အခန်း (၁၆၅၇)
Vol. 118 Ch. 1657
အခန်း (၁၆၅၇) လှောင်ပြောင်နေသည့်ပမာ
အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များသည်လည်း ဆင်စွယ်ရောင်တိမ်တိုက်အလံ ငရဲကိုးထပ်လက်ထဲ ရောက်ရှိနေကြောင်း တွေ့ရသည့်အခါ အကြီးအကျယ် ဆွံ့အမှင်တက်သွားကြသည်။
သူတို့၏ ကြာပန်းစိမ်းရတနာအလံမှာ ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ရေဖြင့် ညစ်ညမ်းအောင်ပြုလုပ်ခံလိုက်ရသဖြင့် အသုံးမဝင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
သို့သော် ရန်သူက ကြာပန်းစိမ်းရတနာအလံနှင့် အဆင့်အတန်းချင်း တူညီသည့် ဆင်စွယ်ရောင်တိမ်တိုက်အလံကို ထုတ်ဖော်ပြသလာခြင်းမှာ သူတို့အား လှောင်ပြောင်သရော်သကဲ့သို့ ဖြစ်နေပေသည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများတွင် ထိုဆင်စွယ်ရောင်တိမ်တိုက်အလံကို ဖြိုခွဲနိုင်မည့် လက်တွေ့ကျသော နည်းလမ်းမျိုး လုံးဝမရှိကြပေ။
သို့ဖြစ်ရာ ဗုဒ္ဓဘာသာဘက်မှ လူများအတွက် ဤအခြေအနေမှာ တကယ့်ကို လှောင်ပြောင်ခံလိုက်ရသည့်ပမာ ဖြစ်၏။
သို့ပေသိ နတ်ဆိုးအုပ်စုကြီးက အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်လာပြီဖြစ်ရာ မိုးကြိုးလျှပ်စီးဗုဒ္ဓ ၊ ဖူရှန်ဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားရှင်များမှာ အလျှင်အမြန်ပင် စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီး ရန်သူကိုခုခံရန် ပြင်ဆင်လိုက်ကြသည်။
နျဲ့ကျင်းရှန်က မိုးကြိုးလျှပ်စီးဗုဒ္ဓနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
ရိုးရှင်းအေးဆေးဟန်ရှိသော အနက်ရောင်ဝတ်စုံနှင့် ထိုလူငယ်၏ ခန္ဓာကိုယ်မှ မိုးနှင့်မြေကိုပင် ဆုတ်ဖြဲပစ်နိုင်သည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဓားဝိညာဉ်တစ်ခု ဝုန်းကနဲ ပေါက်ကွဲထွက်လာသည်။
ထိုသို့ကြောက်မက်ဖွယ်ရာ စွမ်းအားရောင်ဝါအောက်တွင် မိုးကြိုးလျှပ်စီးဗုဒ္ဓ ဖန်ဆင်းထားသည့် ဗုဒ္ဓနယ်မြေသည်ပင် ပျက်ဆီးသွားတော့မည့်အလား ထင်မှတ်ရသည်။
အခြေအနေကို အကဲခတ်ရင်း မိုးကြိုးလျှပ်စီးဗုဒ္ဓ မျက်မှောင်ကြုံ့သွားသည်။
အလယ်ခေတ်ကာလ ၊ အလယ်ပိုင်းသုခဘုံ၏ ဗုဒ္ဓ (၃၅)ပါးတွင် သူက စကြာမုနိဗုဒ္ဓပြီးလျှင် စွမ်းအားအကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
ထို့ပြင် သူက အလယ်ပိုင်းသုခဘုံတစ်ခုလုံးတွင် ထူးခြားထက်မြက်သည့် ထိပ်တန်း တန်ခိုးစွမ်းအားရှင်တစ်ယောက်လည်း ဖြစ်ခဲ့သည်။
သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကဲ့သို့သော ဗုဒ္ဓဘာသာအကြီးအကဲများလောက် ဝါရင့်ခြင်းမရှိသော်လည်း ခေတ်ကာလတစ်ခုထက်မကအောင် အရှိန်အဝါကြီးမားစွာ နာမည်ကျော်ကြားခဲ့သူ ဖြစ်၏။
