အခန်း ၃၄၉
Vol. 35 Ch. 349
အခန်း (၃၄၉) - အပြည့်အဝ အောင်ပွဲခံခြင်း
“မင်း သူ့ကို လုပ်ကြံစွပ်စွဲနေတာပဲ”
ကုချီရှင်မှာ လုံးဝကို တွေဝေရှုပ်ထွေးသွားလေသည်။ ယင်ချင်းလိန် ပြန်မပြောရသေးမီမှာပင် သူက အလျင်အမြန် ချေပလိုက်သည်။
“လုပ်ကြံစွပ်စွဲတယ် ဟုတ်လား”
ကျန်းရွှိက လှောင်ပြုံးပြုံးလိုက်ပြီး မြေပြင်ပေါ်ရှိ လုပ်ကြံသူကို ခြေဖြင့် ကန်လိုက်သည်။
“သူက လုပ်ကြံသူတွေရဲ့ ခေါင်းဆောင်လေ... အခု သူ့ကို အရှင်ဖမ်းမိထားပြီဆိုတော့ မင်းက ဘယ်လိုများ ချေပဦးမလို့လဲ”
“ငါက ယင်ချင်းလိန်ကို အပြစ်ပုံချဖို့ တစ်ယောက်ယောက်ကို ရမ်းသန်းခေါ်လာတယ်လို့ ပြောချင်တာလား”
ကျန်းရွှိက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
“ငါတို့ စုံစမ်းချင်တယ်ဆိုရင် သူ့ရဲ့ ကိုယ်ရေးအချက်အလက်ကို အလွယ်လေး အတည်ပြုလို့ရတယ်။ သူ အမှန်တိုင်း ဝန်ခံပြီးပြီဆိုတော့ ငြင်းဆန်နေလည်း အလကားပဲ”
ကုချီရှင်သည် မည်သို့ပြောရမှန်းမသိဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားချေပြီ။
ကျန်းရွှိ ပြောသည့်စကားမှာ အမှန်တရားဖြစ်ကြောင်း သူ သိနေပေသည်။
လုပ်ကြံသူ၏ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးလိုက်သည်နှင့် အမှန်တရားကို သူတို့ အလွယ်တကူ အတည်ပြုနိုင်မည် ဖြစ်သည်။
ယခုအချိန်အထိ လုပ်ကြံမှုမှာ အဘယ့်ကြောင့် ကျရှုံးသွားရသနည်း၊ လုပ်ကြံသူများအား မည်သို့ အရှင်ဖမ်းမိသွားသနည်း ဆိုသည်ကိုမူ ကုချီရှင် နားမလည်နိုင် ဖြစ်နေဆဲပင်။
ကုချီရှင်သည် ယင်ချင်းလိန်ကို လှမ်းကြည့်လိုက်လေသည်။
ယင်ချင်းလိန်၏ မျက်နှာမှာ ဖြူရော်နေပြီး သူ၏ ဦးနှောက်မှာမူ အပြင်းအထန် အလုပ်လုပ်နေလေသည်။
သူ့ကို ထောက်ခံသူဖြစ်စေ၊ မထောက်ခံသူဖြစ်စေ နည်းပြများအားလုံးသည် သူ့အပေါ် ပြင်းထန်သော ရန်လိုမှုများဖြင့် စိုက်ကြည့်နေကြသည်ကို သူ သတိထားမိလိုက်သည်။
ပြင်ပလူများကို အသုံးပြု၍ မိမိလူကို ပြန်လည်ထိခိုက်စေခြင်းသည် စည်းမျဉ်းအရ လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိပေ။
“ကုချီရှင်”
ရုတ်တရက် ယင်ချင်းလိန်က ကုချီရှင်အား အော်ဟစ်လိုက်လေသည်။
“မင်းက ငါ့နာမည်ကိုသုံးပြီး လေပင်လယ်ကျောင်းတော်နဲ့ လျှို့ဝှက်ပူးပေါင်းရဲတယ်ပေါ့လေ”
ယင်ချင်းလိန်သည် အဖြစ်မှန်များကို လိမ်လည်ကာ အပြစ်အားလုံးကို ကုချီရှင်အပေါ်သို့ ပုံချနေခြင်း ဖြစ်သည်။
ကုချီရှင်မှာ ဉာဏ်များ ပိတ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ထုံကျဉ်သွားလေတော့သည်။
သံသယကင်းရှင်းစေရန်အတွက် ယင်ချင်းလိန်မှာ သူ့အား တုံဆိုင်းမှုမရှိ သစ္စာဖောက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
“အားလုံးပဲ...”
