အခန်း ၃၄၂
Vol. 35 Ch. 342
အခန်း (၃၄၂) - အငြင်းပွားမှုနှင့် အပေးအယူလုပ်ခြင်း
မကြာမီတွင် နောက်ထပ်လူနှစ်ယောက် ဝင်လာလေသည်။
ရှေ့ဆုံးမှ ဝင်လာသူမှာ လူလတ်ပိုင်းအရွယ် ယင်ချင်းလိန်ပင် ဖြစ်လေသည်။
သူ၏နောက် ခြေလှမ်းတစ်ဝက်ခန့်အကွာတွင် မျက်လုံးများတွင် ရက်စက်ကြမ်ကြုတ်သော အကြည့်များရှိသည့် အရပ်ရှည်ရှည်လူတစ်ယောက် လိုက်ပါလာလေသည်။
ထိုသူကား ယင်ချင်းလိန်၏ သစ္စာခံတစ်ဦးဖြစ်သည့်အပြင် ရေခဲငှက်မွေးကျောင်းတော်၏ နည်းပြတစ်ဦးဖြစ်သူ ကုချီရှင်ပင် ဖြစ်ပေသည်။
“ကျောင်းအုပ်ကြီး”
ယင်ချင်းလိန် ဝင်လာပြီးနောက် အခန်းတွင်းရှိ လူအနည်းငယ်သည် သူ့အ ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။
“ကျောင်းအုပ်ကြီး”
ထိုသို့ အော်ဟစ်နှုတ်ဆက်လိုက်သူများမှာ ယင်ချင်းလိန်၏ ဘက်တော်သားများပင် ဖြစ်ကြသည်။
“ယာယီကျောင်းအုပ်ကြီး”
ကျန်းရွှိနှင့် ရွှီစီးချီတို့ ဦးဆောင်သော အုပ်စုကမူ ယင်ချင်းလိန်အား အခြားအသုံးအနှုန်းဖြင့် ခေါ်ဝေါ်လိုက်ကြလေသည်။
ဤသည်မှာ ယင်ချင်းလိန်၏ လက်ရှိရာထူးအား သူတို့ အသိအမှတ်မပြုကြောင်း သိသာထင်ရှားစွာ ပြသနေခြင်းပင် ဖြစ်ချေသည်။
“ဟီးဟီး...”
ယင်ချင်းလိန်က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ရက်စက်သောအလင်းရောင်များ လက်ကနဲဖြစ်သွားသည်။
“လူစုံသလောက်ရှိပြီပဲ၊ ထိုင်ကြပါဦး”
ယင်ချင်းလိန်သည် သူ၏ဝတ်ရုံလက်စအား ဝှေ့ယမ်းလိုက်ပြီး ထိပ်ဆုံးရှိ ခေါင်းဆောင်နေရာသို့ လျှောက်သွားကာ ထိုင်ချလိုက်လေသည်။
အခြားသူများသည်လည်း ကိုယ်ပိုင်နေရာအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်။
“ဒီနေ့ အစည်းအဝေးကို စလိုက်ကြရအောင်”
ယင်ချင်းလိန်က အေးစက်သောအသံဖြင့် ပြောလိုက်လေသည်။
“ကျောင်းအုပ်ကြီး၊ ခဏလောက် စောင့်ပါဦး”
ထိုအချိန်မှာပင် ကုချီရှင်က ရုတ်တရက် ထပြောလိုက်သည်။
“ဘာကိစ္စလဲ”
ယင်ချင်းလိန်က ကုချီရှင်ကို အေးစက်စက် ကြည့်လိုက်လေသည်။
ကုချီရှင်သည် မတ်တတ်ရပ်လိုက်ပြီး ယင်ချင်းလိန်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။
ထို့နောက် ထောင့်တစ်နေရာတွင်ရှိနေသော ရွှီနင်ထံသို့ လျှောက်သွားလိုက်လေသည်။
“မင်းက ဘယ်သူလဲ။ ရေခဲငှက်မွေးကျောင်းတော်ရဲ့ ထိပ်ပိုင်းအဆင့် အစည်းအဝေးကို ဘာလို့ ရောက်နေရတာလဲ”
ကုချီရှင်က ရွှီနင်ကို ရုတ်တရက် စကားဖြင့် တိုက်ခိုက်လိုက်သည်။
“မင်းလို ပြင်ပလူတစ်ယောက် ဒီရောက်နေတာက တစ်ခုခု ကြံစည်နေလို့ပဲ ဖြစ်ရမယ်”
“ဟမ်...”
