← Chapters

အခန်း (၁၆၅၆)

Vol. 118 Ch. 1656

အခန်း (၁၆၅၆)

Vol. 118 Ch. 1656

အခန်း (၁၆၅၆) ပြောင်းလဲသွားသူ

ထိုသူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မတ်တတ်ရပ်နေဟန်က ဓားတစ်လက်ပမာ ထက်ရှလှသည်။

ထိုသူ၏ပုံရိပ်က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းအတွက်တော့ အလွန်ပင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခု ဖြစ်၏။

သူက ဆံပင်များကို အရင်လို စည်းနှောင်မထားဘဲ ပခုံးထက် ဖားလျားချထားသည့်နိုင် မျက်နှာကတော့ အရင်အတိုင်း မပြောင်းမလဲ ရှိနေသည်ပင်။

ထိုသူက အချိန်အတန်ကြာအောင် ပျောက်ဆုံးနေခဲ့သည့် “နျဲ့ကျင်းရှန်” ပင် ဖြစ်သည်။

သူ့ကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်း နှစ်ရာခန့် ရှိပြီဖြစ်သော်လည်း သူ၏ တည်ငြိမ်ခန့်ညားသော အရှိန်အဝါကတော့ ပြောင်းလဲခြင်းမရှိပေ။

သို့သော် စိတ်မကောင်းစရာမှာ သူက အရင်ကလို လူသားတစ်ယောက် မဟုတ်တော့ပေ။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ နှစ်ယောက်လုံး တိတ်ဆိတ်နေမိကြသည်။

ပြန်လည်ဆုံတွေ့ချိန်တွင် နျဲ့ကျင်းရှန်သည် ယခင်က နျဲ့ကျင်းရှန် မဟုတ်တော့ပေ။

သူက ခိုင်မာသည့် ကျင့်ကြံခြင်းအခြေခံဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းအောင်မြင်ထားပြီ ဖြစ်သည်။ နောက်တစ်ချက်မှာ မကြာသေးမီကမှ ကျင့်ကြံခြင်းအဆင့်တက်ထားခြင်းမျိုး မဟုတ်ခြင်းပင်။

သူ့ထံတွင် ရိုးရှင်းအေးဆေးသည့်တိုင် တစ်လောကလုံးကို ဖျက်ဆီးပစ်နိုင်သည့် နက်ရှိုင်းသောဓားဝိညာဉ်တစ်ခု ပုန်းကွယ်နေသည်။

ထိုဓားဝိညာဉ်၏ ရက်စက်ကြမ်းတမ်းမှုက စန့်ချင်အဆက်အနွယ် လင်ပေါင်ဓား(၄)လက်နှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းသွားခြင်း မရှိပေ။

ရန်ရှင်းထန်က အလွန်ထူးခြားသည့် ပါရမီရှင်ဖြစ်သော်လည်း ချီစွမ်းအားငါးခုပေါင်းစည်းခြင်း အဆင့်သို့မရောက်မီ စောစီးစွာ ကွယ်လွန်သွားခဲ့ရသည်။

ယခုအခါမှာတော့ လင်ပေါင်ဓား(၄)လက်နှင့် အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အထွတ်ထိပ် ဓားဝိညာဉ်တစ်ခုက လူတိုင်းရှေ့မှောက် ထွက်ပေါ်လာခဲ့ပေပြီ။

နျဲ့ကျင်းရှန်က ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သူ၏ဓားတာအိုသည်လည်း ပြီးပြည့်စုံခြင်းအဆင့်သို့ ချဉ်းကပ်သွားခဲ့ပြီး အလွန်ထက်မြက်နေပြီ ဖြစ်သည်။

သူ၏ ထက်ရှသော ဓားသိုင်းရောင်ဝါကို ထုတ်ဖော်မပြရသေးခင်မှာပင် ပတ်ဝန်းကျင်တွင် ရှိနေသူများကို ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ လွှမ်းမိုးသွားစေခဲ့သည်။

