အခန်း (၁၆၅၃)
Vol. 118 Ch. 1653
အခန်း (၁၆၅၃) ဗုဒ္ဓဘာသာ၏မူလနေရာ
မိုးကြိုးလျှပ်စီးဗုဒ္ဓက မထွက်ခွာမီ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို လှမ်းကြည့်လိုက်သည်။
သူက ခဏမျှ တုံ့ဆိုင်းသွားပြီး...
"မဟာမာရူယိကို သတိထားပါ"
ဟု သတိပေးစကား ဆိုလိုက်သည်။
"တာအိုရောင်းရင်း'ခုန်ရွှမ်း'ရဲ့ လက်ထဲမှာ သရီရဓာတ်တော်တွေက ပိုပြီးများလာနေပြီ ၊ ပြီးတော့ သူက ပိုပြီးတော့လည်း မတည်မငြိမ် ဖြစ်လာနေတယ်”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...
“သူသာ စိတ်ဝင်စားလာမယ်ဆိုရင် ငါတို့လှုပ်ရှားမှုတွေကို ဖုံးကွယ်ထားဖို့မလွယ်ဘူး ၊ ဒီတော့ ငါတို့ဘက်က အစွမ်းကုန်ကြိုးစားရုံပဲ ရှိတာပေါ့”
ရှေးဟောင်းဗုဒ္ဓက တည်ငြိမ်သောမျက်နှာထားဖြင့်...
“ညီနောင်တို့အားလုံး... သတိထားကြပါ ၊ တာအိုရောင်းရင်း'ခုန်ရွှမ်း' ဝင်ပါလာရင် ဒုတိယအစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြပါ”
"နားလည်ပါပြီ..."
မိုးကြိုးလျှပ်စီးဗုဒ္ဓ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များနှင့်အတူ အစိမ်းရောင်ကြာပလ္လင်ကိုစီးနင်းကာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေမှ ထွက်ခွာသွားလေသည်။
ဗုဒ္ဓနယ်မြေ၏ အခြားတစ်ဖက်မှာတော့ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းကို ပိုင်ဆိုင်ထားသည့် မဟာမာရူယိက မည်သည့်အရာကိုမှ စိတ်ဝင်စားပုံမရဘဲ တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရှိနေသည်။
သို့သော် သူ့အကြည့်များက မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် အခြားကိုယ်တော်များ စီးနင်းသွားသည့် အစိမ်းရောင်ကြာပန်းများ ပျောက်ကွယ်သွားရာဘက်သို့ ဝေ့ဝဲရောက်ရှိသွားသည်။
"သတင်းကတော့ အမှန်ပဲ ထင်တယ်..."
မဟာမာရူယိက တစ်ချက်မှ လှုပ်ရှားခြင်းမရှိသော်လည်း နက်နဲစွာတွေးတောရင်း တိုးလျစွာ ရေရွတ်လိုက်သည်။ ထို့နောက် သူက ဝေးကွာသွားသည့် အစိမ်းရောင်ကြာပန်းများကို အတော်ကြာအောင် စူးစိုက်ကြည့်နေလေ၏။
***
ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲတို့သည်လည်း အနောက်ဘက်သူတော်စင်ဘုံ၏ လှုပ်ရှားမှုများကို အာရုံစိုက် စောင့်ကြည့်နေကြသည်။
သူတို့ကြည့်နေစဉ်မှာပင် အစိမ်းရောင်ကြာပန်းအချို့ ထပ်မံ ပျံသန်းထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။
“တစ်ခုခုမှားနေတာ သေချာတယ်”
ဖန်းယွင်ရှန်းက အတည်ပြုသလို ရေရွတ်လိုက်သည်။
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး...
“သူတို့မှာ ဖြေရှင်းစရာ တခြားကိစ္စတွေ ရှိနေတာလည်း ဖြစ်နိုင်တယ် ၊ လောလောဆယ်တော့ ကောက်ချက်ချဖို့ စောပါသေးတယ်”
ဖန်းယွင်ရှန်းက အနောက်ဘက်သူတော်စင်ဘုံရှိရာသို့ စူးစိုက်ကြည့်ရင်း...