ယင်ချင်းလိန်သည် ကုချီရှင်ကို လျစ်လျူရှုကာ အခြားနည်းပြများကို ကြည့်လိုက်သည်။
“ရေခဲငှက်မွေးကျောင်းတော်ရဲ့ ကျောင်းအုပ်တစ်ယောက်အနေနဲ့ ငါက ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”
ယင်ချင်းလိန်က ဆက်ပြောသည်။
“အရင်က ကုချီရှင် လေပင်လယ်ကျောင်းတော်နဲ့ ရင်းရင်းနှီးနှီး ရှိနေတာကို ငါ သတိထားမိခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး သူ့ကို သတိတောင် ပေးခဲ့သေးတယ်။ ဒါပေမဲ့ သူက ရိုးရိုးတန်းတန်း ဆက်ဆံရေးပါလို့ ပြောခဲ့တော့ ငါလည်း သိပ်ပြီး ခေါင်းထဲ မထည့်ထားခဲ့မိဘူး”
“အခုကြည့်ရတာ ငါ့လက်အောက်ငယ်သားကို သေချာ မဆုံးမနိုင်ခဲ့တဲ့ ငါ့မှာလည်း အပြစ်တချို့ ရှိနေတာပေါ့”
ယင်ချင်းလိန် ဤသို့ပြောလိုက်သောအခါ သူ၏ လေသံမှာ အလွန်ပြတ်သားနေသည်။ သူသည် အမှန်တရားကို ပြောနေသည့်အလားပင်။
“ကျောင်းအုပ်ကြီး... ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ်ပြီး...”
ကုချီရှင်သည် ယင်ချင်းလိန်အား လက်ညှိုးထိုးရင်း တစ်ကိုယ်လုံး တုန်ရီနေလေသည်။
“ကုချီရှင်... မင်းက ရေခဲငှက်မွေးကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တဲ့အတွက် သေဒဏ်ချမှတ်လိုက်တယ်”
အားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်ပင် ယင်ချင်းလိန်က လေဓားသွားတစ်ခုကို ဖန်တီးကာ ကုချီရှင်၏ ဦးခေါင်းကို ဖြတ်ချလိုက်လေတော့သည်။
ကုချီရှင်မှာ လဲကျသွားပြီး ပွဲချင်းပြီး သေဆုံးသွားချေပြီ။
ကုချီရှင်ကို သတ်ဖြတ်ပြီးနောက် ယင်ချင်းလိန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။
“ယင်ချင်းလိန်... မင်းက တကယ့်ကို ရက်စက်တာပဲ”
ယင်ချင်းလိန် ဤသို့လုပ်လိမ့်မည်ဟု ကျန်းရွှိ ထင်မထားခဲ့ပေ။
“သစ္စာဖောက်တွေကို နှိမ်နင်းတဲ့အခါ ငါတို့က ပိုပြီး ပြတ်သားရမယ်လေ”
ကုချီရှင်ကို သတ်ပြီးနောက် ယင်ချင်းလိန်သည် ပိုမို ယုံကြည်မှု ရှိလာလေသည်။
လေပင်လယ်ကျောင်းတော်နှင့် ပူးပေါင်းရာတွင် လူလုံးထွက်ပြခဲ့သူမှာ ကုချီရှင် တစ်ဦးတည်းသာ ဖြစ်သည်။
ထို့ကြောင့် အပြစ်အားလုံးကို ကုချီရှင်အပေါ် ဦးစွာ ပုံချလိုက်ပြီးနောက် သံသယများကို ရှင်းလင်းရန် နည်းလမ်းကို တဖြည်းဖြည်း ရှာဖွေရပေမည်။
“ယာယီကျောင်းအုပ်ကြီး... ခင်ဗျားရဲ့ ပြစ်မှုတွေကနေ ကင်းလွတ်အောင် နောက်ဆုတ်တဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်တာပဲ”
အစည်းအဝေးခန်းမ အပြင်ဘက်မှ နောက်ထပ် လူရိပ်တစ်ခု ဝင်ရောက်လာလေသည်။
ရွှီနင်သည် လက်ထဲတွင် စာရွက်အထပ်လိုက် ကိုင်ဆောင်လျက် အားလုံး၏ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာလေသည်။
“ကုချီရှင်ကို သတ်လိုက်ရုံနဲ့ သံသယတွေ အားလုံး ကင်းရှင်းသွားမယ်လို့ ခင်ဗျား တကယ်ထင်နေတာလား”
ရွှီနင်က လက်ထဲမှ စာရွက်များကို ဝှေ့ယမ်းပြလိုက်သည်။
“လေပင်လယ်ကျောင်းတော်နဲ့ ပူးပေါင်းထားတဲ့ သက်သေတွေက အခုထိ မဖျက်ဆီးရသေးပါဘူးနော်”
‘ဒါက...’