ယခင်ကဆိုလျှင် သူက သတ္တုပလ္လင်ကိုပိုင်ဆိုင်သည့် ဓားနတ်ဆိုနှင့် ရင်ဆိုင်တိုက်ခဲ့ဖူးသော အတွေ့အကြုံ ရှိခဲ့ဖူးသည်။
ထို့ကြောင့် မိုးကြိုးလျှပ်စီးဗုဒ္ဓက ယခု သူ့ရှေ့တွင်ရှိနေသော မျိုးဆက်သစ် ဓားနတ်ဆိုး’နျဲ့ကျင်းရှန်’ မှာ ယခင်က ဓားနတ်ဆိုးထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်ပြီး အဆိပ်ပြင်းလှကြောင်း အသေအချာပင် အကဲဖြတ်မိသည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓ ခန့်မှန်းမိသလောက် ကနဦးကောင်းကင် အစပြုချိန်က မွေးဖွားလာသည့် ပထမဆုံးသော သတ္တုပလ္လင်နတ်ဆိုးသာလျှင် နျဲ့ကျင်းရှန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
ထို့ထက်ပိုပြီး ကြောက်စရာကောင်းသည်မှာ ဓားနတ်ဆိုး နျဲ့ကျင်းရှန်၏ ခန္ဓာကိုယ်ထဲတွင် ပိုမိုနက်ရှိုင်းသော အလားအလာများနှင့် တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လုမတတ် ကိန်းအောင်းနေခြင်း ဖြစ်၏။
“နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်က အရင်မျိုးဆက်ရဲ့ အကန့်အသတ်ကို ကျော်လွန်နိုင်စွမ်းမှ မရှိတာ... ဒါပေမဲ့ ဒီလူငယ်ကတော့ ရှေ့ဆက်ပိုပြီး တိုးတက်သွားမယ့်အနေအထားရှိတယ် ၊ သူက သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ သတ္တုပလ္လင်နတ်ဆိုး ဖြစ်လာနိုင်တယ်”
မိုးကြိုးလျှပ်စီးဗုဒ္ဓသည် စိတ်ကို အမြန်ဆုံးပြန်လည် ထိန်းချုပ်လိုက်ပြီး သူ့အရှေ့မှ ငယ်ရွယ်သော ပြိုင်ဘက်ကို အကောင်းဆုံးရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
သူ၏ရွှေခန္ဓာကို ပိုမိုတောင့်တင်းခိုင်မာပြီး အပြစ်အနာအဆာမရှိအောင် ထပ်မံအားဖြည့်ကာ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓနယ်မြေတစ်ခုလုံးကို ဖန်သားအသွင်မှ ရွှေရောင်အဆင်းသို့ ပြောင်းလဲလိုက်သည်။
ကြည်လင်သော ဗုဒ္ဓရောင်ခြည်အလင်းတန်းများက နုနယ်ပြီး ပျက်ဆီးလွယ်ဟန်ရှိသော်လည်း တကယ်တော့ အလွန်ပင် ခိုင်မာတောင့်တင်းလှ၏။
သူက မပျက်ဆီးနိုင်သော ရွှေခန္ဓာစွမ်းအားနှင့် ဗုဒ္ဓဘာသာ၏ မွေးခြင်း ၊ သေခြင်း သဘောတရားကို အထွတ်ထိပ်အဆင့် ထုတ်ဖော်လိုက်သည်။
အခြားသော တန်ခိုးစွမ်းအားများကို ထည့််မတွက်ပါနှင့်။
မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ ခိုင်မာတောင့်တင်းလှသော ရွှေခန္ဓာတစ်ခုတည်းကပင် ဗုဒ္ဓဘာသာဂိုဏ်းတွင် နံပါတ်(၁)အဖြစ် ကျော်ကြားပေသည်။