“ကောင်းဟန် ပြောသလိုဆိုရင် မဟာမာရူယိလည်း သတင်းရထားလောက်ပြီ ၊ ဒါပေမဲ့ မဟာမာရူယိက အခုထိ ဘာမှမလှုပ်ရှားသေးဘူး”
ရန်ကျောက်ကဲက...
“သူက အတော်လေး စိတ်ရှည်တဲ့အထဲမှာပါတယ် ၊ ငါ့အထင်တော့... အဲဒီရတနာပစ္စည်းက ဘယ်နေရာမှာ အတိအကျရှိနေလဲဆိုတာကို ငါတို့ဘက်က ထပ်ပြီးသတင်းပေးမှာကို သူစောင့်နေတာဖြစ်ရမယ်”
သူက ဆက်ပြောလိုက်သည်။
“ငါတို့ဘက်က လှုပ်ရှားမှုတွေအရမ်းများသွားရင်လည်း အနောက်ဘက်သူတော်စင်ဘုံက ရိပ်မိသွားမှာစိုးရတယ်”
ဖန်းယွင်ရှန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသော မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ဗုဒ္ဓဘာသာကိုယ်တော်များကို လှမ်းကြည့်လိုက်သည်။
“ကျွန်မတို့ လူခွဲပြီးလိုက်ကြမလား... တော်ကြာ သူတို့ဘက်က တတိယအသုတ်ထပ်လွှတ်နေဦးမလားဆိုတာ ခန့်မှန်းရခက်တယ်”
ရန်ကျောက်ကဲက...
“ဟုတ်တော့ဟုတ်တယ် ၊ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ နည်းပါတယ်”
သူက ဆက်ပြောလိုက်သည်။
"ဖူရှန်ဗောဓိသတ္တ ပြန်ရောက်တာ အတော်ကြာနေပြီ ၊ ဒါပေမဲ့ အနောက်ဘက်သူတော်စင်ဘုံက ဘာလို့ ဒီလောက်အချိန်ဆွဲနေရတာလဲ ၊ ကြည့်ရတာ... သူတို့ တကယ်ပဲ စကြာမုနိသရီရဓာတ်တော်ကို လိုက်ရှာနေတာ ဖြစ်ရမယ် ၊ ဒါက သူတို့အတွက် လွယ်ကူတဲ့အလုပ်မဟုတ်ဘူး ၊ လူအင်အားအများကြီး သုံးရမှာ ၊ အဲဒါကြောင့် သူတို့လုပ်ထားတဲ့ လျှို့ဝှက်အစီအရင်ကိုထိန်းထားဖို့ လူလိုနေလောက်တယ် ၊ ပြီးတော့ မဟာမာရူယိကိုလည်း စောင့်ကြည့်ရဦးမှာလေ ၊ ဒီတော့ သူတို့အတွက် အင်အားမလောက်ဘူးဖြစ်နေတာ”
ရန်ကျောက်ကဲက အနောက်ဘက်သူတော်စင်ဘုံရှိရာဆီသို့ လှမ်းကြည့်လိုက်ပြီး...
“ငါတို့ သူတို့နောက် လိုက်သွားကြမယ် ၊ ပြီးတော့ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ ကောင်းဟန်တို့ကိုလည်း အကြောင်းကြားလိုက်မယ်..."
ထို့နောက် ချစ်သူနှစ်ယောက် အဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာသွားသည့် အစိမ်းရောင်ကြာပန်းများနောက်သို့ တိတ်တဆိတ် လိုက်ပါသွားကြသည်။
သူတို့နှစ်ယောက်လုံး စွမ်းအားရောင်ဝါ ဖုံးကွယ်ခြင်းအတတ်ကို အလွန်ကျွမ်းကျင်သော်လည်း ရန်သူက ရိပ်မိသွားမည်စိုးသဖြင့် အနီးကပ်လိုက်ပါခြင်းမပြုဘဲ အကွာအဝေးတစ်ခုမှသာ သတိထား၍ လိုက်ပါခဲ့ကြ၏။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ထံမှ သတင်းစကား ရရှိသည့်တိုင် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်တို့သည်လည်း ချက်ချင်း စိတ်မချနိုင်သေးပေ။
ရန်သူလှည့်စားမည်ကို စိုးရိမ်သဖြင့် သူတို့က အနောက်ဘက်သူတော်စင်ဘုံမှ ပထမဆုံး ထွက်ခွာလာသည့် ကွမ်ယင်ဗောဓိသတ္တနှင့် ဗုဒ္ဓဘာသာကိုယ်တော်များအဖွဲ့ကို ဆက်၍စောင့်ကြည့်နေခဲ့သည်။
တိကျသေချာသည့် သဲလွန်စတစ်ခုခု ရရှိမှသာ အားလုံး ပြန်လည်စုစည်းပြီး ထိုနေရာသို့ ဦးတည်သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
အတန်ကြာလိုက်ပါသွားပြီးနောက် ဖန်းယွင်ရှန်းက မျက်မှောင်ကြုံ့လိုက်ပြီး...
