← Chapters

အခန်း (၁၆၄၆)

Vol. 118 Ch. 1646

အခန်း (၁၆၄၆)

Vol. 118 Ch. 1646

အခန်း (၁၆၄၆) ပြတ်သားရက်စက်စွာသတ်ဖြတ်

ထိုက်ယီကျန်းရန်က ကြာပန်းကို ထုတ်ယူပြီးနောက် နီကျားဘက်သို့ ဦးတည်ကာ ဂရုတစိုက် ဝှေ့ယမ်းလိုက်သည်။

နီကျားက ကြောင်တောင်တောင် အကြည့်ဖြင့် ခေါင်းလှည့်ကြည့်လာသော်လည်း ထိုက်ယီကျန်းရန်နှင့် ကြာပန်းကို ကြည့်နေသည့် သူ၏မျက်ဝန်းများထဲတွင်မူ မည်သည့်အသိစိတ်မှ ကိန်းအောင်းနေခြင်း မရှိပေ။

ဤသည်ကိုမြင်မှ ထိုက်ယီကျန်းရန်က စိတ်သက်သာရာ ရသွားသည်။

သူက အခြားလက်တစ်ဖက်ဖြင့် ဗလာနယ်ထဲတွင် အင်းသင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။ ထိုအင်းသင်္ကေတက ဟင်းလင်းပြင်ထဲ ပျံသန်းဝင်ရောက်သွားပြီး မိုးရေစက်များပမာ ဖြူလွလွ အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။

အဖြူရောင်အလင်းတန်းမိုးများ ကျဆင်းလာသည်အထိ နီကျားက မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ပေ။ သို့သော် သူ၏မျက်ဝန်းထဲမှ နီရဲသော အလင်းတန်းကတော့ ပိုမိုကြည်လင်ကာ စူးရှတောက်ပလာသည်။

တစ်ချိန်တည်းမှာပင် ကြာပန်းကဲ့သို့ နူးညံ့လှသော သူ၏အသားအရေထက်တွင်လည်း အနီရောင်ဖျော့ဖျော့အလင်းတန်းများ ထွက်ပေါ်လာသည်။

အနီရောင်အလင်းတန်းများက အဖြူရောင်အလင်းတန်းမိုးများနှင့် တစ်သားတည်းကျသွားကာ နီကျား၏ခန္ဓာကိုယ်သည်လည်း ဆတ်ခနဲတုန်ခါသွားသည်။

ထို့နောက် သူ၏ မျက်ဝန်းများ ၊ နှာခေါင်း ၊ နားရွက်နှင့် ပါစပ် ဒွါရ (၇)‌ပေါက်မှ အစိမ်းရောင်သန်းနေသည့် သွေးပုပ်များစီးကျလာ၏။

နီကျား၏မျက်နှာထက် နာကျင်သည့်အရိပ်အယောင်မရှိသော်လည်း အစောပိုင်းက အသိမဲ့နေသော မျက်ဝန်းများက ရုတ်ချည်းပင် ဒေါသတကြီး ရုန်းကန်လိုစိတ်များ ထွက်ပေါ်လာသည်။

ထိုသွေးပုပ်များထဲတွင် ပြင်းထန်လှ‌သော အငြိုးအာဃာတတရားများနှင့် မိစ္ဆာချီများ ကိန်းအောင်းနေသည်။

ထိုသွေးများက သာမန်ဒဏ်ရာကြောင့်ထွက်လာသည့်သွေးမဟုတ်ဘဲ မကောင်းသော အတွေးအကြံများနှင့် မပြောပျောက်နိုင်သော အငြိုးအတေးများမှ အသွင်ပြောင်းလာခြင်း ဖြစ်သည်။

ထိုမြင်ကွင်းကိုတွေ့သည့်တိုင် ထိုက်ယီကျန်းရန်က ပျာယာခတ်သွားခြင်း မရှိပေ။

သို့သော်လည်း သူ၏မျက်နှာက ပိုမိုတည်ကြည်လေးနက်သွားပြီး လုပ်ဆောင်နေသည်များကို ယခင်ကထက်ပင် ပိုမိုသတိထားကာ လုပ်ဆောင်လိုက်သည်။

သူက အဖြူရောင်အလင်းတန်းများ နီကျား၏တစ်ကိုယ်လုံး ဖုံးလွှမ်းသွားစေရန် အဆက်မပြတ်ပြုလုပ်ပေးရင်း လက်ထဲမှ ကြာပန်းကိုလည်း ညင်သာစွာဝှေ့ယမ်းလျှက် ရှိသည်။

