← Chapters

အခန်း (၁၆၅၀)

Vol. 118 Ch. 1650

အခန်း (၁၆၅၀)

Vol. 118 Ch. 1650

အခန်း (၁၆၅၀) ပျင်းရိခြင်းနှင့်အစားပုတ်ခြင်းတာအို

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်က မဟာမာရူယိကို တန်ပြန်ဟန့်တားနိုင်မည့် တစ်ခုတည်းသောလက်နက်ဖြစ်သည် မှန်သော်လည်း ထိုရတနာပစ္စည်းက ခံစစ်စွမ်းအားတွင်သာ ပိုမိုကောင်းမွန်သည့်စွမ်းဆောင်ရည်ကို ပြသနိုင်သည်။

ထို့ကြောင့် တိုက်ပွဲတွင် မဟာမာရူယိသာလျှင် အသာစီးရယူထားနိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဤရတနာပစ္စည်းက လမ်းမှန်တာအိုဝါဒအတွက် အလွန်ကြီးမားသော အဓိပ္ပါယ်ကို ဆောင်နေသည်။

ကံကောင်းသည်မှာ လက်ရှိအချိန်တွင် ချီထျန်းမဟာသူတော်စင်က အကူအညီ မပေးနိုင်သေးသည့်တိုင် လမ်းမှန်တာအိုဝါဒတွင် ယန်ကျန်း၊ စောမင်ကျန့်၊ ဖန်းယွင်ရှန်းနှင့် အခြားသော ထိပ်တန်းအဆင့်ကျွမ်းကျင်းသူများစွာ ရှိနေသေးခြင်းပင်။

လွန်ခဲ့သော နှစ်များအတွင်း ယန်ကျန်းနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ကဲ့သို့သော အဓိကပုဂ္ဂိုလ်ကြီးများက ဤအလံရှည်ကိုရှာဖွေရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။

ဖန်းယွင်ရှန်း၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် အခြားသော တာအိုကျင့်ကြံသူများသည်လည်း အကြိမ်ကြိမ် အဖန်ဖန် လိုက်လံရှာဖွေခဲ့ကြသည်ပင်။

သို့သော် မည်သည့်သဲလွန်စမှ မရရှိခဲ့ပေ။

ဝူတန့်မယ်တော်က လေသံကို အနည်းငယ်နှိမ့်လိုက်ပြီး...

"ငါက နတ်ဘုရားသုတ်သင်အစီအရင်ကို တာဝန်ယူ စောင့်ကြပ်နေရတာဆိုတော့ တခြားကို အာရုံလွှဲလို့မရဘူး ၊ ဒီတော့ အနောက်ဘက်သူတော်စင်ဘုံရဲ့ ကိစ္စကို မင်းပဲစီစဉ်လိုက်ပါ”

သူက ဆက်ပြောလိုက်သည်။

"တကယ်လို့ တာအိုအဓိပတိ'အော်မီတော်ဖော်ဗုဒ္ဓ' သာ လှုပ်ရှားလာမယ်ဆိုရင်... ငါ သူ့ကို အစွမ်းကုန် ဟန့်တားပေးဖို့ ကြိုးစားပါ့မယ်"

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

"နားလည်ပါပြီ ၊ မယ်တော်ကို အလုပ်ရှုပ်စေမိပြီ... ၊ ဒီကိစ္စက တကယ်ပဲ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ဦးစားပေး ဖြစ်ပါတယ်"

ဝူတန့်မယ်တော်က...

"ဒါနဲ့... မင်း စကြာမုနိသရီရဓာတ်တော်ကိစ္စမှာ ဝင်စွက်ဖက်မယ်ဆိုရင် အမှောင်ထဲကရန်သူတွေ ထောင်ချောက်ဆင်မှာကို သတိထားပါ”

သူမက ခင်မင်နွေးထွေးစွာ သတိပေးစကားဆိုခြင်း ဖြစ်၏။

“နားလည်ပါပြီ ၊ အခုလို စေတနာနဲ့ သတိပေးတဲ့အတွက် မယ်တော်ကို ကျေးဇူးတင်ပါတယ်"

