← Chapters

အခန်း (၁၆၅၂)

Vol. 118 Ch. 1652

အခန်း (၁၆၅၂)

Vol. 118 Ch. 1652

အခန်း (၁၆၅၂) အားလုံးက ကိုယ့်အကြံနှင့်ကိုယ်

ရောက်ရောက်ချင်းပင် ကောင်းဟန်က ယုံကြည်မှုအပြည့်ဖြင့် စကားဆိုလိုက်သည်။

“မျှော်လင့်မထားတဲ့ ပြဿနာတစ်ခုခု မကြုံရဘူးဆိုရင်တော့... ကျွန်တော်တို့အစီအစဉ် သေချာပေါက် အောင်မြင်နိုင်ပါတယ်”

တောင်ပိုင်းချန်စန်းဧကရာဇ်က လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါဖြင့်လည်း ငါတို့ ခဏလောက် ဆက်ပြီးစောင့်ကြည့်ကြတာပေါ့”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့လည်း သဘောတူလိုက်ကြသည်။

သူတို့အနေဖြင့် မဟာမာရူယိဆီသို့ သတင်းပေါက်ကြားအောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လျှင် မဟာမာရူယိက သတင်းရရချင်း ချက်ချင်းထွက်လာပြီး တိုက်ခိုက်မည် မဟုတ်ပေ။

သူလိုလူမျိုးက အမှောင်ထဲတွင ဆက်လက်ပုန်းကွယ်နေပြီး အနောက်ဘက်သူတော်စင်ဘုံက စကြာမုနိသရီရဓာတ်တော်ကို အသည်းအသန် လိုက်လံရှာဖွေနေသည်ကို စောင့်ကြည့်နေပေလိမ့်မည်။

သဲလွန်စတစ်ခုခု ထွက်ပေါ်လာပြီး လမ်းမှန်ဗုဒ္ဓဘာသာမှလူများ ထိုသရီရဓာတ်တော်ကို သွားရောက်သိမ်းပိုက်မည့် အချိန်ကျမှသာ မဟာမာရူယိက အချိန်ကိုက် ဝင်ရောက်စွက်ဖက်ပေလိမ့်မည်။

ထိုအချိန်တွင် ရန်ကျောက်ကဲတို့အုပ်စုကလည်း အခွင့်အရေးကို အရယူကာ အချိန်ကိုက် လှုပ်ရှားရမည် ဖြစ်၏။

အကယ်၍ မဟာမာရူယိထံ သတင်းပေးပို့သည့်အစီအစဉ် ပျက်ဆီးသွားခဲ့လျှင်လည်း ဇာတ်လမ်းက ဤမျှဖြင့် အဆုံးသတ်သွားမည် မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲတို့အုပ်စုအတွက် ယခုထက် ပိုမိုကြီးမားသော စွန့်စားခန်းများဖြင့် ရင်ဆိုင်ရပေမည်။

ထိုသို့ဖြင့် သူတို့အုပ်စု စကားပြောရင်း ဆက်လက်စောင့်ဆိုင်းနေကြလေသည်။

ရန်ကျောက်ကဲကတော့ အနောက်ဘက်သူတော်စင်ဘုံ၏ လှုပ်ရှားမှုများထက် သူ့ရှေ့မှလူနှစ်ယောက်ကိုသာ အာရုံစိုက် အကဲခတ်နေမိသည်။

လဝန်းထက်ယံအရှင်သခင် 'လင်ချင်း' နှင့် မတူညီသည်မှာ နေဝန်းထက်ယံအရှင်သခင် 'ကောင်းဟန်' က ရှေးယခင်ကတည်းက တောင်ပိုင်းချန်စန်းဧကရာဇ်အနားတွင် အမှုထမ်းနေသူ ဖြစ်သည်။

သူ့က တောင်ပိုင်းချန်စန်းဧကရာဇ်၏ တပည့်တစ်ဝက်ဖြစ်နေပြီဟုပင် သတ်မှတ်၍ရသည်။

သို့ဆိုလျှင် ကောင်းဟန် လမ်းမှန်ဗုဒ္ဓဘာသာနှင့် တိတ်တဆိတ် လျှို့ဝှက်ဆက်သွယ်နေသည့်ကိစ္စကို တောင်ပိုင်းချန်စန်းဧကရာဇ် မည်မျှအထိ သိရှိထားပါသနည်း။

