← Chapters

အငြိုးထားသော အတွေးများ

Vol. 001 Ch. 26

အငြိုးထားသော အတွေးများ

Vol. 001 Ch. 26

ဝမ်လင်းက ထိုအင်မော်တယ် ကျင့်စဉ်၃ခုကို တွေးပြီး စိတ်လှုပ်ရှားလာသည်။ ပထမဆုံး မီးဘောလုံး ကျင့်စဉ်ကို ကြိုးပမ်း အားထုတ်ရာတွင် သူ့လက်ဖြင့် ချိပ်တံဆိပ် အမှတ်အသား တစ်ခုကို ဖန်တီးပြုလုပ် လိုက်သည်။ သို့သော်လည်း မီးကို မဆိုထားနှင့် မီးပွားလေးပင် ထွက်မလာပေ။ အချိန်တော်တော် ကြာပြီးနောက် သူက မျက်မှောင် ကြုတ်လိုက်ပြီး ထပ်မံ ကြိုးစားလိုက်သည်။

တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားသော်လည်း နောက်ဆုံးတွင် အရှုံးနှင့်သာ ကြုံတွေ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း တစ်ကြိမ်တည်းသာ မီးပွားသေးသေးလေး ထွက်ခဲ့သည်။

ဝမ်လင်းက ခါးသက်စွာ ရယ်မော လိုက်သည် ... “ပင်ကိုစွမ်းရည် ... အမြဲတမ်း ဒီပင်ကိုယ်စွမ်းရည်ပဲ ... “ ထို့နောက် သူက အနားရှိ ကျောက်တုံး တစ်ခုပေါ်တွင် မြေခွဲကျင့်စဉ်ကို စမ်းသပ်လိုက်၏။ သည်ကျင့်စဉ်ကတော့ မီးဘောလုံး ကျင့်စဉ် လေ့ကျင့်စဉ်ကထက် အောင်မြင်မှု ရသည်ဟု ဆိုရပေမဲ့လည်း ကျောက်တုံးပေါ်တွင် လက်သန်းအရွယ် အက်ကြောင်းလေးသာ ဖြစ်ပေါ်လာသည်။ ဤကဲ့သို့ ကျင့်စဉ်များက သေမျိုးများ ပေါ်တွင်သာ လိမ်လို့ကောင်းပြီး တကယ် တိုက်ပွဲများတွင် အသုံးမဝင်ပေ။

နောက်ဆုံး၌ ဆွဲငင်အား ကျင့်စဉ်ကို လေ့ကျင့်လိုက်သည်။ သူက ရလဒ်ကို ကျေနပ်သေးခြင်း မရှိသေးချေ။

သို့သော်လည်း ကျင့်စဉ် ၃ ခုထဲတွင် ဆွဲငင်အား ကျင့်စဉ်က အောင်မြင်နှုန်းက ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်၏။ ဝမ်လင်းက ဆွဲငင်အား ကျင့်စဉ်တစ်ခုတည်းမှာပဲ စိတ်နှစ်ပြီး လေ့ကျင့်နေတော့သည်။ အမှန်စင်စစ် ဆွဲငင်အားကျင့်စဉ်သည် အဝေးမှ ပစ္စည်းများကို ထိန်းချုပ်ရခြင်း ဖြစ်၏။

တစ်စုံတစ်ယောက်က ဆွဲငင်အား ကျင့်စဉ်ကို ကောင်းစွာ အသုံးပြုနိုင်ပြီး ကီစုစည်းခြင်း ဒုတိယအလွှာသို့ ရောက်သောအခါ တွန်းကန်အား ကျင့်စဉ်ကို လေ့ကျင့်နိုင်သည်။ တတိယအလွှာကို ချိုးဖြတ်ပြီး စတုတ္ထအလွှာသို့ ရောက်သွားလျှင် ဓားဝိညာဉ် စံအိမ်ကို သွားပြီး ဓားပျံတစ်ချောင်းကို ရွေးချယ်ရယူနိုင်၏။