သို့သော် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့၏ ရင်ထဲမှာတော့ ဝမ်းနည်းပူဆွေးခြင်းများဖြင့်သာ ပြည့်နက်နေသည်။

နျဲ့ကျင်းရှန်၏ ဓားတာအိုက သူ၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှု ၊ နားလည်သဘောပေါက်မှုတို့ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ၊ သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာခြင်းမှာ ထိုသို့သောနည်းလမ်းတစ်ခုတည်းကြောင့် မဟုတ်ခဲ့ပေ။

ဤမျှတိုတောင်းသော ကာလအတွင်း ကျင့်ကြံခြင်းအဆင့် အရှိန်အဟုန်ဖြင့် မြင့်တက်အောင်လုပ်နိုင်ရန်အတွက် အခွင့်အလမ်း တစ်ခုသာ ရှိသည်။

“နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်” ပင် ဖြစ်၏။

ယခု လောကအလယ် ပြန်လည်ထွက်ပေါ်လာသူမှာ တာအိုဝါဒ အဆက်အနွယ် “နျဲ့ကျင်းရှန်” မဟုတ်တော့ပေ။

ကံမကောင်းစွာပင် သူက ငရဲကိုးထပ်၏ မိစ္ဆာနတ်ဘုရား(၁၂)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် သတ္တုပလ္လင်ကို ပိုင်ဆိုင်သောနတ်ဆိုး__ ဓားနတ်ဆိုး’နျဲ့ကျင်းရှန်’ သာ ဖြစ်ပေသည်။

အမှောင်ထုထဲမှထွက်ပေါ်လာသော နျဲ့ကျင်းရှန်၏ မျက်နှာထားက တည်ငြိမ်နေသည်။

သူ၏ တောက်ပသော ရွှေညိုရောင်မျက်ဝန်းများက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး နောက်ဆုံးမှာတော့ မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ကြာပန်းစိမ်းရတနာအလံတို့ စောင့်ကြပ်နေသည့် စကြာမုနိသရီရဓာတ်တော်ဆီသို့ ကျရောက်သွားသည်။

သူ့နောက်မှာတော့ ရက်စက်ကြမ်းကြုတ်ဟန်ရှိသည့် အခြားသော မဟာနတ်ဆိုးများ ရှေ့သို့ တစ်လှမ်းချင်းလှမ်းလာနေကြသည်။

ထိုနတ်ဆိုးများထဲတွင် ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ ကောင်းစွာရင်းနှီးကျွမ်းဝင်ကြသူများ ပါဝင်သည်။

တစ်ချိန်က ရေပလ္လင်နတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်နတ်ဆိုးတို့က တစ်လောကလုံး မငြိမ်မသက်ဖြစ်အောင် ဖန်တီးခဲ့ကြဖူးသည်။

ငရဲကိုးထပ်က လမ်းမှန်တာအိုဝါဒကို တိုက်ခိုက်ရန်အတွက် ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ စေလွှတ်ခဲ့ဖူးသည်။ ထိုမဟာနတ်ဆိုးများထဲတွင် ကောင်းကင်နတ်ဘုရားအဆင့်ရှိသည့် နတ်ဆိုးသခင်များစွာ ပါဝင်ခဲ့သည်။

ထိုနတ်ဆိုးများက မူလစိတ်ဝိညာဉ်နတ်ဆိုး သို့မဟုတ် အရိပ်နတ်ဆိုးကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူများကို မမီကြသည့်တိုင် နာမည်ကျော်ကြားသည့် နတ်ဆိုးကြီးများ ဖြစ်ကြသည်။

အကယ်၍ အားလုံးက ငရဲကိုးထပ်ကို ဝိုင်းဝန်နှိမ်နင်းထားခြင်း မရှိပါက ဤမဟာနတ်ဆိုးများထဲမှ တစ်ယောက်တစ်လေ ထွက်ပေါ်လာခြင်းသည်ပင် လောကအတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာစေရန် လုံလောက်ပေသည်။

