← Chapters

အခန်း (၁၆၅၈)

Vol. 118 Ch. 1658

အခန်း (၁၆၅၈)

Vol. 118 Ch. 1658

အခန်း (၁၆၅၈) အလံလုခြင်း

နျဲ့ကျင်းရှန်၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ဆင်စွယ်ရောင်တိမ်တိုက်အလံကို ကိုင်ဆောင်ထားသည့် မဟာနတ်ဆိုးက အလံကိုဝှေ့ယမ်းလိုက်ရာ သင်းပျံ့သည့်မွှေးရနံ့များ ထွက်ပေါ်လာသည်။

ထိုမွှေးရနံ့များက မဟာမာရူယိကို တားဆီးလိုက်ပြီး နျဲ့ကျင်းရှန်တို့ တစ်အုပ်စုလုံးအား ကာကွယ်ပေးလိုက်သည်။

နျဲ့ကျင်းရှန် လမ်းဖွင့်ပေးလိုက်သည်နှင့် နွားရိုင်းမိစ္ဆာဘုရင် ၊ ခြင်္သေ့နတ်ဘုရားနှင့် အခြားသော မဟာနတ်မိစ္ဆာများကလည်း ဘေးမှ ဝိုင်းဝန်းကူညီလိုက်ကြ၏။

ထို့နောက် နတ်ဆိုးအုပ်စုကြီးက အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။

ဟုတ်ပေ၏။

သရီရဓာတ်တော် ပါသွားပြီဖြစ်ရာ အနောက်ဘက်သူတော်စင်ဘုံမှဗုဒ္ဓများနှင့် မဟာမာရူယိက သူတို့အား အလွယ်တကူ ဆုတ်ခွာခွင့်မပေးခဲ့ပေ။

ထိုသို့ဖြင့် နှစ်ဖက်လုံး အဆုံးမရှိသော တိုက်ပွဲအတွင်း ပြန်လည်ကျရောက်သွားပြန်သည်။

မဟာမာရူယိနှင့် ဗုဒ္ဓဘာသာကိုယ်တော်များက သူတို့အား ဟန့်တားပိတ်ဆို့ထားသည့် ဆင်စွယ်ရောင်တိမ်တိုက်အလံကို မဖြိုခွဲနိုင်ကြသည့်တိုင် နျဲ့ကျင်းရှန်တို့အုပ်စုမှာလည်း ဤနေရာမှ အလွယ်တကူ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။

ထိုအချိန်...

ဗလာနယ်ထဲတွင် အစိမ်းရောင်ကြာပန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

အနောက်ဘက်သူတော်စင်ဘုံမှစစ်ကူများ ရောက်ရှိလာခြင်းဖြစ်ပြီး အုပ်စုကို ဦးဆောင်လာသူက ကရုဏာတရားနှင့် ပြည့်ဝကာ ဉာဏ်ပညာထက်မြက်လွန်းသူ “ကွမ်ယင်ဗောဓိသတ္တ” ဖြစ်၏။

အစောပိုင်းတွင် သူတို့အုပ်စုက ရန်သူများကိုလှည့်စားရန်နှင့် မိုးကြိုးလျှပ်စီးဗုဒ္ဓတို့အတွက် လမ်းကြောင်းရှင်းပေးရန် အနောက်ဘက်သူတော်စင်ဘုံမှ အရင်ဆုံး ထွက်ခွာသွားခဲ့ကြသည်။

ရလဒ်က ထင်သလိုဖြစ်မလာသည့်အခါ ကွမ်ယင်ဗောဓိသတ္တတို့အုပ်စုက ဤနေရာသို့ အချိန်မီလိုက်လာပြီး အင်အားဖြည့်တင်းပေးခြင်း ဖြစ်၏။

ကွမ်ယင်ဗောဓိသတ္တ၏လက်ထဲတွင် ကျောက်ဖြူပန်းအိုးတစ်လုံးကိုင်ထားပြီး ထိုပန်းအိုးထဲတွင် မိုးမခကိုင်းတစ်ခက် ထိုးစိုက်ထားသည်။

ကွမ်ယင်က မိုးမခခက်ကို ထုတ်ယူဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထက်မှ မင်္ဂလာမိုးရေစက်များ ရွာသွန်းလာသည်။

