← Chapters

အခန်း (၁၆၄၉)

Vol. 118 Ch. 1649

အခန်း (၁၆၄၉)

Vol. 118 Ch. 1649

အခန်း (၁၆၄၉) သရီရဓာတ်တော်အတွက်တိုက်ခိုက်ခြင်း

ရန်ကျောက်ကဲသည်လည်း ဝူတန့်မယ်တော်နည်းတူ စဉ်းစားမိသည်ပင်။

ပြဿနာ၏ရင်းမြစ်က စကြာမုနိသရီရဓာတ်တော်သာ ဖြစ်ရပေမည်။

အနောက်ဘက်သူတော်စင်ဘုံ၏ ထူးဆန်းသော လှုပ်ရှားမှုများက သရီရဓာတ်တော်ကို ရှာဖွေရန် ကြိုးပမ်းနေခြင်းသာ ဖြစ်နိုင်သည်။

တကယ်တော့ သူတို့က ထိုဓာတ်တော်ကို တစ်ချိန်လုံး လိုက်လံရှာဖွေနေခဲ့ကြခြင်း ဖြစ်၏။

ပြောရလျှင် လမ်းမှန်ဗုဒ္ဓဘာသာ တစ်ခုတည်းတင် မဟုတ်ဘဲ လမ်းမှန်တာအိုဝါဒ၊ နတ်မိစ္ဆာမျိုးနွယ်၊ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ပါမကျန် ထိုအရာနောက်သို့ အမဲလိုက်သလို လိုက်နေခဲ့ကြပေသည်။

ထိုပြိုင်ဆိုင်မှုကြီးထဲတွင် ငရဲကိုးထပ်ပင်လျှင် ဘေးထိုင်နေခဲ့ခြင်း မရှိပေ။

ယခုတော့ ကြည့်ရသည်မှာ အနောက်ဘက်သူတော်စင်ဘုံက ရတနာရှာဖွေရေးတွင် သဲလွန်စတစ်စုံတစ်ခု ရရှိသွားပုံပေါ်သည်။

ထို့ကြောင့် လူအင်အားအလုံးအရင်းပုံအောပြီး အာရုံစိုက်နေခြင်း ဖြစ်သည်။ ထိုရတနာပစ္စည်းကလည်း ဤသို့အာရုံစိုက်ရန် ထိုက်တန်သည် မဟုတ်ပါလား။

မဟာမာရူယိသည် စကြာမုနိသရီရဓာတ်တော်အပေါ် မျက်စိကျနေသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

သူ တာအိုအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးက လင်စန်းတောင်မှ စကြာမုနိဗုဒ္ဓ ချန်ထားရစ်ခဲ့သော သရီရဓာတ်တော်အပေါ်တွင်သာ အများဆုံး တည်မှီနေပေသည်။

ရှေးခေတ်ကာလတုန်းက သူက တာအိုဆရာ'ကျူးထီ' ၏ လက်အောက်မှတစ်ဆင့် ဗုဒ္ဓဘာသာထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် သူက တာအိုဆရာ'ကျူးထီ' အဆက်အနွယ်၏ စံနှုန်းနှင့် ကိုက်ညီသော ဦးခေါင်း(၂၄)လုံးနှင့် လက်(၁၈)ဖက် ရှိသည့် ရွှေခန္ဓာကို ရရှိခဲ့ခြင်းသာပင်။

သို့ဖြစ်ရာ သူ တာအိုအဆင့်သို့ တက်လှမ်းမည့်ကိစ္စ၌ တာအိုအဓိပတိ'ကျူးထီ' ချန်ထားရစ်ခဲ့သော သရီရဓာတ်တော်နှင့် ပတ်သက်ဆက်နွယ်နေခြင်းမှာ အလွန်ပင် သဘာဝကျလှသည်။

