← Chapters

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း (၃၂၆)

ရင်ကျန့်က ရှဝူချယ် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီး သူက အတွေးနက်နေခဲ့သည်။ ထို့နောက် သူက အမိန့်တော်တစ်ခုကို ထုတ်ပြီး စာတစ်ကြောင်း ရေးသားလိုက်သည်။

" သမားတော်ရှကို ဝေနိုင်ငံဆီ ပို့ဆောင်ပြီးတဲ့နောက်မှာ သူ့ကို ဘယ်လိုအန္တရာယ်မှ ရင်မဆိုရစေနဲ့။ ပြီးတော့ ကူးစက်ရောဂါက ထိန်းချုပ်မရတဲ့ အခြေအနေရောက်လာရင် ဒီအမိန့်တော်ကို ကျောက်ဖုန်းကို ပေးလိုက်ပါ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ရန်ရှောင်က အမိန့်တော်ကို ရိုသေစွာ လက်ခံယူလိုက်သည်။

ဖုစု၏ စံအိမ်။

ဆွေးနွေးတိုင်ပင်နေကြသူများက ထွက်သွားရန် ပြင်ဆင်နေကြသည်။ ထိုအချိန်တွင် အိမ်တော်ထိန်းက အပြေးအလွှား ရောက်ရှိလာသည်။

" အရှင်သား ဝန်ကြီးတို့ နန်းတော်ထဲက သတင်းကောင်း ရောက်လာပါတယ်။ "

ဝမ်ဝမ်နှင့် အခြားသူများက ခြေလှမ်းများ ရပ်တန့်သွားပြီး အိမ်တော်ထိန်းကို ကြည့်လိုက်ကြသည်။

" ပြောစမ်း။ " ဖုစုက ပြောလိုက်သည်။

" ဝမ်ကျန့်က ကျန်းထိုင်နန်းဆောင်ထဲက ထွက်လာတော့ ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုကို ခံစားနေရသလို တွေဝေငေးငိုင်နေပါတယ်။ " အိမ်တော်ထိန်းက ချက်ချင်း ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ဝမ်ဝမ်နှင့် အခြားသူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး ရယ်မောလိုက်ကြသည်။

" အရှင်သား ကျွန်တော်မျိုးရဲ့ အတွေးက တကယ်မှန်ကန်ခဲ့ပါတယ်။ ညီလာခံမှာတုန်းက ဝမ်ကျန့် အနားယူမယ့် တောင်းဆိုမှုကို အရှင်မင်းကြီးက လက်မခံခဲ့ဘူးဆိုပေမယ့် သူက ဝမ်မိသားစုနဲ့ ကျောက်မိသားစုအပေါ် သံသယစိတ်တော့ရှိနေပါတယ်။ ဝမ်ကျန့်က ကျန်းထိုင်နန်းဆောင်မှာ ပြင်းထန်တဲ့ စကား​လုံးတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ဒီလောက်စိတ်ပျက်အားလျော့သွားတာထင်တယ်။ " ဝမ်ဝမ်က ပြုံး၍ ပြောလိုက်သည်။

" သူတို့မိသားစုနှစ်ခုက စစ်သည်ထက်ဝက်ကို ထိန်းချုပ်ထားတာကို ဘယ်သူမှသည်းခံနိုင်မှာမဟုတ်ပါဘူး။ အရှင်မင်းကြီးက အင်အားကြီးမားတဲ့ အုပ်ချုပ်သူ ဖြစ်နေရင်တောင်မှပေါ့။ အခုအချိန်မှာ အရှင်မင်းကြီးက ဝမ်ကျန့်ရဲ့ စစ်အာဏာကို မရုတ်သိမ်းသေးတာ ကမ္ဘာကြီးကို မစုစည်းရသေးလို့ပါ။ တစ်နေ့ကျရင် သူတို့ထဲက တစ်ယောက်ကတော့ ကျရှုံးမှာသေချာတယ်။ " ဟွိုက်ကျွမ်းကလည်း ပြုံး၍ ခေါင်းညိမ့်လိုက်သည်။

ဖုစုက ဘာမှမပြောဘဲ ခေါင်းသာညိမ့်ပြလိုက်သည်။ သူက သတင်းကို ထိုမျှမြန်မြန် ရရှိခြင်းမှာ နန်းတွင်းတွင် သူ၏ လူများ ရှိနေသောကြောင့်ဖြစ်သည်။