ထိုမိုးရေစက်များနှင့် ထိတွေ့မိသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများက စွမ်းအားများ တဖန်ပြန်လည် ပြည့်ဝလာကြသည်။

သို့သော် နတ်ဆိုးများကတော့ ဆီပူလောင်ခံရသည့်ပမာ ခန္ဓာကိုယ်များထက်မှ အငွေ့များတထောင်းထောင်းထာပြိး နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

ထို မင်္ဂလာမိုးရေစက်များ ထိမှန်ခံရသည်နှင့် နျဲ့ကျင်းရှန်သည်ပင် ခပ်တိုးတိုး ညည်းတွားလိုက်မိသည်။

သူ့လက်ထဲမှ ဓားအလင်းတန်းက ဖျတ်ခနဲ လင်းလက်သွားပြီး တစ်ခဏအတွင်းမှာပင် ပရမ်းပတာစွမ်းအားကိုထုတ်ဖော်ကာ ပတ်ဝန်းကျင် ဗလာနယ်ကို ပြောင်းလဲပစ်လိုက်သည်။

နျဲ့ကျင်းရှန်၏ ထက်ရှသောဓားအလင်းတန်းက ဆုံချက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး မိုးရေစက်များအားလုံးကို ဆွဲငင်စုပ်ယူလိုက်ပြီး ကွမ်ယင်ဗောဓိသတ္တ၏ စစ်မြေပြင်တွင် ထုတ်ဖော်ထားသော တန်ခိုးစွမ်းအားများကိုပင် ဖျက်ဆီးပစ်လိုက်သည်။

ကွမ်ယင်ဗောဓိသတ္တ၏ လက်တစ်ဖက်တွင် မိုးမခခက်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်က ကျောက်ဖြူပန်းအိုးလေးကို ပင့်မထားသည်။

ထို့နောက် သူက ကျောက်ဖြူပန်းအိုးအဝကို နျဲ့ကျင်းရှန်ရှိရာဘက်သို့ တည့်တည့်ဦးတည်လိုက်၏။

ပန်းအိုးနှုတ်ခမ်းဝမှ အဆုံးမရှိသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး နျဲ့ကျင်းရှန်ကို အတင်းအကျပ်ပင် စုပ်ယူဝါးမျိုလိုက်သည်။

နျဲ့ကျင်းရှန်က ဓားကွက်ကို ဆက်တိုက်ထုတ်ဖော်လိုက်ရာ ဓားရောင်များလင်းလက်သွားပြီး ကမ္ဘာဦးကာလ ပရမ်းပတာအခြေနေသို့ ရောက်ရှိသွားသည့်ပမာ ပုံရိပ်ယောင်များ ထင်ဟပ်လာပြီး ကျောက်စမ်းပန်းအိုးမှာ ဘေးဘက်သို့ လွင့်စင်ထွက်သွားသည်။

ထို့နောက် သူက ဓားကွက်ကို လျှင်မြန်စွာ ရွှေ့ပြောင်းလိုက်ပြီး မိုးကြိုးလျှပ်စီးဗုဒ္ဓက နတ်ဆိုးများကို အငြိုးကြီးစွာတိုက်လိုက်လာသည့် လက်ဝါးရိုက်ချက်များကို ကြားဖြတ်တားဆီးပေးလိုက်သည်။

ထိုသို့ဖြင့် နှစ်ဖက်လုံးမှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များစွာမှာ တစ်ယောက်နှင့်တစ်ယောက် အလျှော့မပေးဘဲ အဆုံးမရှိ တိုက်ခိုက်သတ်ဖြတ်နေကြတော့၏။

ထိုအချိန်မှာပင်...

ဗလာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်လာပြီး ရွှေတောင်ပံများပိုင်ဆိုင်သည့် မဟာဂဠုန်တစ်ကောင် ပျံသန်းထွက်ပေါ်လာသည်။

လျှပ်တစ်ပြက်အတွင်း ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဗုဒ္ဓဘာသာကိုယ်တော်များထံသို့ ပြင်းထန်သည့်တိုက်ခိုက်မှုများ ကျရောက်လာသည်။

ဟုတ်ပေ၏။

မည်သူမှထင်မှတ်မထားသည့် 'တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်' တိုက်ပွဲအတွင်း ဝင်ရောက်လာခြင်းသာပင်။

မဟာဂဠုန်ရောက်ရှိလာသည်နှင့် မဟာမာရူယိက ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများဖြင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ထိုအလင်းတန်းများကို ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းမရှိသဖြင့် အလျှင်အမြန်ပင် ရှောင်တိမ်းလိုက်၏။

ထိုအချိန် စကြာမုနိသရီရဓာတ်တော်ကို ရယူထားသည့် နတ်ဆိုးသခင်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး သရီရဓာတ်တော်ကို တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ထံသို့ အမိအရ ပစ်ပေးလိုက်သည်။

စကြာမုနိသရီရဓာတ်တော်ကို ရရှိသွားသည်နှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က တစ်ချက်ပင် နောက်လှည့်မကြည့်တော့ဘဲ အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။

မဟာမာရူယိ၏မျက်နှာက ခံစားချက်ကင်းမဲ့စွာဖြင့် အေးစက်နေသည်။

သူက ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းကို ထုတ်ဖော်ပြီး မိမိ၏ ညီအရင်းခေါက်ခေါက်ကိုပင် အညှာအတာမဲ့စွာ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။

ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်း၏ဖိအားအောက်တွင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ပျံသန်းနှုန်းမှာ ရုတ်တရက် တုံ့နှေးသွားသလို ခံစားလိုက်ရသည်။

မဟာမာရူယိက နေရာတွင်ရှိနေသော နတ်ဆိုးများ ၊ နတ်မိစ္ဆာများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများအားလုံးကို အရေးမစိုက်တော့ဘဲ မဟာဂဠုန်နောက်သို့ လိုက်လံတိုက်ခိုက်လေတော့၏။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်မှာ အနည်းငယ်တုံ့နှေးသွားသည့်တိုင် သူ့နောက်မှလိုက်ပါလာသည့်အန္တရယ်ကောင်အား မျက်ခြေဖြတ်ရန် အစွမ်းကုန်ကြိုးပမ်းလျှက် ရှိသည်။

ထိုသို့ဖြင့် ငှက်မျိုးနွယ်မှဆင်းသက်လာသည့် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်ကြီးနှစ်ယောက်မှာ တစ်ယောက်ကပြေး တစ်ယောက်ကလိုက်ဖြင့် တိုက်ပွဲစစ်မြေပြင်မှ လျှင်မြန်စွာပင် ပျောက်ကွယ်သွားကြတော့သည်။

မဟာမာရူယိမရှိသည်နှင့် ငရဲကိုးထပ်မှနတ်ဆိုးများနှင့် နတ်မိစ္ဆာအုပ်စုအတွက် သိသိသာသာ ဖိအားလျော့ကျသွားသည်။

အနောက်ဘက်သူတော်စင်ဘုံမှ လူများမှာလည်း ရန်သူများကို အပြတ်ရှင်းပစ်ရန် ယုံကြည်ချက် ကင်းမဲ့သွားရသည်။

သို့သော် ထိုခဏမှာပင် ဗလာနယ်ထဲတွင် အပြောင်းအလဲအသစ်တစ်ခု ထပ်မံရိုက်ခတ်လာသည်။

တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေကြသည့် ရန်ကျောက်ကဲတို့အုပ်စု စတင်လှုပ်ရှားလာခြင်းပင် ဖြစ်၏။

လမ်းမှန်တာအိုဝါဒမှအုပ်စုက အချင်းချင်းရန်ဖြစ်နေသည့် ညီအစ်ကိုနှစ်ယောက်ဖြစ်သော မဟာမာရူယိနှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို အရေးမစိုက်ဘဲ အခြားအရာတစ်ခုကို အာရုံစိုက်လိုက်ကြသည်။

သူတို့၏ရည်မှန်းချက်က ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ရေများကြောင့် ညစ်ညမ်းသွားသည့် 'ကြာပန်းစိမ်းရတနာအလံ' ပင် ဖြစ်သည်။