ကြာပန်းမှ ရောင်စုံအလင်းတန်းများထွက်ပေါ်လာပြီး နီကျားထံသို့ ကျရောက်သွားသည်။

***

အခြားတစ်ဖက်မှာတော့ ဖူရှန်ဗောဓိသတ္တ၊ နာရာယဏဗုဒ္ဓနှင့် အခြားသော ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာကျွမ်းကျင်သူများအားလုံး မျက်စိမျက်နှာပျက်လျှက် ရှိသည်။

သူတို့က ‌ရှေ့တိုးရန်ပြင်လိုက်တိုင်းလည်း ရန်ကျောက်ကဲတို့အုပ်စုက လမ်းပိတ်ထားကြလေသည်။

နာရာယဏဗုဒ္ဓ အမှတ်မထင် သတိလက်လွတ်ဖြစ်သွားချိန် ရန်ကျောက်ကဲက မူလပရမ်းပတာတူဖြင့် လှမ်း၍ ထုနှက်လိုက်သည်။

တစ်ဆက်တည်းပင် မဟာသူတော်စင်ရွှေခန္ဓာ၏ ရူယိရွှေတုတ်ကလည်း တစ်ပါတည်း ရောက်ရှိသည်။

ဖူရှန်ဗောဓိသတ္တနှင့် အခြားသူများသာ နာရာယဏဗုဒ္ဓကို အချိန်မီ ဝင်မကယ်ပါက နေရာမှာပင် အသက်ပျောက်သွားနိုင်ပေသည်။

ဗုဒ္ဓဘာသာကျင့်ကြံသူများအနေဖြင့် အခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။ တစ်ဖက်ကို ကာကွယ်လိုက်လျှင် တစ်ဖက်က အန္တရယ်ကျရောက်မည့်အနေအထားသို့ ရောက်ရှိသွားသည်။

ဖူရှန်ဗောဓိသတ္တက နာရာယဏဗုဒ္ဓကို ကယ်လိုက်စဉ် အခြားသော အခြားသော မဟာသူတော်စင်ရွှေခန္ဓာတစ်ခုက ဝုန်းခနဲ ပြေးဝင်လာပြီး ပတ္တမြားတံခွန်ဗုဒ္ဓကို ဆောင့်ကန်ချလိုက်သည်။

ရန်ကျောက်ကဲကလည်း မူလပရမ်းပတာတူကို ချက်ချင်းပင် ပစ်မှတ်ကို ပြောင်းလဲကာ ပတ္တမြားတံခွန်ဗုဒ္ဓအား ထုနှက်ချလိုက်၏။

မူလပရမ်းပတာတူက ပတ္တမြားတံခွန်ဗုဒ္ဓ၏ ဦးခေါင်းထက်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ပုံမှန်ဆိုလျှင် ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ရွှေခန္ဓာက အသက်ဓာတ်စွမ်းအား ပြင်းထန်လွန်သည်။ သို့သော် ယခုတော့ ပတ္တမြားတံခွန်ဗုဒ္ဓ၏ ဦးခေါင်းခွံက အတွင်းသို့ချိုင့်ဝင်သွားပြီး အက်ကွဲပျက်ဆီးသွားရသည်။

သူက ပြူးကျယ်သည့်မျက်ဝန်းအစုံဖြင့် ရန်ကျောက်ကဲကိုကြည့်နေသည့်တိုင် စကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။

“မင်းတော့ ဒီမှာပဲ ဇာတ်သိမ်းပြီထင်တယ်”

ရန်ကျောက်ကဲက အေးဆေးစွာပင် ပြောလိုက်သည်။

ပတ္တမြားတံခွန်ဗုဒ္ဓ သက်ပြင်းရှည်တစ်ချက်သာချနိုင်ပြီး နောက်ဆုံးထွက်သက်ကို စွန့်လွှတ်လိုက်ရသည်။ သူက လက်အုပ်ချီလိုက်ပြီးနောက် နေရာမှာပင် အသက်ပျောက်သွားတော့၏။

သူ၏ခန္ဓာကိုယ်တွင်းမှ နီရဲသောမီးလျှံများတောက်ပလာပြီး ရွှေခန္ဓာတစ်ခုလုံး ပြာကျသွားကာ သူဖန်တီးထားသည့် ဗုဒ္ဓနယ်မြေသည်လည်း ကွယ်ပျောက်သွားသည်။

အရာအားလုံး လောင်ကျွမ်းပျက်ဆီးသွားပြီးနောက် အနီရောင်မီးလျှံများသာလျှင် ကျန်ရစ်ခဲ့သည်။

ထို့နောက် အနီရောင်မီးလျှံများအားလုံး သူ၏ဦးခေါင်းထက်မှ သရီရဓာတ်တော်ဆီသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

အလယ်ခေတ်တွင် တရားအလင်းရခဲ့ပြီး အလယ်ပိုင်းသုခဘုံစစ်ပွဲနှင့် မဟာကပ်ဘေးကြီးတွင် အသက်ရှင်သန်နိုင်ခဲ့သော ပတ္တမြားတံခွန်ဗုဒ္ဓမှာ ယခုတော့ ရန်ကျောက်ကဲလက်ချက်ဖြင့် သေဆုံးသွားရပေမည်။

“အော်မီတော်ဖော်...”