ထိုရတနာက တာအိုအဆင့်သို့တက်လှမ်းရန် တစ်ခုတည်းသောအရာ ဟုတ် မဟုတ်နှင့် အခြားသောလိုအပ်ချက်များ ရှိ မရှိကို မည်သူမှ မပြောနိုင်သော်လည်း လက်ရှိမှာတော့ ဤအရာက သူအလိုချင်ဆုံးအရာ ဖြစ်နေသည် အမှန်ပင်။

ထိုသရီရဓာတ်တော်က စကြဝဠာ၏ စွမ်းအားအကြီးမားဆုံးသော စစ်သည်တော်တစ်ယောက်ကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။

မဟာမာရူယိက လောကီရေးရာများတွင် ပါဝင်ပတ်သက်ခြင်းမရှီဘဲ ဆိတ်ကွယ်ရာတွင် နေထိုင်လေ့ ရှိသည်။ အကျိုးမရှိသောကိစ္စများတွင် ဝင်ရောက်စွက်ဖက်တတ်ခြင်း မရှိပေ။

သို့သော် ယနေ့ခေတ်တွင် သူ နှစ်ကြိမ်တိုင်တိုင် လူလုံးထွက်ပြခြင်းမှာ စကြာမုနိသရီရဓာတ်တော်ကြောင့်သာ ဖြစ်ခဲ့သည်။

ဟုတ်ပေ၏။

မဟာမာရူယိကဲ့သို့ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဝင်ရောက်စွက်ဖက်ခဲ့သည့် နှစ်ကြိမ်လုံးကလည်း တစ်လောကလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်ပင်။

သူ ပထမဆုံးအကြိမ် ထွက်ပေါ်လာစဉ်က တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် အပါအဝင် နတ်မိစ္ဆာမျိုးနွယ်စုမှ မဟာသူတော်စင်များနှင့် သူတော်စင်ငယ်များစွာကို အလွယ်တကူ နှိမ်နင်းပစ်ခဲ့သည်။

သူ၏ကြိုးပမ်းမှုကြောင့် နှစ်ပေါင်းများစွာ အကျပ်ရိုက်နေခဲ့သော အမတခုံရုံး၏အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့ပြီး တိုက်ပွဲရလဒ်သည်ပင် အလှည့်အပြောင်း ဖြစ်သွားခဲ့သည်။

သူ ဒုတိယအကြိမ် ထွက်ပေါ်လာစဉ်တွင်မူ လမ်းမှန်တာအိုဝါဒက နတ်ဘုရားသုတ်သင်အစီအရင်ကို ရယူသည့်ကိစ္စတွင် မျှော်လင့်မထားသော အပြောင်းအလဲများကို ဖန်တီးခဲ့ပြီး ၊ ရန်ကျောက်ကဲ၏အစီအစဉ်များ ပျက်ပြားလုနီးပါးဖြစ်သည်အထိ ခြိမ်းခြောက်နိုင်ခဲ့သည်။

ကျောက်စိမ်းကောင်းကင်ဘုံအရှင် ပျောက်ကွယ်သွားခဲ့ပြီး ချီထျန်းမဟာသူတော်စင်သည်လည်း ထူးခြားအခြေအနေများကြောင့် လူရှေ့သူရှေ့ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ကမ္ဘာပေါ်ရှိ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများတွင် မဟာမာရူယိသာလျှင် အစွမ်းထက်ဆုံးဟု လူအများလက်ခံထားကြသည်။

အထူးသဖြင့် မဟာမာရူယိ၏ ရောင်စဉ်ငါးသွယ်နတ်ဘုရားစွမ်းအားက အရာခပ်သိမ်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး မည်သည့်အခါမျှ ရှုံးနိမ့်ခြင်း မရှိခဲ့ချေ။

ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများကို အသာထား ၊ ကျင့်ကြံခြင်းအဆင့် တူညီသူများသည်ပင် ထိုရောင်စဉ်ငါးမျိုး စွမ်းအားရောင်ဝါအောက်တွင် ကြီးမားသောခြိမ်းခြောက်မှု ခံစားရပြီး ချေမှုန်းခံရမည်သာ ဖြစ်၏။