မိုးကြိုးလျှပ်စီးပမာ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသည့် တောင်ပိုင်းချန်စန်းဧကရာဇ်ကို ကြည့်ရင်း ကွမ်ယင်ဗောဓိသတ္တနှင့် ဖူရှန်ဗောဓိသတ္တတို့ သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။

“တောင်ပိုင်းချန်စန်းဧကရာဇ်... မင်းတို့လည်း ဒီကိုရောက်နေကြတာကိုး”

တောင်ပိုင်းချန်စန်းဧကရာဇ်က တည်ငြိမ်အေးဆေးစွာပင် ကွမ်ယင်ဗောဓိသတ္တကို ကြည့်လိုက်သည်။

“တာအိုရောင်းရင်း... မင်းရဲ့ မင်္ဂလာမိုးရေစက်နည်းနည်းလောက် ခဏချေးသုံးလို့ ရမလား”

ကွမ်ယင်က...

“အဲဒါက ငါ့ကိုယ်ပိုင်ရတနာလေ ၊ တာအိုရောင်းရင်းက ဘာလို့ ငါ့ပိုင်ဆိုင်မှုကို မျက်စိကျနေရတာလဲ”

ပြောပြီးသည်နှင့် သူက တောင်ပိုင်းချန်စန်းဧကရာဇ်ဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။

ဟုတ်ပေ၏။

သူတို့၏အဓိကပစ်မှတ်က မင်္ဂလာမိုးရေစက်များ မဟုတ်ဘဲ ကြာပန်းစိမ်းရတနာအလံသာ ဖြစ်သည်။

ကွမ်ယင်ဗောဓိသတ္တ၏ မင်္ဂလာမိုးရေစက်များက လောကီအညစ်အကြေးများအားလုံးကို သန့်စင်ပေးနိုင်ပြီး ငရဲကိုးထပ် နတ်ဆိုးပင်လယ်မှ အနက်ရောင်ရေများကိုပင် သန့်စင်နိုင်စွမ်းရှိသည်။

သို့သော် နတ်ဆိုးပင်လယ်မှ အနက်ရောင်ရေများမှာလည်း ငရဲကိုးထပ်၏ အချက်အချကျသည့်နေရာမှလာသော ညစ်ညမ်းမှုအနှစ်သာရများ ဖြစ်သည်။

ထို့ကြောင့် အချိန်တိုအတွင်း ညစ်ညမ်းမှုများကင်းစင်သွားအောင် ပြန်လည်သန့်စင်နိုင်မည် မဟုတ်ပေ။

ကြာပန်းစိမ်းရတနာအလံမှာ ထိုရေဆိုးများကြောင့် ညစ်ညမ်းသွားပြီဖြစ်ရာ ဗုဒ္ဓဘာသာကျင့်ကြံသူများအနေဖြင့် ထိုရတနာကို ပြန်လည်ယူဆောင်သွားပြီးမှသာ အချိန်ယူပြီး သန့်စင်ကြရမည် ဖြစ်သည်။

ယခုတော့ ရန်ကျောက်ကဲတို့အုပ်စုက ထိုရတနာကို မျက်စိကျသွားပေပြီ။

အလံနားတွင်ရှိနေသည့် မိုးကြိုးလျှပ်စီးဗုဒ္ဓက အလံပေါ်တွင်စွန်းထင်းနေသည့် အနက်ရောင်ရေဆိုးများကို အရေးမစိုက်အားတော့ဘဲ လျှင်မြန်စွာ ပြန်လည်သိမ်းဆည်းရန် ကြိုးစားလိုက်သည်။

သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် အမှေင်ထုဗလာနယ်ထဲမှ အလွန်ပြင်းထန်ထက်ရှသော ဓားချက်တစ်ချက် ထွက်ပေါ်လာသည်။

ခပ်သိမ်းသော သက်ရှိသက်မဲ့ အရာအားလုံးကို ပျက်သုဉ်းခြင်းတရားဆီ ဆွဲခေါ်သွားနိုင်စွမ်းရှိသော “အလုံးစုံပျက်သုဉ်းခြင်း အသူရဦချောက်နက်” ဓားသိုင်း၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်မှုက စွမ်းအားကြီးမားစွာဖြင့် ကျရောက်လာခဲ့သည်။