သို့သော် ယခုတော့ ထိုမဟာနတ်ဆိုးများအားလုံးက နျဲ့ကျင်းရှန်၏နောက်တွင် ရိုသေအမိန့်နာခံစွာဖြင့် လိုက်ပါလာကြလေသည်။

ထက်မြက်သောအရှိန်အဝါနှင့် တည်ငြိမ်သော ဟန်ပန်တို့ကိုကြည့်ခြင်းအားဖြင့် နျဲ့ကျင်းရှန်က နတ်ဆိုးအုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။

နျဲ့ကျင်းရှန်က ရောက်သည်နှင့် အပိုစကားတစ်ခွန်းမဆိုဘဲ နွားရိုင်းမိစ္ဆာဘုရင် ၊ ခြင်္သေ့နတ်ဘုရားနှင့် အခြားမဟာနတ်မိစ္ဆာများကိုသာ အသာအယာ ခေါင်းညိတ်ပြလုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ့နောက်တွင်ရှိနေသော မဟာနတ်ဆိုးတစ်ယောက်က အုပ်စုထဲမှထွက်လာပြီး မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ကြာပန်းစိမ်းရတနာအလံတို့ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထိုကောင်းကင်နတ်ဘုရားအဆင့်ရှိသည့် နတ်ဆိုးသခင်က ထူးဆန်းသော ရုပ်သွင်ရှိသည်။

သူ၏ပုံစံက လူတစ်ယောက်နှင့် မတူပေ။ သူ၏မျက်နှာထက်တွင် မျက်လုံး ၊ နှာခေါင်းများမပါရှိဘဲ ကြီးမားသော ပါးစပ်ကြီးတစ်ခုသာ ပါရှိသည်။

ထို မဟာနတ်ဆိုးက သူ၏ပါးစပ်ကြီးကို ဖွင့်ဟလိုက်၏။

ရုတ်ချည်းပင် ထိုပါးစပ်ကြီးအတွင်းမှ အနက်ရောင်ရေလှိုင်းလုံးကြီးများ ပန်းထွက်လာကာ မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ကြာပန်းစိမ်းရတနာအလံဆီသို့ ဦးတည်ဝင်ရောက်သွားသည်။

ထိုရေများက အနံ့အသက်ဆိုးများမရှိသလို ညစ်ပတ်ပေရေနေခြင်းလည်း မရှိပေ။ မင်ရည်ကဲ့သို့ နက်မျောင်နေသော်လည်း မည်သည့်ညစ်နွမ်းမှုမှမရှိဘဲ ကြည်လင်နေသည်။

ထိုနက်မှောင်သော ပင်လယ်ရေများနှင့် ထိတွေ့မိသည်နှင့် ကြာပန်းစိမ်းရတနာအလံမှ ထွက်ပေါ်နေသည့် ရွှေရောင်အလင်းတန်းများနှင့် ဖြူစင်သော နတ်ဘုရားချီစွမ်းအားများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

ထိုရတနာအလံမှာ သဘာဝတရားမှ ဖန်တီးထားသည့် အားနည်းချက်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်ပမာ ဖြစ်သည်။

ကြာပန်းစိမ်းရတနာအလံ၏ ခံစစ်စွမ်းအားကို ခုခံနိုင်စွမ်းရှိသော မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းသည်ပင်လျှင် ထိုရေနှင့်ထိတွေ့မိပါက လျှင်မြန်စွာ ပျက်ဆီးသွားနိုင်သည်။

ဤအခြေအနေကိုမြင်သည်နှင့် အခြားသော ဗုဒ္ဓဘာသာကျင့်ကြံသူများက ရှေ့သို့တက်လာပြီး တားဆီးရန်ကြိုးပမ်းလိုက်သည်။