"တစ်ခုခုတော့ မှားနေပြီထင်တယ်..."
ရန်ကျောက်ကဲက ဘာဖြစ်သည်ကို ချက်ချင်းသဘောပေါက်သွားသည်။
“ဟုတ်တယ်... ဒါက နတ်မိစ္ဆာမျိုးနွယ်တွေရဲ့ စွမ်းအားရောင်ဝါပဲ”
သူတို့နှစ်ယောက်က ခြေရာဖျောက်ရာတွင် ကျွမ်းကျင်ရုံသာမက ပတ်ဝန်းကျင်ကို အကဲခတ် အာရုံခံနိုင်စွမ်းတွင်လည်း အလွန်ထူးချွန်ကြသည်။
"မဟာမာရူယိက ဒီကိစ္စကို တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ဆီ သွားပြီး အကြောင်းကြားလိုက်တာမျိုးတော့ မဟုတ်လောက်ပါဘူးနော်... ဟုတ်တယ်မလား။ ပြီးတော့ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ ကောင်းဟန်တို့ဘက်ကလည်း အဲဒီလိုလုပ်မယ် မထင်ဘူး”
ဖန်းယွင်ရှန်းက မေးခွန်းထုတ်လိုက်သည်။
ရန်ကျောက်ကဲက မေးစေ့ကို အသာအယာပွတ်ရင်း...
"အာနန်ကိုယ်တော်က မီလဲ့ကိုယ်တော်ကြောင့် သေဆုံးသွားခဲ့တာ ၊ အခု အနောက်ဘက်သူတော်စင်ဘုံက သနဝါသကိုယ်တော်နဲ့အတူ လှုပ်ရှားနေကြတာဆိုတော့... အဖြူရောင်ကြာပန်းသုခဘုံ သတိထားမိသွားတာလည်း ဖြစ်နိုင်တယ် ၊ အနောက်ဘက်သူတော်စင်ဘုံဘက်က မလှုပ်ရှားနိုင်သေးခင် အဖြူရောင်ကြာပန်းသုခဘုံက အရင်လက်ဦးမှုယူသွားတာမျိုးလည်း ဖြစ်နိုင်တယ်လေ”
အခြေအနေကို သုံးသပ်ပြီးနောက် ရန်ကျောက်ကဲ ရယ်မောလိုက်သည်။
“ဒီလိုအခြေအအနေမှာ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေကြတာဆိုတော့ လျှို့ဝှက်လှုပ်ရှားဖို့က ပိုပြီးခက်ခဲတယ်လေ ၊ ရတနာပစ္စည်းတစ်ခုရဖို့ဆိုရင် ပြိုင်လုမယ့်သူတွေကလည်း အမြဲတမ်း ပေါ်လာတတ်တာပဲ မဟုတ်လား”
ဖန်းယွင်ရှန်းက...