ယင်ချင်းလိန် လန့်ဖျပ်သွားရသည်။
ရွှီနင်၏ လက်ထဲမှ စာရွက်များမှာ လေပင်လယ်ကျောင်းတော်နှင့် သူ ပူးပေါင်းထားသည့် သက်သေအထောက်အထားများ ဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။
ထိုစာများထဲတွင် ကျောင်းအုပ်ဟောင်းကို လုပ်ကြံရန် သူ၏ အစီအစဉ်များပင် ပါဝင်နေသေးသည်။
“ယင်ချင်းလိန်”
ရွှီနင်က ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
“ရေခဲငှက်မွေးကျောင်းတော်ရဲ့ ကျောင်းအုပ် ဖြစ်လာဖို့အတွက် လေပင်လယ်ကျောင်းတော်နဲ့ ပူးပေါင်းပြီး ကျောင်းအုပ်ဟောင်းကို လုပ်ကြံခဲ့ရုံတင်မကဘူး၊ ရေခဲငှက်မွေးကျောင်းတော်ရဲ့ အကျိုးစီးပွားကို သစ္စာဖောက်ပြီး နည်းပြတွေကိုပါ လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ပြောစမ်း... ခင်ဗျားက ရေခဲငှက်မွေးကျောင်းတော်ရဲ့ ရာဇဝတ်သား မဟုတ်ဘူးလား”
‘ကျောင်းအုပ်ဟောင်းကို လုပ်ကြံခဲ့တယ် ဟုတ်လား'
အားလုံးက ယင်ချင်းလိန်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
ဤသတင်းသည် သူတို့အတွက် အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းနေပေသည်။
“ကျွန်တော့်လက်ထဲက စာတွေက ခင်ဗျား သူတို့နဲ့ ပူးပေါင်းထားတယ်ဆိုတဲ့ သက်သေတွေပဲ”
ရွှီနင်သည် လက်ထဲရှိ စာရွက်များကို ထိုနေရာတွင် ရှိနေသူအားလုံးအား ပြသလိုက်လေသည်။
ယင်ချင်းလိန်တစ်ယောက် ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ပေါက်ကရတွေ”
အတန်ကြာပြီးနောက် ယင်ချင်းလိန်သည် တွေဝေမှုထဲမှ နိုးထလာလေသည်။
ရွှီနင်ကို ကြည့်နေသော သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။
“မင်းက ငါ့ကို လုပ်ကြံဖို့ အဲဒီစာတွေကို အတုလုပ်ခဲ့တာပဲ... မင်းလည်း အသတ်ခံရဖို့ ထိုက်တန်တယ်”
ယင်ချင်းလိန်သည် အခြားနည်းပြများကို လျစ်လျူရှုကာ ရွှီနင်ကို တိုက်ခိုက်လေတော့သည်။
ရွှီနင်ကို သတ်ပြီး ထိုစာရွက်များကို လုယူရပေလိမ့်မည်။
သို့မဟုတ်ပါက သက်သေအထောက်အထားများအား အတည်ပြုလိုက်ပါက ပြန်လည်ခုခံရန် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။
ကြီးမားသော လေဓားသွားများသည် လေဟာပြင်ထဲမှ ထွက်ပေါ်လာပြီး ရွှီနင်ထံသို့ ခုတ်ပိုင်းလာကြသည်။
၎င်းကိုမြင်သောအခါ ရွှီနင်က မဲ့ပြုံးပြုံးလိုက်သည်။
“မုန်တိုင်းအကာအကွယ်”
သူ၏ ပတ်လည်တွင် လေနံရံတစ်ခု ဖွဲ့စည်းဖြစ်ပေါ်လာသည်။
လေဓားသွားအချို့သည် လေနံရံမှတစ်ဆင့် နောက်သို့ ပြန်ကန်ထွက်သွားကြလေသည်။
ရွှစ်... ရွှစ်...