သို့မဟုတ် ဤကိစ္စများနောက်ကွယ်တွင် တောင်ပိုင်းချန်စန်းဧကရာဇ်ကိုယ်တိုင် ရှိနေသည်လား ရန်ကျောက်ကဲ အဖြေမထုတ်နိုင်သေးပေ။

နောက်ကွယ်တွင် တောင်ပိုင်းချန်စန်းဧကရာဇ် ရှိနေသည်ဆိုလျှင် ဤကိစ္စက ပိုပြီးတွေးစရာ ဖြစ်လာပေမည်။

ဟုတ်ပေ၏။

တောင်ပိုင်းချန်စန်းဧကရာဇ်က အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများနှင့် ဆက်ဆံရေး အလွန်အမင်း ဆိုးရွားသူ ဖြစ်သည်။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ မတည်ထောင်ခင်ကပင် သူက အမတခုံရုံးနှင့် ပဋိပက္ခဖြစ်နေခဲ့သူ ဖြစ်၏။ သို့မဟုတ်ပါက အတိတ်တုန်းက သူ၏ကျောက်စိမ်းကျိုင်းတံ ပျောက်ဆုံးသွားစရာ အကြောင်းမရှိပေ။

အနောက်ဘက်သူတော်စင်ဘုံက အမတခုံရုံးကို နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေခဲ့သည်။ သူတို့အင်အားစုနှစ်ခုက အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ကို ပူးပေါင်းတိုက်ခိုက်ရန် မဟာမိတ်ဖွဲ့ထားကြခြင်း ဖြစ်၏။

ထိုအချက်များကို ပြန်လည်သုံးသပ်ကြည့်လျှင် တောင်ပိုင်းချန်စန်းဧကရာဇ်က အမတခုံရုံးနှင့် ရန်သူဖြစ်နေသော်လည်း အနောက်ဘက်သူတော်စင်ဘုံနှင့် အဘယ့်ကြောင့် ဆက်ဆံရေး‌ကောင်းမွန်ရပါသနည်းဆိုသောအချက်က အတော်လေး စဉ်းစားစရာ ဖြစ်နေသည်။

အနောက်ဘက်သူတော်စင်ဘုံက အမတခုံရုံးကို ကူညီနေသည် မှန်သော်လည်း အမတခုံရုံးကို ဆန့်ကျင်နေသည့် လမ်းမှန်တာအိုဝါဒမှ တောင်ပိုင်းချန်စန်းဧကရာဇ်လိုပုဂ္ဂိုလ်မျိုးနှင့် လျှို့ဝှက်ဆက်သွယ်မှုများ ပြုလုပ်နေခဲ့သည်။

လမ်းမှန်ဗုဒ္ဓဘာသာနှင့် အမတခုံရုံးတို့က ကဏ္ဍအတော်များများတွင် မဟာမိတ်အဖြစ် ရပ်တည်နေကြသော်လည်း ၎င်းတို့က မတူညီသည့်အင်အားစုနှစ်ခုသာ ဖြစ်ကြသဖြင့် ကိုယ်ပိုင်လျှို့ဝှက်အစီအစဉ်များနှင့် တွက်ချက်မှုများ ရှိနေကြသည်မှာ သဘာဝကျသည်။

သို့ပေသိ ရန်ကျောက်ကဲ အမှန်တကယ် စိတ်ဝင်စားသည်မှာ အမှောင်ထုနောက်ကွယ်တွင် ဖြစ်ပျက်နေသည့် ရှုပ်ထွေးဆန်းကြယ်လှသော အပေးအယူ ကစားကွက်များသာ ဖြစ်သည်။

ယခု လမ်းမှန်တာအိုဝါဒက ပြန်လည်ဦးမော့လာခဲ့ပြီး အဘက်ဘက်မှ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် လျှို့ဝှက်ပုန်းအောင်းနေခဲ့ကြသော ဝါရင့်တန်ခိုးစွမ်းအားရှင်များလည်း ပြန်လည်ထွက်ပေါ်လာခဲ့ကြသည်။

မဟာကပ်ဘေးကြီးနောက်ပိုင်းကာလတွင် မွေးဖွားခဲ့ကြသော မျိုးဆက်သစ်လူငယ်များသည်လည်း သူ့ထက်သူ အလုအယက် တဟုန်ထိုး အောင်မြင်လာခဲ့ကြသည်။