တိုက်ခိုက်ခံရသူက အံမခန်း ခံစစ်စွမ်းအားကိုပိုင်ဆိုင်သည့် မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ရွှေခန္ဓာ ဖြစ်နေသည့်တိုင် မမျှော်လင့်ဘဲ အလစ်တိုက်ခိုက်ခံရသည်ဖြစ်ရာ အသက်မသေသည့်တိုင် ပြင်းထန်သော ဓားချက်ကို ထိရောက်စွာ ခုခံနိုင်ခြင်းမရှိခဲ့ပေ။

ဖန်းယွင်ရှန်း၏ ဓားချက်အောက်တွင် မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေမှာ အပိုင်းပိုင်းပြတ်တောက်ပြီး တစ်စစီအက်ကွဲသွားတော့သည်။

ဟုတ်ပေ၏။

မိုးကြိုးလျှပ်စီးဗုဒ္ဓက ခံစစ်စွမ်းအားကောင်းသူဖြစ်သည့်အပြင် နဂိုကပင် နျဲ့ကျင်းရှန်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ရန်သူနှင့် တိုက်ခိုက်နေရသဖြင့် ခံစစ်ကို တိုးမြှင့်ထားသောကြောင့်သာ ဖန်းယွင်ရှန်း၏ဓားချက်က သူ့အသက်ကို နှုတ်ယူမသွားခြင်း ဖြစ်၏။

ဗုဒ္ဓနယ်မြေပျက်ဆီးသွားသည့်တိုင် သူ၏ ရွှေခန္ဓာက ဒြပ်ရှိဒြပ်မဲ့ သဘောတရားနှစ်ခု တပြိုင်တည်းပေါင်းစပ်သွားသည့်ပမာ မရေရာသော အခြေအနေတစ်ခုသို့ ကူးပြောင်းသွားပြီး ပိုမိုစူးရှသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။

ဤနည်းဖြင့် သူက ဖန်းယွင်ရှန်၏ အန္တရယ်ကြီးမားသောတိုက်ကွက်ကို မနည်းခုခံလိုက်ရသည်။

ထိုအချိန်မှာပင် ဖန်းယွင်ရှန်း၏ 'ဝိညာဉ်ခေါ်ခေါင်းလောင်း' သံက မြည်ဟည်းလာပြီး မိုးကြိုးလျှပ်စီးဗုဒ္ဓ၏လှုပ်ရှားမှုများသည် သိသိသာသာကြီး တုံ့ဆိုင်းသွားသည်။

ထိုအချိန် ပန်ပန်မှ ဖန်ဆင်းထားသော ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာ ထွက်ပေါ်လာပြီး ရူယိရွှေတုတ်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ကြာပန်းစိမ်းရတနာအလံမှာ မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ လက်ထဲမှ လွင့်စင်ထွက်သွားတော့၏။

အသင့်စောင့်နေသည့် ရန်ကျောက်ကဲက လွင့်စင်လာသည့်အလံကို အမိအရ ဖမ်းယူလိုက်သည်။

ကွမ်ယင်ဗောဓိသတ္တန ၊ ဖူရှန်ဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကျွမ်းကျင်သူများက ကြားဖြတ်ဟန့်တားရန် ကြိုးစားကြသော်လည်း ဖန်းယွင်ရှန်း၊ ပန်ပန်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့က တားဆီးလိုက်ကြသည်။

တစ်ဖက်မှာလည်း နွားရိုင်းမိစ္ဆာဘုရင်၊ ခြင်္သေ့နတ်ဘုရားနှင့် အခြားသော မဟာနတ်မိစ္ဆာများအပြင် နတ်ဆိုးသခင်အချို့ကလည်း ရန်လိုသောအကြည့်များဖြင့် ပတ်ပတ်လည် ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

အင်အားစုအသီးသီး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များအနေဖြင့် ဤနေရာမှ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ပါ့မလားဟူသောအချက်ကိုသာ အဓိက ပူပန်ရတော့၏။