“ဒီအတိုင်းဆိုရင် ခု ကျွန်မတို့ နောက်ယောင်ခံလိုက်လာတဲ့ အနောက်ဘက်သူတော်စင်ဘုံရဲ့ ဒုတိယအသုတ်လူတွေက ပစ်မှတ်အစစ်ကို ဦးတည်နေတာပဲ ဖြစ်ရမယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
"အင်း... ဟုတ်တယ်။ ဒီအကြောင်းကို တောင်ပိုင်းချန်စန်းဧကရာဇ်တို့ဘက်ကို လှမ်းအကြောင်းကြားလိုက်မယ်”
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ထံမှ သတင်းစကား လက်ခံရရှိသည်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်တို့က သူတို့စောင့်ကြည့်နေသူများကို လက်လွှတ်လိုက်ပြီး ရန်ကျောက်ကဲတို့ရှိရာသို့ လာရောက်ပူးပေါင်းကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းဟန်ကလည်း မဟာမာရူယိထံသို့ နောက်တစ်ကြိမ်ထပ်ပြီး လျှို့ဝှက်ဆက်သွယ်လိုက်သည်။
***
အနောက်ဘက်သူတော်စင်ဘုံ။
မဟာမာရူယိ၏ ဗုဒ္ဓနယ်မြေ။
ထိုနေရာတွင် ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများ တောက်ပစွာ လင်းလက်နေသည်။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပလ္လင်ထက်တွင် ထိုင်နေသော မဟာမာရူယိသည်လည်း စတင်လှုပ်ရှားလာပြီ ဖြစ်သည်။
အစိမ်းရောင်ကြာပလ္လင်က အထက်သို့ ပျံတက်သွားပြီး မဟာမာရူယိ အနောက်ဘက်သူတော်စင်ဘုံမှ ထွက်ခွာသွားသည်။ ခုန်ရွှမ်းက သူ၏လှုပ်ရှားမှုများကို တစ်ချက်ပင် ဖုံးကွယ်ခြင်း မရှိပေ။
သို့တိုင် သူ့ကို မည်သူမှ မတားဆီးရဲကြပေ။
ဖူရှန်ဗောဓိသတ္တတစ်ပါးသာလျှင် သူ့အရှေ့တွင် ထွက်ပေါ်လာသည်။
မဟာမာရူယိက တည်ငြိမ်စွာဖြင့်...
“တာအိုရောင်းရင်းက ငါ့ကိုတားမလို့လား”
ဖူရှန်ဗောဓိသတ္တက ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး... သွားမယ့်လမ်းချင်းတူနေလို့ ငါက မဟာမာရူယိနဲ့ အတူလိုက်ခဲ့မလို့ပါ..."
မဟာမာရူယိက ထိုကိစ္စကို စိတ်ထဲမထားဘဲ ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
“ကောင်းပြီ...”
ထို့နောက် သူတို့နှစ်ယောက် အတူတကွ ထွက်ခွာသွားလေသည်။
ဗုဒ္ဓနယ်မြေတွင်ရှိနေသော မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူတို့နှစ်ယောက်ထွက်ခွာသွားသည်ကို လှမ်းမျှော်ကြည့်လိုက်သည်။
သို့သော် မည်သည့်စကားမှ မဆိုခဲ့ပေ။
ရှေးဟောင်းဗုဒ္ဓ၏ဘေးတွင်ရှိနေသော ပိုင်ရှုန်းကိုယ်တော်က သက်ပြင်းချလိုက်ပြီး...
"နောက်ဆုံးတော့ မဟာမာရူယိ သတိထားမိသွားပြီပဲ”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အေးဆေးစွာဖြင့်...
"ကိစ္စမရှိပါဘူး... ရတာရှိသလို ဆုံးရှုံးရတာလည်း ရှိတတ်စမြဲပဲ..."
ရှေးဟောင်းဗုဒ္ဓက ဆက်ပြောလိုက်သည်။
"အကျိုးအမြတ်တွေရဲ့ နောက်ကွယ်မှာ အန္တရာယ်က အမြဲတမ်း ဒွန်တွဲပါနေတတ်တယ် ၊ ဒါက ငါတို့ဘက်က ပေးဆပ်ရမယ့်တန်ဖိုးပါပဲ ၊ ကံကောင်းတာက ဒီအခြေအနေကိုအသုံးချပြီး ငါတို့အတွက် အကျိုးရှိအောင် ဖန်တီးလို့ ရနိုင်သေးတာပဲ”
ပိုင်ရှုန်းကိုယ်တော်က...
“တပည့် နားလည်ပါပြီ ၊ အခုချက်ချင်း ကွမ်ယင်ဗောဓိသတ္တကို ဆက်သွယ်လိုက်ပါ့မယ်..."
“ကောင်းပြီ...”