အချိန်တော်တော်ကြာအောင် လေ့ကျင့်ပြီးနောက် မမှောင်ခင် အိမ်သို့ ဦးတည်၍ ထွက်သွားတော့သည်။ ယခု သူက ကီစုစည်းခြင်း ပထမအလွှာကို ရောက်ရှိပြီးနောက် သူ၏အမြင်အာရုံနှင့် အကြားအာရုံက လွန်စွာ တိုးတက်လာ၏။ အရှေ့ဂိတ်မှ ဝင်လာပြီး အလုပ်ရုံကို ဖြတ်လာပြီးသည့် အချိန်တွင် အလွန်ရင်နှီးသည့် အသံတစ်ခုကို ဝမ်လင်း ကြားလိုက်ရသည်။

“အစ်ကိုလျို အရင်ပြောတာ မီးသစ်သား ၁၀၀ပေါင်ဆို အလုပ်ပြီးပြီပြောပြီး အခုမှ ပေါင်၁၀၀၀ ဖြစ်သွားရတာလဲ ... ကျွန်တော် ... ကျန်းဟူက အသစ်မဟုတ်တော့ဘူး ... လွန်ခဲ့တဲ့နှစ်တွေကတည်းက အစ်ကိုလျို ကျေနပ်အောင် လုပ်ပေးခဲ့ပြီးပြီ ... ကျွန်တော့်ကို ဂိုဏ်းထဲက ထွက်သွားဖို့ တွန်းအား ပေးချင်နေတာလား ...”

“ကျန်းဟူ ... ငါ မင်းကို ခက်ခဲနေအောင် လုပ်နေတာ မဟုတ်ဘူး ... အခုပဲ နှစ်ကုန်တော့မယ် ... မင်းရဲ့စီနီယာ အစ်ကိုဖြစ်တဲ့ ငါတောင် ကောင်းကောင်း နေရတဲ့အချိန် မရှိသေးဘူး ... ဒါတောင်မှ မင်းက အလုပ်လုပ်ရမယ့် အစား ငါ့ဆီလာပြီး ညည်းညူပြနေတယ် ... မင်းရှာပေးထားတဲ့ မီးသစ်သားတွေကို ဆေးဝါးအဆောင်ကို ယူသွားတော့ ငါ အဆူခံလိုက်ရတယ် ... ငါ ပြန်ယူသွားပြီး စစ်ဆေးကြည့်တော့မှ မီးသစ်သား ပေါင် ၁၀၀က ရေ ၃၀ပေါင်လောက် ပါနေတယ် ... မင်း တော်တော် တော်တာပဲ ... ”

ထိုစကားကို ကြားတော့ ကျန်းဟူ ဒေါသခြောင်းခြောင်း ထွက်သွားပြီး အော်ပြောလိုက်သည် ... “မဖြစ်နိုင်ဘူး ... ဒါ မင်း ငါ့ကို စွပ်စွဲတာပဲ ... ပြီးတော့ လွန်ခဲ့တဲ့ရက် အနည်းငယ်က မင်းကို ကျောက်ဖုကွေ့က အင်မော်တယ် အဆောင်တစ်ခု ပေးတာ ငါ မြင်လိုက်တယ် ... ဒါကြောင့် မင်းက သူ့ကို လွယ်တဲ့ အလုပ်တစ်ခု ပေးလိုက်တယ် ... ပြင်ပတပည့်တွေ ကြားထဲမှာ မင်းလုပ်နေတာတွေ မသိဘူး ထင်နေတာလား ... မင်းက ငါ့ကိုတောင် ဂိုဏ်းက ထွက်ဖို့ ဖိအားပေးမှတော့ မင်းကို အခု ဘာမှမပြောတော့ဘူး ... အကြီးအကဲကို သွားပြောမယ် ... ”

“ကျန်းဟူ ... ငါ့ကို ဒီလိုလုပ်ဖို့ မင်းဖိအားပေးတာပဲ ... တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မမြင်သင့်တာ မြင်လိုက်တဲ့ မင်းကိုယ်မင်းသာ အပြစ်တင်တော့ ... ကျန်းဟူ အဲ့မှာ ရပ်နေလိုက် ... ဒီအကြောင်းကိုသာ အကြီးအကဲ သိသွားလို့ကတော့ မင်းရဲ့မိသားစု တစ်ခုလုံးပါ မင်းနဲ့အတူ သေရမယ်နော် ... ”

