အခန်း (၁၆၄၇)
Vol. 118 Ch. 1647
အခန်း (၁၆၄၇) အတော်ရှုပ်ထွေးပွေလီတဲ့ကိစ္စတွေပဲ
ထိုက်ယီကျန်းရန်ကတော့ မုကျားအသက်ကို နှုတ်ယူလိုက်ခြင်းအပေါ် မည်သည့်ခံစားချက်မှမရှိဘဲ နီကျားကိုသာ ပြန်လည်အာရုံစိုက်လိုက်သည်။
သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ကြာပန်းပွင့်က နီကျားကိုပင့်မလျှက် အထက်သို့ ပျံတက်သွားသည်။
အထက်တွင်ရှိနေသည့် နဂါးကိုးကောင်းအုပ်ဆောင်းမှာလည်း ယခင်ကထက် ပိုမိုကြီးမားလာပြီး နီကျားနှင့် ကြာပန်းတို့ကို ငုံအုပ်ဖုံးလွှမ်းလိုက်သည်။
အုပ်ဆောင်းထက်တွင်ရှိနေသည့် မီးနဂါးကိုးကောင်းက မီးတောက်မီးလျှံများကို မပြတ်တမ်း မှုတ်ထုတ်နေလေသည်။
သို့သော် ယခုတစ်ကြိမ်မှာတော့ နီကျားကို ဖိနှိပ်ရန်မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီများနှင့် အငြိုးအာဃာတများကို ဖယ်ရှားသန့်စင်ပေးနေခြင်း ဖြစ်၏။
ဤသို့လုပ်ဆောင်မှုအားလုံးက နီကျား ပြန်လည်သက်သာလာစေပြီး တတ်နိုင်သမျှ အမြန်ဆုံး ပုံမှန်အခြေအနေသို့ ပြန်ရောက်လာစေရန် ကူညီပေးနေခြင်း ဖြစ်သည်။
နီကျား၏ ခန္ဓာကိုယ်ထဲမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏အရေပြားမျက်နှာပြင်ထက် ရစ်သိုင်းလျှက် ရှိသည်။
ဤသည်က ထိုက်ယီကျန်းရန်၏ ကနဦးကြိုးပမ်းမှု အောင်မြင်သွားသည်ဆိုသော အဓိပ္ပါယ်သာပင်။
နီကျားအား အမှောင်ထဲသို့ ပိုမိုနက်ရှိုင်းစွာ နစ်မွန်းမသွးစေရန်နှင့် သွေးဆာနေသည့် အခြေအနေဆိုးထဲ ကျရောက်မသွားစေရန် တားဆီးပေးနိုင်ခဲ့ပေပြီ။
ယခု ဆက်လက်လုပ်ဆောင်ရမည်မှာ နီကျားစိတ်ထဲမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖြည်းဖြည်းချင်း ချေဖျက်ပေးရန်နှင့် သွေးဆာမှုများ လျော့ပါးသွားအောင် ပြုလုပ်ပေးရန် ဖြစ်သည်။
ထိုသို့ပြုလုပ်နိုင်မှသာ နောင်အနာဂတ်အတွက် စိတ်အေးရပေမည်။
သို့သော် ဤသို့ပြုလုပ်ရန် အတော်လေး အချိန်ယူရမည်ဖြစ်ပြီး ထိုက်ယီကျန်းရန်ကလည်း တစ်လျှောက်လုံး ဂရုတစိုက် စောင့်ရှောက်ပေးရပေမည်။
မတော်တဆ အမှားအယွင်း တစ်ခုခုရှိခဲ့လျှင် ယခင်ကြိုးပမ်းခဲ့သမျှ အားလုံး အလဟဿ ဖြစ်သွားနိုင်၏။
ယခင်က တရစပ် သောင်းကျန်းနေခဲ့သော နီကျားနှင့် နှိုင်းယှဉ်လျှင် ယခုအခြေအနေက ထိုက်ယီကျန်းရန်အတွက် ပိုမိုထိန်းချုပ်ရလွယ်ကူပြီး စိတ်ချရသည့်အနေအထားသို့ ရောက်ရှိသွားပေပြီ။
ထိုက်ယီကျန်းရန်က ရန်ကျောက်ကဲနှင့် လုန်ရှင်းချွမ်ကို လှမ်းကြည့်လိုက်ပြီး...
