← Chapters

အခန်း (၁၆၅၁)

Vol. 118 Ch. 1651

အခန်း (၁၆၅၁)

Vol. 118 Ch. 1651

အခန်း (၁၆၅၁) လျှို့ဝှက်အကြံအစည်

ဖန်းယွင်ရှန်းက စိတ်ဝင်စားသွားပြီး...

“ဘယ်သူနဲ့ချိတ်ဆက်ပြီး သတင်းပို့မှာလဲ ၊ ကောင်းဟန်လား...”

ရန်ကျောက်ကဲကပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။

“သူပဲရှိတာပေါ့...”

ဟုတ်ပေ၏။

ကောင်းဟန်က သူတို့နောက်ကွယ်တွင် အနောက်ဘက်သူတော်စင်ဘုံနှင့် ဆက်သွယ်မှုပြုလုပ်နေသည်မှာ ထင်ရှားသည်။ တောင်ပိုင်းချန်စန်းဧကရာဇ်၏ခိုင်းစေချက်ကြောင့်လားဆိုသည်ကတော့ သေချာမသိရသေးပေ။

ထိုကိစ္စကို ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။

ရန်ကျောက်ကဲက...

“ကောင်းဟန်က ကြီးကြီးမားမားကိစ္စတွေ မစွမ်းဆောင်နိုင်ဘူးဆိုရင်တောင်... သတင်းပေး သတင်းယူကတော့ သူ့အတွက် ကလေးကစားသလောက်ပဲ ရှိတာပါ”

ဖန်းယွင်ရှန်းက စိုးရိမ်တကြီးဖြင့်...

“ဒါပေမဲ့ တစ်ဖက်ကကြည့်လိုက်ရင်... ကောင်းဟန်သာ အဲဒီလိုလုပ်လိုက်ရင် အနောက်ဘက်သူတော်စင်ဘုံအတွက် ပြဿနာတွေ သယ်ဆောင်ပေးသလို ဖြစ်သွားလိမ့်မယ် ၊ သူက အမှောင်ထုထဲမှာ အနောက်ဘက်သူတော်စင်ဘုံနဲ့ တိတ်တဆိတ်ဆက်သွယ်နေတာဆိုတော့... ဒီလိုလုပ်လိုက်ရင် သူ အရင်က ကြိုးစားထားသမျှ အလကား ဖြစ်သွားလိမ့်မယ် ၊ ဒါကြောင့် သူက ဒီကိစ္စကိုလုပ်ဖို့ သဘောတူချင်မှ တူလိမ့်မယ်”

ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း ပခုံးတွန့်ပြလိုက်သည်။

ပြီးမှ ပြုံးလျှက် စကားဆိုလိုက်၏။

“ဒါဆိုရင်တော့ နေဝန်းထက်ယံအရှင်သခင်ရဲ့ နှလုံးသားအောက်ခြေမှာ တကယ်တမ်း ဘယ်ဘက်ကနေရပ်တည်သလဲဆိုတာ စမ်းသပ်ဖို့ အခွင့်အရေးကောင်းတစ်ခု ရသွားတာပေါ့”

နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်တို့က စန်းချင်း(၃)ပါး အဆက်အနွယ်များနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသဖြင့် သူတို့က လမ်းမှန်တာအိုဝါဒဘက်မှ ရပ်တည်ခဲ့သည်မှာ ငြင်းမရသည့်ကိစ္စပင်။

သို့သော် ဤမျှလောက်ဖြင့် ကောင်းဟန်တွင် အခြားသောလျှို့ဝှက်ချက်များမရှိဟု သေချာပေါက် ကောက်ချက်ချ၍ မရပေ။

ဖန်းယွင်ရှန်းက...