တပည့်လျို၏ အသံက အခန်းအပြင်ဘက်သို့ ထွက်လာပြီး ကျန်းဟူကလည်း အော်လိုက်သည်။ ထိုအသံကို ကြားတော့ ဝမ်လင်းလည်း အလွန် အံ့အားသင့်ပြီး တံခါးကို ကန်ဖွင့်လိုက်၏။

ဝမ်လင်းက လျိုလူငယ်၏ကြောက်မက်ဖွယ် ကောင်းသော မျက်နှာကို အရင်မြင်လိုက်ရသည်။ သူသည် လျိုလူငယ်က ကျန်းဟူကို ဓားမြောင်နဲ့ ထိုးလိုက်သည့် အခိုက်အတန့်‌တွင် ဝင်လာခြင်း ဖြစ်၏။ ကျန်းဟူက ကြောက်လန့်နေသည့် အမူအရာဖြင့် နံရံတွင် ကပ်နေလေသည်။

ဝမ်လင်းက ကျန်းဟူကို ကူညီရန် အချိန်မရှိတော့သည်ကို သိလိုက်ပြီး သူက လျင်မြန်စွာ ဆွဲငင်အား ပညာရပ်ကို အသုံးပြုလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ အလွန်ကံကောင်းစွာ အောင်မြင်သွား၏။ မမြင်ရသော အားတစ်ခုက လျိုလူငယ်ကို ထိန်းချုပ် ထားလိုက်သည်။ သို့သော်လည်း ဓားမြောင်က ကျန်းဟူ၏ ရင်ဘတ်ကို အနည်းငယ် တိုးဝင်ပြီးသား ဖြစ်နေ၏။ ဒဏ်ရာမှ သွေးများကလည်း အဆက်မပြတ် စီးကျနေသည်။

လျိုလူငယ်သည် အလွန် ကြောက်လန့်သွား၏။ သူ့ခန္ဓာကိုယ်ကို မမြင်ရသော အားတစ်ခုက ထိန်းချုပ် ထားသကဲ့သို့ ခံစားနေရသည်။ ဓားကိုလည်း ဒီထက်ပိုပြီး ရှေ့ဆက် မတိုးနိုင်အောင် တားဆီးထား၏။

ကျန်းဟူ၏ မျက်နှာက ဖြူရော်နေပြီး နဖူးတွင်လည်း ချွေးများဖြင့် ပြည့်နေသည်။ သူက ဝမ်လင်းကို ကြည့်လိုက်ပြီး ဘေးဘက်သို့ ရှောင်ထွက်လိုက်၏။

လျိုလူငယ်ကို အံ့ဩသွား စေသော်လည်း သူက ချက်ချင်းပင် အပြင်းအထန် လှုပ်ရှား ရုန်းကန်လိုက်သည်။ ဝမ်လင်းကလည်း သူ့ထိန်းချုပ်မှုများ လျော့လာသည်ဟု ခံစားရသကဲ့သို့ သူ၏ နဖူးမှလည်း ချွေးများ စတင်ကျလာ၏။

ဝမ်လင်းက ဆွဲငင်အား ပညာရပ်ကို လူတစ်ဦးအပေါ် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ သူက ဆွဲငင်အား ပညာရပ်အား ကောင်းကောင်း အသုံးမပြုတတ် သေးသည်မှာ သိသာလှ၏။ တစ်ဖက်လူက ရုန်းကန် လိုက်သည်နှင့် သူကလည်း ထိန်းချုပ်ရန် ခက်ခဲလာသည်။ သူ့ကိုယ်ကလည်း တုန်ယင်လာသည်။ ကျန်းဟူ အန္တရာယ် မရှိတော့သည်ကို မြင်မှ ဝမ်လင်းလည်း စိတ်သက်သာရာ ရသွား၏။ ဆွဲငင်အား ပညာရပ်ကလည်း တဖြည်းဖြည်း အားပျော့လာသည်။