ရွှီနင်က ကုချီရှင်၏ ဒေါသထွက်နေသော မျက်လုံးများကို ကြည့်ကာ ပြုံးလိုက်လေသည်။
“ကုချီရှင်”
ရွှီစီးချီက ရုတ်တရက် ကုလားထိုင်၏ လက်တင်ခုံကို ရိုက်ချလိုက်ပြီး မတ်တတ်ရပ်ကာ ကုချီရှင်ကို လက်ညှိုးထိုးလိုက်သည်။
“ရွှီနင်က ရေခဲငှက်မွေးကျောင်းတော်ရဲ့ အဖွဲ့ဝင်ဖြစ်နေပြီ။ ဒါကြောင့် သူ ဒီအစည်းအဝေးကို တက်ရောက်တာက သဘာဝကျတယ်”
ရေခဲငှက်မွေးကျောင်းတော်သို့ ရောက်ရှိပြီး ဒုတိယနေ့မှာပင် ရွှီစီးချီနှင့် ကျန်းရွှိတို့သည် ရွှီနင်၏ ကျောင်းတော်အတွင်းရှိ အဆင့်အတန်းကို သတ်မှတ်ပေးခဲ့ပြီး ဖြစ်လေသည်။
“ဩော်...”
ကုချီရှင်က လှောင်ပြုံးပြုံးလိုက်သည်။
“သူက အဆင့်လေး မှော်သိုင်းပညာရှင်တစ်ယောက်လေ။ သူ့ရဲ့ သရုပ်မှန်ကိုမသိရတဲ့ ဒီလိုစွမ်းအားကြီး ပြင်ပလူတစ်ယောက်ကို ရေခဲငှက်မွေးကျောင်းတော်ထဲ ဘယ်လိုလုပ် အလွယ်တကူ ဝင်ခွင့်ပြုနိုင်မှာလဲ”
ယင်ချင်းလိန်၊ ကုချီရှင်နှင့် အခြားသူများသည် ရွှီနင်ရောက်ရှိနေကြောင်းကို ကြိုတင်သိရှိထားခဲ့သည်မှာ သိသာလှသည်။ ရှင်းရှင်းပြောရလျှင် သူတို့သည် ရွှီနင်အား အာဏာပြ၍ အနိုင်ကျင့်ရန် ဆုံးဖြတ်ထားခဲ့ပုံရသည်။
“သူ့လို အဆင့်အတန်းရှိတဲ့ မှော်သိုင်းပညာရှင်တစ်ယောက်က ရေခဲငှက်မွေးကျောင်းတော်ကို ဝင်ချင်ရင် ကျောင်းအုပ်ကြီးဆီ အရင်သတင်းပို့ရမယ်လေ။ ခင်ဗျားတို့ သဘောနဲ့ခင်ဗျားတို့ ဆုံးဖြတ်လို့ မရဘူး”
ကုချီရှင်၏ အငြင်းပွားမှုသည် ယင်ချင်းလိန်၏ ဩဇာအာဏာကိုလည်း မြင့်တက်စေခဲ့လေသည်။
“မှန်တယ်”
ကျန်းရွှိက မတ်တတ်ရပ်လိုက်သည်။
“ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးကို ကျောင်းအုပ်ကြီးဆီ သတင်းပို့ရမှာက အမှန်ပဲ။ ဒါပေမဲ့ ကျောင်းအုပ်ကြီးက သေဆုံးသွားပြီလေ။ ပြီးတော့ ယာယီကျောင်းအုပ်ကလည်း တကယ့်ကျောင်းအုပ် မဟုတ်ဘူးလေ”
ကျန်းရွှိ၏ စကားများသည် စစ်မီးအား ယင်ချင်းလိန်ဆီသို့ ပြောင်းလဲသွားစေခဲ့လေသည်။
“မင်း...”
