အခန်း ၃၄၆
Vol. 35 Ch. 346
အခန်း (၃၄၆) - ရန်သူ့လှည့်ကွက်အား ပြန်လည်အသုံးချခြင်း
“ကျောင်းအုပ်ကြီး”
အိမ်ထဲတွင် ကုချီရှင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံး၌ စမ်းသပ်သည့်သဘောဖြင့် မေးမြန်းလိုက်လေသည်။
“ကျုပ်တို့နဲ့ လေပင်လယ်ကျောင်းတော်ကြားက ဆက်ဆံရေးက နည်းနည်း များနေပြီထင်တယ်။ ကျုပ်တို့နှစ်ယောက် လုပ်ခဲ့တဲ့ကိစ္စတွေကို လေပင်လယ်ကျောင်းတော်က ကောင်းကောင်းကြီး သိနေကြတယ်။ ဒီအခြေအနေသာ ဆက်သွားရင် နောင်တစ်ချိန်မှာ သူတို့က ဒီအချက်ကိုသုံးပြီး ကျုပ်တို့ကို ပြန်လှည့်စားလာနိုင်တယ်”
ကုချီရှင်က စိုးရိမ်နေဟန်ဖြင့် မေးလိုက်သည်။
“အဲဒီအချိန်ကျရင် ကျုပ်တို့က သူတို့ရဲ့ ရုပ်သေးရုပ်တွေ ဖြစ်မသွားနိုင်ဘူးလား”
ကုချီရှင်၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် ယင်ချင်းလိန်၏ မျက်ဝန်းများမှာ အေးစက်သွားချေပြီ။
သူက ကုချီရှင်အား တစ်ချက် စိုက်ကြည့်လိုက်ရာ ကုချီရှင်တစ်ယောက် တုန်လှုပ်သွားရသည်။
“သူတို့ရဲ့ ရုပ်သေးရုပ်တွေ ဖြစ်သွားမယ် ဟုတ်လား”
ယင်ချင်းလိန်မှာ မျက်နှာသေဖြင့် ေပြာလိုက်သည်။
“မဖြစ်စေရပါဘူး... သူတို့ ဘာလိုချင်လဲဆိုတာကို ငါသိတယ်။ နောင်တစ်ချိန် ရေခဲငှက်မွေးကျောင်းတော်ရဲ့ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကို သူတို့ဆီ ပေးလိုက်တာနဲ့ သူတို့ ကျေနပ်သွားလိမ့်မယ်။ ဒီကိစ္စသာ ပေါက်ကြားသွားရင် သူတို့ရဲ့ နာမည်ဂုဏ်သတင်းကိုလည်း ထိခိုက်စေမယ်ဆိုတာ လေပင်လယ်ကျောင်းတော်က ကောင်းကောင်းကြီး သိထားတယ်”
“ဒါကြောင့် မင်းနဲ့ငါသာ ဒီအကြောင်း မပြောကြရင် ဘယ်သူမှ သိလာမှာ မဟုတ်ဘူး”
ယင်ချင်းလိန်သည် ကုချီရှင်၏ ပခုံးကို ပုတ်လိုက်လေသည်။
“စိတ်မပူပါနဲ့”
“ဟုတ်ကဲ့ပါ...”
ကုချီရှင်သည် ရိုကျိုးစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“သွားတော့လေ”
ယင်ချင်းလိန်သည် လက်ဝှေ့ယမ်းကာ ကုချီရှင်အား ထွက်သွားရန် အချက်ပြလိုက်သည်။
ကုချီရှင်လည်း ရိုသေစွာ နှုတ်ဆက်ပြီးနောက် အိမ်ထဲမှ ထွက်ခွာသွားလေသည်။
ကုချီရှင် အိမ်ပြင်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ယင်ချင်းလိန်၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရုတ်တရက် ပြည့်နှက်လာပေသည်။
“သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ဆို ကုချီရှင်က တစ်နေ့မဟုတ် တစ်နေ့ ပြဿနာရှာလိမ့်မယ်...”