လက်ရှိ လမ်းမှန်တာအိုဝါဒအတွက်လည်း မဟာမာရူယိက တကယ့်ကို ထိတ်လန့်စရာ ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ရန်ကျောက်ကဲက ချီထျန်းမဟာသူတော်စင်၏ အစစ်အမှန်ရွှေခန္ဓာကို ထုတ်ဖော်ပြီး အထွတ်ထိပ်တန်ခိုးစွမ်းအားဖြင့် မဟာမာရူယိကို ခက်ခက်ခဲခဲ တားဆီးပိတ်ဆို့နိုင်ခဲ့ဖူးသည်။

သို့တိုင် မဟာသူတော်စင် အစစ်အမှန်ရွှေခန္ဓာက ‘စွန်းဝူခုန်း’ အစစ် မဟုတ်သဖြင့် အချိန်ကန့်သတ်ချက် ရှိနေခဲ့သည်။

ရန်ကျောက်ကဲသာ သတ်မှတ်ထားသည့်အချိန်အတွင်း မဟာမာရူယိကို အနိုင်မယူနိုင်ခဲ့ပါက အချိန်ပြည့်သွားသည်နှင့် မဟာမာရူယိက အနိုင်ရသွားပေမည်။

ထိုတိုက်ပွဲပြီးသည်နှင့် မဟာသူတော်စင်ရွှေခန္ဓာ(၃)ခု ထပ်မံပေါင်းစည်းနိုင်ခြင်း မရှိတော့ပေ။ နောက်တစ်ကြိမ် အသုံးပြုနိုင်ရန်အတွက် နှစ်ပေါင်းများစွာ အနားယူအားဖြည့်ရမည် ဖြစ်၏။

တစ်ဖက်မှကြည့်လျှင်လည်း မြေကြီးအမြုတေကျောက်တုံး ပြန်လည်သန့်စင်ရန်မှာလည်း အတော်လေး အချိန်ပေးရပေဦးမည်။

သို့ဖြစ်ရာ လက်ရှိတွင် မဟာမာရူယိက လမ်းမှန်တာအိုဝါဒအတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေဆဲပင်။

ယခုအချိန်တွင် ထိုဒေါင်းအိုကြီးသာ ရန်ကျောက်ကဲတို့အား လာရောက်နှောက်ယှက်မည်ဆိုပါက သူ့ကိုတားဆီးရန် ချီထျန်းမဟာသူတော်စင် မရှိတော့ပေ။

နတ်ဘုရားသုတ်သင်အစီအရင်ရှိသည်မှန်သော်လည်း ဤအစီအရင်က တာအိုအဓိပတိများကို တန်ပြန်ထိန်းချုပ်ရန်အတွက် နောက်ဆုံးဝှက်ဖဲ ဖြစ်သည်။

ဟုတ်ပေ၏။

အပွင့်လင်းဆုံး ပြောရလျှင် နတ်ဘုရားသုတ်သင်အစီအရင်က တာအိုအဆင့်အောက်ရန်သူများထက် တာအိုအဓိပတိများကို ဟန့်တားရန်သာ ဖြစ်သည်။

ချီထျန်းမဟာသူတော်စင်ကို ထုတ်ဖော်နိုင်ခြင်းမရှိသောအခြေအနေတွင် မဟာမာရူယိကို ရင်ဆိုင်နိုင်သူဆို၍ ယန်ကျန်းတစ်ယောက်သာ ရှိသည်။

အကယ်၍ ယန်ကျန်းရှုံးနိမ့်သွားပါက ဇာတ်လမ်းက ဤနေရာမှာပင် အဆုံးသတ်သွားလိမ့်မည်။

ယန်ကျန်းအနေဖြင့် မဟာမာရူယိကို ကြံ့ကြံ့ခံနိုင်ခဲ့လျှင်တောင်မှ တာအိုဝါဒ၏ အထူးချွန်ဆုံး တန်ခိုးစွမ်းအားရှင်များ တစ်နေရာတည်းမှာပင် ပိတ်မိနေပေမည်။