ကုချီရှင်မှာ ဆွံ့အသွားရသည်။ သူက အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
“သခင်ယင် ယာယီကျောင်းအုပ်ဖြစ်လာတာက အားလုံးရဲ့ သဘောတူညီချက်နဲ့လေ”
“အားလုံးရဲ့ သဘောတူညီချက် ဟုတ်လား။ ငါထင်တာတော့ ခင်ဗျားတို့လူစုရဲ့ သဘောတူညီချက်ပဲ ပိုဖြစ်ပါလိမ့်မယ်”
ကျန်းရွှိ၏ စကားများမှာလည်း အလွန်ထက်မြက်နေခဲ့သည်။
“အရင်ကျောင်းအုပ်ကြီးရဲ့ ဆန္ဒအရဆိုရင် လုဝမ့်က ကျောင်းအုပ်ရာထူးကို ဆက်ခံရမှာပဲ။ အရင်တုန်းက လုဝမ့်မှာ ကျောင်းအုပ်အာဏာကို အသုံးချနိုင်စွမ်းမရှိလို့ ယာယီကျောင်းအုပ်က တာဝန်ယူတာ ကိစ္စမရှိပေမဲ့၊ အခု လုဝမ့် ပြန်ရောက်လာပြီဆိုတော့ ယာယီကျောင်းအုပ် ရာထူးကနေ ဆင်းပေးရမယ့် အချိန်တန်ပြီ”
ကျန်းရွှိ ဤသို့ပြောလိုက်ချိန်တွင် လုဝမ့်က ကျန်းရွှိဘေး၌ မတ်တတ်ရပ်နေလေသည်။
သူက စကားတစ်ခွန်းမျှ မပြောသော်လည်း သူ၏ ကိုယ်ဟန်အမူအရာမှာ မိမိပိုင်ဆိုင်မှုများကို ပြန်လည်ရယူလိုကြောင်း သိသာထင်ရှားစွာ ပြသနေလေသည်။
ကျန်းရွှိက အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပင် ဖော်ပြလိုက်လေသည်။
ထိုစကားကို ကြားပြီးနောက် ကုချီရှင် ဆက်မပြောနိုင်တော့ချေ။
သူက ယင်ချင်းလိန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းကာ ယင်ချင်းလိန်အား တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။
အခန်းတွင်းရှိ လေထုမှာ ရုတ်တရက် အလွန်အမင်း တင်းမာသွားလေတော့သည်။ အုပ်စုနှစ်စုမှ လူများသည် တိုက်ခိုက်ရန်အတွက် ဖြည်းညင်းစွာ ပြင်ဆင်နေကြလေပြီ။
‘သူတို့က ငါ့ကို ပစ်မှတ်ထားနေကြတာလား’
ယင်ချင်းလိန်က သတ်ဖြတ်လိုသော အကြည့်များဖြင့် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။
သို့သော် သူ သတိလွတ်၍မရမှန်း ကောင်းကောင်းသိနေပေသည်။
“ကျန်းရွှိပြောတာ မှန်တယ်”
ယင်ချင်းလိန် တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်သည်။
