အခန်း ၃၄၈
Vol. 35 Ch. 348
အခန်း (၃၄၈) - တိုက်ခိုက်ခြင်း
ရေခဲငှက်မွေးကျောင်းတော်အနီးသို့ ရောက်သောအခါ ရွှီနင်နှင့် ရွှီစီးချီတို့သည် သူတို့၏မြင်းများကို အပြင်ဘက်၌ ထားခဲ့ကြလေသည်။
ထို့နောက် သူတို့နှစ်ဦးသည် လုပ်ကြံသူများကို လက်တစ်ဖက်လျှင် တစ်ယောက် သို့မဟုတ် နှစ်ယောက်စီ သယ်မကာ ပင်မတံခါးပေါက်မှ ရှောင်ကွင်း၍ လုပ်ကြံသူငါးဦးလုံးကို ရေခဲငှက်မွေးကျောင်းတော်အတွင်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။
ယခင်သဘောတူညီချက်အတိုင်း သူတို့သည် ကျန်းရွှိ၏ ခြံဝန်းဆီသို့ ပြန်သွားကြလေသည်။
“အဆင့်လေး မှော်ပညာရှင်လေးယောက်နဲ့ အဆင့်ငါး မှော်ပညာရှင်တစ်ယောက်ပဲ။ သူတို့အကုန်လုံးက လုပ်ကြံတဲ့သူတွေချည်းပဲ”
ရွှီနင်နှင့် ရွှီစီးချီတို့သည် ဤလုပ်ကြံသူငါးဦးကို ကျန်းရွှိရှေ့သို့ ခေါ်လာခဲ့ကြသည်။
“ကောင်းတယ်”
လုပ်ကြံသူများကို ဖမ်းဆီးခေါ်ဆောင်လာနိုင်ပြီး ရွှီနင်နှင့် ရွှီစီးချီတို့၌လည်း ဒဏ်ရာအနာတရ မရှိသည်ကို မြင်သောအခါ ကျန်းရွှိတစ်ယောက် စိတ်အေးသွားရချေသည်။
“ငါတို့ သူတို့ကို မြန်မြန် စစ်ဆေးမေးမြန်းပြီး ခိုင်လုံတဲ့ ထွက်ဆိုချက်တွေနဲ့ သက်သေအထောက်အထားတွေ ရယူရမယ်”
ရွှီစီးချီက ပြောလိုက်သည်။
“မဟုတ်ရင် အချိန်ကြာသွားတာနဲ့အမျှ လေပင်လယ်ကျောင်းတော်နဲ့ ယင်ချင်းလိန်တို့ သေချာပေါက် သံသယဝင်သွားလိမ့်မယ်”
“မှန်တယ်”
ကျန်းရွှိက ခေါင်းညိတ်ကာ ရွှီနင်၏ အကြံအစည်ကို သဘောတူလိုက်လေသည်။
“သူတို့ကို နောက်ဖေးခြံဝန်းထဲက မြေအောက်လျှို့ဝှက်ခန်းထဲ ပစ်ထည့်ထားလိုက်။ ငါကိုယ်တိုင် စစ်ဆေးမယ်”
ကျန်းရွှိ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာလေသည်။
ကျောင်းအုပ်ဟောင်းထံတွင် အလုပ်လုပ်သည့်အချိန်မှစ၍ ကျန်းရွှိသည် ကျောင်းအုပ်ဟောင်း၏ ညာလက်ရုံးတစ်ဦး ဖြစ်ခဲ့ပေသည်။
ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ လျှို့ဝှက်၍ဖြစ်စေ ကျန်းရွှိသည် ကျောင်းအုပ်ဟောင်း ဖြေရှင်းရန် လိုအပ်သော ပြဿနာများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သည်။
ရန်သူများကို စစ်ဆေးမေးမြန်းခြင်းမှာ ကျန်းရွှိ၏ အထူးကျွမ်းကျင်မှုတစ်ခုပင် ဖြစ်လေသည်။