ထိုအချိန်တွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တာအိုသခင်'လုယာ' တို့ကဲ့သို့ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ တာအိုဝါဒကို သေချာပေါက် လာရောက်တိုက်ခိုက်ပေမည်။

ထို့ကြောင့်ပင် ဤဒေါင်းအိုကြီးက လမ်းမှန်တာအိုဝါဒအတွက် အလွန်ပင် အန္တရယ်ကြီးမားသည်မှာ ငြင်းမရသည့်ကိစ္စပင်။

ကံကောင်းသည်မှာ ခုန်ရွှမ်းက မာနကြီးလွန်းပြီး စကြာမုနိသရီရဓာတ်တော်ကဲ့သို့ ထိုက်တန်သည့် အကျိုးအမြတ်မရှိဘဲ မဆင်မခြင် လှုပ်ရှားမည့်သူ မဟုတ်ပေ။

ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခုကြားမှ ပဋိပက္ခဖြစ်စေ ၊ နတ်မိစ္ဆာမျိုးနွယ်နှင့် အနောက်ဘက်သူတော်စင်ဘုံကြားမှ အားပြိုင်မှုဖြစ်စေ ၊ သို့မဟုတ် လမ်းမှန်တာအိုဝါဒနှင့် ငရဲကိုးထပ်ကြား တိုက်ပွဲဖြစ်စေဦးတော့ မဟာမာရူယိက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် ချီထျန်းမဟာသူတော်စင်နှင့် တိုက်ခိုက်ပြီး အရေးနိမ့်ခဲ့ရသော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး လက်စားချေရန်ရည်ရွယ်ချက်မျိုး သူ့ထံတွင် မရှိပေ။

သူ့ကိုအကူအညီတောင်းရန် ထိုက်တန်သည့်တန်ဖိုးမှာ စကြာမုနိသရီရဓာတ်တော်တစ်ခုသာလျှင် ရှိပေသည်။ ထိုသို့ဆိုလျှင်တော့ သူက ရလဒ်ကိုအရေးမစိုက်ဘဲ အစွမ်းကုန် ကူညီပေးပေမည်။

ထို့ကြောင့်ပင် သူက လမ်းမှန်တာအိုဝါဒအတွက်သာမက သူကိုယ်တိုင် မှီတင်းနေထိုင်သည့် အနောက်ဘက်သူတော်စင်ဘုံအပါအဝင် အင်အားစုအားလုံးအတွက်ပါ အချိန်မရွေး ပေါက်ကွဲနိုင်သည့် အန္တရယ်တစ်ခု ဖြစ်နေခဲ့သည်။

သူက သူအလိုရှိသည့်အရာကို ပြောင်ပြောင်တင်းတင်း ပြဆိုထားသောကြောင့်လည်း ဖြစ်၏။

သူက မိမိတန်ခိုးစွမ်းအားကို အကျိုးအမြတ်၏ဝှက်ဖဲအဖြင့် ညှိနှိုင်းအသုံးပြုနေသော်လည်း တစ်ဖက်မှာတော့ အခြားသူများ၏ ချုပ်ကိုင်ခြင်းကို အလွယ်တကူ ခံရနိုင်သည်။

သို့ပေသိ သူ၏လုပ်ရပ်များက တာအိုအဓိပတိများ၏ အာရုံစိုက်မှုကိုခံရပြီး သုတ်သင်ခံရလောက်သည်အထိတော့ ဘောင်မကျော်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူ့လက်ထဲတွင် စကြာမုနိသရီရဓာတ်တော်များ တစ်စတစ်စ ပိုမိုများပြားလာသည်နှင့်အမျှ မဟာမာရူယိ၏ အခြေအနေသည်လည်း တဖြည်းဖြည်း ပိုမိုကျပ်တည်းခက်ခဲလာရသည်။