လမ်းမှန်တာအိုဝါဒ၏ စွမ်းအားနှင့် အရှိန်အဝါများ တရိပ်ရိပ် မြင့်တက်လာချိန်တွင် ယခင်က တာအိုဝါဒ အကျပ်အတည်းကြုံစဉ် နောက်ကွယ်မှ တောင့်ခံထိန်းကျောင်းပေးခဲ့ကြသော ထိပ်တန်းကျွမ်းကျင်သူများသည်လည်း လူသိမခံဘဲ လျှို့ဝှက်စွာ လှုပ်ရှားလာကြပုံရသည်။

အခြေအနေအရ သူတို့၏ တောက်ပခဲ့သော ဂုဏ်ရောင်ဂုဏ်ဝါများသည်လည်း ယခင်ကထက်စာလျှင် မှေးမှိန်သွားခဲ့ရသည်။

ဝူတန့်မယ်တော်က နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် ထူးခြားသော အခြေအနေတစ်ခုတွင် ရှိနေသော်လည်း ထိုမျှသာ ဖြစ်ပေသည်

တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ကတော့ တမင်တကာ သိုသိုသိပ်သိပ်နေထိုင်ရန် ကြိုးစားနေပုံရသည်။

လက်ရှိ ပြင်ပလောကတွင် လူအများ ပြောစမှတ်ပြုနေပြီး အထူးဂရုစိုက် စောင့်ကြည့်နေကြသည့် တာအိုဝါဒ၏ အဓိက ကျွမ်းကျင်သူများမှာ ယန်ကျန်း၊ ရွှမ်တုကိုယ်တော်၊ ဝူတန့်မယ်တော်၊ ယွင်ရှောင်းနတ်သမီး၊ စောမင်ကျန့် နှင့် ဖန်းယွင်ရှန်း တို့သာ ဖြစ်ကြသည်။

ရွှမ်တုကိုယ်တော်က တာအိုအဆင့်သို့ တက်လှမ်းလုနီးပါး အခြေအနေဖြစ်သောကြောင့် ထင်ရှားခြင်း ဖြစ်သည်။

ဝူတန့်မယ်တော်နှင့် ယွင်ရှောင်းနတ်သမီးတို့က နတ်ဘုရားသုတ်သင်အစီအရင်ကို တစ်လှည့်စီ တာဝန်ယူ ထိန်းကျောင်းနေကြသူများ ဖြစ်သည်။

စောမင်ကျန့်နှင့် ဖန်းယွင်ရှန်း တို့ကတော့ အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် တဟုန်ထိုး တိုးတက်အောင်မြင်လာခဲ့ကြသော လူငယ်များအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသည်။

ဟုတ်ပေ၏။

ထိုသူများအားလုံးထဲတွင် လူအများ အာရုံစိုက်အခံရဆုံးသူမှာ 'လူငယ်ကောင်းကင်ဘုံအရှင်' ဟု အများက တင်စားခေါ်ဝေါ်ကြသော ရန်ကျောက်ကဲပင် ဖြစ်သည်။

ထို့ပြင် ယခုဆိုလျှင် ထိုက်ယီကျန်းရန်နှင့် နီကျားတို့ ဆရာတပည့်နှစ်ယောက် ပြန်လည်ထွက်ပေါ်လာခြင်းကလည်း လူအများ၏ အာရုံစိုက်မှုကို လွန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

သို့ပေသိ အတိတ်တစ်ချိန်က ထည်ဝါခဲ့ဖူးသော တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ကတော့ ယခင်ကလောက် ထင်ရှားပေါ်လွင်ခြင်း မရှိတော့ချေ။

လှိုင်းသစ်က လှိုင်းဟောင်းကို တွန်းထုတ်ပြီး မျိုးဆက်သစ်များက မျိုးဆက်ဟောင်းများကို ကျော်တက်သွားပြီဟုဆိုလျှင် ပုံကြီးချဲ့လွန်းရာရောက်မည်ဖြစ်သော်လည်း အခြေအနေအရပ်ရပ်က ထိုသို့သောအငွေ့အသက်မျိုးကို သိသိသာသာ ပေါ်လွင်နေစေသည်။

ဤသို့သောအခြေအနေမျိုး ရှိနေသည့်တိုင် ရန်ကျောက်ကဲကတော့ လူမသိသူမသိ ပုန်းကွယ်နေကြသော ထိုလူဟောင်းကြီးများကို အမြဲတမ်း မျက်ခြေမပြတ် အထူးဂရုစိုက် စောင့်ကြည့်နေခဲ့သည်။