ထို့နောက် ရန်ကျောက်ကဲက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော အစိမ်းရောင်ဓားအလင်းတန်းကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိရန်အတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသည်။

ထိုစဉ်က ဘေးဒုက္ခများကြားမှာပင် ရန်သူများကို ခြိမ်းခြောက်နိုင်ရန်အတွက် မိမိတို့အင်အားကြီးကြောင်းပြသရန် ပုံရိပ်ယောင်တစ်ခု ဖန်တီးခဲ့ကြရသည်။

သူတို့အနေဖြင့် သိုးလွိနန်းတော်ထံမှ ဝိညာဉ်ခြောက်ဖြာအလံရှည်ကို ရရှိထားပြီးဖြစ်သည့်တိုင် လက်ထဲမှဝှက်ဖဲကို ဖုံးကွယ်ရန်အတွက် ထိုအရာကို ဆက်လက်ရှာဖွေနေကြောင်း ပြင်ပလောကသို့ အကွက်ဆင် ပြသခဲ့ကြရသည်။

ထိုလုပ်ရပ်ကြောင့်ပင် နတ်ဘုရားသုတ်သင်အစီအရင်ကိုရယူမည့် သူတို့၏ စစ်မှန်သောရည်ရွယ်ချက် ဖုံးကွယ်ထားနိုင်ခဲ့ပြီး ရန်သူများ၏သတိထားမှုကိုလည်း လျှော့ချပစ်နိုင်ခဲ့သည်။

ရလဒ်အနေဖြင့် အဆုံးအဖြတ်ပေးရမည့် အရေးကြီးသော အခိုက်အတန့်တွင် ယွင်ရှောင်းနတ်သမီးက ဝိညာဉ်ခြောက်ဖြာအလံရှည်ကို ကိုင်ဆောင်လျှက် ထွက်ပေါ်လာပြီး တာအိုအဓိပတိအချို့ကို အချိန်အတန်ကြာအောင် အောင်မြင်စွာ တားဆီးပိတ်ဆို့နိုင်ခဲ့သည်။

ထို့ကြောင့်ပင် ရန်ကျောက်ကဲတို့အုပ်စု နတ်ဘုရားသုတ်သင်အစီအရင်ကို ရယူပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြခြင်း ဖြစ်၏။

နတ်ဘုရားသုတ်သင်အစီအရင်ကို ရရှိလိုက်သည့်အတွက် လမ်းမှန်တာအိုဝါဒသည်လည်း မဟာကပ်ဘေးကြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသော အကျပ်အတည်း အခြေအနေဆိုးကြီးကို လုံးဝ ပြောင်းလဲပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဟုတ်ပေ၏။

လမ်းမှန်တာအိုဝါဒက ဤသို့ စေ့စပ်သေချာပြီး ရှုပ်ထွေးနက်နဲသော စစ်ရေးမဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ခဲ့လျှင် အခြားသောအင်အားစုများသည်လည်း အလားတူ လျှို့ဝှက်အကြံအစည်များ ရှိနေကြမည်သာပင်။

ယခု အနောက်ဘက်သူတော်စင်ဘုံ၌ ဤသို့သောအရိပ်အယောင်များ ထင်ထင်ရှားရှား ထွက်ပေါ်နေသည်။

မိမိ၏ တကယ့်ရည်ရွယ်ချက်ကို လုံခြုံစွာ ဖုံးကွယ်ထားပြီး ရန်သူ၏ရည်ရွယ်ချက်အမှန်ကို စုံစမ်းထောက်လှမ်းခြင်းဆိုသည်က နိုင်ငံရေးအားပြိုင်မှု စစ်တုရင်ခုံထက်တွင် မရှိမဖြစ်လိုအပ်သော အဓိကကျသည့် သဘောသဘာဝတစ်ခုသာဖြစ်သည် မဟုတ်ပါလား။

သနဝါသကိုယ်တော်၏ သဲလွန်စကြောင့် ရန်ကျောက်ကဲက အာနန်ကိုယ်တော်၊ စကြာမုနိသရီရဓာတ်တော်နှင့် မဟာမာရူယိတို့၏ ဆက်စပ်မှုကို ချိတ်ဆက်တွေးတောမိခြင်း ဖြစ်သည်။