"ဒီကိစ္စကို ကျွန်မတို့ တောင်ပိုင်းချန်စန်းဧကရာဇ်ကိုလည်း အသိပေးထားဖို့ လိုလိမ့်မယ်"

ဖန်းယွင်ရှန်း၏ အကြံပြုချက်ကို ရန်ကျောက်ကဲကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“သေချာတာပေါ့”

အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က အလောတကြီးမလုပ်ဘဲ အနောက်ဘက်သူတော်စင်ဘုံနှင့် နီးကပ်သည့်နေရာသို့ တဖြည်းဖြည်းချဉ်းကပ်သွားကြသည်။

ဟုတ်ပေ၏။

အရမ်းနီးကပ်သွားခြင်းမျိုးတော့ မဟုတ်ဘဲ သူတို့နှင့် အနောက်ဘက်သူတော်စင်ဘုံကြားတွင် ဗလာနယ်အလွှာတချို့ ခြားနားနေဆဲ ဖြစ်၏။

သူတို့နှစ်ယောက်လုံးက စွမ်းအားရောင်ဝါ ဖိနှိပ်ခြင်းနှင့် ကိုယ်ယောင်ဖျောက်ခြင်းအတတ်တွင် အလွန်တရာ ကျွမ်းကျင်သဖြင့် မည်သည့်စိုးရိမ်စရာမှ မရှိခဲ့ပေ။

မဟုတ်ပါက ဤမျှလောက်အကွာအဝေး ထိန်းချုပ်ထားရုံဖြင့် အနောက်ဘက်သူတော်စင်ဘုံမှ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ သို့မဟုတ် ကွမ်ယင်ဗောဓိသတ္တ ကဲ့သို့သော ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များက တစ်စုံတစ်ခု ထူးဆန်းနေကြောင်း သေချာပေါက် အာရုံခံမိသွားပေမည်။

တာအိုလက်တွဲဖော်နှစ်ယောက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့က အနောက်ဘက်သူတော်စင်ဘုံသို့ မည်သို့သော ထူးခြားသည့်ပုဂ္ဂိုလ်များ အဝင်အထွက် ပြုလုပ်သည်ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။

အတန်ကြာအောင် စောင့်ဆိုင်းပြီးနောက်မှာတော့ ရန်ကျောက်ကဲ၏စိတ်အာရုံ အနည်းငယ် လှုပ်ခတ်သွားသည်။

“ကောင်းဟန် သတင်းပို့တယ် ၊ သူ ဒီနားကိုရောက်လာပြီတဲ့”

ဖန်းယွင်ရှန်း ခေါင်းညိတ်ပြလိုက်ပြီး ရန်ကျောက်ကဲနှင့်အတူ နေရာမှ ထွက်ခွာလာခဲ့သည်။

သူတို့နှစ်ယောက် အရှိန်အဟုန်ဖြင့် ရှေ့သို့အနည်းငယ်သွားပြီးနောက် ဗလာနယ်ထဲရှိ ကမ္ဘာငယ်တစ်ခုရှေ့တွင် ရပ်တန့်လိုက်ကြသည်။

အပြာရောင်အလင်းတန်းတစ်ခုက အမှောင်ထုကိုထိုးခွင်းပြီး ဗလာနယ်ကို ဖြတ်ကျော်ပျံသန်းလာသည်။ ထိုအလင်းတန်းထဲမှ အဖြူရောင်ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

ထိုသူက အခြားသူမဟုတ် ၊ မတွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သော နေဝန်းထက်ယံအရှင်သခင် 'ကောင်းဟန်' ပင် ဖြစ်၏။

သူက နေနှင့် လတို့၏ အထွတ်အထိပ် သိုင်းပညာရပ်များကို တစ်ပြိုင်တည်း ကျင့်ကြံထားသူ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလောက မဖြစ်တည်ခင်ကပင် တည်ရှိခဲ့သော အဆုံးမရှိ မှောင်မိုက်ခြင်းစွမ်းအားကို ဖော်ဆောင်နိုင်စွမ်း ရှိသည်။

ထို့ကြောင့် သူ၏ ကိုယ်ရောင်ဖျောက်ခြင်းနှင့် စွမ်းအားရောင်ဝါ ဖုံးကွယ်ခြင်းစွမ်းရည်က ရာဟုကြယ်ထက်ယံအရှင်သခင်'ကျန်းရွှင်ဟွား' ထက် တစ်စက်လေးပင် နိမ့်ကျခြင်း မရှိပေ။