သူ၏ရွှေခန္ဓာစွမ်းအားက မဟာမာရူယိ၊ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ ကွမ်ယင်ဗောဓိသတ္တနှင့် အခြားသော ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာ ကျင့်ကြံသူများထက် ပိုမိုသာလွန်သည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ အတိုင်းအဆမရှိ စွမ်းအားကြီးမားသော ရွှေခန္ဓာနှင့် ဗုဒ္ဓနယ်မြေထွက်ပေါ်လာသည်နှင့် နျဲ့ကျင်းရှန်၏ ရက်စက်ကြမ်းတမ်းသော ဓားဝိညာဉ်သည်ပင်လျှင် ထိုအရံအတားကို ချက်ချင်းထိုးဖောက်ရန် ခက်ခဲသွားရသည်။
သို့ပေသိ မိုးကြိုးလျှပ်စီးဗုဒ္ဓက အမြဲတမ်း ခံစစ်ဦးစားပေး တိုက်ခိုက်တတ်သူ မဟုတ်ပေ။
သူက ထူထပ်သော ခံစစ်စွမ်းအားကို အသုံးပြုပြီး အပြင်းထန်ဆုံးတိုက်စစ်ဆင်ရန် ရည်ရွယ်ထားသည်။
သူ၏ လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက်စီတိုင်းက ထိုက်စန်းတောင်ကြီး ပြိုကျလာသည့်ပမာ အင်အားပြင်းထန်လှပြီး ၊ ဆည်ကျိုးပြီး ရေများစီးဆင်းလာသည့်ပမာ မတားနိုင် မဆီးနိုင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓက လက်ဖဝါးကို ပင့်မြှောက်လိုက်ပြီး နျဲ့ကျင်းရှန်အား ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။
နျဲ့ကျင်းရှန်က မိုးကြိုးလျှပ်စီးဗုဒ္ဓကို အေးစက်တည်ငြိမ်စွာ စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် သူ့လက်တစ်ဖက်တွင် အဆုံးမရှိသော မိစ္ဆာချီများစုစည်းလိုက်ပြီး ရက်စက်ကြမ်းတမ်းသည့် ရွှေညိုရောင်ဓားတစ်လက် ဖန်ဆင်းလိုက်သည်။
ဓားအလင်းတန်းက လက်ခနဲ တောက်ပသွားပြီး စွမ်းအားအရှိန်အဟုန်က ဝူတန့်မယ်တော် နတ်ဘုရားထောင်ချောက်ဓားသိုင်း အသုံးပြုသည်ထက်ပင် ပိုမိုမြန်ဆန်သည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓက လက်ကိုပင့်မြှောက်လိုက်ရုံသာ ရှိသေးချိန် နျဲ့ကျင်းရှန်၏ဓားဦးက သူ့ထံသို့ ရောက်ရှိလာပြီ ဖြစ်၏။
ရက်စက်ကြမ်းကြုတ်လှသည့် ဓားအလင်းတန်းက သိပ်သည်းသွားပြီး အရာအားလုံးက ဆုံမှတ်တစ်ခုတည်းပမာ ပေါင်းစည်းသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှ လျှို့ဝှက်ဆန်းကြယ်သော ဒြပ်စင်စွမ်းအားများအားလုံး ပျောက်ကွယ်သွားရသည်။
ရွှေညိုရောင်ဓားအလင်းတန်း ၊ အချိန်နှင့်နေရာ ၊ ယင်နှင့်ယန် ၊ မွေးခြင်းနှင့် သေခြင်း သဘောတရားများအားလုံး ကမ္ဘာလောကြီးမှနေ၍ လုံးဝဥဿုံ ပျောက်ကွယ်သွားပြီး ကနဦးအစပြုမှု ပရမ်းပတာဖြစ်စဉ်သာလျှင် ကျန်ရှိခဲ့သည်။
အရာအားလုံးက မိုးမြေမမွေးဖွားမီ ခေတ်ဦးကာလသို့ ပြန်လည်ရောက်ရှိသွားသည့်ပမာပင်။
ထိုနေရာတွင် အတိတ်မရှိ ၊ အနာဂတ်မရှိ ၊ အစမရှိ အဆုံးမရှိ ၊ အေးခြင်း ပူခြင်းလည်းမရှိ ၊ အချိန်နှင့်နေရာလည်းမရှိ ၊ သက်ရှိသတ္တဝါဟူ၍လည်း မရှိပေ။