သို့ပေသိ ဤကိစ္စများက ရန်ကျောက်ကဲနှင့် လမ်းမှန်တာအိုဝါဒကို လမ်းမှားသို့ ပို့ဆောင်ရန် သို့မဟုတ် နတ်မိစ္ဆာမျိုးနွယ်နှင့် ငရဲကိုးထပ် မျက်စိလည်သွားစေရန်အတွက် အနောက်ဘက်သူတော်စင်ဘုံက တမင်တကာ ဖန်တီးထားသည့် လှည့်ကွက်တစ်ခု ဖြစ်နေနိုင်သည်။

ထိုလှည့်ကွက်နောက်ကွယ်တွင် လမ်းမှန်ဗုဒ္ဓဘာသာ၏ အမှန်တကယ် လျှို့ဝှက်ကြံစည်မှုက အခြားကိစ္စတစ်ခု ဖြစ်နေနိုင်သည်။

ဤကိစ္စက ငါးက ငါးစာကိုဟပ်ရန်အတွက် အနောက်ဘက်သူတော်စင်ဘုံ ချထားသည့် ငါးမျှားချိတ်လေလားဟု သံသယဝင်စွာ တွေးလိုက်မိသည်။

“ဒီသတင်း မဟာမာရူယိနားထဲရောက်သွားအောင် ငါ နည်းလမ်းရှာပြီး လုပ်လိုက်သင့်သလား”

ရန်ကျောက်ကဲ စိတ်ထဲမှ တွေးတောလိုက်၏။

ဤသဲလွန်စကို မဟာမာရူယိအား ပေးသိလိုက်ပါက လက်ရှိဖြစ်ပွားနေသည့်ကိစ္စ အစစ်အမှန် ဟုတ် မဟုတ် အလွယ်တကူ စမ်းသပ်အတည်ပြုနိုင်မည်ဖြစ်သလို အနောက်ဘက်သူတော်စင်ဘုံလည်း အကြီးအကျယ် ပြဿနာတက်သွားပေမည်။

သို့သော် ဤသို့လုပ်ဆောင်ခြင်းက ဆိုးကျိုးလည်း ရှိနေသည်။

တာအိုအဓိပတိများ ထွက်မလာသရွေ့ မဟာမာရူယိက လောကပထမ ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိနေသည်။

သို့ဖြစ်ရာ အနောက်ဘက်သူတော်စင်ဘုံ၏သတင်းက အမှန်ဖြစ်နေသည်ဆိုပါက စကြာမုနိသရီရဓာတ်တော်က သူ့လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်သွားရန် ရာနှုန်းအလွန်များသည်။

မဟာမာရူယိ လက်ထဲတွင် စကြာမုနိသရီရဓာတ်တော်များ ပိုမိုများပြားလာသည်နှင့်အမျှ သူသည်လည်း တာအိုအဆင့်သို့ တက်လှမ်းရန် ပို၍နီးစပ်လာပေမည်။

ရန်ကျောက်ကဲအနေဖြင့် မဟာမာရူယိ တာအိုအဆင့်သို့ တက်လှမ်းရန် လိုအပ်သည့်ကန့်သတ်ချက်များကို အတိအကျ မသိနိုင်ပေ။

သို့သော် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ တာအိုသခင်'လုယာ'၊ ရွှမ်တုကိုယ်တော်နှင့် လမ်းမှန်တာအိုဝါဒ အားလုံးက နောက်ထပ်အင်အားကြီး ပြိုင်ဘက်တစ်ယောက် ထပ်မံထွက်ပေါ်လာမည်ကို လုံးဝ တွေ့မြင်ချင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ အ‌လေးအနက်စဉ်းစားနေစဉ် သူ၏အင်္ကျီလက်က အလိုအလျောက် လှုပ်ရှားလာပြီး အင်္ကျီလက်ထဲမှ မျက်ကွင်းညိုညိုနှင့် ဦးခေါင်းသေးသေးလေးတစ်လုံး တိုးထွက်လာသည်။

"မင်း အိပ်ရေးဝပြီလား..."

ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

သူ၏အင်္ကျီလက်ထဲတွင် ခိုအောင်းအိပ်စက်နေသည့် ထိုသတ္တဝါလေးက အခြားသူမဟုတ် ၊ ပန်ပန်ပင် ဖြစ်၏။

အစောပိုင်းတွင် ထိုသတ္တဝါလေးက မဟာသူတော်စင် ရွှေခန္ဓာကိုအသုံးပြုပြီး ရူယိရွှေတုတ်ကိုင်ဆွဲလျှက် တိုက်ပွဲဝင်ခဲ့ပြီးနောက် မူလအသွင် ပြန်လည်ပြောင်းလဲကာ အိပ်ပျော်သွားခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤနှစ်များတစ်‌လျှောက်တွင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ရွှီဖေးနှင့် ပန်ပန်တို့အားလုံးက ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာ၏ နက်ရှိုင်းသောလွှမ်းမိုးမှုကို ခံစားခဲ့ရသည်။

သို့ဖြစ်ရာ ပန်ပန်သည်လည်း ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော မဟာနတ်မိစ္ဆာကြီးတစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်၏။

သူက မဟာသူတော်စင်၏ ရွှေခန္ဓာ ထုတ်ဖော်အသုံးပြုပြီးတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေ့ရှိသည်။

နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲပြီးစ နှစ်များကဆိုလျှင် ပန်ပန်၏ခန္ဓာကိုယ် အားအင်ကုန်ခမ်းမှု ကြီးမားလွန်းသဖြင့် အားပြန်ဖြည့်ရန်အတွက် အပြင်းအထန် ကြိုးစားကျင့်ကြံခဲ့ရသည်။

ယခုတော့ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလာပြီး ထိုသို့ အတင်းအကျပ်လုပ်ဆောင်ရန် သိပ်မလိုတော့ပေ။

သို့ဖြစ်ရာ ပန်ပန်မှာ ပျင်းရိပြီး အိပ်ရသည်ကိုနှစ်သက်သည့် အကျင့်ဟောင်းကြီးအတိုင်း ပြန်လည်၍ သက်သောင့်သက်သာ နေလေတော့သည်။

"အိပ်လို့ ဝသွားပါပြီ..."

ပန်ပန်က တိုးညှင်းသော အသံလေးဖြင့် ပြန်ဖြေလိုက်ပြီးနောက် ချက်ချင်းပင် ညည်းညူစကားဆိုတော့သည်။

"ဒါပေမဲ့... ဗိုက်ဆာတယ်"

ရန်ကျောက်ကဲက သူ့အား အင်္ကျီလက်ထဲမှထုတ်ယူလိုက်ပြီး လက်ဖဝါးထက်တင်ကာ မျက်နှာရှေ့တွင် တည့်တည့်ထားလိုက်သည်။

သူက ပန်ပန်ကိုကြည့်ပြီး အသည်းယားသည့်လေသံဖြင့်...

“မင်းရဲ့ တာအိုလမ်းစဉ်က ဘာများလဲ ၊ ပျင်းရိခြင်းနဲ့ အစားပုတ်ခြင်း တာအိုများလား ၊ ဒီလိုပဲ ဆင်းပျင်းနေမယ် ဆက်စားနေမယ်ဆိုရင် မကြာခင် ဝတုတ်ကြီး ဖြစ်လာလိမ့်မယ်”

ထိုစကားကြားတော့ ပန်ပန်က မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ရင်း ရှေ့ခြေနှစ်ချောင်းဖြင့် မျက်နှာကိုကာလိုက်သည်။

"ဝတုတ်ကြီး မဖြစ်ချင်ပါဘူး... ဝလာရင် မလှဘဲ နေလိမ့်မယ်"

ရန်ကျောက်ကဲက စိတ်ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး...

“အေး... ဒါပဲလေ ၊ အဲဒါကို စွဲစွဲမြဲမြဲ မှတ်ထားရမယ်”

"ဒါပေမဲ့... ဗိုက်ကတော့ တကယ်ဆာနေတာလေ”

ပန်ပန်က သနားစရာ မျက်နှာငယ်လေးဖြင့် စကားဆိုလိုက်သည်။

“အရသာရှိတဲ့အစားအသောက်တွေ အများကြီးစားပြီး ဝမလာမယ့် နည်းလမ်းများ မရှိဘူးလား”

ရန်ကျောက်ကဲ နှုတ်ခမ်းများ မဲ့ရွဲ့သွားပြီး...