“လမ်းမှန်တာအိုဝါဒက ကနဦးပုံစံပြီးပြည့်စုံတဲ့ စကြာဝဠာအသစ် တည်ထောင်ထားတယ်လို့ လူငယ်လေး’ယင်’ ဆီက သတင်းကြားထားတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်ပါတယ် ၊ ကျွန်တော်တို့ လမ်းမှန်ဝါဒက စုစုပေါင်း စကြာဝဠာ (၆)ခု တည်ထောင်ထားပါတယ်”
ထိုက်ယီကျန်းရန်က...
"နီကျားရဲ့ လက်ရှိအခြေအနေက မတည်ငြိမ်သေးဘူး၊ ဒါကြောင့် ငါသူ့ကိုခေါ်ပြီး တံခါးပိတ်ကျင့်ကြံဖို့လိုလိမ့်မယ် ၊ အဲဒါ မင်းတို့ဆီက စကြာဝဠာတစ်ခုလောက် ငှားလို့ရမလား မသိဘူး”
သူက ယဉ်ကျေးစွာပင် တောင်းဆိုလာခြင်း ဖြစ်သည်။
ဟုတ်ပေ၏။
နီကျား၏ လက်ရှိအခြေအနေက အဆင်ပြေပုံရသော်လည်း ပြဿနာက ပြီးပြတ်ခြင်း မရှိသေးပေ။
အကယ်၍ ဤဖြစ်စဉ်အတွင်း တစ်ခုခု လွဲချော်သွားပါက မမျှော်လင့်သော ရလဒ်များ ဖြစ်ပေါ်လာနိုင်ပြီး ကျူတောပင်လယ်ကောင်းကင်ဘုံနှင့် အခြားသော နေရာများအတွက် ကပ်ဘေးကြီး ဆိုက်ရောက်သွားစေနိုင်သည်။
ထိုသို့ဖြစ်လာလျှင် နီကျားကို တားဆီးနိုင်ခဲ့လျှင်ပင် ကြီးမားသော ဆုံးရှုံးမှုများနှင့် သေချာပေါက် ကြုံတွေ့ရပေမည်။
သူတို့ဆရာတပည့်နှစ်ယောက်ကို မဟာပျက်သုဉ်းခြင်းမူလနန်းတော်မှာပင် နေထိုင်စေမည်ဆိုလျှင်လည်း ထိုနေရာက တာအိုဝါဒစကြာဝဠာ(၆)ခုနှင့် အလွန် ဝေးကွာလွန်းသည်။
စန်းချင်းသုံးပါး အဆက်အနွယ်များအနေဖြင့် သူတို့နှစ်ယောက်ကို ကာကွယ်ပေးရန် အဆင်မပြေလှပေ။
သို့သော် ရန်ကျောက်ကဲအတွက် ဤကိစ္စက သိပ်ပြီးပြဿနာမရှိလှပေ။
ကျူတောပင်လယ်ကောင်းကင်ဘုံကဲ့သို့သော နေရာများက အလုံးစုံ စနစ်တကျ ပြီးပြည့်စုံခြင်းမရှိသေးသော်လည်း အသစ်တည်ထောင်ထားသည့် စကြာဝဠာများ ဖြစ်ကြသည်။
ရန်ကျောက်ကဲအနေဖြင့် သူ အသစ်ဖန်ဆင်းထားသော စကြာဝဠာကို ထိုက်ယီကျန်းရန်အား မပေးနိုင်စရာ အကြောင်းမရှိပေ။
အလွန်ဆုံးရှိမှ ယခင်က လူဦးရေပြောင်းရွှေ့ နေရာချထားပေးမည့်အစီအစဉ်ကို အနည်းငယ် ရွှေ့ဆိုင်းလိုက်ရုံသာ ရှိသည်။
ထိုက်ယီကျန်းရန်က ရက်စက်ပြတ်သားသူဖြစ်သော်လည်း သူတစ်ပါးနေရာကို အတင်းအဓမ္မလုယူမည်သူမဟုတ်ကြောင်း ရန်ကျောက်ကဲ နားလည်ထားသည်။
ထို့ကြောင့် စိုးရိမ်ပူပန်မှုတော့ မရှိလှပေ။
ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ် အရိုအသေပြုလိုက်ရင်း...