အင်အားစုအားလုံးက သူ့ကို မည်သို့ မည်ပုံ ထိန်းချုပ်ဟန့်တားရမည်ကို ထည့်သွင်းစဉ်းစားလာကြသောကြောင့် ဖြစ်၏။

တာအိုအဆင့်အောက်တွင် လောကပထမအဖြစ် ရပ်တည်နေသော မဟာမာရူယိက အမြဲတမ်း ပဋိပက္ခများရှိနေသည့် အင်အားစုများကြား ဝင်ရောက်စွက်ဖက်နိုင်သည့် ကိုယ်ပိုင်အရင်းအနှီးကို ပိုင်ဆိုင်ထားခဲ့သည်။

သို့သော် နောက်ဆုံးတွင် မည်သို့ဖြစ်လာမည်ကတော့ အင်အားစုများ၏ စွမ်းဆောင်ရည်နှင့် အကွက်ချမှုအပေါ်တွင်သာ မူတည်ပေမည်။

ရန်ကျောက်ကဲက နားသယ်စပ်ကို အသာပွတ်သပ်လိုက်ရင်း...

"နှမြောစရာကောင်းတာက... ရွှမ်တုကိုယ်တော်ဆီမှာ စကြာမုနိသရီရဓာတ်တော် ဘယ်နှစ်ခုရှိလဲဆိုတာ ကျွန်တော်တို့ မသိနိုင်တာပဲ ၊ ပြီးတော့ မဟာမာရူယိဘက်ကလည်း သူ့အစီအစဉ်အတွက် ဓာတ်‌တော် ဘယ်နှစ်ခုအထိ လိုအပ်တာလဲဆိုတာ သေချာမသိရဘူး ၊ သရီရဓာတ်တော်အားလုံး စုံအောင်စုဆောင်းဖို့ လိုမလိုဆိုတာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေတုန်းပဲ”

သူက ဆက်ပြောလိုက်သည်။

“အဲဒီလိုသာမဟုတ်ရင်... ဒီသတင်းအချက်အလက်တွေကိုသုံးပြီး ကျွန်တော် အများကြီးပိုလုပ်လို့ရမှာ”

ဝူတန့်မယ်တော်က...

"အခြားဘယ်သူတွေရဲ့ လက်ထဲမှာ သရီရဓာတ်တော်တွေ ရှိနေသေးလဲဆိုတာ ငါမသိပေမဲ့... တာအိုရောင်းရင်း'ခုန်' နဲ့ အပေးအယူလုပ်တဲ့ကိစ္စကတော့ သတိကြီးကြီးထားဖို့ လိုလိမ့်မယ် ၊ သူ့ကို သရီရဓာတ်တော်တွေ အလွယ်တကူ မပေးလိုက်မိဖို့လိုတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ဒါပေမဲ့ ကျွန်တော်တို့သာ သရီရဓာတ်တော်တစ်ခုလောက် ရှာတွေ့ခဲ့မယ်ဆိုရင်... အဲဒါက နတ်ဘုရားသုတ်သင်အစီအရင်လိုပဲ အရမ်းကြီးမားတဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်လာလိမ့်မယ်”

ဟုတ်ပေ၏။

တစ်နည်းပြောရလျှင် မဟာမာရူယိ’ခုန်ရွှမ်း’ အား နတ်ဘုရားသုတ်သင်အစီအရင် အသေးစားဟုပြောလျှင် အတိအကျ မှန်ပေမည်။

သူက တာအိုအဓိပတိများကို ရင်မဆိုင်နိုင်သော်လည်း တာအိုအဆင့်အောက် တည်ရှိမှုများကို ကောင်းစွာရင်ဆိုင်နိုင်သည်။

ထို့ပြင် တာအိုအဆင့်သို့ နီးကပ်နေပြီဖြစ်သဖြင့် တာအိုအဓိပတိများအတွက်လည်း ခြိမ်းခြောက်မှုနှင့် အဟန့်အတားအဖြစ် ထိရောက်စွာ အသုံးပြုနိုင်သည်။