ထို့နောက် သူတို့သုံးဦးသည် လုပ်ကြံသူငါးဦးအား မြေအောက်လျှို့ဝှက်ခန်းထဲသို့ ခေါ်ဆောင်သွားကြလေသည်။
ခြံဝန်းထဲရှိ အစေခံများကို ကြိုတင်၍ ဖယ်ရှားထားသဖြင့် သူတို့သုံးဦး၏ လုပ်ရပ်များ ပေါက်ကြားသွားခြင်း မရှိခဲ့ပေ။
မြေအောက်လျှို့ဝှက်ခန်းထဲသို့ ရောက်ရှိပြီးနောက် ကျန်းရွှိသည် သူ၏ စစ်ဆေးရေးစွမ်းရည်များကို ထုတ်ဖော်ပြသတော့သည်။
သူသည် လုပ်ကြံသူငါးဦးအား စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခဲ့ရာ နှစ်နာရီပင် မပြည့်မီအတွင်း သူတို့သိထားသမျှ အချက်အလက်အားလုံးကို ထုတ်ဖော်ပြောဆိုလာစေခဲ့သည်။
ထိုအချက်အလက်များထဲတွင် ယင်ချင်းလိန်နှင့် လေပင်လယ်ကျောင်းတော်တို့ ပူးပေါင်းကြံစည်မှု အသေးစိတ်အချက်အလက်များ ပါဝင်ရုံသာမက ယင်ချင်းလိန်သည် ကျောင်းအုပ်ဟောင်းအပေါ် လုပ်ကြံခဲ့သည်ဟူသော အချက်ပင် ပါဝင်လေသည်။
“သူတို့ခေါင်းထဲက အသုံးဝင်တဲ့ အချက်အလက်အကုန်လုံး ငါစုဆောင်းပြီးသွားပြီ။ ဆက်ပြီး စစ်ဆေးနေလည်း အပိုပဲ”
ကျန်းရွှိသည် သွေးများပေကျံနေသော သူ၏လက်များကို ရေသန့်ဖြင့် ဆေးကြောရင်း ပြောလိုက်လေသည်။
“ကောင်းပြီ၊ လူတိုင်းကို မြန်မြန်စုဝေးခိုင်းပြီး ယင်ချင်းလိန်ရဲ့ မျက်နှာဖုံးကို ခွာချဖို့ အစည်းအဝေးတစ်ခု လုပ်ကြရအောင်”
ရွှီစီးချီမှာ ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့ချေ။
“ယင်ချင်းလိန်က လေပင်လယ်ကျောင်းတော်နဲ့ ပူးပေါင်းပြီး သူ့လူသူ ပြန်လုပ်ကြံတယ်ဆိုတဲ့ သက်သေကတော့ ငြင်းမရလောက်အောင် ခိုင်လုံနေပြီ။ ဒါပေမဲ့ ကျောင်းအုပ်ဟောင်းကို သူလုပ်ကြံခဲ့တယ်ဆိုတဲ့ တိုက်ရိုက်သက်သေတော့ မရှိသေးဘူး”
ကျန်းရွှိမှာ အနည်းငယ် နှမြောသွားပုံရသည်။
ပြင်ပလူများနှင့် ပူးပေါင်း၍ မိမိလူများကို ပြန်လည်လုပ်ကြံခြင်းသည် ယင်ချင်းလိန်အား အဆုံးစီရင်ရန် လုံလောက်သော်လည်း ကျန်းရွှိသည် သူ၏အပြစ်များကို အများသိအောင် ချပြချင်နေဆဲပင်။
“ယင်ချင်းလိန်က လေပင်လယ်ကျောင်းတော်နဲ့ ပူးပေါင်းတုန်းက သူတို့နဲ့ ဆက်သွယ်ဖို့ စာတစ်စောင်ကို အသုံးပြုခဲ့တယ်လို့ ဒီလူတွေ ပြောခဲ့တယ်မဟုတ်လား။ သူ့အိမ်မှာ အဲဒီစာကို ရှာတွေ့နိုင်တယ်လေ”
ရွှီနင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အဲဒါကတော့ ခက်လိမ့်မယ်...”
ကျန်းရွှိက ခေါင်းခါလိုက်သည်။
“သူက ဘယ်လိုလုပ် ဒီလိုသက်သေမျိုးကို သူ့လက်ထဲမှာ ထားခဲ့မှာလဲ။ သူတို့ရေးခဲ့တဲ့စာကို ယင်ချင်းလိန်က ဖျက်ဆီးပစ်လိုက်လောက်ပြီ”
“မသေချာဘူးလေ...”
ရွှီနင်က ပြောလေသည်။
“ယင်ချင်းလိန်အတွက်တော့ အဲဒီစာက သူ့အပြစ်ရဲ့ သက်သေတစ်ခုသာမကဘူး၊ အားသာချက်တစ်ခုလည်း ဖြစ်နေတယ်။ ကျောင်းအုပ်ဟောင်းကို လုပ်ကြံခဲ့တဲ့ကိစ္စ ပေါက်ကြားသွားတာနဲ့ ယင်ချင်းလိန်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုရှိစေရုံတင်မကဘူး လေပင်လယ်ကျောင်းတော်အတွက်ပါ အကြီးအကျယ် နစ်နာစေလိမ့်မယ်။ အဲဒီစာ သူ့လက်ထဲမှာ ရှိနေသရွေ့ လေပင်လယ်ကျောင်းတော်ကလည်း သူ့ကို နည်းနည်းတော့ လန့်နေရမှာပဲ”
ရွှီနင်၏ ထောက်ပြချက်ကို ကြားလိုက်ရသောအခါ ကျန်းရွှိ၏ မျက်လုံးများ အရောင်တောက်သွားတော့သည်။
ရွှီနင်ပြောသည့်စကားမှာ အလွန်ယုတ္တိရှိသည်ဟု သူ ခံစားလိုက်ရသည်။
“ကျုပ်တို့ အခုလုပ်ရမှာက ယင်ချင်းလိန် ထွက်လာအောင် အစည်းအဝေးတစ်ခု ခေါ်ရမယ်။ အဲဒီအချိန်ကျရင် ကျုပ်က သူ့ခြံဝန်းထဲ ခိုးဝင်ပြီး အဲဒီစာကို ရှာကြည့်မယ်”
ရွှီနင်က ဆက်ပြောသည်။
“သက်သေတွေ ပိုရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးပေါ့။ မတွေ့ခဲ့ရင်တောင် လေပင်လယ်ကျောင်းတော်နဲ့ ပူးပေါင်းပြီး ကိုယ့်လူကိုယ် ပြန်လုပ်ကြံတယ်ဆိုတဲ့ အချက်လေးတစ်ခုတည်းနဲ့တင် ရေခဲငှက်မွေးကျောင်းတော်မှာ သူ့အာဏာတွေ အကုန်ဆုံးရှုံးသွားဖို့ လုံလောက်နေပါပြီ”
“ကောင်းပြီ”
ကျန်းရွှိနှင့် ရွှီစီးချီတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ရွှီနင်၏ အကြံအစည်ကို သဘောတူလိုက်ကြလေသည်။
“အချိန်ဆွဲနေလို့ မရတော့ဘူး၊ စကြစို့”
ကျန်းရွှိက ပြောလိုက်သည်။
…
“ကျောင်းအုပ်ကြီး၊ ကျန်းရွှိက ရုတ်တရက် နည်းပြတွေအကုန်လုံးနဲ့ အစည်းအဝေးတစ်ခု လုပ်ချင်နေတယ်။ ကျောင်းတော်မှာ ပြဿနာကြီးတစ်ခု ဖြစ်နေပြီလို့ သူပြောတယ်”
ကုချီရှင်သည် ယင်ချင်းလိန်ထံ သတင်းလာပို့လေသည်။
“အို”
ယင်ချင်းလိန် မျက်မှောင်ကြုတ်သွားသည်။
“ရွှီနင်နဲ့ ရွှီစီးချီတို့ သေသွားပြီဆိုတာကို သူ သိသွားပြီလား”
“မဟုတ်ဘူး၊ အဲဒီလိုဆိုရင် ကျွန်တော်တို့ဆီ အရင် သတင်းရောက်ရမှာပေါ့...”
ယင်ချင်းလိန်မှာ အနည်းငယ် တွေဝေသွားပုံရသည်။
တစ်ခုခု မှားယွင်းနေကြောင်းကို ဝိုးတဝါး ခံစားမိနေလေသည်။
သို့သော် သေချာစဉ်းစားကြည့်ပြီးနောက်တွင် မည်သည့်အမှားအယွင်းကိုမျှ သူ ရှာမတွေ့ခဲ့ပေ။
“အစည်းအဝေးခန်းမကို သွားကြစို့”
ယင်ချင်းလိန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျန်းရွှိ ဘာလုပ်ချင်နေတာလဲဆိုတာ သွားကြည့်ကြတာပေါ့”
ယင်ချင်းလိန်၏ အမြင်တွင်မူ ကျောင်းအုပ်ရာထူးအတွက် ယှဉ်ပြိုင်ရာ၌ သူကသာ အသာစီးရနေဆဲပင် ဖြစ်သည်။
ယင်ချင်းလိန်သည် ကုချီရှင်ကို ခေါ်ဆောင်ကာ အစည်းအဝေးခန်းမဆီသို့ အလျင်အမြန် ထွက်လာခဲ့လေသည်။
သူတို့ ထွက်သွားပြီး မကြာမီမှာပင် ရွှီနင်သည် ခြံဝန်းအတွင်းသို့ တိတ်တဆိတ် ခိုးဝင်သွားတော့သည်။
‘ငါ မြန်မြန် လှုပ်ရှားမှ ဖြစ်မယ်...’
ရွှီနင်သည် ယင်ချင်းလိန်၏ စာကြည့်ခန်းကို စတင်ရှာဖွေလေသည်။
ယင်ချင်းလိန်အနေဖြင့် ထိုစာကို မိမိကိုယ်ပေါ်၌ အမြဲသယ်ဆောင်ထားရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် စာကြည့်ခန်းနှင့် အိပ်ခန်းတို့မှာ ထိုစာကို ဝှက်ထားနိုင်မည့် အဖြစ်နိုင်ဆုံး နေရာများပင် ဖြစ်လေသည်။
…
အစည်းအဝေးခန်းမထဲတွင်…
“အစ်ကိုကျန်း၊ ကျွန်တော်တို့ကို ဘာလို့ စုဝေးခိုင်းတာလဲ”
ယင်ချင်းလိန် အစည်းအဝေးခန်းမသို့ ရောက်ရှိလာချိန်တွင် အခြားသူများမှာ ကြိုတင်ရောက်ရှိနေကြပြီ ဖြစ်သည်။
ရွှီနင်နှင့် ရွှီစီးချီမှလွဲ၍ ကျန်လူအားလုံးမှာ နေရာယူထားပြီး ဖြစ်ကြသည်။
ယင်ချင်းလိန် မေးလိုက်ပြီးနောက် အခြားနည်းပြများကလည်း ကျန်းရွှိကို ကြည့်လိုက်ကြလေသည်။
ကျန်းရွှိက ရုတ်တရက် အစည်းအဝေးခေါ်ယူလိုက်သည့်အပေါ် သူတို့လည်း နားမလည်နိုင် ဖြစ်နေကြသည်။
ယင်ချင်းလိန်နှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ ကျန်းရွှိသည် မဲ့ပြုံးပြုံးကာ မတ်တတ်ရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
“ကျောင်းအုပ်ကြီး၊ ကျွန်တော့်မှာ မေးစရာတစ်ခု ရှိတယ်”
“မေးလေ”
ယနေ့ ကျန်းရွှိ၏ အပြုအမူမှာ အနည်းငယ် ရန်လိုနေသည်ဟု ယင်ချင်းလိန် ခံစားလိုက်ရသည်။
“ပြင်ပလူတွေနဲ့ ပူးပေါင်းပြီး ကိုယ့်ကျောင်းက နည်းပြတွေကို လျှို့ဝှက်လုပ်ကြံတာမျိုးကို ဘယ်လို ပြစ်ဒဏ်ပေးသင့်ပါလဲ”
ကျန်းရွှိ၏ အသံမှာ ကျယ်လောင်ပြတ်သားနေလေသည်။
‘ဟမ်...’
ကျန်းရွှိ၏ အမေးကို ကြားလိုက်ရပြီးနောက် ယင်ချင်းလိန်နှင့် ကုချီရှင်တိုမှာ တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်သွားကြသည်။
လေပင်လယ်ကျောင်းတော်နှင့် ပူးပေါင်း၍ ရွှီနင်နှင့် ရွှီစီးချီတို့ကို လုပ်ကြံခဲ့မှုမှာ ပေါက်ကြားသွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
သူတို့နှစ်ဦးလုံးမှာ ချက်ချင်းပင် ထိတ်လန့်သွားကြတော့သည်။
“ကျောင်းအုပ်ကြီး၊ ဘာလို့ နှုတ်ဆိတ်နေတာလဲ”
ကျန်းရွှိသည် ရှေ့သို့ ခြေနှစ်လှမ်း တိုးသွားလိုက်သည်။
ထိုအချိန်တွင် အခြားနည်းပြများသည် ယင်ချင်းလိန်အား ထူးဆန်းအံ့သြသော အမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။
ယင်ချင်းလိန်တစ်ယောက် မလုပ်သင့်မလုပ်ထိုက်သည်များကို လုပ်ခဲ့ပုံရကြောင်း ဝိုးတဝါး အာရုံခံမိလိုက်ကြသည်။
“သေချာပေါက် သေဒဏ်ပေးရမှာပေါ့”
ယင်ချင်းလိန်၏ မျက်နှာအမူအရာမှာ အနည်းငယ် သဘာဝမကျဖြစ်နေသည်။
“ကောင်းတယ်”
ကျန်းရွှိက လက်ခုပ်တီးလိုက်သည်။
“သူ့ကို ဒီခေါ်လာခဲ့စမ်း”
ကျန်းရွှိ စကားပြောပြီးသည်နှင့် လှုပ်ရှားနိုင်စွမ်း မရှိတော့သည့် လူတစ်ယောက်အား ရွှီစီးချီ ဆွဲခေါ်လာသည်ကို သူတို့ မြင်လိုက်ရသည်။
ထိုလူမှာ ရွှီနင်နှင့် ရွှီစီးချီတို့အား လုပ်ကြံရန် ကြိုးစားခဲ့သော အဆင့်ငါး မှော်ပညာရှင်ပင် ဖြစ်လေသည်။
‘ရွှီစီးချီပါလား’
ယင်ချင်းလိန်နှင့် ကုချီရှင်တို့မှာ အလွန်တုန်လှုပ်သွားကြသည်။
ရွှီစီးချီမှာ သေဆုံးသွားခြင်းမရှိသည့်အပြင် သူခေါ်လာသောသူမှာ လေပင်လယ်ကျောင်းတော်မှ လူဖြစ်နေပုံရပေသည်။
“ယင်ချင်းလိန်”
ကျန်းရွှိက ပြတ်သားစွာ အော်ဟစ်လိုက်သည်။
“မင်း လေပင်လယ်ကျောင်းတော်က လူတွေနဲ့ ပူးပေါင်းပြီး နည်းပြရွှီနင်နဲ့ နည်းပြရွှီစီးချီကို လုပ်ကြံခဲ့တဲ့ သက်သေက ငြင်းမရအောင် ခိုင်လုံနေပြီ။ မင်း ဘယ်လို ဖြေရှင်းမလဲ”
ဝုန်း...
ကျန်းရွှိ စကားပြောပြီးသည်နှင့် အစည်းအဝေးခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
ယင်ချင်းလိန်ဘက်မှ လူများဖြစ်စေ၊ မဟုတ်သူများဖြစ်စေ သူတို့အားလုံးသည် ယင်ချင်းလိန်အား အံ့အားသင့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။