လောကကြီးတစ်ခုလုံး ဖော်ပြခြင်းငှာပင် မစွမ်းနိုင်သော သေးငယ်လှသည့် အစက်အပြောက်လေးအဖြစ် ပြောင်းလဲသွားသလို ခံစားရသည်။
သို့သော် တစ်ဖက်တွင်လည်း အလွန်တရာ ကြီးမားသော ပုံရိပ်ယောင်တစ်ခုပမာ ခံစားချက်ကိုလည်း ပေးစွမ်းနေပြန်၏။
နျဲ့ကျင်းရှန်၏ ဓားသွားထိပ်ဖျားက မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေအား ထိုးစိုက်မိသွားသည်နှင့် သူ တစ်သက်လုံး ကျင့်ကြံထားသမျှ ဓမ္မတရားများအားလုံး ကွယ်ပျောက်သွားသည့်ပမာ ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ မိုးကြိုးလျှပ်စီးဗုဒ္ဓက ကျင့်ကြံခြင်းအခြေခံခိုင်မာပြီး ပြိုင်ဘက်ကင်း တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့ကြောင့် နျဲ့ကျင်းရှန်၏ ထူးခြားပြိး ကြောက်မက်ဖွယ်ကောင်းသော ဓားတာအိုကို တန်ပြန်ခုခံထားနိုင်ခဲ့သည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓက ကောင်းကင်နတ်ဘုရားအဆင့်တွင် နံပါတ်(၁) ရွှေခန္ဓာကို ပိုင်ဆိုင်ထားသူဆိုသည့် ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။
သို့တိုင် နျဲ့ကျင်းရှန်၏ ဓားသွားထိပ်ဖျားတွင် ထည့်သွင်းထားသည့် တာအိုတရားက မိုးကြိုးလျှပ်စီးဗုဒ္ဓကို နောက်သို့ ဆက်တိုက်ဆုတ်ခွာသွားစေခဲ့သည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓအနေဖြင့် အစောပိုင်းက တွေးထားသည့်အတိုင်း ရန်သူကို တန်ပြန်တိုက်စစ်ဆင်ရန် မဖြစ်နိုင်တော့ပေ။
ရန်သူ၏ ထက်မြက်သော ဓားဝိညာဉ်က သူ့ကိုဖိနှိပ်ထားပြီဖြစ်ရာ တန်ပြန်တိုက်စစ်ဆင်ရန် အလွန်ခက်ခဲသွားပေပြီ။
မည်သူမျှ မဖျက်ဆီးနိုင်ဟု ကျော်ကြားလှသော မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ဗုဒ္ဓနယ်မြေမှာ ဗလာနယ်ထဲတွင် နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာနေရသည်။
ဟုတ်ပေ၏။
မိုးကြိုးလျှပ်စီးဗုဒ္ဓကဲ့သို့သော ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်တစ်ယောက်သည်ပင် နျဲ့ကျင်းရှန်ကို အစွမ်းကုန်ခုခံရန်သာ အာရုံစိုက်နေရပြီး တန်ပြန်တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။
သူ၏ဗုဒ္ဓနယ်မြေထက်တွင် အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာပြီး သေခြင်းတရား နိမိတ်ဆိုးများပါ ယိုစိမ့်ထွက်ပေါ်လာသည်။
“အော်မီတော်ဖော်...”
မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ မျက်နှာထက်တွင် သနားဂရုဏာတရား ၊ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း မည်သည့်ခံစားချက်မှ ရှိမနေခဲ့ပေ။