အစည်းအဝေး မစတင်မီကတည်းက ဤအခြေအနေမျိုး ဖြစ်လာမည်ကို ယင်ချင်းလိန် ကြိုတင်မျှော်လင့်ထားပြီးဖြစ်ရာ သူက အတော်လေး ပြင်ဆင်ထားပြီး ဖြစ်လေသည်။
“အရင်ကျောင်းအုပ်ကြီးက လုဝမ့်ကို ကျောင်းတော်အုပ်ရာထူးဆက်ခံသူအဖြစ် သတ်မှတ်ပေးခဲ့တာကို ငါလည်း သဘောတူပါတယ်”
ယင်ချင်းလိန်က အေးစက်သောအသံဖြင့် ပြောလိုက်ပြီး ခေတ္တမျှ ရပ်တန့်သွားသည်။
“ဒါပေမဲ့ အခုအချိန်က မသင့်တော်သေးဘူးလို့ ငါထင်တယ်”
“လုဝမ့်ရဲ့ ပါရမီက ကောင်းတယ်ဆိုပေမဲ့ သူ့အင်အားက သိပ်အားနည်းလွန်းသလို သူကလည်း အရမ်းငယ်သေးတယ်။ အသက်က အခုမှ နှစ်ဆယ်ကျော်ပဲရှိသေးပြီး အဆင့်သုံး မှော်သိုင်းပညာရှင်အဆင့်မှာပဲ ရှိသေးတယ်။ ဒီလိုခွန်အားမျိုးနဲ့ ရေခဲငှက်မွေးကျောင်းတော်တစ်ခုလုံးရဲ့ တာဝန်ကို ဘယ်လိုလုပ် ယူနိုင်မှာလဲ”
“တကယ်လို့ ဒီသတင်းသာ ပြန့်သွားပြီး ရေခဲငှက်မွေးကျောင်းတော်ရဲ့ အကြီးအကဲက အားနည်းတဲ့ ကလေးတစ်ယောက်ဖြစ်နေတယ်ဆိုတာကို တခြားသူတွေ ကြားသွားရင် အထီးကျန်လေပြင်းနယ်မြေတောင်ပိုင်းမှာရှိတဲ့ ရေခဲငှက်မွေးကျောင်းတော်ရဲ့ ဂုဏ်သတင်းက လုံးဝပျက်စီးသွားလိမ့်မယ်”
ယင်ချင်းလိန်သည် ဤဆင်ခြေကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် တုံဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပင် ပြောချလိုက်လေသည်။
“မှန်တယ်”
ကုချီရှင်ကလည်း ထောက်ခံလိုက်သည်။
“ရေခဲငှက်မွေးကျောင်းတော်ရဲ့ ဂုဏ်သတင်းက နေရာအနှံ့အပြား ကျော်ကြားနေတာဆိုတော့ ထိခိုက်ခံလို့ မဖြစ်ဘူးလေ။ သခင်ယင်က ကျောင်းအုပ်ရာထူးနဲ့ အသင့်တော်ဆုံးလူ ဖြစ်တယ်ဆိုတာ သိသာနေတာပဲ”
“ဟုတ်တယ်၊ အခု အရင်ကျောင်းအုပ်ကြီး သေဆုံးသွားပြီဆိုတော့ အခြေအနေကို ထိန်းသိမ်းဖို့နဲ့ ပြင်ပက ရန်သူတွေ ကြံစည်တိုက်ခိုက်လာတာကို ကာကွယ်ဖို့အတွက် ခွန်အားကြီးတဲ့သူတစ်ယောက် ကျောင်းအုပ်ရာထူးမှာ ရှိနေမှဖြစ်မယ်”
“ဒါအမှန်ပဲ...”