လျှောက်သည့်လမ်းချင်းမတူသလို ဆက်ဆံရေးလည်းဆိုးရွားသော မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့်ဆာလျှင် ရန်ကျောက်ကဲက သူတို့နှင့်အတူ ရဲဘော်ရဲဘက်အဖြစ် ရပ်တည်ပေးလေ့ရှိသော တောင်ပိုင်းချန်စန်းဧကရာဇ်ကို ပို၍ သတိထား စောင့်ကြည့်နေခဲ့သည်။

သဲလွန်စအချို့နှင့် သူ၏ ထက်မြက်သော အာရုံခံစားမှုများကြောင့် ရန်ကျောက်ကဲ၏သဘောထား ယခုလို ပြောင်းလဲသွားခြင်း ဖြစ်၏။

သူက အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ တောင်ပိုင်းချန်စန်းဧကရာဇ်ကို အမြဲမပြတ် သတိထား စောင့်ကြည့်နေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

စကားလက်ဆုံကျနေသော ရန်ကျောက်ကဲတို့အုပ်စု ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

တောင်ပိုင်းချန်စန်းဧကရာဇ်၏ ပတ်ပတ်လည်တွင် တောက်ပနေသော မိုးကြိုးလျှပ်စီးအလင်းတန်းများ ချက်ချင်းပင် မှေးမှိန်သွားပြီး ဗလာနယ်တစ်ခုလုံး မှောင်မိုက်သွားသည်။

သူတို့အုပ်စုတစ်စုလုံး အမှောင်မိုက်ဆုံး ညသန်းခေါင်ယံသို့ ရောက်ရှိသွားသည့်ပမာပင် ဖြစ်၏။

ရန်ကျောက်ကဲတို့အားလုံး စွမ်းအားရောင်ဝါနှင့် သဲလွန်စများကို ဖုံးကွယ်လိုက်ကြပြီး ဗလာနယ်ထဲတွင် တမဟုတ်ချင်း ပျောက်ကွယ်သွားကြသည်။

မကြာခင်မှာပင်...

အဝေးတစ်နေရာ အနောက်ဘက်သူတော်စင်ဘုံဆီမှ အစိမ်းရောင်ကြာပန်းများစွာ ဗလာနယ်ထဲသို့ လွင့်မျောထွက်ခွာလာသည်ကို တွေ့မြင်လိုက်ကြရသည်။

ရန်ကျောက်ကဲက အခြေအနေကို အကဲခတ်လိုက်ပြီး...

“ကျွန်တော်တို့ လူစုခွဲပြီး သွားကြရအောင်...”

ရန်ကျောက်ကဲ၏ အကြံပြုချက်ကို တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်တို့ နှစ်ယောက်လုံးက ခေါင်းညိတ်သဘောတူလိုက်ကြသည်။

တကယ်တော့ ရန်ကျောက်ကဲ ဤသို့ပြုလုပ်လိုက်ခြင်းမှာ နောက်ကွယ်တွင် ရှိနေနိုင်သည့် ထောင်ချောက်များနှင့် ပူးပေါင်းကြံစည်မှုများမှ ကိုယ့်ကိုယ်ကိုယ် ကြိုတင်ကာကွယ်ရန် ဖြစ်သည်။

အစောပိုင်း ထိုက်ယီကျန်းရန်နှင့် နီကျားတို့အား လိုက်လံရှာဖွေရာတွင် အနောက်ဘက်သူတော်စင်ဘုံက အင်အားအလုံးအရင်းသုံးစွဲခဲ့ခြင်း မရှိသည်ကို ထောက်ဆ၍ သူတို့၌ အခြားသော အရေးကြီးသည့်ကိစ္စတစ်ခုခု ရှိနေမည်ဟု ရန်ကျောက်ကဲ သံသယဝင်ခဲ့သည်။

ဖူရှန်ဗောဓိသတ္တတို့အုပ်စု အနောက်ဘက်သူတော်စင်ဘုံသို့ ပြန်လည်ရောက်ရှိပြီး အခြားသော ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်များနှင့် တွေ့ဆုံကြလျှင် ၊ သူတို့၏လှုပ်ရှားမှုများအပေါ် လမ်းမှန်တာအိုဝါဒက သံသယဝင်သွားမည်ဖြစ်ကြောင်း သေချာပေါက် ရိပ်မိသွားကြပေမည်။