တပည့်လျိုက လွတ်မြောက်ရန် ကြိုးစားနေသည်ကို မြင်တော့ ကျန်းဟူ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူက ဝမ်လင်းကို ကြည့်ပြီး တပည့်လျိုကို ကြည့်လိုက်၏။ သူ့အမူအရာက ရက်စက် ကြမ်းကြုတ်သည့် အမူအရာသို့ ပြောင်းသွားပြီး သူက သစ်ခုတ်ပုဆိန်ကို ယူကာ တပည့်လျိုထံသို့ လျှောက်သွားလိုက်၏။

တပည့်လျို၏ မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပေါ်လာကာ ပိုပြီး ရုန်းကန်လိုက်သည်။ ကျန်းဟူက အံကြိတ်ပြီး ရေရွတ်လိုက်၏ ... “အဆိပ်မရှိတဲ့လူဆိုတာ မရှိဘူး ... အစ်ကိုလျိုက ကျွန်တော့်ကို ဒီလိုလုပ်ဖို့ တွန်းအားပေးတာပဲ ... ငါ့မိသားစု တစ်ခုလုံးကို သတ်ချင်တာလား ... ”

“ကျန်းဟူ ... မင်း ဘာတွေ လုပ်နေတာလဲ ... ” ဝမ်လင်း အံ့အားသင့်သွား၏။ ထိုအချိန်တွင် ဆွဲငင်အား ပညာရပ်ကလည်း တပည့်လျိုအပေါ် လုံးဝ သက်ရောက်မှု မရှိတော့ချေ။

တပည့်လျို သူ၏အားအင်များ ပြန်ရသွားချိန်တွင် ကျန်းဟူက ပုဆိန်ကို တပည့်လျိုထံသို့ လွှဲခုတ်လိုက်၏။ တပည့်လျိုက ရှောင်တိမ်းရန် နောက်ကျ သွားလေပြီ။ တပည့်လျိုက မြေပေါ်သို့ လဲကျသွားပြီး ဆန့်တငင်ငင် ဖြစ်နေလေသည်။

ကျန်းဟူ၏ လက်ထဲမှ ပုဆိန်ကလည်း မြေပေါ်သို့ ကျသွား၏။ သူက အသက်မဲ့နေသော အလောင်းကို စိတ်ရှုပ်ထွေး နေသည့် အမူအရာဖြင့် ကြည့်နေလေသည်။

ဝမ်လင်းလည်း အလွန် မှင်တက်နေ၏။ သွေးရဲသံရဲ မြင်ကွင်းကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ အချိန်တော်တော် ကြာပြီးနောက် သူက ကျန်းဟူကို ကြည့်ပြီး မေးလိုက်၏ ... “ကျန်းဟူ ... မင်း ... ”

ကျန်းဟူ၏ မျက်နှာက အလွန် ခက်ထန်နေကာ ဝမ်လင်းကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည် ... “ဝမ်လင်း ... မင်း အကုန်မြင်ခဲ့တာပဲ ... ငါ သူ့ကို မသတ်ချင်ခဲ့ဘူး ... မင်းကြောင့်သာ မဟုတ်ရင် ငါ အသတ်ခံ နေရပြီးပြီ ... ဒါတွေအားလုံးက သူ ဖိအားပေးလို့ ဖြစ်လာရတာ ... ”

ဝမ်လင်း ငြိမ်သက်သွား၏။ သူက ဒီလို ဖြစ်သွားစေဖို့ မမျှော်လင့်ခဲ့ချေ။

ကျန်းဟူက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်နှာတွင် ဆုံးဖြတ်ထားသော အမူအရာတစ်ခု ပေါ်လာသည်။ သူက အလောင်းကောင်ဆီ လျှောက်သွားလိုက်ပြီး တစ်ခုခုကို ရှာဖွေနေ၏။ ပြင်ပတပည့်များ အိမ်ပြန်လျှင်ရသည့် အင်မော်တယ် အဆောင်၁၀၀ခန့်နှင့် ချည်သားဖြင့် ဖုံးထားသော စာအုပ်လေး တစ်အုပ်ပါသည့် သိုလှောင်အိတ်ကို အလောင်းကောင်ထံမှ ထုတ်ယူလိုက်၏။ ကျန်းဟူက စာအုပ်ကို တစ်ချက်သာ ကြည့်လိုက်ပြီး သူ့အင်္ကျီထဲသို့ ထည့်လိုက်သည်။