“အကြီးအကဲက ယဉ်ကျေးလွန်းနေပါပြီ ၊ အအကြီးအကဲနဲ့ ကြာပန်းပင်လယ်သုံးစင်းအရှင်တို့ လမ်းမှန်တာအိုဝါဒကို ပြန်ရောက်လာတာ ကျွန်တော်တို့အားလုံးအတွက် မင်္ဂလာရှိတဲ့သတင်းကောင်းတစ်ခုပဲကို...”
ထိုက်ယီကျန်းရန်က ယဉ်ကျေးစွာဖြင့်...
“ဒီလိုဆိုရင်တော့ ငါက မိတ်ဆွေလေး’ရန်’ ကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ပါတယ်”
ရန်ကျောက်ကဲက နဂါးကိုးကောင်ငရဲအုပ်ဆောင်းကို လှမ်းကြည့်လိုက်သည်။
ထို့နောက် ဖန်သားပမာကြည်လင်သော အုပ်ဆောင်းအောက်ရှိ ကြာပန်းထက်တွင် မီးတောက်မီးလျှံများဝန်းရံလျှက် အိပ်ပျော်နေသော နီကျားထံသို့ အကြည့်ရွှေ့လိုက်၏။
သူက ခပ်တိုးတိုးလေသံဖြင့်...
"ကျွန်တော်က ကြာပန်းပင်လယ်သုံးစင်းအရှင်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်တွေကို အများကြီး ကြားဖူးထားပါတယ် ၊ ဒါပေမဲ့ ဘယ်လောက်အထိ မှန်ကန်လဲဆိုတာတော့ မသေချာဘူး"
သူက ဆက်ပြောလိုက်သည်။
“တချို့ ကောလဟလတွေက စေတီရှင်နတ်မင်းရဲ့သဘောထားနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသလိုပဲ”
ထိုစကားကြားတော့ ထိုက်ယီကျန်းရန် ခဏမျှ တိတ်ဆိတ်သွားသည်။
“အရမ်းရှေးကျတဲ့ခေတ်က အကြောင်းအရာတွေကိုတော့ ငါလည်း အကုန်မမှတ်မိတော့ဘူး ၊ ဒါပေမဲ့ မင်းသိချင်တာရှိရင်မေးပါ ၊ ငါမှတ်မိရင် ဖြေတာပေါ့”
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် တာအိုဝါဒက ယခင်ကထက် ပိုမိုစည်းလုံးလာခဲ့သည်။
ထို့ပြင် ရန်ကျောက်ကဲကလည်း လောလောလတ်လတ် အကူအညီအများကြီးပေးထားသဖြင့် ထိုက်ယီကျန်းရန်က ထိုမျှသည်းခံနေခြင်း ဖြစ်သည်။
မဟုတ်ပါက သူက ဤမျှလောက် စကားအပိုပြောတတ်သူ မဟုတ်ပေ။
ရန်ကျောက်ကဲက...