သို့သော် အခြားသော မဟာနတ်ဆိုးများက တိုက်ခိုက်ရန်အသင့်ပြင်လိုက်ကြသည်ဖြစ်ရာ ချက်ချင်းပင် တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားတော့သည်။

ငရဲကိုးထပ်ရှိ နတ်ဆိုးပင်လယ်မှ အနက်ရောင်ရေများ စွန်းထင်းခံလိုက်ရသည့် ကြာပန်းစိမ်းရတနာအလံမှာ ၎င်း၏ ခံစစ်စွမ်းအားကို လုံးဝ ဆုံးရှုံးသွားခဲ့သည်။

သို့ဖြစ်ရာ မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် စကြာမုနိသရီရဓာတ်တော်တို့မှာ မဟာနတ်ဆိုးများနှင့် နတ်မိစ္ဆာများရှေ့တွင် မည်သည့်အကာအကွယ်မှ မရှိတော့ဘဲ ပေါ်ထွက်လာရတော့၏။

သို့တိုင် မိုးကြိုးလျှပ်စီးဗုဒ္ဓက တည်ငြိမ်စွာ ရှိနေဆဲပင်။

သူက ဗုဒ္ဓကျမ်းစာများ ရွတ်ဖတ်လိုက်ရာ ရွှေခန္ဓာမှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်လောကလုံးသို့ လွှမ်းခြုံသွားသည်။

သူက ရန်သူကိုရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည့်အပြင် ဤနေရာတွင် ငရဲကိုးထပ်မှ မဟာနတ်ဆိုးများကို စိတ်ရှိတိုင်း သောင်းကျန်းခွင့်မပေးမည့် အခြားသူများလည်း ရှိနေသေးသည် မဟုတ်လား။

နတ်မိစ္ဆာအုပ်စုကို မရှုမလှဖြစ်အောင် ချေမှုန်းထားသော မဟာမာရူယိက ငရဲကိုးထပ်မှ နတ်ဆိုးအုပ်စုအားတွေ့မြင်သည်နှင့် မျက်မှောင်ကြုံလိုက်၏။

သူက နွားရိုင်းမိစ္ဆာဘုရင်၊ ခြင်္သေ့နတ်ဘုရားနှင့် အခြားမဟာနတ်မိစ္ဆာများကို အရေးမစိုက်တော့ဘဲ နောက်သို့ အလျှင်အမြန် လှည့်ကြည့်လိုက်သည်။

ကြာပန်းစိမ်းရတနာအလံက ညစ်ညမ်းသွားခဲ့ပြီဖြစ်ရာ ငရဲကိုးထပ်မှ နတ်ဆိုးများကို မတားဆီးနိုင်တော့သလို ခုန်ရွှမ်းကိုလည်း တားဆီးနိုင်စွမ်း မရှိတော့ပေ။

ယခုဆိုလျှင် ဤတိုက်ပွဲမြေပြင်တွင် မဟာမာရူယိက တန်ခိုးစွမ်းအား အမြင့်မားဆုံးဖြစ်ပြီး အသာစီးရရှိမှုက သူ့လက်ထဲတွင် ရှိနေသည်။

သူ့အနေဖြင့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များနှင့် ပြုလုပ်ထားခဲ့သည့် အပေးအယူများ၊ ကတိကဝတ်များကို ဆက်လက်လိုက်နာရန် မလိုတော့ပေ။

စကြာမုနိသရီရဓာတ်တော်ကို အလွယ်တကူ လုယူပြီး ဤနေရာမှ ထွက်ခွာသွားရုံသာ ရှိသည်။

နျဲ့ကျင်းရှန်ဘေးမှ မဟာနတ်ဆိုးက ထူးဆန်းစွာပြုံးလိုက်ရင်း...