ထို့ပြင် ရန်ကျောက်ကဲကလည်း ကောင်းဟန်မှတစ်ဆင့် မဟာမာရူယိထံသို့ သတင်းပေါက်ကြားအောင် လုပ်ဆောင်ခဲ့သည်ဖြစ်ရာ လမ်းမှန်ဗုဒ္ဓဘာသာအင်အားစုများဘက်မှ ပို၍သတိကြီးကြီးထားရန် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ရန်ကျောက်ကဲတို့အုပ်စု ဤနေရာတွင် ပုန်းအောင်းပြီး သူတို့ကို ချောင်းမြောင်းစောင့်ကြည့်နေကြောင်း အနောက်ဘက်သူတော်စင်ဘုံမှ အာရုံမခံမိသည့်တိုင် လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူများက အလွန်ပင် ဉာဏ်များပြီး အကွက်စိပ်သည်ဖြစ်ရာ သူတို့အားတိုက်ခိုက်ရန် ‌ထောင်ချောက်များ ဖန်တီးလာနိုင်သည်။

ထို့ကြောင့်ပင် ရန်ကျောက်ကဲက အုပ်စုနှစ်စုခွဲရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သူနှင့် ဖန်းယွင်ရှန်းက တစ်ဖွဲ့ ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်တို့က တစ်ဖွဲ့ လူစုခွဲလိုက်ကြသည်။

တစ်ဖွဲ့က အနောက်ဘက်သူတော်စင်ဘုံမှ ထွက်ခွာသွားသော ဗုဒ္ဓဘာသာကိုယ်တော်များနောက်သို့ ခြေရာခံလိုက်လံကြည့်ရှုမည်ဖြစ်ပြီး ကျန်တစ်ဖွဲ့ကတော့ ဤနေရာမှာပင် ဆက်လက်ပုန်းအောင်းကာ လမ်းမှန်ဗုဒ္ဓဘာသာဘက်မှ လျှို့ဝှက်လှုပ်ရှားမှုများ ရှိ မရှိ စောင့်ကြည့်မည် ဖြစ်သည်။

တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်တို့ နှစ်ယောက် အစိမ်းရောင်ကြာပန်းများနောက်သို့ ခြေရာခံလိုက်သွားကြသည်ကိုကြည့်ရင်း ဖန်းယွင်ရှန်းက မေးခွန်းထုတ်လိုက်သည်။

“ရှင် သူတို့ကို ဒီလောက်သံသယဝင်နေတာတောင် ဘာလို့ နှစ်ဖွဲ့ခွဲပြီးလှုပ်ရှားဖို့ ပြောလိုက်ရတာလဲ”

ရန်‌ကျောက်ကဲက...

"စိတ်မပူပါနဲ့... တစ်ခုခုဖြစ်မယ်ဆိုရင်တောင် ဒီနေ့ချက်ချင်းတော့ ဖြစ်မှာမဟုတ်သေးပါဘူး”

သူက ဆက်ပြောလိုက်သည်။

"ဘာပဲပြောပြော အနောက်ဘက်သူတော်စင်ဘုံက အင်အားကြီးအုပ်စုတစ်ခုပဲ ၊ မဟာမာရူယိကလည်း ငတုံးမှ မဟုတ်တာ ၊ ဒီလောက် ကျပ်တည်းတဲ့အခြေအနေမှာ အမြတ်ထုတ်နိုင်ဖို့ဆိုရင် ငါတို့လည်း အခြေအနေကြည့်ပြီး ပူးပေါင်းဆောင်ရွက်ရမှာပဲပေါ့”

“တကယ်လို့ ငါတို့ဘက်က အခြေအနေထူးခြားရင် တောင်ပိုင်းချန်စန်းဧကရာဇ်ဆီကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားရမယ် ၊ ငါတို့စိုးရိမ်နေတဲ့ကိစ္စ အောင်မြင်ဖို့အတွက် အခွင့်အရေးကို သေချာဆုပ်ကိုင်ရမှာ ၊ နောက်မှ ကျန်တဲ့ကိစ္စရှင်းကြတာပေါ့”

ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်ပြီး...

