← Chapters

အခန်း (၁၆၄၈)

Vol. 118 Ch. 1648

အခန်း (၁၆၄၈)

Vol. 118 Ch. 1648

အခန်း (၁၆၄၈) ဆရာတပည့်

လမ်းမှန်တာအိုဝါဒက နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် မဟာကပ်ဘေးကြီးနောက် ကြုံတွေ့ခဲ့ရသော ဆုတ်ယုတ်ကျဆင်းမှု အခြေအနေဆိုးကြီးကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။

သို့တိုင် ရန်ကျောက်ကဲ၊ ယန်ကျန်းနှင့် အခြားသူများအားလုံးက စိတ်အေးလက်အေး နေရမည့်အချိန် မဟုတ်သေးမှန်း ကောင်းကောင်းသိကြပေသည်။

ပို၍တိကျစွာဆိုရလျှင် လမ်းမှန်တာအိုဝါဒက အခုမှသော အခြားသောအင်အားစုများနှင့် တန်းတူရည်တူသတ်မှတ်ခံရပြီး ရင်ပေါင်တန်း ရပ်တည်နိုင်ခြင်းဖြစ်သည်။

ယခင်ကဆိုလျှင် အပြတ်အသတ် နောက်ကောက်ကျကျန်ခဲ့ရသည် မဟုတ်လား။

မည်သို့ပင်ဖြစ်စေ အန္တိမပန်းတိုင်ဆီသို့ မည်သူက ခြေတစ်လှမ်းစော၍ရောက်မည်ကို တိကျသေချာစွာ မဆုံးဖြတ်နိုင်ပေ။ အနည်းငယ်မျှ လွဲချော်သွားသည်နှင့် လမ်းမှန်တာအိုဝါဒ ကြိုးပမ်းအားထုတ်ခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားနိုင်သည်။

လက်ရှိအနေအထားက အရင်လောက် အသက်ရှူမကျပ်တော့သည့်တိုင် သတိပေါ့လျော့ရမည့်အချိန် မဟုတ်သေးပေ။ .

ထို့ပြင် ယခုကဲ့သို့ ရခဲလှသော အခွင့်အရေးများကို အသုံးချကာ မိမိတို့အင်အားကို တတ်နိုင်သမျှ အများဆုံး စုဆောင်းထားရန် လိုအပ်သည်။

သို့မှသာ နောင်တွင်ရင်ဆိုင်ရမည့် ပိုမိုပြင်းထန်သော အားပြိုင်မှုများတွင် ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပါလား။

ရန်ကျောက်ကဲက ယင်လုန်ထူ၊ လုန်ရှင်းချွမ်နှင့် အကြီးအကဲ'ထိုက်ယီ' တို့ကို လှမ်းကြည့်လိုက်ပြီး...

"အားလုံးပဲ အရင်ပြန်နှင့်ကြပါ...”

လုန်ရှင်းချွမ်က ခေါင်းညိတ်ပြရင်း...

“ဟုတ်ပြီ ကျောက်ကဲ ၊ မင်းစိတ်တိုင်းကျလုပ်ပါ ၊ အနောက်ဘက်သူတော်စင်ဘုံ ထူးထူးဆန်းဆန်း လှုပ်ရှားနေတာကို တခြားညီအစ်ကိုတွေကိုလည်း ငါ အကြောင်းကြားထားတယ် ၊ မင်းလိုအပ်ရင် အမြန်ဆုံး စစ်ကူပို့ပေးမယ်”

ထိုက်ယီကျန်းရန်က...

“ငါ့တပည့်အခြေအနေက စိုးရိမ်နေရတုန်းမို့... လောလောဆယ်တော့ ငါလည်း မင်းကို မကူညီနိုင်သေးဘူး”

သူက ဆက်ပြောလိုက်သည်။

“ငါလည်း နီကျားကိစ္စနဲ့ နှစ်ပေါင်းများစွာ လုံးပန်းနေရတာဆိုတော့ လက်ရှိအခြေအနေတွေကိုလည်း သိပ်သဘောမပေါက်သေးဘူး ၊ သေချာမသိဘဲ ဝင်မပါတာ အကောင်းဆုံးပဲ ၊ ဒီတစ်ခေါက်တော့ မိတ်ဆွေလေး’ရန်’ ကို အားနာပါတယ်”

"အကြီးအကဲက ယဉ်ကျေးလွန်းနေပါပြီ”