ချက်ချင်းပင် အခန်းတွင်းရှိ လူတိုင်းက သဘောတူကြောင်း အသံများ ထွက်ပေါ်လာကြလေသည်။
ကျန်းရွှိက လှောင်ပြုံးပြုံးလိုက်သည်။
“အခြေအနေကို ထိန်းသိမ်းတယ်ဆိုတာ ဆင်ခြေပဲ။ ကျောင်းအုပ်ရာထူးကို လုယူဖို့က ခင်ဗျားတို့ရဲ့ အဓိကရည်ရွယ်ချက်ပဲလေ”
ကျန်းရွှိက လုံးဝ ယဉ်ကျေးမနေတော့ပေ။
“ကျန်းရွှိ၊ မင်းစကားကို ဆင်ခြင်ပြောဖို့ အကြံပေးချင်တယ်”
ကုချီရှင်က ကျန်းရွှိရှေ့သို့ လျှောက်သွားပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်လေသည်။
“ကုချီရှင်၊ မင်းက အစ်ကိုကျန်းကို ခြိမ်းခြောက်နေတာလား”
ရွှီစီးချီလည်း ရှေ့သို့ လျှောက်လာပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။
လေထုမှာ အလွန်တင်းမာနေလေသည်။
“ယာယီကျောင်းအုပ်ကြီး”
အခြေအနေ ပေါက်ကွဲတော့မည့်ဆဲဆဲတွင် ကျန်းရွှိက ထပ်ပြောလိုက်သည်။
သူက ယင်ချင်းလိန်၏ အေးစက်သောမျက်လုံးများကို စိုက်ကြည့်လိုက်သည်။
“လက်ရှိ အငြင်းပွားနေတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ”
ထိုစကားကို ကြားသောအခါ ယင်ချင်းလိန် မျက်မှောင်ကြုံ့သွားလေသည်။
ကျန်းရွှိ၏ စိတ်နေသဘောထား အနည်းငယ် ပျော့ပျောင်းသွားသည်ကို သူ ဝိုးတဝါး ခံစားလိုက်ရသည်။
‘သူက အပေးအယူလုပ်တော့မလို့လား...’
ယင်ချင်းလိန်က ကျန်းရွှိ၏ ရည်ရွယ်ချက်များကို ခန့်မှန်းလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ယင်ချင်းလိန်သည် ယာယီကျောင်းအုပ်ရာထူးကို မည်သည့်အခါမျှ လက်လွှတ်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ရေခဲငှက်မွေးကျောင်းတော်တွင် အသန်မာဆုံးလူ ဖြစ်လေသည်။
အကယ်၍ ဤကိစ္စသာ အချိန်ဆွဲသွားပါက မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။ သို့သော် ယခင်ကျောင်းအုပ်ကြီး၏ ဘက်တော်သားများက ပြဿနာများကို ဆက်တိုက် ဖန်တီးနေမည်ဆိုပါက သူ၏ရာထူးသက်တမ်းကို ဆက်လက်ထိန်းသိမ်းရန် ခက်ခဲလာပေလိမ့်မည်။
အကယ်၍ သူသာ ကျန်းရွှိနှင့် သဘောတူညီမှု ရယူနိုင်မည်ဆိုပါက လက်ခံနိုင်ဖွယ်ရှိသော ရလဒ်တစ်ခု ဖြစ်လာပေမည်။
ကျောင်းအုပ်ရာထူးကို သူ ချုပ်ကိုင်ထားနိုင်သရွေ့ အနာဂတ်တွင် လှုပ်ရှားရန် အခြေအနေများစွာ ရှိနေဦးမည် ဖြစ်သည်။
“ဒီလိုလုပ်ရင်ကော...”
ယင်ချင်းလိန်က ခေတ္တမျှ စဉ်းစားလိုက်သည်။ သူက အတော်လေး နက်နက်နဲနဲ တွေးတောလိုက်ပုံရသည်။
“ငါလည်း အရင်ကျောင်းအုပ်ကြီးရဲ့ ကျေးဇူးရှိခဲ့ဖူးပါတယ်။ ရေခဲငှက်မွေးကျောင်းတော်ရဲ့ အနာဂတ်အတွက် ကျောင်းအုပ်ရာထူးကို ယာယီတာဝန်ယူထားရုံပါ။ ဒါပေမဲ့ လုဝမ့်က အရင်ကျောင်းအုပ်ကြီး သတ်မှတ်ပေးခဲ့တဲ့ ဆက်ခံသူဖြစ်နေတော့ အခုမဟုတ်ရင်တောင် နောက်ပိုင်းကျရင် သူ့ကို ကျောင်းအုပ်ရာထူး ပြန်လွှဲပေးရမှာပါပဲ”
“ဒီလိုလုပ်ကြရင်ကော၊ လုဝမ့်က အဆင့်လေးကို တက်လှမ်းသွားတာနဲ့ ကျောင်းအုပ်ရာထူးကို တရားဝင် ဆက်ခံခွင့်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”