"အဲဒီတုန်းက စေတီရှင်နတ်မင်းက နဂါးမျိုးနွယ်တွေကို ကြောက်နေခဲ့တယ်ဆိုရင်... သူက ဘာလို့ အကြီးအကဲနဲ့ တာအိုဝါဒက တန်ခိုးစွမ်းအားရှင်တွေကိုကျတော့ မကြောက်ရတာလဲ”
ရန်ကျောက်ကဲကလည်း ထိုက်ယီကျန်းရန်၏စရိုက်ကို ကောင်းစွာနားလည်သည်ပင်။
သို့သော် သူက သိချင်လွန်းသဖြင့် ထိုက်ယီကျန်းရန် စကားပြောရမည်ကို ဝန်လေးနေသည်ကို အရေးမစိုက်ဘဲ စိတ်ထဲရှိသည့်အတိုင်း မေးမြန်းလိုက်ခြင်း ဖြစ်၏။
ထိုက်ယီကျန်းရန်က ဖြည်းညင်းသည့်လေသံဖြင့်...
"လီကျင်းက မငြိမ်းသောမီးအိမ်တာအိုဆရာရဲ့တပည့်အဖြစ် အတော်နောက်ကျမှ ရောက်လာတာ ၊ ဒါပေမဲ့ အဲဒီမတိုင်ခင် အစောကြီးကတည်းက သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်မှုရှိနေပြီးသားပဲ”
သူက ဆက်ရှင်းပြသည်။
“အဲဒီတုန်းက အလယ်ပိုင်းသုခဘုံတို့ အနောက်ဘက်သူတော်စင်ဘုံတို့ မရှိသေးဘူး ၊ အနောက်ဒေသက ဗုဒ္ဓဘာသာဂိုဏ်းလို့ပဲ ခေါ်ဆိုကြသေးတယ်”
ရန်ကျောက်ကဲက မျက်မှောင်ကြုတ်လိုက်ရင်း...
"ဒါဆို ကြာပန်းပင်လယ်သုံးစင်းအရှင် မမွေးဖွားခင်ကတည်းက လီကျင်းက အနောက်ဒေသဗုဒ္ဓဘာသာဂိုဏ်းနဲ့ ပတ်သက်မှု ရှိနေတာပေါ့”
သူက ထိုက်ယီကျန်းရန်ကို စူးစိုက်ကြည့်ရင်း ထပ်မံမေးခွန်းထုတ်လိုက်သည်။
“ပြီးတော့ ကြာပန်းပင်လယ်သုံးစင်းအရှင်ရဲ့ မူလဇာစ်မြစ်က နွီဝါးဧကရီနန်းတော်ကနေ လာတာဆိုတဲ့ ကောလာဟလတစ်ခုလည်း ရှိသေးတယ်နော်”
“အဲဒီတုန်းက နတ်မိစ္ဆာမျိုးနွယ်တွေ တာအိုဝါဒထဲကို ရောနှောဝင်ရောက်လာတာ... သူတို့သဘောနဲ့သူတို့ ရောက်လာတာလား ၊ ဒါမှမဟုတ် အကြီးအကဲက ယွမ်စီထျန်းကျွင်းအမိန့်နဲ့ သူတို့ကို စည်းရုံးသိမ်းသွင်းခဲ့တာလား”
ထိုမေးခွန်းကိုကြားတော့ ထိုက်ယီကျန်းရန်က ရယ်မောလိုက်ပြီး မည်သည့်စကားမှ ပြန်မပြောပေ။
အတန်ကြာမှ မရေမရာအဖြေတစ်ခုကို ပေးလိုက်၏။
“ရှေးခေတ်ကာလတုန်းက ငါတို့တာအိုဝါဒ အားကောင်းခဲ့တယ်ဆိုပေမယ့် တခြားအင်အားစုတွေနဲ့ကတော့ တိုးတိုးတစ်ဖုံ ကျယ်ကျယ်တစ်မျိုး ပြိုင်ဆိုင်ခဲ့ကြတာပဲလေ ၊ တစ်ဖက်နဲ့တစ်ဖက် နိုင်လိုက် ရှုံးလိုက်ပဲပေါ့”
ရန်ကျောက်ကဲက...