ထို့နောက် ရန်ကျောက်ကဲက လူတိုင်းကိုနှုတ်ဆက်ပြီး ပြင်ပဗလာနယ်ထဲသို့ တစ်ကိုယ်တည်း ပျံသန်းဝင်ရောက်သွားသည်။

ယင်လုန်ထူနှင့် လုန်ရှင်းချွမ်တို့ကတော့ ထိုက်ယီကျန်းရန်တို့ ဆရာတပည့်ကိုခေါ်ဆောင်ကာ ကျူတောပင်လယ်ကောင်းကင်ဘုံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

အခြားသူများနှင့် လမ်းခွဲပြီးနောက် ရန်ကျောက်ကဲတစ်ယောက်တည်း စဉ်းစားတွေးတောရင်း ခရီးဆက်လာသည်။

ဟုတ်ပေ၏။

အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓများထံသို့သွားရောက်ပြီး “ခင်ဗျားတို့ အခုတလော ဘာတွေကြံစည်နေလဲ” ဟု ဗြောင်ကျကျ မေးခွန်းထုတ်၍မှ မဖြစ်ပေဘဲ။

သူတို့က ပြောပြမည် မပြောပြမည်ကို ဘေးဖယ်ထား ၊ ရန်ကျောက်ကဲ သူတို့နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တခြားဗုဒ္ဓဗုဒ္ဓဘာသာအကြီးအကဲများက တစ်ခါတည်း အပြတ်ရှင်းပစ်ရန် လက်ခမောင်းခတ်ပြီး ကြိုဆိုကြပေလိမ့်မည်။

သို့ဖြစ်ရာ လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများ မည်သည့်အရာများ လျှို့ဝှက်ကြံစည်နေကြောင်း ရန်‌ကျောက်ကဲ အခုချိန်ထိ မည်သည့်သတင်းမှ ရရှိခြင်း မရှိသေးပေ။

ဆန့်ကျင်ဘက်အဖွဲ့အစည်းက သူတို့၏ သတင်းအချက်အလက် လုံခြုံရေးကို အလွန်ပင် စေ့စပ်သေချာစွာ ထိန်းသိမ်းထားပုံရသည်။

ထို့ကြောင့် ရန်ကျောက်ကဲက ကိုယ်ပိုင်နည်းလမ်းအသုံးပြုရန် ဆုံးဖြတ်လိုက်၏။ ကံကောင်းသည်မှာ သတင်းအချက်အလက်များက နကန်းတစ်လုံးမသိအောင် ပိတ်ဆို့နေသည့် အနေအထားမျိုး မဟုတ်ခြင်းပင်။

လက်ရှိကိစ္စတွင် အနောက်ဘက်သူတော်စင်ဘုံက လူအင်အားများစွာ အသုံးပြုနေသည်ကို ကြည့်ခြင်းအားဖြင့် မည်မျှဖုံးကွယ်ထားပါစေ တစ်နေရာမှာတော့ ဟာကွက်ကျန်ကာ သဲလွန်စထွက်ပေါ်လာပေမည်။

အရင်က ရန်ကျောက်ကဲက အခြားသော အရေးကြီးကိစ္စများကို အာရုံစိုက်နေသောကြောင့်သာ ဤကိစ်စကို သသတိမပြုမိခဲ့ခြင်း ဖြစ်သည်။

ယခု ပြဿနာတစ်ခုခု ရှိနေပြီဖြစ်ကြောင်း ရိပ်မိသွားပြီဖြစ်ရာ သူ အရင်က ရရှိခဲ့သော သတင်းအချက်အလက်များကို အသေးစိတ်ပြန်လည်စုစည်းပြီး သုံးသပ်ကြည့်ရပေမည်။

ရန်ကျောက်ကဲက အရင်ဆုံး ဝူတန့်မယ်တော်နှင့် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်၏။

ဒဏ်ရာများသက်သာလာပြီးနောက် ဝူတန့်မယ်တော်က စကြာဝဠာကောင်းကင်ဘုံအသစ်တစ်ခု တည်ထောင်ခဲ့သည်။

ထို့နောက် ယွင်ရှောင်းနတ်သမီးထံမှ နတ်ဘုရားသုတ်သင်အစီအရင်ကို လွှဲပြောင်းရယူကာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ထားခဲ့သည်။

ဟုတ်ပေ၏။

သူမက အစီအရင်ကိုစောင့်ရှောက်ရင်း အခြားသောအင်အားစုများ၏ လှုပ်ရှားမှုများကိုပါ တိတ်တဆိတ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