ခံစားချက်များကိုပင် ဖုံးကွယ်နိုင်သော ခဲ့ထူကြယ်က ရာဟုကြယ်ကဲ့သို့ ကြမ်းတမ်းခက်ထန်ခြင်း မရှိသော်လည် ပိုမိုဆိတ်ငြိမ်ပြီး ပုန်းကွယ်နိုင်စွမ်း မြင့်မားသည်။

ကျင့်ကြံခြင်းရှုထောင့်မှ ကြည့်မည်ဆိုလျှင် ရာဟုကြယ်က တိုက်စစ်တွင်ထက်မြက်ပြီး ခဲ့ထူကြယ်ကတော့ ခံစစ်တွင် ပိုမိုအားသာသည်။

ဟုတ်ပေ၏။

ကောင်းဟန်ကတော့ တိုက်စစ်တွင်လည်း ထူးချွန်ထက်မြက်သူ ဖြစ်သည်။

“နေမင်း” ၏ သဘောတရားက ခန့်ညားထည်ဝါခြင်းနှင့် ပြင်းထန်စွာ တောက်လောင်ခြင်းကို ကိုယ်စားပြုသည် မဟုတ်လား။

ကောင်းဟန်ကျင့်ကြံထားသည့် နေနှင့်လ ကျင့်စဉ်များက စကြာဝဠာတစ်ခုလုံးတွင် ထိပ်တန်းအဆင့်ရှိသော သိုင်းပညာရပ်များ ဖြစ်ကြသည်။

“ငါ့ရဲ့ ထူးချွန်ထက်မြက်တဲ့ ညီလေးနဲ့ ညီမလေး... နေကောင်းကြပါရဲ့လား”

ကောင်းဟန်က ပြုံးရွှင်စွာဖြင့်ပင် လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို နှုတ်ဆက်လိုက်သည်။

ရန်ကျောက်ကဲကလည်း ပြုံးရယ်လိုက်ပြီး...

"နေဝန်းထက်ယံအရှင်သခင်က ယဉ်ကျေးလွန်းနေပါပြီ”

သူက ဆက်ပြောလိုက်သည်။

“အခြေအနေတွေကိုတော့ ခင်ဗျားလည်း သိပြီးလောက်ပြီ ထင်ပါတယ် ၊ ဒီတော့ ခင်ဗျားမှာ ဘယ်လိုနည်းလမ်းများရှိသလဲ သိပါရစေ”

ကောင်းဟန်၏မျက်နှာက တည်ငြိမ်သွားပြီး...

"ဒီကိစ္စက တကယ်ပဲ စကြာမုနိသရီရဓာတ်တော်နဲ့ ပတ်သက်နေတာဆိုရင်တော့... ဒီပွဲကို ငါတို့တွေဝင်နွှဲသင့်ပါတယ် ၊ ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”

ရန်ကျောက်ကဲက...

"အနောက်ဘက်သူတော်စင်ဘုံက လူတွေကတော့ ဒီသတင်းကို မဟာမာရူယိမသိအောင် တားဆီးထားကြမှာပဲ”

ကောင်းဟန်က...

“အမှန်ပဲ... ဒါပေမဲ့ ကြီးကြီးမားမား ပေးဆပ်ရမယ်ဆိုရင်တောင်မှ ဒီကိစ္စ ဖြစ်အောင်လုပ်ရတာ တန်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“လောလောဆယ်တော့ ငါလည်း နည်းလမ်းရှာနေတုန်းပဲ ၊ ဒါနဲ့ ညီလေး... တောင်ပိုင်းချန်စန်းဧကရာဇ်လည်း ဒီကိုရောက်နေတယ်”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ အနည်းငယ် မျက်မှောင်ကြုံ့လိုက်မိကြသည်။

"အိုး... ဟုတ်လား"

တောင်ပိုင်းချန်စန်းဧကရာဇ်က ကျောက်စိမ်းကျိုင်းတံအတွက် ပင်လယ်ငြိမ်သက်ပုလဲကို အလျော်ပေးခဲ့သူ ဖြစ်သည်။