ထိုစဉ် တိုက်ပွဲစစ်မြေပြင်နှင့် ဝေးကွာသော အရပ်တစ်ခုမှ စူးရှတောက်ပသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ထွက်ပေါ်လာပြီး ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ပျံ့လွင့်လာသည်။

စကြာမုနိသရီရဓာတ်တော်ကို ရှာဖွေရန်အတွက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့်အတူ အနောက်ဘက်သူတော်စင်ဘုံတွင် အစီအရင်ကိုထိန်းသိမ်းရင်းကျန်ရစ်ခဲ့ကြသော ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်များ အခြေအနေကိုသိသဖြင့် ထပ်မံစစ်ကူစေလွှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲလက်ထဲသို့ ကျရောက်သွားပြီဖြစ်သော 'ကြာပန်းစိမ်းရတနာအလံ' ကို ကြည့်ရင်း ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်များအားလုံး တိတ်ဆိတ်သွားမိကြသည်။

သူတို့က အလံကို ပြန်လုရန် ကြိုးစားခဲ့ကြသော်လည်း ဖန်းယွင်ရှန်းတို့အုပ်စု၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။

ယနေ့တိုက်ပွဲကတော့ အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် မည်သည့်နည်းနှင့်မှ မအောင်မြင်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားပေပြီ။

ဟုတ်ပေ၏။

ဗုဒ္ဓဘာသာဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာသကဲ့သို့ နတ်မိစ္ဆာများ ၊ လမ်းမှန်တာအိုဝါဒ ၊ ငရဲကိုးထပ်ဘက်မှ နောက်ထပ်စစ်ကူများလည်း ရောက်ရှိလာနိုင်သည်။

ထို့ပြင် မဟာမာရူယိကလည်း စကြာမုနိသရီရဓာတ်တော်နောက်သို့ လိုက်ပါသွားခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ဗုဒ္ဓဘာသာဘက်မှ ဤတိုက်ပွဲတွင် ပြန်လည်အသာစီးရဘူရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ အခြေအနေမှာ ပိုမိုဆိုးရွားပြီး ခက်ခဲလာနိုင်သည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများ သက်ပြင်းကိုယ်စီချလိုက်ကြပြီး ရတနာအလံကို ပြန်လည်ရယူရန် မကြိုးစားကြတော့ဘဲ နေရာမှ ဆုတ်ခွာရန်သာ စတင်ပြင်ဆင်ကြသည်။

ထိုအချိန် ရန်ကျောက်ကဲ အကြည့်က နျဲ့ကျင်းရှန်ဆီသို့ ကျရောက်သွားသည်။

နျဲ့ကျင်းရှန်က ယနေ့ ရတနာလုပွဲကြီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး စကြာမုနိသရီရဓာတ်တော်ကို လုယူကာ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ထံသို့ လွှဲပြောင်းပေးခဲ့သလို မဟာမာရူယိကိုပါ ဤနေရာမှ ဆုတ်ခွာသွားရအောင် ဖိအားပေးနိုင်ခဲ့သည်။

ယခု သူက တာဝန်ပြီးဆုံးသဖြင့် ဓားကို ပြန်လည်သိမ်းဆည်းလိုက်ပေပြီ။ ဤတိုက်ပွဲတွင် သူ့အနေဖြင့် ဆက်လက်ပါဝင်ရန် မလိုအပ်တော့ပေ။

သူက ရှုပ်ထွေးပွေလီသော တိုက်ပွဲကြီးကို စိတ်မဝင်စားဘဲ နောက်သို့လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။

“ဂိုဏ်းတူအစ်ကို’နျဲ့’”

ရန်ကျောက်ကဲက လှမ်းခေါ်လိုက်သည့်တိုင် နျဲ့ကျင်းရှန်က ခြေလှမ်းများကို ရပ်တန့်ခြင်း မရှိခဲ့ပေ။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက သူမကို တစ်ချက်ခေါင်းခါပြလိုက်ပြီး နျဲ့ကျင်းရှန်နောက်သို့ ပြေးလိုက်သွားလေသည်။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲအတွက် စိတ်ပူသွားပြီး သူ့နောက်သို့ အလျှင်အမြန်ပင် လိုက်ပါသွားသည်။

All Chapters