နတ်ဘုရားသုတ်သင်အစီအရင် တည်ရှိနေခြင်းကြောင့်လည်း သူမက အခြားသော ကောင်းကင်နတ်ဘုရားများ မပိုင်ဆိုင်နိုင်သည့် ထူးခြားသော အားသာချက်တစ်ခု ရရှိထားခဲ့သည်။

အခြားသောအင်အားစုများကလည်း သူမနှင့် နတ်ဘုရားသုတ်သင်အစီအရင်ကို အနီးကပ် မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ကြသည်ပင်။

ထို့ကြောင့် ဝူတန့်မယ်တော်အနေဖြင့် သတင်းအချက်အလက်တိုင်းကို အသေးစိတ် စေ့စပ်သေချာစွာ စောင့်ကြည့်နိုင်မည် မဟုတ်သော်လည်း ရန်ကျောက်ကဲအတွက်တော့ သူမထံမှ အဖိုးတန်သော သဲလွန်စအချို့ ရရှိနိုင်ပေသည်။

ထိုသဲလွန်စများက တန်ဖိုးမဖြတ်နိုင်အောင် အရေးပါလှပေသည်။

ရန်ကျောက်ကဲ ဗလာနယ်ထဲတွင် ခရီးဆက်လာရာ အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ စစ်မီးတောက်လောင်ရာ စစ်မြေပြင်နှင့် နီးကပ်လာသည်။

သူက ရှေ့ဆက်မသွားဘဲ ရပ်တန့်လိုက်၏။

ထိုစစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုများကို ရန်ကျောက်ကဲက အရေးမစိုက်ခဲ့ပေ။

သူက ထိုစစ်မြေပြင်အနားတွင် စိတ်ရှည်လက်ရှည်ဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

နတ်ဘုရားသုတ်သင်အစီအရင်၏ ခြိမ်းခြောက်မှုအဆင့်က အင်အားစုအားလုံးအတွက် အတူတူပင် ဖြစ်သည်။

သို့သော်လည်း ၎င်း၏အကျိုးဆက်ကို လုံးဝမခံစားနိုင်သည့် ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခုက နတ်ဘုရားသုတ်သင်အစီအရင်၏ အန္တရယ်ကို အမြဲတမ်း အထင်ရှားဆုံးနှင့် အစောဆုံး ကြုံတွေ့ရပေမည်။

ထိုအစီအရင်က သူတို့ဦးခေါင်းထက်တွင် အမြဲမိုးနေသည့် လမ်းမှန်တာအိုဝါဒ၏ ဓားတစ်လက်ပမာ ဖြစ်နေပေသည်။ ယခုလည်း ထိုဓားဦးက အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထားသည်။

အတန်ကြာပြီးနောက် ဗလာနယ်က အနည်းငယ်တုန်ခါသွားပြီး ကြည်လင်ပြတ်သားသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ဓားအလင်းတန်းက ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲကို လွှမ်းခြုံဖုံးအုပ်လိုက်သည်။

ထိုကမ္ဘာငယ်ထဲတွင် ဝူတန့်မယ်တော်၏အသံက ရန်ကျောက်ကဲ၏နားထဲ ပျံ့လွင့်ဝင်ရောက်လာသည်။

"ကျောက်ကဲ... မင်း ဒီကို ဘာကိစ္စနဲ့ လာခဲ့တာလဲ"

ရန်ကျောက်ကဲက...

“ဝမ်းသာစရာသတင်းရော စိုးရိမ်စရာသတင်းရောရှိနေလို့ ဝူတန့်မယ်တော်နဲ့ တိုင်ပင်ဆွေးနွေးမလို့ လာခဲ့တာပါ”

ဝူတန့်မယ်တော်က ခဏမျှစဉ်းစားလိုက်ရင်း...