ပြောပြီးသည်နှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မျက်လုံးများကို ပြန်လည်မှေးမှိတ်လိုက်လေသည်။
***
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ သူတို့ထံရောက်လာမည့် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်ကို စောင့်ဆိုင်းနေချိန် အရှေ့ဆီမှပျံသန်းနေသည့် ကြာပန်းများက တဖြည်းဖြည်း အရှိန်လျော့သွားသည်။
ယခု သူတို့အားလုံး လျှို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေသည့် ကြယ်စင်စုဝဲဂယက်တစ်ခုအနားသို့ ရောက်ရှိလာကြသည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများထံမှ ထွက်ပေါ်လာသည့် အလင်းတန်းများရိုက်ခတ်မှုကြောင့် အစောပိုင်းက ဖုံးကွယ်နေခဲ့သော ကြယ်စင်စုဝဲဂယက်ကြီးက နောက်ဆုံး အထင်အရှား ထွက်ပေါ်လာသည်။
ကြယ်စင်ကြယ်ပွင့် အလင်းမှုံတို့က အဆုံးမရှိသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်အနှံ့သို့ လွင့်စင်အက်ကွဲသွားပြီး ၊ ထိုကြယ်စင်စုဝဲဂယက်၏ အလယ်ဗဟိုတွင် ပျက်စီးယိုယွင်းနေသော နယ်မြေတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ခြောက်သွေ့ပြီး ထုထည်ကြီးမားလှသော ထိုနယမြေက မှောင်မိုက်တိတ်ဆိတ်သည့် ဗလာနယ်ထဲတွင် ငြိမ်သက်စွာ လွင့်မျောနေသည်။
ထိုနယ်မြေ၏ မျက်နှာပြင်ထက်ွင် ရေခဲပြင်အလွှာတစ်ခု ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ အလွန် ခြောက်သွေ့ဆိတ်သုဉ်းလှသော နယ်မြေဆိုးတစ်ခုပမာ ဖြစ်သည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် အခြားဗုဒ္ဓဘာသာကိုယ်တော်များက ထိုနယ်မြေကိုကြည့်ရင်း မျက်နှာပျက်သွားကြသည်။
နောက်ပိုင်းမျိုးဆက် ကျင့်ကြံသူများကတော့ ထိုနယ်မြေကို သိချင်စိတ်ဖြင့် ကြည့်ရှုနေကြသော်လည်း မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် အခြားသော ဝါရင့်ဗုဒ္ဓဘာသာထိပ်တန်းပုဂ္ဂိုလ်ကြီးများကတော့ ခံစားချက်ရှုပ်ထွေးလျှက် ရှိကြသည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ ဘေးနားတွင်ရှိသော တပည့်တစ်ယောက်က စတင်မေးမြန်းလိုက်သည်။
"ဆရာ... ဒီပျက်စီးနေတဲ့နေရာက အရင်တုန်းက အာနန်ကိုယ်တော် နေထိုင်ခဲ့တဲ့နေရာလား”
မိုးကြိုးလျှပ်စီးဗုဒ္ဓက လေးလံသည့်အသံဖြင့်...
"ဟုတ်လည်းဟုတ်တယ်... မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်..."
သူက ဆက်ပြောလိုက်သည်။
“အရင်တုန်းကတော့ ဒီနေရာက အလယ်ပိုင်းသုခဘုံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးတယ် ၊ ရှေးခေတ်ကာလ ကနဦးပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာရဲ့ ကပ်ဘေးကြီးကြောင့် အခုလို ပျက်စီးသွားခဲ့ရတာပေါ့..."
နေရာတွင်ရှိနေသော ဗုဒ္ဓဘာသာကျင့်ကြံသူများအားလုံး ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
"ဒီလောက်အထိ ဆိုးဆိုးရွားရွား ပျက်စီးသွားတာတောင် ဒီနေ့အချိန်အထိ တည်ရှိနေဦးမယ်လို့ ထင်မထားမိဘူး”
မိုးကြိုးလျှပ်စီးဗုဒ္ဓက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
ထို့နောက် သူ၏မျက်နှာက ပြန်လည်တည်ငြိမ်သွားပြီး ပျက်ဆီးနေသော နယ်မြေအတွင်းသို့ အရင်ဆုံး စတင်ဝင်ရောက်သွားတော့သည်။