“ဒီနေရာမှာ မဟာမာရူယိ ရှိနေမယ်လို့ ထင်မထားမိဘူး”

သူက ဆက်ပြောလိုက်သည်။

“ကံကောင်းတာက ငါတို့ဘက်က ဒီပွဲဦးထွက်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်လာခဲ့တာပဲ”

ပြောပြီးသည်နှင့် ထိုမဟာနတ်ဆိုးက လက်ကိုမြှောက်လိုက်ရာ သူ့လက်ထဲတွင် အလံရှည်တစ်လက် ထွက်‌ပေါ်လာသည်။

ထိုအလံရှည်က လေထဲတွင် ဝင့်ကြွားစွာ လွင့်ပျံနေပြီး ထူးဆန်းသော မွှေးရနံ့တစ်ခုထုတ်လွှတ်လိုက်သည်။ ထိုမွှေးရနံ့က ဘုံကိုးဆင့်စေတီအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။

မဟာမာရူယိက ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းဖြင့် တိုက်ခိုက်လိုက်သည့်တိုင် ထိုအလံရှည်မှထွက်ပေါ်နေသည့် သင်းပျံ့သောမွှေးရနံ့ကို ဖြိုခွင်းနိုင်ခြင်း မရှိခဲ့ပေ။

ထိုအလံရှည်ကိုမြင်တော့ ငရဲကိုးထပ်နှင့် အပေးအယူလုပ်ထားကြသည့် မဟာနတ်မိစ္ဆာကြီးများသည်ပင် အလွန်အံ့အားသင့်သွားကြရသည်။

ပုန်းကွယ်နေဆဲဖြစ်သည့် ရန်ကျောက်ကဲတို့အုပ်စုမှာလည်း မြင်ကွင်းကိုကြည့်ပြီး အလွန်ပင် အံ့သြတုန်လှုပ်သွားကြသည်။

"ဆင်စွယ်ရောင်တိမ်တိုက်အလံလား..."

"ဒီရတနာက ငရဲကိုးထပ်လက်ထဲကို ကျရောက်သွားခဲ့တာလား”

ဆင်စွယ်ရောင်တိမ်တိုက်အလံကို 'နတ်ဘုရားများစုဝေးရာအလံ' ဟုလည်း ခေါ်ဆိုပြီး 'ကျောက်စိမ်းရေကန်မယ်တော်' ဟု လူသိများသည့် အနောက်မယ်တော် ပိုင်ဆိုင်သော ရတနာပစ္စည်း ဖြစ်သည်။

ထိုအလံက ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၊ ကြာပန်းစိမ်းရတနာအလံ၊ မီးလျှံရောင်ခြည်အလံတို့နှင့် အဆင့်အတန်းချင်းတူညီသည်။

ထိုအလံများအားလုံးက လောကတွင် အကောင်းဆုံး ကာကွယ်ရေးလက်နက်များအဖြစ် နာမည်ကျော်ကြားပြီး မဟာမာရူယိ၏ ရောင်စဉ်ငါးမျိုးနတ်ဘုရားအလင်းတန်းသည်ပင်လျှင် ထိုအလံများ၏ ခံစစ်စွမ်းအားကို ဖြိုခွင်းရန် ခက်ခဲသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အနောက်မယ်တော် ပျောက်ဆုံးသွားပြီး သူမနေထိုင်ရာ ကျောက်စိမ်းရေကန်သည်လည်း ပျက်ဆီးသွားခဲ့သည်။

ထိုအချိန်မှစပြီး ဤရတနာအလံနှင့်ပတ်သက်သည့်သတင်းလည်း လုံးဝ ကြားသိရခြင်း မရှိတော့ပေ။

ယခု ဤရတနာအလံ ပြန်လည်ထွက်ပေါ်လာချိန်တွင် ငရဲကိုးထပ်လက်ထဲ ကျရောက်နေမည်ဟု မည်သူမှ တွေးမထားခဲ့ကြပေ။

ယခင်ကလည်း ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သတင်းမှ ထွက်ပေါ်ခဲ့ခြင်းမရှိသဖြင့် ဤနေရာသို့ ရောက်ရှိနေသူအားလုံး အံ့သြမှင်တက်သွားကြရခြင်း ဖြစ်၏။

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်ရင်း...