" အရှင်သား စိတ်အေးလက်အေး နေလို့ရပါပြီ။ ဒါက ဝမ်မိသားစုနဲ့ ကျောက်မိသားစုကို ဆန့်ကျင်မိခဲ့တယ်ဆိုပေမယ့် နောက်ဆုံးမှာ ကျွန်တော်မျိုးတို့ နိုင်ခဲ့ပါတယ်။ အနာဂတ်မှာ သူတို့နှစ်ယောက်က အရှင်မင်းကြီး ကန့်သတ်ထိန်းချုပ်တာ ခံရတော့မှာမလို့ သူတို့ကို သိပ်စိုးရိမ်ဖို့ မလိုတော့ပါဘူး။ " ဝမ်ဝမ်က ပြုံး၍ ပြောလိုက်သည်။

" ကျုပ်ကတော့ အလွန်အကျွံမလုပ်သင့်ဘူးလို့ ထင်နေတုန်းပဲ။ " ဖုစုက ပြောလိုက်သည်။

" အရှင်သားက အနာဂတ်မှာ အိမ်ရှေ့စံဖြစ်လာပြီး ဘုရင်တစ်ပါးတောင် ဖြစ်လာဦးမှာပါ။ အရှင်သားက အရမ်းသနားညှာတာနေလို့ မရပါဘူး။ အဲ့ဒီပလ္လင်ပေါ် တက်ဖို့ဆိုရင် သွေးမြေကျရပါလိမ့်မယ်။ တားဆီရဲတဲ့ ဘယ်သူမဆို သေရပါမယ်။ " ချွန်ယွီယွဲ့က ပြောလိုက်သည်။

ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ချွန်းယွီယွဲ့ကို လေးစားစွာ ကြည့်လိုက်ကြသည်။ ချွန်းယွီယွဲ့ကဲ့သို့ စာပေပညာရှင်တစ်ယောက်၏ ပါးစပ်မှ ထိုသို့သော စကားမျိုးထွက်လာခြင်းက အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။

" ဆရာကြီးချွန်းရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်မှုရှိတယ်။ အရှင်သားအနေနဲ့ ဒါကို စိတ်ထဲမှာ မှတ်သားထားဖို့ မျှော်လင့်ပါတယ်။

" အင်း ခင်​ဗျားတို့ သဘောအတိုင်းပဲ ရှိပါစေတော့။ ဒါပေမယ့် ကျုပ်သာ တကယ်ပဲ ရှုံးနိမ့်ခဲ့ရင် ခင်​ဗျားတို့အားလုံး..." ဖုစုက သက်ပြင်းချလိုက်သည်။ သူက နောက်ဆုံးစကားကို ဆက်မပြောခဲ့ပေ။

" အရှင့်သားက ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ပါဘူး။ " ဝမ်ဝမ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ဝမ်စံအိမ်။

ဝမ်မိသားစု၏ ရထားလုံးက ပြန်လည်ရောက်ရှိလာသည်။ အိမ်တံခါး၏ ရှေ့တွင် ဝမ်ကတော်နှင့် ဝမ်ယန်တို့က ကလေးနှစ်ယောက်နှင့်အတူ စောင့်ဆိုင်းနေကြသည်။ ဝမ်လီကလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ယခုအချိန်တွင် ဝမ်ယန်၏ ​ဗိုက်က ပိုကြီးလာခဲ့ပြီး ကလေးမွေးဖွားရန် သိပ်မလိုကြောင်း ထင်ရှားသည်။

ရထားလုံးရပ်သွားချိန်တွင် ဝမ်ကျန့်က အောက်သို့ ဆင်းလာသည်။ ဝမ်ကျန့်၏ အမူအရာကို မြင်သောအခါ ဝမ်ကတော်နှင့် ဝမ်ယန်တို့ကို တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်လုံးက စိုးရိမ်သွားကြသည်။

" သခင်ကြီး တစ်ခုခုဖြစ်ခဲ့လို့လား။ ဘာလို့ဒီလိုမျိုး ဖြစ်နေတာလဲ။ " ဝမ်ကတော်က ရှေ့တိုးလာပြီး ပြောလိုက်သည်။

" ဘာမှမဟုတ်ပါဘူး။ " ဝမ်ကျန့်က စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက အတင်းအကျပ် လုပ်ပြုံးနေခြင်းဖြစ်သည်ကို သတိထားမိနိုင်သည်။

" အဘိုး " ဝမ်လီက ခေါ်လိုက်သည်။

" အဘိုး " ကျောက်ချီနှင့် ကျောက်လင်းတို့ကလည်း ပြိုင်တူခေါ်လိုက်ကြသည်။

" အင်း " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက ဝမ်ယန်ကို ကြည့်လိုက်သည်။