“ဒါဖြင့် ဝမ်းသာစရာကဘာလဲ ၊ စိုးရိမ်စရာကရော ဘာများလဲ”

ရန်ကျောက်ကဲက သတင်းကောင်းကို အရင်ဦးစွာ ပြောပြလိုက်သည်။

"ယွိချင်အဆက်အနွယ်က ထိပ်သီးကြီးနှစ်ယောက်ဖြစ်တဲ့ အကြီးအကဲ'ထိုက်ယီ' နဲ့ ကြာပန်းပင်လယ်သုံးစင်းအရှင်တို့ ပြန်ရောက်လာကြပြီ၊ ဒါပေမဲ့ ကြာပန်းပင်လယ်သုံးစင်းအရှင်ရဲ့ အခြေအနေက နည်းနည်းပြဿနာရှိနေတယ်”

ရှေးခေတ်ကာလတွင် ယွိချင်အဆက်အနွယ်နှင့် စန့်ချင်အဆက်အနွယ်၏ဆက်ဆံရေးက သိပ်ပြီး မပြေလည်ခဲ့ကြပေ။

လက်ရှိခေတ်မှာတော့ ဝူတန့်မယ်တော်အနေဖြင့် ထိုအချက်ကို စိတ်ပူစရာမရှိတော့ပေ။

ထို့ကြောင့် သူမက ရန်ကျောက်ကဲစကားကို ထောက်ခံလိုက်၏။

“သိပ်ကောင်းတယ် ၊ ဒါက တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းပါပဲ”

“ဒါပေမဲ့... ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိနေတယ်”

ရန်ကျောက်ကဲက အနောက်ဘက်သူတော်စင်ဘုံနှင့်ပတ်သက်သည့် သံသယများကို ဝူတန့်မယ်တော်အား ပြောပြလိုက်သည်။

“အခုတလော လမ်းမှန်ဗုဒ္ဓဘာသာဘက်က တစ်ခုခု ထူးထူးခြားခြား လှုပ်ရှားနေတာမျိုး မယ်တော် သတိထားမိတာ ရှိလားမသိဘူး”

ဝူတန့်မယ်တော်သည် ချက်ချင်း အဖြေမပေးဘဲ ခဏမျှ နက်နက်နဲနဲ တွေးတောနေပြီးမှ...

“အာရုံစိုက်ရမယ့် အချက်တစ်ခုတော့ ရှိတယ်”

သူမက အေးဆေးသည့်လေသံဖြင့်...

“သနဝါသကိုယ်တော် အနောက်ဘက်သူတော်စင်ဘုံကို နှစ်ကြိမ်တိုင်တိုင် ဝင်လိုက်ထွက်လိုက် လုပ်ခဲ့တယ်၊ အဲဒီလို သွားလာတဲ့ ကြားကာလကလည်း ထူးထူးခြားခြား တိုတောင်းလွန်းတယ်... အနောက်ဘက်သူတော်စင်ဘုံမှာ အစီအစဉ်တစ်ခုခု ရှိနိုင်တယ်လို့ မင်းပြောတာကိုကြားပြီး အခုပြန်စဉ်းစားကြည့်တော့မှ ဒါက ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုလို့ ခံစားမိတယ်”

ရန်ကျောက်ကဲက ခေါင်းကို အသာအယာ မော့လိုက်ရင်း...

“သနဝါသကိုယ်တော်... ဟုတ်လား”

သနဝါသကိုယ်တော်ဆိုသည်က အလယ်ခေတ် ၊ အလယ်ပိုင်းသုခဘုံ ကိုယ်တော်(၅၀၀)ထဲမှ တစ်ပါးဖြစ်ပြီး ဗုဒ္ဓကျမ်းဂန်များကို အလွန်တရာ နှံ့စပ်ကျွမ်းကျင်သူ ဖြစ်သည်။

သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် ဝူတန့်မယ်တော်ကဲ့သို့သောပုဂ္ဂိုလ်က အထူးတလည် အာရုံစိုက်ရလောက်အောင် စွမ်းအားကြီးမားသူ မဟုတ်ပေ။

သူ ယခုကဲ့သို့ အာရုံစိုက်ခံရသည့်အကြောင်းရင်းမှာ အခြားသောအချက်တစ်ခုကြောင့်ဖြစ်သည်မှာ ထင်ရှားသည်။ ရန်ကျောက်ကဲက ချက်ချင်းပင် သနဝါသကိုယ်တော်၏နောက်ကွယ်မှ အခြားသောကိစ္စတစ်ခုကို တွေးတောမိသွားသည်။

အဓိကတပည့် ‘အာနန်ကိုယ်တော်’ ပင် ဖြစ်၏။

အလယ်ခေတ်တွင် စကြာမုနိဗုဒ္ဓက အလယ်ပိုင်းသုခဘုံကို တည်ထောင်ခဲ့သည်။

သူ၏တပည့်များထဲတွင် အလွန်တရာကျော်ကြားသူ (၂)ယောက် ရှိခဲ့သည်။

မဟာကျားယဲ့ကိုယ်တော်ကြီးနှင့် အာနန်ကိုယ်တော်တို့ပင် ဖြစ်၏။

ရန်ကျောက်ကဲက သနဝါသကိုယ်တော်ကြောင့် အာနန်ကိုယ်တော်ကို တွေးမိသွားခြင်း ဖြစ်သည်။ ဝူတန့်မယ်တော်လည်း သူ့နည်းတူပင် စဉ်းစားမိပေမည်။