“ဟုတ်ပြီလေ... ဒါဖြင့်လည်း အနောက်ဘက်သူတော်စင်ဘုံကလူတွေ ဘာဆက်ကြံစည်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”

***

အနောက်ဘက်သူတော်စင်ဘုံ။

ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများဖြင့် ပြည့်နက်နေသော ဗုဒ္ဓနယ်မြေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကြာပလ္လင်ထက်တွင် တည်ငြိမ်စွာ ထိုင်လျှက် ရှိသည်။

ထိုကြာပလ္လင်ပတ်ပတ်လည်တွင် အခြားသော ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်များ အသီးသီးနေရာယူထားကြသည်။

လူတိုင်း၏မျက်လုံးများက တစ်နေရာသို့ စူးစိုက်ကြည့်နေကြသည်။

ထိုနေရာတွင် လေထုထဲလွင့်မျောနေသော ဝတ်ရုံတစ်ထည် ရှိနေလေသည်။ ထိုဝတ်ရုံမှာ မီးလောင်ကျွမ်းထားသဖြင့် တစ်ဝက်မျှသာ ကျန်ရှိတော့သည်။

ထိုဝတ်ရုံထက်မှ မီးလျှံများက ငြိမ်းသတ်သွားခြင်းမရှိဘဲ ကျန်ရှိသော ဝတ်ရုံစကိုပါ တရွေ့ရွေ့နှင့် ဆက်လက်ဝါးမျို လောင်ကျွမ်းနေသည်။

"မဟာပျက်သုဉ်းခြင်းမူလနန်းတော်မှာ ဖြစ်ခဲ့တဲ့ကိစ္စကြောင့်... ပတ္တမြားတံခွန်ဗုဒ္ဓ ဆုံးပါးသွားရုံတင်မကဘူး ၊ စန်းချင်းသုံးပါးအဆက်အနွယ်တွေ ငါတို့အစီအစဉ်ကို ရိပ်မိသွားနိုင်တယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ အေးဆေးလေးနက်သောအသံ ထွက်ပေါ်လာသည်။

"ဒါပေမဲ့ စိတ်မကောင်းစရာက... လေးကြိုးကို ဆွဲဆန့်ပြီးသား ဖြစ်နေပြီမို့လို့ ငါတို့ဘက်က အစီအစဉ်အတိုင်း ဆက်လုပ်သွားရုံပဲ ရှိတော့တယ်”

သူ့ရှေ့တွင်ရှိနေသော မိုးကြိုးလျှပ်စီးဗုဒ္ဓက...

"အခု ကွမ်ယင်ဗောဓိသတ္တတို့အုပ်စုတော့ ထွက်ခွာသွားကြပါပြီ ၊ ဒါပေမဲ့ သူတို့အနေနဲ့ လမ်းမှန်တာအိုဝါဒရဲ့ အာရုံစိုက်မှုကို တကယ်ပဲ လှည့်စားဆွဲဆောင်နိုင်မလားဆိုတာတော့ မသိနိုင်သေးပါဘူး”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လောင်ကျွမ်းနေသောဝတ်ရုံကို စူးစိုက်ကြည့်ရင်း စကားဆိုလိုက်သည်။

“အဲဒါကြောင့်... နောက်ပိုင်းကိစ္စတွေမှာ မင်းတို့အနေနဲ့ ပိုပြီး သတိကြီးကြီးထားဖို့လိုတယ်”

သူက ဆက်ပြောလိုက်သည်။

“ငါကတော့ ဒီနေရာမှာပဲ အစီအရင်ကို ဆက်ထိန်းထားရမှာဖြစ်လို့ ဒီနေရာက ခွာလို့မရဘူး ၊ ကျန်တဲ့ကိစ္စတွေကို မင်းတို့အပေါ်မှာပဲ အားကိုးရလိမ့်မယ်”

သူ၏စကားဆုံးသွားသည်နှင့် သူ့ပတ်ဝန်းကျင်တွင်ရှိနေသော ဗုဒ္ဓဘာသာကိုယ်တော်များက လက်အုပ်ချီလိုက်ကြပြီး...

“ဟုတ်ပါပြီ... ငါတို့ကလည်း မင်းကိုပဲ အားကိုးရတော့မှာပါပဲ”

မိုးကြိုးလျှပ်စီးဗုဒ္ဓက...

“ကျန်တဲ့ကိစ္စ ငါတို့တာဝန်ထားပါ ၊ ဒီနေရာက အစီအရင်ကို ရှေးဟောင်းဗုဒ္ဓသာ ထိန်းသိမ်းမပေးဘူးဆိုရင် ငါတို့အနေနဲ့ ဘာမှရှေ့ဆက်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး”

All Chapters