"အိပ်မက် မက်နေလိုက်..."

ပြီးမှ သူက ရယ်မောလိုက်ပြီး...

“လောကမှာ မင်းဖြစ်ချင်တဲ့အရာတိုင်း စိတ်တိုင်းကျဖြစ်နိုင်မယ့် အခွင့်အရေးမျိုး ဘယ်လိုလုပ် ရှိမှာလဲ”

ထိုစဉ်...

"သူ့ကို စမနေပါနဲ့တော့..."

ရန်ကျောက်ကဲဘေးမှ ခပ်အေးအေး စကားသံတစ်ခွန်း ထွက်ပေါ်လာသည်။

မှောင်မိုက်သော ဗလာနယ်ဟင်းလင်းပြင်ထဲတွင် မည်သည့်သတိပေးချက်မှ မရှိဘဲ ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အခြားသူမဟုတ် ၊ ဖန်းယွင်ရှန်းပင် ဖြစ်၏။

ရန်ကျောက်ကဲက သွားဖြဲပြလိုက်ရင်း...

“မင်း သူ့ကို သိပ်ပြီး အလိုမလိုက်စမ်းပါနဲ့"

ပန်ပန်က ဖန်းယွင်ရှန်းကိုတွေ့သည်နှင့် နောက်ခြေနှစ်ဖက်ဖြင့် ရန်ကျောက်ကဲကို ကန်ထုတ်ပြီး ရှေ့ခြေနှစ်ဖက်ကိုဆန့်တန်းကာ သူမထံသို့ ပျံသန်းဝင်ရောက်သွားတော့သည်။

ဖန်းယွင်ရှန်းပြုံးလိုက်ပြီး ပန်ပန်ကို ဆီးကြိုပွေ့ဖက်ထားလိုက်သည်။

ထို့နောက် သူမက ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး...

“ရှင်ကလည်းလေ... ဖီရှိုးသတ္တဝါလေးတွေက ဝဝတုတ်တုတ် ဖောင်းဖောင်းအိအိလေး ဖြစ်နေမှ ပိုပြီး ချစ်စရာကောင်းတာ မဟုတ်ဘူးလား”

အမှန်တော့ ရန်ကျောက်ကဲလည်း ထိုသို့ပင် ခံစားရသည်။

သူက ပန်ပန်ကို နောက်ပြောင်ကျီစယ်ချင်သောကြောင့်သာ ယခုလိုပြောဆိုနေခြင်း ဖြစ်၏။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“မင်း အလိုလိုက်တာနဲ့ ပန်ပန်တော့ ပျက်ဆီးတော့မှာပဲ”

"ဘယ်ကလာပြီး ပျက်စီးရမှာလဲ..."

ဖန်းယွင်ရှန်းက ပန်ပန်ကို ပွေ့ချီထားရင်းဖြင့်ပင် ကျန်လက်တစ်ဖက်က ခါးတွင်ချိတ်ထားသည့် အိတ်ငယ်လေးတစ်အိတ်ကို ထုတ်ယူလိုက်သည်။

ထိုအိတ်ငယ်လေးကိုမြင်သည်နှင့် ပန်ပန်တစ်ကောင် ဝမ်းသာအားရ အော်ဟစ်တော့၏။

သူမက ဖန်းယွင်ရှန်း၏ရင်ခွင်ထဲမှနေ၍ အိတ်ရှိရာသို့ အတင်းတိုးဝှေ့ပြီး ခေါင်းကို အိတ်ထဲသို့ တန်းတန်းမတ်မတ် ထိုးထည့်လိုက်သည်။

ဖန်းယွင်ရှန်းက ပန်ပန်၏ အဖြူရောင်နှင့် အနက်ရောင်ရောစပ်နေသည့် အမွှေးနုလေးများကို အသာအယာပွတ်သပ်ပေးရင်း ရန်ကျောက်ကဲဘက်လှည့်ကာ မေးလိုက်သည်။

“လက်ရှိအခြေအနေတွေကို ဟန်လုန်အာဆီကနေ ကျွန်မ အကြမ်းဖျင်း ကြားထားပြီးပါပြီ ၊ အခုရော ဘာတွေဆက်ဖြစ်နေပြီလဲ”

ရန်ကျောက်ကဲက...