ဖူရှန်ဗောဓိသတ္တနှင့် အခြားသောဗုဒ္ဓဘာသာကိုယ်တော်များ တပြိုင်တည်း ရေရွတ်လိုက်ကြသည်။

မျက်စိရှေ့မှ အခြေအနေကိုကြည့်ပြီး ဖူရှန်ဗောဓိသတ္တ ခေါင်းခါယမ်းလိုက်မိသည်။

လောလောဆယ်တွင် နီကျား တိုက်ပွဲအတွင်း ပါဝင်နိုင်ခြင်းမရှိသေးသော်လည်း ဗုဒ္ဓဘာသာကျင့်ကြံသူများဘက်မှ ထိုခိုက်ကျဆုံးမှုများ ရှိလာသည်ဖြစ်ရာ တိုက်ခိုက်စွမ်းရည် သိသိသာသာ လျော့ကျလာ၏။

သူတို့အတွက် တိုက်ပွဲဆက်လက်ဆင်နွှဲရန် မဖြစ်နိုင်တော့ပေ။

အနောက်ဘက်သူတော်စင်ဘုံသည်လည်း သူတို့ကိုကူညီရန် အချိန်တိုအတွင်း စစ်ကူထပ်လွှတ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဖူရှန်ဗောဓိသတ္တက နာရာယဏဗုဒ္ဓနှင့် အခြားသူများကိုခေါ်ဆောင်ကာ ပြန်လည်ဆုတ်ခွာရန် ဟန်ပြင်လိုက်သည်။

သူက တပည့်ဖြစ်သူ ‘မုကျား’ ကို ကယ်တင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတော့ သက်ပြင်းတစ်ချက်ချရင်း စကြာဝဠာဗလာနယ်ထဲမှ ထွက်ခွာသွားလေသည်။

ရန်ကျောက်ကဲတို့အုပ်စုကလည်း လိုက်လံတိုက်ခိုက်ခြင်း မပြုပေ။

လက်ရှိတွင် ထိုက်ယီကျန်းရန်နှင့် နီကျားတို့အခြေအနေက ပိုပြီး အရေးကြီးလေရာ မလိုလားအပ်သောပြဿနာများ ဖြစ်မလာစေရန် နေရာမှာပင် စောင့်ကြည့်နေခဲ့သည်။

“ဟူး...”

ထိုက်ယီကျန်းရန်က သက်ပြင်းဖွဖွချလိုက်ပြီး လက်ဟန်တစ်ချက် ပြောင်းလဲလိုက်သည်။

ယင်ယန်စက်ဝန်းကွင်းက နီကျားလည်ပင်းထက်သို့ ပြန်လည်ရောက်ရှိသွားသည်။

ကောင်းကင်ရက်ထည်သည်လည်း နီကျားလက်မောင်းထက် ပတ်လျက်သားရှိနေပြီး လေတိုက်ခတ်ခြင်းမရှိသည့်တိုင် တဖျတ်ဖျတ်လွင့်မျောလျှက် ရှိ၏။

သူ၏ခြေဖဝါးအောက်မှ လေမီးလျှံဘီးများကလည်း အဆက်မပြတ်လည်ပတ်နေပြီး သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော မီးတောက်လှံသည်လည်း တဆတ်ဆတ် တုန်ခါလျှက် ရှိသည်။

ထိုခဏတွင် နီကျား၏ အဆောင်အယောင် ရတနာပစ္စည်းများအားလုံး အသက်ဝင်လာသည့်နှယ် ထင်မှတ်ရသည်။

ထိုရတနာပစ္စည်းများက နီကျားအား ထိန်းသိမ်းပေးထားပြီး ထိုက်ယီကျန်းရန်ကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီပေးနေကြသည်။

ဤရတနာအများစုက နဂိုကတည်းကပင် ထိုက်ယီကျန်းရန်က နီကျားကိုပေးအပ်ထားသည့် ပစ္စည်းများ ဖြစ်သည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်ထဲမှကြိတ်ပြီး ချီးကျူးလိုက်မိသည်။