ယင်ချင်းလိန်က သူ့ဘာသာ ရေရွတ်လိုက်သည်။
“ကိစ္စအားလုံး ပြီးသွားတာနဲ့ သူ့ကို အရင် ရှင်းပစ်ရမယ်...”
ထိုသို့ တွေးတောပြီးနောက် ယင်ချင်းလိန်သည် သူ၏ အလုပ်များကို ဆက်လက်လုပ်ဆောင်နေတော့သည်။
ကုချီရှင်တစ်ယောက် ယင်ချင်းလိန်၏ ခြံဝင်းအတွင်းမှ ထွက်ခွာသွားပြီးနောက် ရွှီနင်သည်လည်း ခေါင်မိုးပေါ်မှ ဆင်းလာခဲ့လေသည်။
ယခုအချိန်အထိ သူနှင့် ကုချီရှင်တို့၏ စကားများကို ရွှီနင် ခိုးနားထောင်နေခဲ့ကြောင်းကို ယင်ချင်းလိန်တစ်ယောက် လုံးဝ သတိမထားမိခဲ့ပေ။
ရွှီနင်သည် ယင်ချင်းလိန်၏ ခြံဝင်းအတွင်းမှ ထွက်ခွာလာခဲ့ချေပြီ။
‘ယင်ချင်းလိန်က ငါ့ကိုသတ်ဖို့ တခြားသူကို အသုံးချချင်နေမှတော့ ငါလည်း သူတို့ အလိုကျ ကစားပေးရတာပေါ့...’
ရွှီနင်၏ စိတ်ထဲ၌ အစီအစဉ်တစ်ခု ရှိနေပြီး ဖြစ်သည်။
သူသည် ခေတ္တမျှ ရပ်တန့်စဉ်းစားလိုက်ပြီးနောက် ကုချီရှင်၏ နောက်သို့ လိုက်သွားလေတော့သည်။
“နည်းပြကု”
ကုချီရှင်တစ်ယောက် လေးလံသော စိတ်များဖြင့် သူ၏ ခြံဝင်းဆီသို့ ပြန်လျှောက်လာစဉ် ရုတ်တရက် သူ့အား လှမ်းခေါ်လိုက်သံကို ကြားလိုက်ရသည်။
အတွေးလွန်နေသော ကုချီရှင်သည် မော့ကြည့်လိုက်ရာ သူ့ရှေ့မှောက်၌ ရပ်နေသော ရွှီနင်ကို မြင်လိုက်ရလေသည်။
အစပိုင်းတွင် သူ အနည်းငယ် လန့်ဖျပ်သွားသော်လည်း အမြန်ပင် အတင်းအဓမ္မ ပြုံးပြလိုက်သည်။
“နည်းပြရွှီ”
ကုချီရှင်က ပြန်လည်နှုတ်ဆက်လိုက်သည်။
သူတို့နှစ်ဦးသည် အုပ်စုတစ်ခုတည်းမှ မဟုတ်သည့်အပြင် ယခင်ကလည်း ထိပ်တိုက် အငြင်းပွားမှုများ ရှိခဲ့ဖူးသော်လည်း အပေါ်ယံတွင်မူ ဖော်ရွေသော ဟန်ပန်ကို ထိန်းသိမ်းထားရပေသည်။
“နည်းပြကုက တစ်ခုခုကို လေးလေးနက်နက် တွေးတောနေပုံရတယ်နော်”
ရွှီနင်က အဓိပ္ပာယ်ပါပါ မေးမြန်းလိုက်သည်။
ကုချီရှင်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။ သူ အနည်းငယ် ပြာယာခတ်သွားသော်လည်း အမြန်ပင် ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။
“ကျွန်တော် တစ်ခုခုကို စဉ်းစားနေလို့ပါ”
ကုချီရှင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“နည်းပြရွှီက ဘယ်သွားမလို့လဲ”
ကုချီရှင်က မေးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