အခန်းထဲကိုပါ လှည့်ပတ် ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် အိပ်ရာအောက်မှ လျှို့ဝှက် အကန့်တစ်ခုကို ရှာတွေ့သွား၏။ ထိုအထဲတွင် အဝါရောင် စာရွက်တစ်ခု ရှိနေလေသည်။

သူက ခဏလောက် စဉ်းစားနေပြီး ဝမ်လင်းဘက်သို့ လှည့်ပြီး စကားပြောလိုက်၏ ... “ဝမ်လင်း ... မင်း ငါ့ကို ဒီနေ့ကယ်ခဲ့တယ် ... ငါ ... ကျန်းဟူ ဒါကို အမြဲတမ်း မှတ်ထားပါ့မယ် ... ဟုန်ယွီဂိုဏ်းမှာ ငါ ဆက်နေလို့ မရတော့ဘူး ... တပည့်လျိုရဲ့ ခန္ဓာကိုယ်ကို တွေ့သွားလို့ စုံစမ်းစစ်ဆေးတဲ့အခါ ငါမှန်း သိသွားကြလိမ့်မယ် ... ဒါတွေကတော့ ငါ ယူသွားမယ် ... ဒီအဆောင်ကတော့ အလွန်အဖိုးတန်တဲ့ ရတနာတစ်ခု ဖြစ်လိမ့်မယ် ... မဟုတ်ရင် တပည့်လျိုက ငါ့ကို သတ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး…. “

ပြောပြီးသည်နှင့် ကျန်းဟူက အဝါရောင် စာရွက်လေးကို ဝမ်လင်းအား ကမ်းပေးလိုက်သည်။

ဝမ်လင်းက မယူခဲ့ပေ။ သူက သက်ပြင်းသာ ချလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်၏ ... “မင်း ... ဘာလို့ ဒီလိုလုပ်ရတာလဲ ... မင်းသာ သူ့ကို မသတ်ခဲ့ရင် ... ”

ကျန်းဟူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် ... “ဝမ်လင်း ဒီကိစ္စကို ဆက်မပြောနဲ့တော့ ... ဒီနှစ်တွေမှာ ဒုက္ခတွေ ခံစားခဲ့ရပြီးပြီ ... မင်း ငါ့ကို သူငယ်ချင်းလို့ မှတ်ယူထားသေးရင် ဒီအင်မော်တယ် အဆောင်ကို ယူလိုက်ပါ ... ”

ဝမ်လင်းက အင်မော်တယ် အဆောင်လက်ဖွဲ့ကို ကြည့်နေလိုက်ပြီး ဘာတစ်ခွန်းမှ ထပ်မပြောတော့ချေ။

“ဝမ်လင်း ... ငါ ထွက်သွားတော့မယ် ... ဒီကိစ္စတွေက မင်းနဲ့ ဘာမှမဆိုင်ဘူး ... ဂိုဏ်းက စစ်ဆေးလို့ ငါမှန်းသိသွားတဲ့ အချိန်ကျရင် ငါက အပြင်ကို ရောက်နေပြီ ... ကျောင်းနိုင်ငံက အကျယ်ကြီးပါ ... ငါ့တစ်ဘဝလုံး ပြင်ပတပည့် တစ်ယောက်ပဲ ဖြစ်နေမယ်လို့ ငါ တကယ် မယုံဘူး ... ”

ကျန်းဟူ၏ အမူအရာက ရှုပ်ထွေးနေဟန် ရသည်။ အချိန်တော်တော် ကြာပြီးနောက်တွင် သူ့က အခန်းထဲမှ လှည့်ထွက် သွားတော့၏။

***

All Chapters