သူက စောမင်ကျန့်၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်၊ ဝူတန့်မယ်တော်နှင့် ယွင်ရှောင်းနတ်သမီး တို့ကဲ့သို့ ကိုယ်ပိုင်စကြာဝဠာ သီးခြားတည်ထောင်ထားခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲ သတင်းရရှိသလောက် တောင်ပိုင်းချန်စန်းဧကရာဇ်သည်လည်း စကြာဝဠာအသစ်တည်ထောင်ပြီး လူသစ်များပျိုးထောင်ပေးရန် ကောင်းဟန်နှင့် လင်ချင်းကို ညွှန်ကြားထားခဲ့သည်။

သူကိုယ်တိုင်ကတော့ အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် လှည့်လည်သွားလာရင်း စန်းချင်း(၃)ပါး အဆက်အနွယ်မှ ညီအစ်ကိုမောင်နှမများနှင့် ရှေးယခင်က ပျောက်ဆုံးသွားခဲ့သော ထူးဆန်းသည့် ရတနာမျိုးစုံကို လိုက်လံရှာဖွေနေခဲ့သည်။

လက်ရှိမှာတော့ တောင်ပိုင်းချန်စန်းဧကရာဇ်က ယန်ကျန်းတို့နှင့်အတူ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ကို အဓိကထား၍ လိုက်လံရှာဖွေနေခဲ့သည်။

ယခုတော့ သူက သတင်းရရုံမျှဖြင့် ဤနေရာသို့ အမြန်ဆုံး ရောက်ရှိလာခဲ့ပေပြီ။

ဤသည်က စကြာမုနိသရီရဓာတ်တော်ကြောင့်လား ၊ ကောင်းဟန်တစ်ယောက် လမ်းမှန်ဗုဒ္ဓဘာသာနှင့် ဆက်သွယ်နေသည်ကို သူသိရှိကြောင်း အတိအလင်း ချပြလို၍ပဲလား မပြောတတ်ပေ။

ရန်ကျောက်ကဲစိတ်ထဲ နက်နဲစွာ တွေးတောနေမိသော်လည်း မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲပင်။

သူက ခေါင်းညိတ်လိုက်ပြီး...

“တောင်ပိုင်းချန်စန်းဧကရာဇ်ပါ ဒီကိုရောက်လာတာလား ၊ ဒါဆိုရင်တောင့် အနောက်ဘက်သူတော်စင်ဘုံမှာ ဘာအကြံတွေပဲရှိရှိ ကျွန်တော်တို့ဘက်က အသင့်ပြင်ဆင်ထားပြီးသား ဖြစ်သွားတာပေါ့"

သူက ဆက်ပြောလိုက်သည်။

"ဒါဖြင့် ကျွန်တော်တို့ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ သွားရောက်တွေ့ဆုံလိုက်ပါဦးမယ်၊ ဒီကကိစ္စတွေကိုတော့ နေဝန်းထက်ယံအရှင်သခင်ဆီပဲ လွှဲခဲ့ပါတော့မယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကောင်းဟန်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြု နှုတ်ဆက်လိုက်ပြီး ဖန်းယွင်ရှန်းနှင့်အတူ နေရာမှ ထွက်ခွာသွားလေသည်။

အတန်ကြာခရီးဆက်ပြီးနောက် ဖန်းယွင်ရှန်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

"ဟိုဘက်မှာ..."

အဆုံးမရှိသော ပြင်ပဗလာနယ်က အမြဲလိုလို တိတ်ဆိတ်ငြိမ်သက်နေသည်ဟု ထင်မှတ်ရသော်လည်း ထိုနေရာမှာတော့ သိမ်မွေ့သည့် မိုးကြိုးလှိုင်းများကို အာရုံခံစားနေရသည်။

ထိုနေရာသို့ ချဉ်းကပ်သွားပြီးနောက် သူတို့ရှေ့တွင် မမြင်နိုင်သော လိုက်ကာတစ်ခု ရှိနေသည့်ပမာ ခံစားလိုက်ရသည်။

ထိုအရံအတားကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် ဖုံးကွယ်ထားခြင်းမရှိတော့သည့် မိုးကြိုးလျှပ်စီးအလင်းတန်းများကို အတိုင်းသား တွေ့မြင်လိုက်ရ၏။

ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

"တောင်ပိုင်းချန်စန်းဧကရာဇ်... မတွေ့ရတာ ကြာပြီနော်"

ဘေးနားရှိ ဖန်းယွင်ရှန်းကလည်း ခေါင်းညိတ်ပြလိုက်ရင်း...