"အဲဒါက စကြာမုနိသရီရဓာတ်တော်နဲ့ ဆက်စပ်နေဖို့ များတယ်"

သူက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ပိုပြီး သေချာအောင် ထပ်အတည်ပြုဖို့ လိုသေးတယ်"

ဖန်းယွင်ရှန်းက...

“ဒါဖြင့် ရှင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ"

ရန်ကျောက်ကဲက မေးစေ့ကို လက်ဖြင့် အသာပွတ်သပ်လိုက်ရင်း...

“ငါကတော့ ဒီသတင်းကို မဟာမာရူယိသိသွားအောင် လုပ်လိုက်မလားလို့ ၊ သူ ဘယ်လိုတုံ့ပြန်မလဲ ကြည့်ပြီးမှ အနောက်ဘက်သူတော်စင်ဘုံရဲ့ လှုပ်ရှားမှုကို အကဲခတ်ကြည့်မယ်လေ”

ဖန်းယွင်ရှန်းက...

“ဒါပေမဲ့ ကျွန်မတို့က မဟာမာရူယိနဲ့ ဘယ်လိုလုပ် ဆက်သွယ်လို့ရမှာလဲ”

ဟုတ်ပေ၏။

မဟာမာရူယိက အနောက်ဘက်သူတော်စင်ဘုံတွင် တံခါးပိတ်ကျင့်ကြံနေသူဖြစ်ပြီး ပြင်ပလောကနှင့် ဆက်ဆံမှုမရှိသလောက် နည်းပါးသည်။

သူ့အနေဖြင့် စကြာဝဠာအနှံ့ လွတ်လပ်စွာ သွားလာနိုင်သည်မှန်သော်လည်း တစ်ဖက်ကကြည့်လျှင်တော့ ဤအခြေအနေက အနောက်ဘက်သူတော်စင်ဘုံနှင့် အပေးအယူလုပ်ထားခြင်း သို့မဟုတ် အော်မီတော်ဖော်ဗုဒ္ဓနှင့် တိတ်တဆိတ် သဘောတူညီမှု ရယူထားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်တစ်ခုလည်း ဖြစ်နိုင်သည်။

ရန်ကျောက်ကဲက တည်ကြည်လေးနက်သည့် လေသံဖြင့်...

“သေချာတော့ မပြောနိုင်ပေမယ့်... ငါ ခန့်မှန်းမိတာတော့ မဟာမာရူယိရဲ့ လက်ထဲမှာ အနည်းဆုံး စကြာမုနိသရီရဓာတ်တော် (၂)ခုလောက် ရှိနေလောက်ပြီ”

သူက ဆက်ပြောလိုက်သည်။

"နောက်ထပ် သရီရဓာတ်တော်တွေ ပိုပြီးရရှိနိုင်ဖို့ဆိုရင်... သူက ပိုပြီးလူသိမခံဘဲ လျှို့ဝှက်လှုပ်ရှားလာနိုင်တယ်”

“တခြားသူတွေကိုအသာထား... သူ့ညီ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်မှာတော့ သူ့ကိုဆက်သွယ်နိုင်တဲ့နည်းလမ်း သေချာပေါက်ရှိမှာပဲ ၊ ဒါပေမဲ့ ငါတို့က တိမ်မြူနိုင်တစ်သောင်းမဟာဂဠုန်ကို သွားအကူအညီတောင်းလို့ မဖြစ်နိုင်ဘူးလေ”

ရန်ကျောက်ကဲက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး...

ရန်ကျောက်ကဲက လက်ညှိုးကို တောက်တစ်ချက် ခေါက်လိုက်ရင်း...

“နေဦး... ငါတွေးကြည့်တာ တခြားလူတွေကတစ်ဆင့် ဆက်သွယ်ပြီး နည်းလမ်းရှာလို့ရချင်ရနိုင်တယ်”

All Chapters