"ကြာပန်းပင်လယ်သုံးစင်းအရှင်ရဲ့ ရတနာကြာပန်းနတ်ဘုရားခန္ဓာက ဗုဒ္ဓဘာသာနဲ့ ဘာမှမပတ်သက်ဘူး၊ ဒါကြောင့်လည်း သူ့ကို အထူးနှိမ်နင်းနိုင်တဲ့ ရူယိရွှေစေတီ ဆိုတာ ရှိလာတာပေါ့၊ သူတို့နှစ်ခုက ခွဲခြားလို့မရဘူးပဲ...”
သူက နဖူးကို လက်ဖြင့်ပွတ်သပ်လိုက်ရင်း...
“ကျစ်... အတော်ရှုပ်ထွေးပွေလီတဲ့ကိစ္စတွေပဲ”
ထိုက်ယီကျန်းရန်၏မျက်နှာထက်မှ အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူက အနည်းငယ် ဝမ်းနည်းပူဆွေးဟန်ဖြင့် မှတ်ချက်ချလိုက်သည်။
"ရှေးခေတ်ကာလ ကုန်လွန်ပြီးတဲ့နောက် အခြေအနေတွေက ပြောင်းလဲသွားခဲ့တယ် ၊ အထူးသဖြင့် ဒီဘက်ခေတ်မှာ အရာအားလုံးက လုံးဝမတူတော့ဘူး ၊ အချိန်ရဲ့စီးဆင်းမှုကို ဘယ်အရာကမှ မလွန်ဆန်နိုင်ပါဘူး”
ထိုက်ယီကျန်းရန်ကိုကြည့်ရသည်မှာ မဟာကပ်ဘေးကြီးမတိုင်မီက အတိတ်သမိုင်းကြောင်းများကို ပြန်လည်သတိရနေခြင်း ဖြစ်နိုင်သည်။
ထိုကပ်ဘေးကြီးအတွင်းမှာပင် နီကျားမှာလည်း လီကျင်းကြောင့် သေလုမျောပါး ဖြစ်ခဲ့ရသည် မဟုတ်လား။
သို့သော် ဝမ်းနည်းသည့်အရိပ်အငွေ့က ခဏမျှသာဖြစ်ပြီး ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်။
ထိုက်ယီကျန်းရန်က ရန်ကျောက်ကဲကို ချီးကျူးအံ့သြသောအကြည့်ဖြင့် ကြည့်လိုက်ပြီး...
“ဒါပေမဲ့ ပန်းတွေက ပွင့်လိုက် ညှိုးနွမ်းလိုက် ရှိတတ်သလို ဒီရေဆိုတာလည်း အတက်အကျ ရှိစမြဲပဲ ၊ ကြည့်ရတာ... အခုအခြေအနေတွေက တကျော့ပြန် ပြောင်းလဲတော့မယ့်ပုံပဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
"အကြီးအကဲ ပြောတာ မှန်ပါတယ်"
ထို့နောက် သူက ယင်လုန်ထူဘက်သို့လှည့်ကြည့်လိုက်ပြီး...
“လုန်ထူ... အကြီးအကဲ'ထိုက်ယီ' နဲ့ ကြာပန်းပင်လယ်သုံးစင်းအရှင်ကို မင်းပဲလမ်းပြပြီး ငါတို့နေရာဆီ ခေါ်သွားလိုက်ပါ ၊ ပြီးတော့ ယွင်ရှန်းနဲ့ ဂိုဏ်းတူညီလေး'လန်' တို့ကိုလည်း အခြေအနေတွေကို သေချာပြောပြလိုက်ဦး၊ သူတို့ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲ သိကြလိမ့်မယ်"
ယင်လုန်ထူက ခေါင်းညိတ်ရင်း...
"ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကိုကြီး"
ပြီးမှ သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အစ်ကိုကြီး’ရန်’ ရော ကျွန်တော်တို့နဲ့အတူ ကျူတောပင်လယ်ကောင်းကင်ဘုံကို ပြန်မလိုက်ဘူးလား"
အကြီးအကဲ'ထိုက်ယီ' နှင့် လုန်ရှင်းချွမ်တို့ကလည်း သူ့ကိုလှည့်ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက ခေါင်းခါပြရင်း...