နီကျား၏မျက်ဝန်းများက မရေမရာဖြင့် ဝေဝါးနေဆဲဖြစ်သည့်တိုင် ဒေါသတကြီး ရုန်းကန်လိုစိတ်များ အတော်လေး လျော့နည်းသွားပေပြီ။

သူ၏မျက်ခုံးနှစ်ခုကြားမှ မိစ္ဆာချီများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

တစ်ဖက်မှာတော့ သူ၏ ဒွါရခုနစ်ပေါက်မှ စီးကျနေသည့် သွေးစိမ်းပုပ်များထဲရှိ မိစ္ဆာချီများနှင့် အငြိုးအတေးအာဃာတများက တစ်စတစ်စ ပိုမိုပြင်းထန်လာသည်။

ဖူရှန်ဗောဓိသတ္တ၏ ဓမ္မသုံးဖြာရွှေကြာပန်း နှောက်ယှက်မှုမရှိတော့သဖြင့် ထိုက်ယီကျန်းရန်၏ နဂါးကိုးကောင်ငရဲအုပ်ဆောင်းက ချက်ချင်းပင် ပြန်လည်အသုံးဝင်လာခဲ့သည်။

အုပ်ဆောင်းကို ဝန်းရံထားသည့် မီးနဂါးကိုးကောင်းက တပြိုင်တည်း မီးတောက်မီးလျှံများ မှုတ်ထုတ်လိုက်ကြသည်။

ပြင်းထန်သော မီးတောက်မီးလျှံမျာက နီကျား၏ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားသော်လည်း ထိခိုက်မှုမရှိစေဘဲ သွေးစိမ်းပုပ်များကိုသာ လောင်ကျွမ်းပစ်လိုက်သည်။

သွေးပုပ်များက အဆက်မပြတ်စီးကျနေပြီး တစ်ဖက်ကလည်း လောင်ကျွမ်းပစ်နေသည်ဖြစ်ရာ ဖြစ်စဉ်က အဆုံးမရှိနိုင်တော့သည့်အလား ထင်မှတ်ရသည်။

သို့သော် ထိုက်ယီကျန်းရန်၏မျက်နှာထက်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်သည့်အမူအရာများထွက်ပေါ်လာပြီး စိတ်သက်သာရာရသွားဟန်လည်း ရှိသည်။

သူက သွေးပုပ်များကို ဖယ်ရှားပြီးနောက် လက်ထဲမှကြာပန်းအားထပ်မံဝှေ့ယမ်းလိုက်ရာ နီကျား၏ အသိမဲ့နေသောမျက်ဝန်းအစုံက အိပ်မောကျသည့်ပမာ ဖြည်းဖြည်းချင်း မှေးမှိတ်သွားပြီး သူ၏ခန္ဓာကိုယ်သည်လည်း အလိုအလျောက်ပင် ထိုက်ယီကျန်းရန်ရှိရာသို့ လွင့်မျောလာသည်။

ထိုက်ယီကျန်းရန်၏လက်ထဲမှ ကြာပန်းသည်လည်း တဖြည်းဖြည်း ကြီးထွားလာပြီး နီကျား၏ခန္ဓာကိုယ်ကို ပင့်မကာ ကြာပန်းထက်တွင် အေးချမ်းစွာ အိပ်စက်စေခဲ့သည်။

နဂါးကိုးကောင်ငရဲအုပ်ဆောင်းက ကြာပန်းထက်တွင် ပျံဝဲနေပြီး မီးလျှံများက နီကျားထံမှစီးကျလာသော သွေးပုပ်များကို သန့်စင်ပေးနေဆဲ ဖြစ်၏။

ရန်ကျောက်ကဲ၊ လုန်ရှင်းချွမ်နှင့် တာအိုဆရာ’ဖြန့်ထျန်း’ တို့က ရှေ့သို့တိုးလာပြီး...

“ဂုဏ်ယူပါတယ် အကြီးအကဲ”

ထိုက်ယီကျန်းရန်က...

“အခုမှ အစပဲရှိသေးတယ် ၊ နောက်ပိုင်း ဘယ်လောက်တောင် အချိန်ပေးရဦးမလဲ မသိသေးဘူး"

ထိုသို့ပြောလိုက်သည့်တိုက် သူ၏မျက်နှာထားက အတော်လေးပေါ့ပါးပြီး ပြုံးရိပ်သန်းလျှက် ရှိသည်။

ရန်ကျောက်ကဲကလည်း ပြုံးလိုက်ပြီး...