သူက လက်အုပ်ချီလိုက်ပြီး သူ့ကိုယ်သူ ရုပ်တုတစ်ခုပမာ ပြောင်းလဲလိုက်သည်။
မွေးခြင်း သေခြင်းတရား၏ နံနက်ခင်းနှင်းပွင့်များပမာ ပျက်ဆီးလွယ်ပြီး မမြဲခြင်းသဘောကို ထိုးထွင်းသိမြင်သော တရားအလင်းထုတ်ဖော်လိုက်ပြီး ၊ ထိုမှတစ်ဆင့် မပျက်ဆီးနိုင်သော ရွှေခန္ဓာကို ဖြစ်တည်စေလိုက်သည်။
ဤတန်ခိုးစွမ်းအားက အပြင်ဘက်မှလာခြင်းမဟုတ်ဘဲ အတွင်းစိတ်ဝိညာဉ်မှ ပေါက်ဖွားလာခြင်း ဖြစ်၏။
မိုးကြိုးလျှပ်စီးဗုဒ္ဓ ကျမ်းစာရွတ်ဆိုလိုက်သည်နှင့် ဗုဒ္ဓနယ်မြေ မျက်နှာပြင်ထက်မှ အက်ကွဲကြောင်းများ လျှင်မြန်စွာပင် ပြန်လည်ကောင်းမွန်သွားသည်။
သို့ပေသိ နျဲ့ကျင်းရှန်၏ အတိုင်းအဆမရှိ ပြင်းထန်သော ဓားတာအိုအောက်တွင် ပြန်လည်ကောင်းမွန်သွားသည့် ဗုဒ္ဓနယ်မြေက ဝုန်းကနဲပင် ထပ်မံအက်ကွဲသွားရသည်။
ထိုသို့ဖြင့် ဗုဒ္ဓနယ်မြေက ပြန်လည်ကောင်းမွန်လာလိုက် ထပ်မံအက်ကွဲသွားလိုက်ဖြင့် ကြိမ်ဖန်များစွာ ထပ်တလဲလဲ ဖြစ်ပေါ်နေတော့၏။
ဓားအလင်းတန်းက အရှေ့သို့သာ ဆက်တိုက်တိုးဝင်နေပြီး မိုးကြိုးလျှပ်စီးဗုဒ္ဓက နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရသည်။
နျဲ့ကျင်းရှန်အနေဖြင့် မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ ခံစစ်စွမ်းအားကို တစ်ခဏအတွင်း ဖျက်ဆီးပစ်နိုင်ခြင်း မရှိသော်လည်း ၊ သူက ဤဗုဒ္ဓဘာသာ ထိပ်တန်းတန်ခိုးစွမ်းအားရှင်ကို အပိုင်ဖိနှိပ်ထားနိုင်ခဲ့ပေပြီ။
ထိုအချိန် ဖူရှန်ဗောဓိသတ္တက ဓမ္မသုံးဖြာရွှေကြာပန်းကို ဆင့်ခေါ်ပြီး နျဲ့ကျင်းရှန်၏ ဦးခေါင်းတည့်တည့်သို့ ပစ်လွှတ်လိုက်သည်။
ထိုရွှေကြာပန်းက အဆက်မပြတ်လည်ပတ်နေပြီး အချိန်နှင့်နေရာ ၊ ယင်နှင့်ယန်တို့၏ လျှို့ဝှက်ဆန်းကြယ်သော သဘောတရားများက သံသရာလည်ခြင်း ၊ မရှိမှု သုညတ္တတရား ၊ မမြဲခြင်းတရားများနှင့် တစ်သားတည်းကျအောင် ပေါင်းစည်းသွားသည်။
ထိုကြာပန်း၏ တန်ခိုးစွမ်းအားနှင့် လျှို့ဝှက်နက်နဲမှုက ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်ရောက်သွားပေပြီ။
ထိုသို့သောခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသည်နှင့် နျဲ့ကျင်းရှန် နောက်သိုလှည့်ကြည့်လိုက်ပြီး ဓားကိုဆွဲထုတ်ကာ ဓမ္မသုံးဖြာရွှေကြာပန်းကို ခုတ်ပိုင်းချလိုက်သည်။
သူ၏ဓားအလင်းတန်းက ဆုံချက်တစ်ခုအဖြစ် စုဆုံးသွားပြီး ဓမ္မသုံးဖြာရွှေကြာပန်းကို စုပ်ယူဝါးမျိုရန် ကြိုးစားလိုက်၏။
ဓမ္မသုံးဖြာရွှေကြာပန်းမှ ထူးခြားဆန်းကျယ်သည့် အလင်းတန်းများ ထွက်ပေါ်လာပြီး အချိန်နှင့်နေရာပြောင်းလဲမှုကို ကြံ့ကြံ့ခံကာ နျဲ့ကျင်းရှန်၏ဓားအလင်းတန်း ဆုံချက်တစ်ခုတည်းအဖြစ် ပြောင်းလဲမသွားစေရန် တားဆီးလိုက်သည်။