“အကြီးအကဲ... နေကောင်းကျန်းမာပါရဲ့လား”

မိုးကြိုးလျှပ်စီးရထားထက်တွင် တာအိုဝတ်စုံဝတ်ဆင်ပြီး သရဖူဆင်မြန်းထားသော အဘိုးအိုတစ်ယောက် ရှိနေသည်။

ထိုသူက အခြားသူမဟုတ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်ပင် ဖြစ်၏။

သူက မိုးကြိုးလျှပ်စီးရထားထက်မှ ဆင်းသက်လာပြီး အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

“ထက်မြက်တဲ့ညီငယ်လေး... မင်းရဲ့ စွမ်းအားရောင်ဝါက အရင်ကထက်တောင်ပိုပြီး အားကောင်းလာပါလား”

သူ၏အသံက ကောင်းကင်ယံမှ မိုးခြိမ်းသံပမာ ကျယ်‌လောင်မြည်ဟည်းလျှက် လောက၏ အပြစ်တရားနှင့် ကြမ္မာဆိုးများကို ဆေးကြောသန့်စင်ပစ်တော့မည့်အလား ခံစားရစေသည်။

တစ်ချိန်တည်းမှာပင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သဘာဝတရားကို ပျိုးထောင်ပေးမည့် သိမ်မွေ့သော လေပြေလေညင်းနှင့် မိုးစက်မိုးပေါက်များပမာ နားဝင်ချိုလှသည်။

ထိုသို့ ဆန့်ကျင်ဘက် အငွေ့အသက်နှစ်ခုက အပြန်အလှန် ရောယှက်နေပြီး ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ပေးစွမ်းသည်။

ရန်ကျောက်ကဲက...

"တောင်ပိုင်းချန်စန်းဧကရာဇ်က ချီးကျူးလွန်းနေပါပြီ”

ထို့နောက် ရန်ကျောက်ကဲက စကားလမ်းကြောင်း ပြောင်းလိုက်၏။

“အရင်တစ်ခေါက်ကတည်းက ကျွန်တော်တို့ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်နဲ့ပတ်သက်ပြီး ဘာသတင်းမှ သေချာမသိရသေးဘူး ၊ အခုရော အခြေအနေဘယ်လိုရှိပြီလဲဆိုတာ သိပါရစေ”

တောင်ပိုင်းချန်းစန်းဧကရာဇ်က သက်ပြင်းတချက် ချလိုက်ရင်း...

“အခုထိတော့ ဘာမှမသိရသေးဘူး”

သူက ဆက်ပြောလိုက်သည်။

“အဲဒီလို မရေရာတဲ့ကိစ္စထက်ဆာရင်တော့... အခု ဒီနေရာက ပိုပြီးမျက်စိကျစရာ ကောင်းတာပေါ့”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။

တောင်ပိုင်းချန်စန်းဧကရာဇ်က...

"မိတ်ဆွေလေး'ရန်'... မင်းက စိတ်ဝိညာဉ်သရဖူကို ပေါင်းစည်းနိုင်ခဲ့ပြီပဲ ၊ ဒါက တကယ့်ကို ဝမ်းသာစရာကိစ္စပဲ”

သူက ဆက်ပြောလိုက်သည်။

"မဟာကပ်ဘေးကြီး နောက်ပိုင်းမှာ... တာအိုရောင်းရင်း'စော' နဲ့ တာအိုရောင်းရင်း'ဖန်း' တို့ပြီးရင် မင်းနဲ့ မင်းရဲ့အဖေက ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ အနီးစပ်ဆုံးလူတွေပဲ”

ရန်ကျောက်ကဲက အလိုက်အထိုက် စကားဆိုလိုက်သည်။

“တောင်ပိုင်းချန်စန်းဧကရာဇ်က ချီးကျူးလွန်းနေပါပြီ ၊ တကယ်တော့ ကောင်းကင်နတ်ဘုရားအဆင့်နဲ့ နီလာလေ ကျင့်ကြံရတာ ပိုပြီးခက်ခဲလာလေပါပဲ ၊ ကျွန်တော်တို့ မျိုးဆက်ကတော့ ကိုယ်ပိုင်လမ်းစဉ်နဲ့ပဲ လိုက်လံရှာဖွေကြရမှာပေါ့”