“အစကောင်းတယ်ဆိုတော့... တစ်ဝက်ခရီးရောက်ပြီလို့ ပြောလို့ရပါတယ်ဗျာ”

ထိုက်ယီကျန်းရန်က ခေါင်းညိတ်လျှက် ပြုံးလိုက်ရင်း...

“မင်းရဲ့ နိမိတ်ကောင်းတဲ့စကားအတွက်‌ ကျေးဇူးပါပဲ”

ထို့နောက် သူက မဟာသူတော်စင်ရွှေခန္ဓာ၏ ဖမ်းဆီးခြင်းခံထားရသော မုကျားကိုလှမ်းကြည့်ကာ မေးလိုက်သည်။

"မိတ်ဆွေလေး'ရန်'... သူ့ကို ဘာလုပ်ဖို့ စဉ်းစားထားလဲ”

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“ကျွန်တော့်အတွက် အရေးမကြီးပါဘူး ၊ အကြီးအကဲသဘောအတိုင်းသာ စီမံလိုက်ပါ”

ယခု မုကျား‌ ဒေါသထွက်နေခြင်း မရှိတော့ပေ။

သူက ရန်ကျောက်ကဲနှင့် ထိုက်ယီကျန်းရန်ကို မည်သည့်ခံစားချက်မှမရှိသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ရင်း စကားတစ်ခွန်းကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေသည်။

“ငါက ငါ့အဖေနဲ့အတူ ဒီကပ်ဘေးကို ရင်ဆိုင်ချင်ရုံပါ”

ထိုက်ယီကျန်းရန်က သက်ပြင်းတစ်ချက်ချရင်း...

"မိုက်မဲလိုက်တာ..."

သူက စကားများစွာမပြောတော့ဘဲ လက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။

မုကျား၏ခန္ဓာကိုယ်ထက်တွင် မည်သည့်ဒဏ်ရာမှထွက်ပေါ်မလာသောလည်း သူ၏မျက်ဝန်းအစုံမှေးမှိတ်ပြီး အသက်ကုန်ဆုံးသွားလေသည်။

ရန်ကျောက်ကဲကတော့ ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့်ပင် မြင်ကွင်းကို ငေးစိုက်ကြည့်နေသည်။

သို့သော် သူ့စိတ်ထဲမှာတော့ အစောပိုင်းအချိန်များတွင် စိတ်အားထက်သန်စွာ တက်ကြွနေခဲ့သော မုကျားနှင့် ပထမဆုံး ဆုံတွေ့ခဲ့သည့်ပုံရိပ်များကို ပြန်လည်မြင်ယောင်နေမိသည်။

ယခုတော့ အရာအားလုံးက ပြာမှုန့်အဖြစ်သာ အဆုံးသတ်သွားခဲ့ရပေပြီ။

ရန်ကျောက်ကဲကတော့ မုကျားအပေါ် အကောင်းစိတ် မရှိခဲ့ပေ။ သို့သော် သူ့အပေါ် ရန်သူပမာ ထိပ်တိုက်ရင်ဆိုင်လာသူကိုတော့ သက်ညှာပေးမည် မဟုတ်ပေ။

မုကျား၏စရိုက် မည်သို့ပင်ရှိစေကာမူ လီကျင်းနှင့်ပတ်သက်သော သူ၏အမြင်က နီကျားနှင့် လုံးဝကွဲပြားသည်မှာ ထင်ရှားသည်။

လီကျင်းက နီကျားလက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်သည်။

ထို့ကြောင့် မုကျားနှင့် နီကျားတို့သည်လည်း ဘယ်သောအခါမှ ပြန်လည်သင့်မြတ်ကြတော့မည် မဟုတ်ပေ။

ထိုက်ယီကျန်းရန်က မုကျားကို သတ်ဖြတ်လိုက်ခြင်းက နီကျားအတွက် ရန်တစ်စ ရှင်းပေးလိုက်ခြင်းသာ ဖြစ်သည်။

သူ၏တပည့်အပေါ် ငဲ့ညှာစွာဖြင့် စဉ်းစားပေးလိုက်ခြင်း ဖြစ်သော်လည်း တစ်ဖက်မှကြည့်လျှင်တော့ မုကျားအတွက် အလွန်ပင် ရက်စက်လွန်းလှပေသည်။

သို့သော် ထိုက်ယီကျန်းရန်ဆိုသည်က ရှေးခေတ်ကာလကတည်က ပြတ်သားရက်စက်ရာတွင် နာမည်ကြီးတစ်ယောက်ဖြစ်လေရာ ရန်ကျောက်ကဲကတော့ သူ၏လုပ်ရပ်အပေါ် အံ့အားသင့်မနေခဲ့ပေ။

All Chapters