“ကျွန်တော် နည်းပြရွှီကို သွားရှာမလို့ပါ။ နောက်သုံးရက်နေရင် အပြင်မှာ လုပ်စရာကိစ္စလေးတွေ ရှိနေလို့ သူပါ လိုက်ခဲ့ပေးနိုင်မလားလို့လေ”
ရွှီနင်က မည်သည့် သတိထားမှုမှမရှိဘဲ ပြန်ဖြေလိုက်သည်။
“ဟင်”
ရွှီနင်၏ စကားကို ကြားလိုက်ရပြီးနောက် ကုချီရှင်၏ ရင်ထဲ၌ ထပ်မံတုန်လှုပ်သွားရပြန်သည်။
‘သူ ရေခဲငှက်မွေးကျောင်းတော်ကနေ ထွက်သွားတော့မလို့လား’
ကုချီရှင် စတင်တွေးတောလိုက်လေသည်။
သူနှင့် ယင်ချင်းလိန်တို့ ရေးဆွဲထားသော အစီအစဉ်အရဆိုလျှင် ရွှီနင်၊ ရွှီစီးချီနှင့် ကျန်းရွှိတို့ကို ရေခဲငှက်မွေးကျောင်းတော်မှ အပြင်သို့ တာဝန်တစ်ခုဖြင့် စေလွှတ်ရန် အစည်းအဝေးတစ်ခု ကျင်းပရမည် ဖြစ်သည်။
သို့သော် ရွှီနင်က သူကိုယ်တိုင် အပြင်ထွက်မည်ဟု ပြောလာသည့်အပြင် ရွှီစီးချီကိုပါ ခေါ်သွားမည်ဟု ဆိုနေလေသည်။
ရွှီနင်ကိုယ်တိုင် ဦးဆောင်၍ အပြင်ထွက်မည်ဆိုပါက သူတို့အနေဖြင့် အစည်းအဝေးကျင်းပကာ တမင်တကာ နေရာပြောင်းရွှေ့ရသည့် ဒုက္ခမှ ကင်းဝေးသွားမည် ဖြစ်သည်။
‘လက်ရှိအချိန်မှာ သူတို့ကို ရေခဲငှက်မွေးကျောင်းတော်ကနေ ထွက်သွားဖို့ အစည်းအဝေးကျင်းပရတာက နည်းနည်းတော့ သဘာဝမကျဘူး။ တကယ်လို့ သူတို့ အပြင်မှာ အသတ်ခံရရင်တောင် ကျောင်းတော်အုပ်ကြီးနဲ့ ငါ့ကို တခြားဆရာတွေက သံသယဝင်ကြလိမ့်မယ်။ သူတို့ဘာသာသူတို့ အပြင်ထွက်သွားတာက ငါတို့အတွက် ပိုပြီး အကျိုးရှိမယ့်ပုံပဲ’
ကုချီရှင်၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေတော့သည်။
“နည်းပြကု”
ကုချီရှင်တစ်ယောက် အတွေးနယ်ချဲ့နေစဉ် ရွှီနင်က လှမ်းခေါ်လိုက်သည်။
“ဝောင်းပန်ပါတယ်... ကျွန်တော် တစ်ခုခု စဉ်းစားနေလို့ပါ”
ကုချီရှင်က အလျင်အမြန်ပင် ပြောလိုက်သည်။
“ခင်ဗျား နည်းပြရွှီကို သွားရှာမယ်ဆိုတော့ အချိန်မဆွဲထားတော့ပါဘူးဗျာ... ခွင့်ပြုပါဦး”
ထို့နောက် ကုချီရှင် အလျင်အမြန် ထွက်ခွာသွားလေသည်။
ရွှီနင်၏ နှုတ်ခမ်းထောင့်များမှာ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားချေပြီ။
ဖြစ်လာမည့် အခြေအနေကို ငြိမ်ခံနေမည့်အစား ကိုယ်တိုင် ဦးဆောင်၍ လှုပ်ရှားလိုက်ခြင်းက ပိုကောင်းပေသည်။
ထို့နောက် ရွှီနင်သည် ကျန်းရွှိ၏ စာကြည့်ခန်းဆီသို့ အလျင်အမြန် ပြန်လာခဲ့သည်။