“သူတို့က ဘာလို့ ဒီပစ္စည်းကို အရင်ကတည်းက ထုတ်မသုံးခဲ့ကြတာလဲ”

သူက ဆက်ပြီး ရေရွတ်လိုက်သည်။

“ဒါမှမဟုတ် အဲဒီပစ္စည်းကိုရတာ မကြာသေးဘူးဆိုရင်တောင်... သူတို့က လုံးဝ သတင်းမပေါက်ကြားအောင် ဖုံးကွယ်ထားနိုင်ခဲ့တာပဲ”

ဖန်းယွင်ရှန်းက ဆင်စွယ်ရောင်တိမ်တိုက်အလံကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့် စူးစိုက်ကြည့်ရင်း...

“အရင်တုန်းက ကျွန်မ ငရဲကိုးထပ်ကိုသွားတုန်းကလည်း ဆင်စွယ်ရောင်တိမ်တိုက်အလံအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ဘူး”

တောင်ပိုင်းချန်စန်းဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“ငရဲကိုးထပ်က အမြဲတမ်း သိုသိုသိပ်သိပ်ရှိတယ် ၊ သိပ်ပြီးလှုပ်ရှားမှု မလုပ်တတ်ဘူး”

သူက ဆက်ပြောလိုက်သည်။

“အရင်တိုက်ပွဲတွေတုန်းကလည်း နတ်ဆိုးတွေက ဒါကို ထုတ်မသုံးခဲ့ကြဘူး ၊ ဘာလို့လဲဆိုတော့ ဝူတန့်မယ်တော်က အနောက်မယ်တော်နဲ့ ရင်းနှီးတယ်လေ ၊ သူ့မှာ ဒီရတနာကို နှိမ်နင်းနိုင်မယ့်နည်းလမ်း သေချာပေါက် ရှိနေမှာပဲ”

ရန်ကျောက်ကဲက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း...

"ဒါတော့ ဖြစ်နိုင်ခြေ ရှိတယ်..."

ထို့နောက် သူက ရတနာအလံမှ ပျံ့လွင့်နေသည့် မွှေးရနံ့များကို အာရုံခံလိုက်သည်။

ဝူတန့်မယ်တော် ရှိနေသရွေ့ ငရဲကိုးထပ်အနေဖြင့် ဤရတနာကို အသုံးပြုကာ လမ်းမှန်တာအိုဝါဒနှင့် ယှဉ်ပြိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် အခြားသောရန်သူများနှင့် တိုက်ခိုက်မည်ဆိုပါက မည်သည့်ပြဿနမှရှိမည် မဟုတ်ပေ။

ထိုခဏတွင် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး အမြဲတမ်း တည်ငြိမ်အေးဆေးသော မဟာမာရူယိသည်ပင် အကြီးအကျယ် ဒေါသထွက်သွားပုံရသည်။

အစောပိုင်းတွင် ကြာပန်းစိမ်းရတနာအလံက သူ့ကို ဟန့်တားထားခဲ့သည်။

ယခု ငရဲကိုးထပ်က ကြာပန်းစိမ်းရတနာအလံကို ဖြိုခွဲခဲ့ရုံမျှမက သူ သရီရဓာတ်တော်ကို ရယူနိုင်ခြင်းမရှိစေရန် ဆင်စွယ်ရောင်တိမ်တိုက်အလံကို ထုတ်ဖော်ဟန့်တားလာပြန်သည်။

သို့ပေသိ နျဲ့ကျင်းရှန်ကတော့ မည်သည့်အရာကိုမှ အ‌ရေးမစိုက်သည့်အလား အေးစက်တည်ငြိမ်သော မျက်နှာထားဖြင့် မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် စကြာမုနိသရီရဓာတ်တော်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။

All Chapters