“ငါ လောလောဆယ် မပြန်သေးဘူး”
သူက ဆက်ပြောလိုက်သည်။
"အနောက်ဘက်သူတော်စင်ဘုံက လူတွေ ဘာတွေကြံစည်နေလဲဆိုတာသိချင်လို့ စုံစမ်းလိုက်ဦးမယ်”
အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ကြား စစ်ပွဲဆက်လက်ဖြစ်ပွားနေစေရန် လမ်းမှန်တာအိုဝါဒက သွေးထိုးလှုံ့ဆော်ပေးခဲ့သည်။
ထို့ကြောင့် လမ်းမှန်တာအိုဝါဒ ကြားထဲမှအမြတ်ထွက်မသွားစေရန် အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်များက အရင်ကထက်ပိုပြီး သတိထားစောင့်ကြည့်လာကြသည်။
နတ်မိစ္ဆာများ ဝင်ရောက်စွက်ဖက်မည်ကို စိုးရိမ်ပူပန်မှုသာမရှိခဲ့လျှင် အနောက်ဘက်သူတော်စင်ဘုံအနေဖြင့် မဟာပျက်သုဉ်းခြင်းမူလနန်းတော်နှင့် နီကျားတို့၏ အခြေအနေကို ရင်ဆိုင်ရာတွင် ဤမျှလောက်တွန့်ဆုတ်နေမည် မဟုတ်ပေ။
ကြည့်ရသည်မှာ အနောက်ဘက်သူတော်စင်ဘုံက ကိစ္စတစ်ခုခုအတွက် အာရုံများနေပြီး လူအင်အားလိုအပ်ချက် ရှိနေဟန်တူသည်။
ထိုသို့သာမဟုတ်ခဲ့လျှင် ရန်ကျောက်ကဲအနေဖြင့် ဤနေရာသို့ ဖူရှန်ဗောဓိသတ္တတို့အုပ်စုထက် ခြေတစ်လှမ်းစောပြီး ရောက်လာနိုင်မည် မဟုတ်သလို မုကျားတို့အုပ်စုကိုလည်း အပြတ်ရှင်းနိုင်ခဲ့မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် လမ်းမှန်တာအိုဝါဒအနေဖြင့် မဟာပျက်သုဉ်းခြင်းမူလနန်းတော်၊ ယင်လုန်ထူ၊ အကြီးအကဲ'ထိုက်ယီ’ နှင့် နီကျားတို့ကိုလည်း အရင်ဦးဆုံး ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။
နောက်ပိုင်းမှာတော့ နီကျားလွတ်မြောက်လာပြီး ဖူရှန်ဗောဓိသတ္တနှင့် အခြားဗုဒ္ဓဘာသာကိုယ်တော်များ ရှေ့မှာပင် လီကျင်းကို သတ်ဖြတ်ပစ်ခဲ့သည်။
ထိုသို့သောအခြေအနေမျိုး ရင်ဆိုင်ရသည့်တိုင် အနောက်ဘက်သူတော်စင်ဘုံက စစ်ကူများ ထပ်မံစေလွှတ်ခြင်း မရှိခဲ့ပေ။
သူတို့အနေဖြင့် လမ်းမှန်တာအိုဝါဒဘက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကူများရောက်လာမည်ကိုလည်း စိုးရိမ်ပူပန်ဟန် ရှိသည်။
သို့ပေသိ ရန်ကျောက်ကဲအမြင်အရတော့ လက်ရှိတွင် အနောက်ဘက်သူတော်စင်ဘုံက လူအင်အားနည်းပါးနေပြီး ဤတိုက်ပွဲကို ဆက်လက်ဆင်နွှဲရန်မတတ်နိုင်သဖြင့် အလောတကြီး ပြန်လည်ဆုတ်ခွာသွားခြင်းသာ ဖြစ်သည်။