ထိုအခါ တုံ့ပြန်မှုအနေဖြင့် ဓားအလင်းတန်းက ဝုန်းကနဲ ပေါက်ကွဲထွက်သွားသည်။
ရိုက်ခတ်မှုစွမ်းအားက အလွန်ကြီးကျယ်ပြင်းထန်သည်ဖြစ်ရာ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားတစ်ခုထွက်ပေါ်လာပြီး ဓမ္မသုံးဖြာရွှေကြာပန်း လွင့်စင်ထွက်သွားရသည်။
ရွှေကြာပန်း၏ ပွင့်ဖတ်များထက်တွင် အက်ကွဲကြောင်းများ ထင်ဟပ်လာသည်။
ဖူရှန်ဗောဓိသတ္တမှာ မည်သို့မှမတတ်နိုင်ဘဲ ဓမ္မသုံးဖြာရွှေကြာပန်းကို အလောတကြီးပင် ပြန်လည်သိမ်းယူရန် ကြိုးစားရတော့သည်။
နျဲ့ကျင်းရှန်၏ဓားက ရွှေကြာပန်းနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်လည်း မိုးကြိုးလျှပ်စီးဗုဒ္ဓကို ဖိနှိပ်ထားသည့် အရှိန်အဟုန်က လျော့နည်းသွားခြင်း မရှိပေ။
သို့ပေသိ ဖူရှန်ဗောဓိသတ္တ ဝင်ရောက်ကူညီလိုက်သဖြင့် တရွေ့ရွေ့ နောက်သို့ဆုတ်နေရသည့် ဗုဒ္ဓနယ်မြေက ပြန်လည်ခိုင်မာသွားခဲ့သည်။
မိုးကြိုးလျှပ်စီးဗုဒ္ဓ၏ ရွှေခန္ဓာသည်လည်း ပိုမိုကြီးမားလာပြီး နျဲ့ကျင်းရှန်ကို တန်ပြန်တိုက်စစ်ဆင်နိုင်စွမ်း ရှိလာသည်။
နျဲ့ကျင်းရှန်က ချက်ချင်းပင် ဓားသိုင်းကို အရှိန်မြှင့်လိုက်သည်။
ဓားချက်တစ်ချက်ချင်းစီက ယခင်ကထက် ပိုမိုမြန်ဆန်ပြီး ရွှေညိုရောင်ဓားအလင်းတန်းက တိုက်ပွဲတစ်ခုလုံး ဟိုမှ သည်မှ လျှပ်တပြက် ထွက်ပေါ်လာသည်။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်တိုင်း ကမ္ဘာဦးကာလ၏ ပရမ်းပတာဖြစ်မှု ပုံရိပ်များ ထပ်မံထွက်ပေါ်လာပြီး တိုက်စစ်စွမ်းအားကလည်း ပိုမိုကြီးမားလာသည်။
ဖူရှန်ဗောဓိသတ္တက ထပ်မံကူညီရန် ဟန်ပြင်လိုက်သော်လည်း မဟာနတ်ဆိုးများရောက်ရှိလာကာ သူ့ကို မလှုပ်နိုင်အောင် ဟန့်တားလိုက်ကြ၏။
ထိုသို့ဖြင့် ငရဲကိုးထပ်မှ မဟာနတ်ဆိုးများနှင့် ကျန်ရှိသော ဗုဒ္ဓဘာသာကျင့်ကြံသူများ အပြင်းအထန် စတင်တိုက်ခိုက်ကြတော့သည်။
ထိုအချိန် ကြာပန်းစိမ်းရတနာအလံကို ညစ်ညမ်းအောင်ပြုလုပ်ခဲ့သည့် နတ်ဆိုးသခင်က အခြေအနေကို အခွင့်ကောင်းယူကာ စကြာမုနိသရီရဓာတ်တော်ကို အမိအရ လုယူလိုက်တော့သည်။
ထိုနတ်ဆိုးသခင်လက်ထဲ သရီရဓာတ်တော် ရောက်ရှိသွားကြောင်း တွေ့မြင်သည်နှင့် နျဲ့ကျင်းရှန်က တိုက်ပွဲကိုအမြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
သူက ပိုမိုပြင်းထန်သော ကန့်လန့်ဖြတ်ဓားအလင်းတန်းတစ်ခု ထုတ်ဖော်ကာ မိုးကြိုးလျှပ်စီးဗုဒ္ဓကို ဟန့်တားလိုက်ပြီး ရန်သူများကို သတိကြီးစွာဖြင့် စောင့်ကြည့်ကာ နတ်ဆိုးအုပ်စုကြီးအား ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးလိုက်၏။
“အားလုံးပဲ... ပြန်ဆုတ်မယ်”