မဟာကျားယဲ့ကိုယ်တော်ကြီးရော အာနန်ကိုယ်တော်ပါ အလယ်ခေတ်ကုန်ခါနီး မီလဲ့ကိုယ်တော်ကြောင့် ဖြစ်ပေါ်လာသည့် သုခဘုံအလှည့်အပြောင်းတွင် သေဆုံးသွားကြပြီ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက သနဝါသကိုယ်တော်မှတစ်ဆင့် အာနန်ကိုယ်တော်ကို အလွယ်တကူ ဆက်စပ်တွေးတောမိသကဲ့သို့ပင် သူ၏စိတ်ထဲတွင် လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓကိုပါ တစ်ဆက်တည်း မြင်ယောင်လာခဲ့သည်။

သူက မျက်မှောင်ကြုတ်လိုက်ရင်း...

"စကြာမုနိဗုဒ္ဓ... ဒါမှမဟုတ် တာအိုအဓိပတိ'ကျူးထီ' က တစ်ခုခု ချန်ထားခဲ့တာ ရှိလို့များလား”

သူက ဆက်ပြောလိုက်သည်။

"ကျွန်တော် ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး... ဒါပေမဲ့..."

ရန်ကျောက်ကဲ စကားကို ခဏမျှ ရပ်လိုက်သည်။

စန်းချင်း(၃)ပါး အဆက်အနွယ်တွင် တာအိုအဓိပတိကြီးများ ချန်ထားခဲ့သော ဝိညာဉ်ခြောက်ဖြာအလံရှည်၊ ချင်းဖိန်ဓားနှင့် ကျောက်စိမ်းကျိုင်းတံကဲ့သို့သော ရတနာပစ္စည်းများ ချန်ထားခဲ့သည်။

သို့သော် လောကကိုကျော်လွန်သွားသည့် တာအိုအဓိပတိ'ကျူးထီ' ကတော့ မည်သည့်ရတနာကိုမျှ ချန်ထားခဲ့ပုံ မရပေ။ သူက လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓအဖြစ် ကူးပြောင်းပြီးနောက်တင်လည်း ရတနာပစ္စည်းများ ချန်ထားခဲ့ခြင်း မရှိပေ။

သူက ရှေးခေတ်ကာလ ကျော်ကြားသော ရတနာပစ္စည်းများထဲမှ တစ်ခုတစ်လေကိုပင် လက်ဆင့်ကမ်းပေးသွားသည်ဟု ရန်ကျောက်ကဲ တစ်ခါမှ မကြားဖူးခဲ့ပေ။

သူက ရတနာခုနစ်ပါးသစ်ပင် သို့မဟုတ် အာရုံခြောက်ပါးဝါးပင်ကဲ့သို့သော ရတနာပစ္စည်းများ ချန်ထားခဲ့မည်ဆိုလျှင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် ကွမ်ယင်ဗောဓိသတ္တတို့က ထိုပစ္စည်းများကို အလွတ်မပေးဘဲ ရယူထားကြပေလိမ့်မည်။

နှစ်ပေါင်းများစွာကြာအောင် ထိုရတနာပစ္စည်းများကို လိုက်လံရှာဖွေခြင်းမပြုဘဲ နေထိုင်ကြမည် မဟုတ်ပေ။

သို့သော်လည်း... ခြွင်းချက်တော့ ရှိနိုင်ပေသည်။

မဟာမာရူယိကိုပင် ဆွဲဆောင်နိုင်စွမ်းရှိသည့် စကြာမုနိသရီရဓာတ်တော်...။

ရန်ကျောက်ကဲ စဉ်းစားရင်း ငြိမ်သက်လျှက် ရှိသည်။

ထိုစဉ် ဝူတန့်မယ်တော်၏အသံ ထပ်မံထွက်ပေါ်လာသည်။

“မင်းလည်း အဲဒီအချက်ကို တွေးမိသွားတာမဟုတ်လား ၊ သေချာတွေးကြည့်ရင်တော့ အဲဒီအချက်က အဖြစ်နိုင်ဆုံးပဲ”

All Chapters