ဖန်းယွင်ရှန်းကလည်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး စကားဆိုလိုက်သည်။

“ကျွန်မကလည်း အခွင့်အရေးရခဲ့လို့ ကံကောင်းသွားတာပါ ၊ အကြီးအကဲက ချီးကျူးလွန်းနေပါပြီ”

တောင်ပိုင်းချန်စန်းဧကရာဇ်က အသာအယာ ခေါင်းခါယမ်းလိုက်ရင်း...

“ငါ့ညီမက ပင်ကိုယ်ထက်မြက်တဲ့သူပါ ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေရတာလဲ”

သူက ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်ပြီး...

"ဒါနဲ့... လောလောဆယ် မင်းအဖေရော အခြေအနေဘယ်လိုရှိလဲ... ငါ သိပါရစေဦး”

ရန်ကျောက်ကဲက...

“လောလောဆယ် အဖေကတော့ ကျူတောပင်လယ်ကောင်းကင်ဘုံမှာ တံခါးပိတ်ကျင့်ကြံနေပါတယ်”

တောင်ပိုင်းချန်စန်းဧကရာဇ်က စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး...

"ရန်ရှင်းထန်ရဲ့ မျိုးဆက်တွေ အခုလိုမျိုး တိုးတက်စည်ပင်နေတာတွေ့ရတော့... ငါ တကယ်ပဲ စိတ်သက်သာရာ ရမိပါတယ်”

ရန်ကျောက်ကဲက စပ်စုလိုက်သည်။

"ဒါနဲ့... ဧကရာဇ် ဒီဘက်ကိုမလာခင် အကြီးအကဲ'ထိုက်ယီ' နဲ့ တွေ့ဆုံခဲ့သေးလား မသိဘူး”

ဟုတ်ပေ၏။

တောင်ပိုင်းချန်စန်းဧကရာဇ်သည်လည်း ယွိချင်အဆက်အနွယ် တည်ထောင်သူဘိုးဘေးဖြစ်သော ယွမ်စီထျန်းကျွင်း၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ထိုက်ယီကျန်းရန်နှင့် ဂိုဏ်းတူညီအစ်ကိုများဟု ဆိုနိုင်၏။

တောင်ပိုင်းချန်စန်းဧကရာဇ်က...

“ငါ သူနဲ့မတွေ့ရသေးဘူး ၊ ကိစ္စတွေ ပြီးပြတ်မှပဲ ဂိုဏ်းတူညီလေး’ထိုက်ယီ’ ကို သွားတွေ့ဖို့ စိတ်ကူးထားတယ် ၊ အခုတော့ ဂိုဏ်းတူညီလေး’ထိုက်ယီ’ က နီကျားအတွက် အစွမ်းကုန်ကြိုးစားပေးနေရတယ်လေ”

သူက တည်ကြည်လေးနက်သည့် အမူအရာဖြင့်...

"ဘာပဲဖြစ်ဖြစ်... အဲဒီ ဆရာနဲ့တပည့် နှစ်ယောက်လုံး ဒီလေက်မှာ ဘေးကင်းကင်းနဲ့ သက်ရှိထင်ရှား ရှိနေကြသေးတယ်ဆိုတဲ့သတင်း ကြားရတာနဲ့ပဲ အတော်လေး ဝမ်းသာလှပါပြီ”

သူတို့အုပ်စု စကားပြောရင်း ကောင်းဟန်ထံမှ သတင်းစကားကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။

ကောင်းဟန်၏ လှုပ်ရှားမှုကလည်း အလွန်ပင် ဖျတ်လတ်သွက်လက်လှသည်။

အတန်ကြာစောင့်ဆိုင်းပြီးနောက် ကောင်းဟန်တစ်ယောက် ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် တောင်ပိုင်းချန်စန်းဧကရာဇ် တို့ရှိရာသို့ ပြန်လည်ရောက်ရှိလာလေသည်။

All Chapters