန်အာက အခုထိ သက်ရှိထင်ရှား ရှိနေသေးတာလား။ " ဝမ်ကျန့်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
" သက်ရှိထင်ရှားရှိရုံတင်မကဘူး။ သူမက ကောင်းကောင်းမွန်မွန် နေထိုင်နေပါတယ်။ သူမက ငါ့အတွက် ကလေးနှစ်ယောက်ကိုလည်း မွေးဖွားပေးခဲ့တယ်။ " ရင်ကျန့်က ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့