" ယန်အာ ကိုယ်ဝန်က လရင့်နေပြီကို ဘာလို့ အပြင်မှာ ထွက်စောင့်နေတာလဲ။ လာ အထဲကို ဝင်ကြမယ်။ ဒီနေ့က မင်းရဲ့ ယောကျာ်းအတွက် နေ့ကောင်းတစ်ခုပဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်ပြီး သူက အိမ်ထဲသို့ ဝင်သွားခဲ့သည်။

ခန်းမအတွင်း၌။

" အိမ်တော်ထိန်း ညစာအဆင်သင့်ဖြစ်ပြီလား။ " ဝမ်ကတော်က မေးလိုက်သည်။

" အဆင်​သင့်ဖြစ်ပါပြီ သခင်မကြီး။ " အိမ်တော်ထိန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဒါဆို ညစာပြင်လိုက်ပါ။ " ဝမ်ကတော်က ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ။ " အိမ်တော်ထိန်းက ပြောပြီး ဆုတ်ခွာသွားသည်။

" အဖေ နန်းတော်ထဲမှာ တစ်ခုခုဖြစ်ခဲ့လို့လား။ " ဝမ်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

" နန်းတော်ထဲမှာ ဘာဖြစ်ရမှာလဲ။ " ဝမ်ကျန့်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ဒါဆို ဘာဖြစ်လို့ အဖေ့မျက်နှာက ဒီလောက်ပျက်နေတာလဲ။ " ဝမ်ယန်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

" ဒါက..." ဝမ်ကျန့်က သူသမီး၏ စိုးရိမ်သော အမူအရာကို ကြည့်ပြီး သူ၏ ဇနီးကိုလည်း ကြည့်လိုက်သည်။ " ဘာမှမဟုတ်ဘူး။ အဖေက ကိစ္စအချို့ တွေးမိလို့ပါ။ အရှင်မင်းကြီးက ဘာမှမပြောပါဘူး။ မင်းတို့ အတွေးလွန်နေကြတာပါ။ "

ယနေ့ ကျန်းထိုင်နန်းဆောင်မှ ကိစ္စရပ်များက သူ၏ စိတ်အခြေအနေကို ပြန်လည်တည်​ငြိမ်အောင် လုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။ သူ၏ သမက်က ရင်ကျန့်၏ အကြီးဆုံးသားတော် ဖြစ်နေပြီး အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်ခံရရန် အခွင့်အရေး အလွန်များနေသည်။ ထို့အပြင် သူ၏ မြေး ကျောက်ချီကလည်း အနာဂတ်တွင် အိမ်ရှေ့စံမင်းသား ဖြစ်လာပေလိမ့်မည်။

ဝမ်ယန်ကလည်း အိမ်ရှေ့စံကတော်ဖြစ်လာပြီး အနာဂတ်တွင် မိဖုရားခေါင်ကြီး ဖြစ်လာနိုင်သည်။ ဝမ်ကျန့်က အားလုံးကြားအောင် အော်ပြောလိုက်ချင်သော်လည်း အခြေအနေအရ သူ ထုတ်မပြောနိုင်ခဲ့ပေ။

" ဒါပေမယ့် ကျွန်မကြားမိတာက နန်းတွင်းထဲက တစ်ယောက်ယောက် ကျွန်မတို့ မိသားစုရဲ့ စစ်အာဏာက အရမ်းကြီးမားနေလို့ ဒါက အရှင်မင်းကြီးကို သံသယဝင်စေခဲ့တယ်လို့ ကြားတယ်။ ပြီးတော့ သူတို့က ကျွန်မတို့ ဝမ်မိသားစုကို အနှေးနဲ့အမြန် အရေးယူဆောင်ရွက်လာကြလိမ့်မယ်။ " ဝမ်ကတော့ စိုးရိမ်တကြီး ပြောလိုက်သည်။

" မိန်းမတွေရဲ့ သေးသိမ်တဲ့အမြင်ပဲ။ " ဝမ်ကျန့်က ခေါင်းခါလိုက်သည်။ " စိတ်ချပါ။ အရှင်မင်းကြီးက နန်းတွင်းက ဘယ်သူကို အရေးယူယူ ငါတို့ ဝမ်မိသားစုကို လုံးဝထိမှာမဟုတ်ဘူး။ ရှေ့လျှောက် ငါတို့အတွက် ကောင်းမွန်တဲ့ နေ့ရက်တွေပဲ။ "

ဝမ်ကျန့်က ကျောက်ချီနှင့် ကျောက်လင်းတို့ကို ပွေ့ချီလိုက်ပြီး သူ၏ မျက်နှာပေါ်မှ ငေးငိုင်မှုများက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ဝမ်ကျန့်၏ အမူအရာကို မြင်သောအခါ ဝမ်ကတော်နှင့် ဝမ်ယန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နားမလည်နိုင်ဖြစ်သွားကြသည်။