ဟုတ်ပေ၏။

ခုန်ရွှမ်းကို အင်အားစုအားလုံးက မိမိတို့ဘက်ပါအောင် သိမ်းသွင်းချင်ကြသလို ၊ တစ်ချိန်တည်းမှာပင် ခြိမ်းခြောက်မှုအဖြစ် ကြောက်ရွံ့ထိတ်လန့်နေကြရသည်။

တာအိုအဓိပတိများက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ထိန်းချုပ်ထားသည့် လက်ရှိအခြေအနေမျိုးတွင် ခုန်ရွှမ်းက တာအိုအဆင့်သို့တက်လှမ်းမည့် အရိပ်ယောင်များ ပြသနေသည်။

ရန်ကျောက်ကဲက...

“ကြည့်ရတာ အနောက်ဘက်သူတော်စင်ဘုံကလူတွေက နောက်ထပ် စကြာမုနိသရီရဓာတ်တော်တစ်ခုရဲ့ သဲလွန်စကို ရထားကြပြီထင်တယ်”

သူက ဆက်ပြောလိုက်သည်။

“အဲဒါက သနဝါသကိုယ်တော်ဆီက မြစ်ဖျားခံလာတာ ဖြစ်ဖို့များတယ် ၊ အတိအကျ ပြောရရင်တော့ အာနန်ကိုယ်တော်ဆီကပေါ့”

လွန်ခဲ့သော နှစ်ပေါင်းများစွာက အလယ်ပိုင်းသုခဘုံ တစ်စစီပျက်ဆီးသွားပြီးနောက် အာနန်ကိုယ်တော် သေဆုံးသွားခဲ့သည်။

သို့သော်လည်း ထိုခေတ်ကာလက အခြေအနေများက အလွန်ရှုပ်ထွေးပွေလီပြီး ပရမ်းပတာ ဖြစ်လွန်းလှသည်။ ကမ္ဘာလောကကြီးတစ်ပတ်လည်ပြီး ခေတ်တစ်ခေတ် အပြောင်းလဲကြီးပြောင်းလဲသွားသော ကာလတစ်ခုဟု ဆိုရပေမည်။

ထို့ကြောင့် အချို့သောအရာများသည် သမိုင်း၏ ဖုန်မှုန့်များအောက်တွင် နက်ရှိုင်းစွာ မြုပ်နှံခြင်း ခံထားရပေလိမ့်မည်။

ဗုဒ္ဓဘာသာဘက်မှလည်း သရီရဓာတ်တော်များရှာဖွေသည့်ကိစ္စတွင် မည်သည့်အခါမျှ လက်လျော့ခဲ့ခြင်း မရှိပေ။ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး ယခုအချိန်တွင်မှ ထူးခြားသော သဲလွန်စများ ရရှိခြင်း ဖြစ်နိုင်သည်။

“မဟာမာရူယိသာ ဒီသတင်းကိုကြားလို့ကတော့... ဇာတ်လမ်းက ပွဲကြမ်းပြီပဲ”

ရန်ကျောက်ကဲ စိတ်ထဲမှကြိတ်ပြီး တွေးလိုက်သည်။

ထိုအချိန် ဝူတန့်မယ်တော်က...

"ဒါနဲ့... ယွိချင်အဆက်အနွယ်ရဲ့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ဘယ်ရောက်နေလဲဆိုတာ သဲလွန်စရပြီလား”

ရန်ကျောက်ကဲက ခေါင်းခါပြလိုက်ရင်း...

“ဒီနှစ်တွေအတွင်း အစ်ကိုယန်ကျန်းနဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်တို့လည်း အဲဒီအလံရှည်ကို အပူတပြင်း လိုက်ရှာနေကြတာ ၊ ဒါပေမဲ့ အခုထိ ထူးခြားတဲ့တိုးတက်မှု မရှိသေးဘူး”

All Chapters