အခြားတစ်ဖက်တွင် ကုချီရှင်သည် ရွှီနင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ရပ်တန့်ကာ ပြန်လှည့်လာခဲ့သည်။
အစီအစဉ်မှာ သူတို့အတွက် ပိုမို အကျိုးရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် ယင်ချင်းလိန်ထံသို့ သွားကာ သူ၏ အစီအစဉ်ကို ကြိုတင်ဆွေးနွေးရပေမည်။
ကျန်းရွှိ၏ စာကြည့်ခန်းအတွင်း၌…
“ရွှီနင်... ဘာလို့ ပြန်လာတာလဲ”
ရွှီနင် ပြန်ရောက်လာသည်ကို မြင်သောအခါ ကျန်းရွှိ အနည်းငယ် အံ့သြသွားသည်။
ထိုအချိန်တွင် လုဝမ့်နှင့် ရွှီစီးချီတို့ ထွက်သွားကြပြီ ဖြစ်သည်။
“အစ်ကိုကျန်း... ကျွန်တော် စောစောက ကုချီရှင်နဲ့ တွေ့ခဲ့တယ်။ ပြီးတော့ သူ့နောက်ကနေ တိတ်တဆိတ် လိုက်သွားရင်း ယင်ချင်းလိန်ရဲ့ ခြံဝင်းထဲအထိ ရောက်သွားခဲ့တယ်”
ရွှီနင်က အလျင်အမြန်ပင် ပြောပြလိုက်သည်။
“ကျွန်တော့်ရဲ့ ချီအငွေ့အသက်တွေကို ဖုံးကွယ်ထားပြီး ယင်ချင်းလိန်နဲ့ ကုချီရှင်တို့ရဲ့ စကားဝိုင်းကို ခိုးနားထောင်ခဲ့တယ်”
“အို”
ကျန်းရွှိသည် ရွှီနင်၏ လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။
“အရေးကြီးတဲ့ သတင်းတွေများ ကြားခဲ့ရလို့လား”
ရွှီနင် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူသည် ယင်ချင်းလိန်၊ ကုချီရှင်နှင့် လေပင်လယ်ကျောင်းတော်တို့ကြားမှ ဆက်သွယ်မှုများကို ပြောပြလိုက်သည်။ ထို့အပြင် ကျောင်းအုပ်ဟောင်း သေဆုံးခဲ့ရမှုနှင့် သူတို့၏ လုပ်ကြံရေး အစီအစဉ်များအကြောင်းကိုပါ ရှင်းပြလိုက်လေသည်။
“ရွှီနင်... မင်း ကြားခဲ့တာ သေချာရဲ့လား”
ကျန်းရွှိသည် တစ်ကိုယ်လုံး တုန်ရီလျက် ရွှီနင်အား စိုက်ကြည့်နေမိသည်။
ရွှီနင်ကို မယုံကြည်၍မဟုတ်ဘဲ ထိုသတင်းမှာ သူ့အား အလွန်အမင်း တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်သည်။
ကျန်းရွှိတစ်ယောက် ခေါင်းတွေ ပေါက်ကွဲထွက်မတတ် ဖြစ်သွားကာ ရင်ထဲတွင်လည်း အသက်ရှူရ ကြပ်လာသလို ခံစားလိုက်ရသည်။
“သေချာပါတယ်”
ရွှီနင်သည် စကားရှည်ရှည်ဝေးဝေး မပြောတော့ဘဲ ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်လေသည်။
ဖြန်း...
ကျန်းရွှိက စားပွဲကို ရိုက်ချလိုက်ရာ စားပွဲမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။
“ယင်ချင်းလိန်... ကုချီရှင်...”
ကျန်းရွှိ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် အမုန်းတရားများ ပြည့်နှက်နေလေပြီ။
ယခင်က သူတို့ ပြောခဲ့သည်မှာ ကျောင်းအုပ်ဟောင်း၏ သေဆုံးမှုသည် နက်နဲသော လျှို့ဝှက်ကျင့်စဉ်တစ်ခုကို လေ့ကျင့်ရာမှ တန်ပြန်ရိုက်ခတ်မှုကြောင့် ဖြစ်သည်ဟူ၍ပင်။
သို့သော် တကယ်တမ်းတွင်မူ သူသည် အကွက်ချ လုပ်ကြံခံခဲ့ရခြင်း ဖြစ်ပေသည်။
ဤကိစ္စကို ကျန်းရွှိ လုံးဝ လက်မခံနိုင်ပေ။
“သူတို့ကို သတ်ပစ်ရမယ်”
ကျန်းရွှိ ဟိန်းဟောက်လိုက်သည်။
“အစ်ကိုကျန်း... အရင် စိတ်ကို တည်ငြိမ်အောင် ထားပါဦး”
ရွှီနင်က ပြောလိုက်သည်။
“ကျွန်တော် ကုချီရှင်အတွက် ထောင်ချောက်ဆင်ခဲ့ပြီးပြီ။ နောက်သုံးရက်နေရင် နည်းပြရွှီနဲ့ ကျွန်တော်က ငါးစာအဖြစ် ဟန်ဆောင်ပြီး ချောင်းမြောင်းတိုက်ခိုက်တဲ့သူတွေကို သတ်ပစ်မယ်။ ယင်ချင်းလိန်နဲ့ ကုချီရှင်တို့ရဲ့ မျက်နှာဖုံးကို ခွာချဖို့ သူတို့ကို အရှင်ဖမ်းပြီး ရေခဲငှက်မွေးကျောင်းတော်ကို ခေါ်လာဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်”
“အဲဒါ မှန်တယ်”
ကျန်းရွှိ အနည်းငယ် တည်ငြိမ်သွားသည်။
“သူတို့ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ပြီး လူတိုင်းရဲ့ အပြစ်ပေးတာကို ခံစေရမယ်”
ကျန်းရွှိသည် အမုန်းတရားများ ပြည့်နှက်နေသော်လည်း စိတ်လိုက်မာန်ပါ လက်စားချေ၍ မရကြောင်းကိုမူ နားလည်ထားသည်။ ထို့သို့မဟုတ်ပါက သူတို့ဘက်က အသာစီးရမှု ဆုံးရှုံးသွားနိုင်လေသည်။
“ရွှီနင်... မင်း အဲဒီ လုပ်ကြံတဲ့သူတွေကို ရှင်းလင်းဖို့ ယုံကြည်ချက်ရှိရဲ့လား”
ကျန်းရွှိက မေးလိုက်သည်။
“တကယ်လို့ မင်း ယုံကြည်ချက် မရှိဘူးဆိုရင် ငါတို့ အချိန်တစ်ခုအထိ တိတ်တိတ်လေး နေကြတာပေါ့။ ဒီကိစ္စအတွက် အသက်စွန့်ဖို့ မလိုပါဘူး”
“စိတ်မပူပါနဲ့”
ရွှီနင်က ပြောလိုက်သည်။
“ကျွန်တော် ယုံကြည်ချက် အပြည့်ရှိပါတယ်”
ရွှီနင်၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းအရဆိုပါက အဆင့်ခြောက် လျှို့ဝှက်ပညာရှင်တစ်ယောက်ပင် သူ့အား မသတ်နိုင်သည့်အပြင် သူ အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိပေသည်။
ယင်ချင်းလိန်၏ လုပ်ကြံရေး အစီအစဉ်တွင်လည်း လေပင်လယ်ကျောင်းတော်မှ အဆင့်ခြောက် လျှို့ဝှက်ပညာရှင်တစ်ယောက် စေလွှတ်လာနိုင်ခြေမှာ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။