" ဒါပေမယ့် ဒီနေ့ ဝမ်ဝမ်လုပ်ခဲ့တဲ့အရာကိုတော့ ငါ့စိတ်ထဲမှတ်ထားလိုက်ပြီ။ " ဝမ်ကျန့်က စိတ်ထဲမှ အေးစက်စွာ တွေးလိုက်သည်။

အစတွင် ဝမ်ကျန့်က သူတို့အပေါ်တွင်ဖြစ်စေ ဖုစုအပေါ်တွင်ဖြစ်စေ ကြီးမားသော ရန်ငြိုးမရှိခဲ့ပေ။ သို့သော် ယခုအချိန်မှစ၍ အရာအားလုံးက ပြောင်းလဲသွားပြီဖြစ်သည်။ အနာဂတ်တွင် ဝမ်ကျန့်က သူတို့ကို သေချာပေါက် ယှဉ်ပြိုင်တိုက်ခိုက်ပေလိမ့်မည်။

ဝေနိုင်ငံ၊ တလျန်မြို့တော်၏ မိုင်နှစ်ဆယ်သုံးဆယ်အကွာအဝေးတွင် တပ်စခန်းများက နေရာအနှံ့ရှိနေကြပြီး အရပ်သားပြည်သူများက ဝင်ထွက်သွားလာနေကြသည်။ သူတို့ကြားတွင် လက်နက်ချခဲ့သော ဝေစစ်သည်များလည်း ရှိနေသည်။

" အားလုံးနားထောင်ကြ။ တလျန်မြို့တော်က ရေလွှမ်းခံလိုက်ရပြီဖြစ်လို့ ပြန်သွားလို့မရနိုင်တော့ဘူး။ ကူးစက်ရောဂါတွေကနေ ရှောင်လွှဲနိုင်ဖို့အတွက် ငါတို့ ချင်က ဒီနေရာမှာ အိမ်တွေဆောက်ပြီး မြို့တစ်မြို့ တည်ဆောက်ပေးမယ်။ အရပ်သားပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးသွားမယ်။ "

" ဒါပေမယ့် ချင်နိုင်ငံက စစ်ပွဲဆင်နွှဲနေတုန်းဖြစ်လို့ ဒီနေရာက အရာအားလုံးကို စစ်ဥပဒေအတိုင်းပဲ လုပ်ဆောင်သွားမယ်။ တကယ်လို့ ဘယ်သူမဆို စစ်စည်းကမ်းတွေကို ဆန့်ကျင်ရင် သူတို့ကို စစ်ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်။ ပြီးတော့ လက်နက်ချစစ်သည်တွေက လုံးဝ ထွက်ခွာခွင့်မရှိဘူး။ ပြည်သူတွေကတော့ အနာဂတ်မှာ ဆွေမျိုးတွေကို ရှာတွေ့ခဲ့ရင် ငါတို့ ချင်စစ်တပ်က ရိက္ခါတွေပေးပြီး သူတို့ကို ထွက်သွားခွင့်ပြုမယ်။ " ကျန်းဟန်က အားလုံးရှေ့တွင် ရပ်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထို့နောက် အခြားစစ်သည်များကလည်း ထပ်ဆင့်ကြေညာပေးလိုက်ပြီး ပြည်သူအားလုံး ကြားသွားကြသည်။

လက်နက်ချစစ်သည်များ၏ နေရာတွင် သူတို့က လက်နက်များသာမက ချပ်ဝတ်များ ချွတ်ယူခြင်းခံထားရသော်လည်း သူတို့၏ စစ်ဝတ်စုံများက သိသာထင်ရှားနေဆဲ ဖြစ်သည်။ တလျန်မြို့ ရေလွှမ်းမိုးချိန်တွင် ပါးနပ်သော စစ်သည်များက စစ်ဝတ်စုံများကို ချွတ်ပြီး အရပ်သားဝတ်စုံများလဲလှယ်ကာ သာမန်ပြည်သူများကြားတွင် ရောနှောနေကြပေလိမ့်မည်။ ပြည်သူများကြားတွင် သူတို့ကို ခွဲခြားသိရန် မဖြစ်နိုင်ပေ။

သို့သော် ရေလွှမ်းမိုးပြီး သေရေး​ရှင်ရေး ရင်ဆိုင်နေရချိန်တွင် အသက်ရှင်ရန် ရုန်းကန်နေရသောကြောင့် ဝေစစ်သည်အနည်းငယ်သာ ထိုသို့ လုပ်ဆောင်နိုင်ကြပေလိမ့်မည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters