← Chapters

အခန်း (၁၆၅၅)

Vol. 118 Ch. 1655

အခန်း (၁၆၅၅)

Vol. 118 Ch. 1655

အခန်း (၁၆၅၅) ရင်းနှီးနေသည့်ပုံရိပ်တစ်ခု

မျှော်လင့်ထားသည့်အတိုင်း မဟာမာရူယိ ထွက်ပေါ်လာသဖြင့် ရန်ကျောက်ကဲတို့အုပ်စုကတော့ ဝမ်းသာသွားကြသည်။

သို့သော် မဟာမာရူယိနှင့်အတူ ဖူရှန်‌ဗောဓိသတ္တပါလာသည်ကိုတွေ့ရသည့်အခါ အခြေအနေက သူတို့တွေးထားသလောက် မျှော်လင့်စရာမရှိတော့ပေ။

ဖူရှန်ဗောဓိသတ္တက အနောက်ဘက်သူတော်စင်ဘုံဘက်မှသာ ရပ်တည်မည့်သူဖြစ်ပြီး ပုဂ္ဂိုလ်ရေးခင်မင်မှု သက်သက်ဖြင့် မဟာမာရူယိကို ကူညီပေးမည့်သူ မဟုတ်ပေ။

ယခု သူတို့နှစ်ယောက် အတူရောက်ရှိလာသည်ကိုကြည့်ခြင်းအားဖြင့် ဖြစ်နိုင်ခြေ တစ်ခုသာရှိသည်။

မဟာမာရူယိ သတင်းရရှိသွားပြီးနောက် အနောက်ဘက်သူတော်စင်ဘုံက စကြာမုနိသရီရဓာတ်တော်ကို ဆက်လက်လုယူရန် မကြိုးပမ်းတော့ဘဲ မဟာမာရူယိနှင့် အပေးအယူ သို့မဟုတ် ညှိနှိုင်းမှုပြုလုပ်ခြင်း ဖြစ်ဟန်တူသည်။

ထိုသို့ဆိုလျှင် မဟာမာရူယိသည်လည်း အနောက်ဘက်သူတော်စင်ဘုံနှင့် တစ်ဘက်တည်းဖြစ်သွားပြီဟု ဆိုနိုင်သည်။

"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနဲ့ မိုးကြိုးလျှပ်စီးဗုဒ္ဓတို့ကတော့ တကယ့်ကို ပြတ်သားတာပဲ..."

ရန်ကျောက်ကဲက သက်ပြင်းချလိုက်မိသည်။

ကြာပန်းစိမ်းရတနာအလံကိုကြည့်ပြီးနောက် ထိုကိစ္စနောက်ကွယ်မှ အပေးအယူကိုပင် သူ ခန့်မှန်းမိသွားသည်။

အနောက်ဘက်သူတော်စင်ဘုံက စကြာမုနိသရီရဓာတ်တော်ကို မဟာမာရူယိထံသို့ ပေးအပ်လိုက်ပေမည်။

အပြန်အလှန်အားဖြင့် မဟာမာရူယိဘက်မှလည်း ယခုတစ်ကြိမ်တွင် ပြဿနာရှာရန် ရောက်ရှိလာကြသည့် နတ်မိစ္ဆာမျိုးနွယ် ထိပ်တန်းကျွမ်းကျင်သူများကို တားဆီးပေးရမည်ဖြစ်ပြီး ၊ ဤနေရာတွင် ထွက်ပေါ်လာနိုင်ခြေရှိသည့် ရန်ကျောက်ကဲနှင့် အခြားသူများကိုပါ ရှင်းလင်းပေးရပေမည်။

ဤနေရာသို့ရောက်လာသူတိုင်း မဟာမာရူယိနှင့် အနောက်ဘက်သူတော်စင်ဘုံတို့၏ ပူးတွဲတိုက်ခိုက်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။

အနောက်ဘက်သူတော်စင်ဘုံဘက်မှ ဤအပေးအယူကို ယုံကြည်ချက်ရှိရှိ လုပ်ဆောင်ဝံ့သည့် အကြောင်းရင်းကတော့ ကြာပန်းစိမ်းရတနာအလံပင် ဖြစ်၏။

ဤအလံရှိနေသရွေ့ မိုးကြိုးလျှပ်စီးဗုဒ္ဓက စကြာမုနိသရီရဓာတ်တော်ကို စိတ်ချလက်ချ စောင့်ရှောက်ထားနိုင်မည်ဖြစ်ပြီး မဟာမာရူယိက သဘောတူညီမှုအတိုင်း တိုက်ပွဲအဆုံးသတ်သည်အထိ တာဝန်ယူပေးရပေမည်။

မဟာမာရူယိက အလွန် စွမ်းအားကြီးမားသည်ဖြစ်ရာ မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် အခြားသူများကို သရီရဓာတ်တော်နှင့်အတူ ဤနေရာ၌ တစ်ခါတည်း ပိတ်လှောင်ထားနိုင်စွမ်း ရှိသည်။

ထိုသို့သောအခြေအနေဖြစ်လာပါက အော်မီတော်ဖော်ဗုဒ္ဓကိုယ်တိုင် ဝင်မပါလျှင် ဗုဒ္ဓဘာသာကျင့်ကြံသူများအတွက် အခြားရွေးချယ်စရာရှိမည် မဟုတ်ပေ။

ကြာပန်းစိမ်းရတနာအလံဆိုသည်က ခံစစ်အတွက်သာ အဓိကအသုံးပြုနိုင်သည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် မတိုးသာမဆုတ်သာ အခြေအနေတစ်ခုသို့ ကျရောက်သွားနိုင်သည်။

အနောက်ဘက်သူတော်စင်ဘုံရော မဟာမာရူယိပါ ဤသို့သော အခြေအနေမျိုး ကြုံတွေ့လိုကြမည် မဟုတ်ပေ။

ထို့ကြောင့် သူတို့နှစ်ဘက်လုံး တစ်ယောက်တစ်လှမ်းစီ နောက်ဆုတ်ပေးခဲ့ကြပြီး ယာယီအပေးအယူတစ်ခုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုတော့ လူတိုင်း မိမိတို့လိုအပ်သောအရာကို ရရှိသွားကြပေပြီ။

မဟာမာရူယိက စကြာမုနိသရီရဓာတ်တော်ကို ရရှိသွားပြီး အနောက်ဘက်သူတော်စင်ဘုံက ဤအခွင့်အရေးကို အသုံးချကာ နတ်မိစ္ဆာမျိုးနွယ်များနှင့် လမ်းမှန်တာအိုဝါဒမှ ထိပ်တန်းကျွမ်းကျင်သူများကို သုတ်သင်ကာ ရန်သူအင်အားကိုလျှော့ချရန် ကြိုးပမ်းပေမည်။

ပုန်းအောင်းနေခဲ့ကြသော ရန်ကျောက်ကဲတို့အုပ်စုက ဘာမှမဖြစ်သေးသော်လည်း မဟာနတ်မိစ္ဆာများကတော့ အတော်လေးအထိနာပြီး မဟာမာရူယိ၊ ဖူရှန်ဗောဓိသတ္တနှင့် မိုးကြိုးလျှပ်စီးဗုဒ္ဓတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို အလူးအလဲ ရင်ဆိုင်နေရသည်။

ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

လက်ရှိအခြေအနေကို တွက်ဆကြည့်လျှင် သူတို့ကြောင့် နတ်မိစ္ဆာမျိုးနွယ်များ ထောင်ချောက်ထဲပိတ်မိသွားသည်ဟု ဆိုနိုင်သည်။

ဟုတ်ပေ၏။

မဟာမာရူယိကို သွားရောက်သတင်းပေးသူက သူတို့အုပ်စုဖြစ်နေသည် မဟုတ်ပါလား။

အမှန်တော့ နတ်မိစ္ဆာများရော အနောက်ဘက်သူတော်စင်ဘုံပါ ဤကိစ္စတွင် မဟာမာရူယိ ပါဝင်ပတ်သက်လာမည်ဟု ကြိုတင်တွက်ဆထားခြင်း မရှိကြပေ။

ရန်ကျောက်ကဲနှင့် ကောင်းဟန်တို့က မဟာမာရူယိကို မျှားခေါ်ခဲ့ကြသဖြင့် အနောက်ဘက်သူတော်စင်ဘုံသည်လည်း ပြတ်သားစွာပင် ဆုံးဖြတ်ချက်ချကာ အကွက်ရွှေ့ခဲ့ခြင်း ဖြစ်သည်။

ဝန်ခံရမည်ဆိုလျှင် ရလဒ်က သူတို့အတွက် အကောင်းဆုံး မဟုတ်သော်လည်း လက်ခံလောက်သည့်အနေအထားတွင် ရှိနေသည်။

လမ်းမှန်တာအိုဝါဒဘက်မှ ရန်ကျောက်ကဲတို့အုပ်စုကတော့ ပုန်းအောင်းနေဆဲ ဖြစ်သည်။

သူတို့က နောက်ဆုံးပိတ်မှ အမြတ်ထုတ်ရန် စိတ်ရှည်လက်ရှည်ဖြင့် အခွင့်ကောင်းကို စောင့်ဆိုင်းနေကြသည်။

နတ်မိစ္ဆာမျိုးနွယ်များကတော့ မိုးကြိုးလျှပ်စီးဗုဒ္ဓကဲ့သို့သော ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ယှဉ်ပြိုင်ရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။

မဟာမာရူယိ ထွက်ပေါ်လာမည်ဟု တွေးမထားခဲ့ကြပေ။

ထို့ကြောင့် သူတို့မှာ ခုန်ရွှမ်း၏ ကြောက်မက်ဖွယ်ရာ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းအောက်တွင် မရှုမလှ ဖြစ်သွားကြရသည်။

ခြင်္သေ့နတ်ဘုရား ၊ နွားရိုင်းမိစ္ဆာဘုရင်နှင့် အခြားသော မဟာနတ်မိစ္ဆာများမှာ မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ဖူရှန်ဗောဓိသတ္တတို့အား နာကျည်းမှုနှင့် မရေရာမှုများပြည့်နက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြသည်။

သူတို့အနေဖြင့် ဤကိစ္စကို လုံးဝတွေးမရနိုင်အောင် ဖြစ်နေရသည်။

လူတိုင်းက မဟာမာရူယိကို ပထုတ်နိုင်ရန် စကြာမုနိသရီရဓာတ်တော်ကို တိတ်တဆိတ် လိုက်လံရှာဖွေခဲ့ကြခြင်း မဟုတ်ပလား။

ယခု ဗုဒ္ဓဘာသာကျင့်ကြံသူများက အဘယ့်ကြောင့် မဟာမာရူယိကို သူတို့ဘက်ပါအောင် ဆွဲခေါ်ခဲ့ကြပါသနည်း။

နာကျည်းမှုနှင့် နားမလည်နိုင်မှုများက သူတို့မျက်နှာထက် အထင်းသား ပေါ်လွင်နေသည်။

အခြားတစ်ဖက်မှာတော့ မဟာမာရူယိက တည်ငြိမ်စွာပင် သူတို့ထံသို့ ချဉ်းကပ်လာနေပေပြိ။

နွားရိုင်းမိစ္ဆာဘုရင်က ခေါင်းခါယမ်းလိုက်ပြီး...

"ငါတို့ အမြန်ဆုံး ပြန်ဆုတ်မှဖြစ်မယ်... မဟုတ်ရင် ဒီနေရာက အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး..."

သူ့စကားကို အားလုံး သဘောတူလိုက်ကြပြီး ခြင်္သေ့နတ်ဘုရားနှင့် အခြားသူများသည်လည်း နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။

သို့သော် ယခုတစ်ကြိမ်တွင် မဟာမာရူယိနှင့် အနောက်ဘက်သူတော်စင်ဘုံတို့ ပြုလုပ်ထားသည့် အပေးအယူမှာ ရန်သူကို လက်တုံ့ပြန်ရန်မဟုတ်သလို ခုခံကာကွယ်ရန်လည်း မဟုတ်ပေ။

ဤနေရာသို့ ရောက်ရှိလာသည့် ရန်သူတိုင်းကို ချေမှုန်းသုတ်သင်ပစ်ရန် ဖြစ်သည်။

ထို့ကြောင့် နတ်မိစ္ဆာအုပ်စုကြီး နောက်ဆုတ်ရန် ပြင်ဆင်လိုက်ကြသည့်တိုင် မဟာမာရူယိကတော့ ရှေ့သို့ တစ်လှမ်းချင်းတက်လှမ်းလာလေသည်။

ဟုတ်ပေ၏။

သူက မျက်လုံးထောင့်မှတစ်ဆင့် မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် စကြာမုနိသရီရဓာတ်တော်တို့ကို မလွတ်တမ်း အကဲခတ်နေခဲ့သည်။

မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ဖူရှန်ဗောဓိသတ္တတို့၏ ဂုဏ်သိက္ခာနှင့် သစ္စာရှိမှုကမငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထက် အဆပေါင်းများစွာ ပိုမိုသာလွန်သည်မှန်သော်လည်း လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်သည်။

ကံကောင်းသည်မှာ မိုးကြိုးလျှပ်စီးဗုဒ္ဓက ကိုယ်ကျင့်တရား မြင့်မားသူဖြစ်၏။

သူက ငြိမ်သက်စွာပင် စောင့်ဆိုင်းနေပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ပေ။ သူက အခွင့်အရေးကိုအသုံးချပြီး ကတိဖောက်ဖျက်ကာ အပေးအယူကို နောက်ပြန်လှည့်ရန် လုံးဝ ရည်ရွယ်ချက် မရှိခဲ့ပေ။

ဖူရှန်ဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များသည် ရှေ့သို့တက်လိုက်ပြီး မဟာမာရူယိအား ကူညီကာ နွားရိုင်းမိစ္ဆာဘုရင်၊ ခြင်္သေ့နတ်ဘုရားနှင့် အခြားမဟာနတ်မိစ္ဆာများကို ဝိုင်းဝန်းပိတ်ဆို့လိုက်ကြသည်။

နတ်မိစ္ဆာအုပ်စုကြီးမှာ ထိတ်လန့်တုန်လှုပ်ပြီး ဒေါသအမျက်ချောင်းချောင်း ထွက်နေကြသော်လည်း မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်း၏စွမ်းအားကို တားဆီးနိုင်ခြင်း မရှိကြပေ။

သူတို့အနေဖြင့် လွတ်မြောက်ရန်သာ အစွမ်းကုန် ရုန်းကန်ကြရတော့သည်။

"ဒီတစ်ခေါက်လာတဲ့ နတ်မိစ္ဆာ အရေအတွက်က သိပ်မများဘူး။ အဲဒါကြောင့် မဟာမာရူယိ တိုက်ပွဲထဲဝင်လာတာနဲ့ သူတို့ မရှုမလှဖြစ်ကြတာပဲ”

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ထံသို့ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

ဖန်းယွင်ရှန်းက မျက်မှောင်ကြုတ်ရင်း...

"နတ်မိစ္ဆာမျိုးနွယ်တွေအနေနဲ့ မဟာမာရူယိ ရောက်လာမယ်လို့ ကြိုမတွက်ထားရင်တောင်မှ ကြာပန်းစိမ်းရတနာအလံကို နှိမ်နင်းဖို့ တစ်ခုခုတော့ ကြိုတင်ပြင်ဆင်ထားသင့်တာ မဟုတ်ဘူးလား..."

သူမက ဆက်ပြီးမေးခွန်းထုတ်လိုက်သည်။

"မဟာမာရူယိ မရှိရင်တောင်မှ သူတို့ဘက်က ကြာပန်းစိမ်းရတနာအလံကို မဖြိုခွဲနိုင်ရင် စကြာမုနိသရီရဓာတ်တော်ကို အနောက်ဘက်သူတော်စင်ဘုံနဲ့ ဘယ်လိုလုပ် ယှဉ်လုနိုင်မှာလဲ..."

ဟုတ်ပေ၏။

ကြာပန်းစိမ်းရတနာအလံကို မဖြိုခွဲနိုင်ပါက အခြေအနေမှာ မတိုးသာ မဆုတ်သာပင် ဖြစ်နေပေမည်။

ရန်ကျောက်ကဲတို့အုပ်စု ဤနေရာအထိ ရဲရဲဝံ့ဝံ့လိုက်လာရဲခြင်းမှာ ဖန်းယွင်ရှန်း၏ အလုံးစုံပျက်သုဉ်းခြင်း အသူရာခြောက်နက် ဓားသိုင်းကြောင့် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း သူမ၏ဓားသိုင်းက အဆင့်အတန်းတစ်ခုအထိ တိုးတက်ပြောင်းလဲမှုများ ရှိခဲ့သည။

ထိုသိုင်းပညာက ကြာပန်းစိမ်းရတနာအလံကို ဖြိုခွဲရန် လုံလောက်သည့်စွမ်းအား ရှိ မရှိ သေချာပေါက် မသိနိုင်သော်လည်း စွန့်စားပြီး ကြိုးစားကြည့်ရန် အခွင့်အရေးရှိပေသည်။

ယခုရောက်ရှိနေသော မဟာနတ်မိစ္ဆာများထဲတွင် ထိပ်တန်းကျွမ်းကျင်သူ များစွာပါဝင်သော်လည်း သူတို့ထဲတွင် မည်သူက ကြာပန်းစိမ်းရတနာအလံကို ဖြိုခွင်းနိုင်စွမ်းရှိကြောင်း ရန်ကျောက်ကဲ တွေးမရအောင် ဖြစ်နေသည်။

တောင်ပိုင်းချန်စန်းဧကရာဇ်က တည်ငြိမ်သည့်လေသံဖြင့်...

“အဆုံးမရှိတဲ့ တာအိုတရားမှာ အားနည်းချက် အားသာချက်ဆိုတာ ရှိစမြဲပဲ”

သူက ဆက်ပြောလာသည်။

"ကြာပန်းစိမ်းရတနာအလံဖြစ်စေ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ဖြစ်စေ... ဒါတွေက လုံးဝမပျက်ဆီးနိုင်တဲ့ အကာအကွယ်ပစ္စည်တွေတော့ မဟုတ်ဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများတောက်ပသွားပြီး...

"အကြီးအကဲ ပြောချင်တာ... ငရဲကိုးထပ်လား..."

ရန်ကျောက်ကဲစကားဆုံးသည်နှင့် အဝေးတစ်နေရာမှ ဟင်းလင်းပြင် ရုတ်တရက် အက်ကွဲသွားသည်။

အက်ကွဲကြောင်းအတွင်းမှ ကြောက်မက်ဖွယ်ရာ အမှောင်ထုအခိုးအငွေ့များ လွင့်ပျံထွက်ပေါ်လာပြီး ဗုဒ္ဓနယ်မြေတစ်ခုလုံးအား ပျံ့နှံ့လွှမ်းမိုးသွားသည်။

နဂိုကပင် မှောင်မိုက်နေသည့် ဗလာနယ်ဟင်းလင်းပြင်က ဤအမှောင်ထုစွမ်းအားကြောင့် ပို၍ပင် မှောင်မှိုင်းသွားကာ အလင်းရောင်တစ်စပင် မရှိတော့ဘဲ မှောင်အတိကျသွား၏။

ထိုအမှောင်ထုက တားဆီးမရသော ၊ ရောင့်ရဲခြင်းမရှိသော မိစ္ဆာအာရုံဆိုးကြီးကိုပါ အတူဆောင်ကြဉ်းလာသည်။

အမှောင်ထုထဲမှ အနက်ရောင်မိစ္ဆာချီများထွက်ပေါ်လာပြီး အဆက်မပြန် ကျယ်ပြန့်လာကာ ပတ်ဝန်းကျင် ဗလာနယ်တစ်ခုလုံးအား ဝါးမျိုပစ်လိုက်သည်။

အနက်ရောင်မိစ္ဆာချီများကြားတွင် သွေးနီရောင်လျှပ်စီးများက ဟိုတစ်ချက် ဒီတစ်ချက် လင်းလက်နေသည်ကို တွေ့ရသည်။

ဤနိမိတ်ပုံက ငရဲကိုးထပ်မှ မဟာနတ်ဆိုးကြီးများ ဤနေရာသို့ ရောက်ရှိလာသည့်လက္ခဏာပင် ဖြစ်တော့၏။

အကယ်၍ ဗုဒ္ဓဘာသာနှင့် နတ်မိစ္ဆာမျိုးနွယ်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ ဤနေရာတွင် စုစည်းမနေခဲ့လျှင့် ဤမဟာနတ်ဆိုးကြီးများ ရောက်ရှိလာခြင်းက ဗလာနယ်တစ်ခုလုံးကို နတ်ဆိုးနယ်မြေအဖြစ် ပြောင်းလဲပစ်ရန် လုံလောက်ပေသည်။

“ငရဲကိုးထပ် နတ်ဆိုးပင်လယ်ထဲက ရေတွေက ကြာပန်းစိမ်းရတနာအလံ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၊ ဆင်စွယ်ရောင်တိမ်တိုက်အလံနဲ့ မီးလျှံရောင်ခြည်အလံဆိုတဲ့ ရတနာအလံ(၄)ခုကို ညစ်ညမ်းစေနိုင်သလို ပိတ်ဆို့တားဆီးနိုင်စွမ်းလည်း ရှိတယ်”

တောင်ပိုင်းချန်စန်းဧကရာဇ်က ရှင်းပြလိုက်သည်။

ဟုတ်ပေ၏။

နတ်မိစ္ဆာမျိုးနွယ်များက ကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ ရောက်ရှိလာကြခြင်း မဟုတ်ပေ။

ငရဲကိုးထပ်ဆိုသည်က တစ်လောကလုံး၏ ဘုံရန်သူဖြစ်သော်လည်း အချို့သော အခြေအနေများတွင် အင်အားစုများက သူတို့နှင့် တိတ်တဆိတ် အပေးအယူလုပ်တတ်ကြသည်ပင်။

ယနေ့တိုက်ပွဲတွင် နတ်မိစ္ဆာများက ငရဲကိုးထပ်နှင့် လျှို့ဝှက်ဆက်သွယ်ပြီး အနောက်ဘက်သူတော်စင်ဘုံ၏ ကြာပန်းစိမ်းရတနာအလံကို ဖြိုခွဲရန် နတ်ဆိုးပင်လယ်ရေ၏စွမ်းအားကို ငှားရမ်းခဲ့ကြသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ကြာပန်းစိမ်းရတနာအလံ ၊ စကြာမုနိသရီရဓာတ်တော်နှင့် မဟာမာရူယိတို့ကို အာရုံမစိုက်ကြတော့ပေ။

သူတို့၏အကြည့်များက အဆုံးမရှိသော အမှောင်ထုထဲမှ အရင်ဆုံးထွက်ပေါ်လာသည့် ပုံရိပ်ဆီသို့ ကျရောက်သွားသည်။

ထိုသူ၏ခန္ဓာကိုယ်ထက်တွင် အခြားသော မဟာနတ်ဆိုးကြီးများကဲ့သို့ မိစ္ဆာချီများ ဟုန်းဟုန်းတောက်လောင်နေခြင်းမရှိပေ။

အလွန် ရိုးရှင်းအေးဆေးသည့် စွမ်းအားရောင်ဝါကို ပိုင်ဆိုင်ထားသည်။

သူ၏မျက်ဝန်းများကလည်း အခြားသော မဟာနတ်ဆိုးကြီးများကဲ့သို့ သွေးနီရောင်တောက်ပနေခြင်း မရှိပေ။

သူ၏မျက်ဝန်းများထဲတွင် ချောက်ခြားဖွယ်ရာ ရွှေညိုရောင်အလင်းတန်းတစ်ခုက တိတ်ဆိတ်စွာ ကိန်းအောင်းနေလေသည်။

All Chapters