ယင်ချင်းလိန်သည် အချိန်မီ မရှောင်တိမ်းနိုင်သဖြင့် လေဓားသွားနှစ်ခု၏ ခုတ်ပိုင်းမှုကို ခံလိုက်ရသည်။
‘အဆင့်ငါး မှော်သိုင်းပညာရှင်လား’
ယင်ချင်းလိန်သည် ရွှီနင်၏ အစစ်အမှန် စွမ်းအားကိုလည်း သတိပြုမိသွားသည်။
လေပင်လယ်ကျောင်းတော်၏ လုပ်ကြံမှုမှာ အဘယ်ကြောင့် ကျရှုံးသွားရသည်ကို သူ နောက်ဆုံးတွင် နားလည်သွားတော့သည်။
‘အဆင့်ငါး မှော်သိုင်းပညာရှင်ပါလား’
အခြားနည်းပြများသည်လည်း ရွှီနင်၏ အစစ်အမှန် စွမ်းအားကို ယခုမှ သိရှိသွားကြသည်။
‘ပြေးမှပဲ’
ယင်ချင်းလိန်သည် သူ့အတွက် လမ်းဆုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ယနေ့ပြီးနောက် အထီးကျန်လေပြင်းနယ်မြေ၏ တောင်ပိုင်းတွင် သူ ခြေချရပ်တည်နိုင်မည့် နေရာ ရှိတော့မည် မဟုတ်ပေ။
သူ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဆုံးရှုံးရတော့မည်ဖြစ်ရာ ယခုအခါ အသက်ရှင်ကျန်ရစ်ရေးကိုသာ သူ လိုလားနေတော့သည်။
“ထွက်ပြေးဖို့ ကြိုးစားနေတာလား”
ယင်ချင်းလိန်သည် အစည်းအဝေးခန်းမထဲမှ ထွက်ပြေးရန် ဟန်ပြင်လိုက်သော်လည်း ရွှီနင်က ဆွဲငင်အားစက်ဝန်းအချို့ကို အသုံးပြုကာ ယင်ချင်းလိန်အား နောက်တစ်ကြိမ် ပြင်းထန်စွာ ဒဏ်ရာရသွားစေခဲ့သည်။
သူတို့နှစ်ဦးလုံးမှာ အဆင့်ငါး မှော်သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ရွှီနင်သည် အဆင့်ငါး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ယင်ချင်းလိန်မှာမူ အဆင့်ငါး၏ အလယ်အလတ်အဆင့်တွင်သာ ရှိသေးသည်။
ထို့အပြင် ရွှီနင်၏ မှော်သိုင်းနည်းစနစ်များမှာ ပိုမို အဆင့်မြင့်မားလှပေရာ ယင်ချင်းလိန်သည် သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ဘုန်း...
ယင်ချင်းလိန်မှာ ဒဏ်ရာရကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ရွှီနင်က သူ့ကို တက်နင်းကာ အရှင်ဖမ်းဆီးလိုက်လေသည်။
ဤအချိန်တွင် ယင်ချင်းလိန်သည် ဒဏ်ရာပြင်းပြင်းထန်ထန် နှစ်ကြိမ်ရရှိခဲ့ပြီး ဒေါသထွက်လွန်းသဖြင့် သတိလစ်သွားတော့သည်။
“အားလုံးပဲ... ဒါတွေက စာတွေပါ။ ကျေးဇူးပြုပြီး တစ်စောင်ချင်း ဖတ်ကြည့်ကြပါ”
ယင်ချင်းလိန်ကို ဖမ်းဆီးပြီးနောက် ရွှီနင်သည် သူ၏ လက်ထဲမှ သက်သေအထောက်အထားများကို ထိုနေရာရှိ နည်းပြများထံ ဝေငှပေးလိုက်သည်။
လူတိုင်းသည် စာများကို အပြန်အလှန် ဖတ်ရှုလိုက်ကြသည်။ သေချာဖတ်ကြည့်ပြီးနောက် သူတို့၏ မျက်နှာများမှာ ဖြူရော်သွားကြလေသည်။
သူတို့ထဲမှ အချို့မှာ ယင်ချင်းလိန်အား ကိုယ်တိုင် သတ်ဖြတ်ချင်စိတ်များပင် ပေါ်ပေါက်လာကြသည်။
နည်းပြများ၏ နှလုံးသားထဲတွင် ကျောင်းအုပ်ဟောင်းသည် အလွန် ဩဇာအာဏာ ကြီးမားလှသည်။ လူတိုင်းမှာ သူ့အား လေးစားကြလေသည်။
သို့သော် ထိုကျောင်းအုပ်ဟောင်းမှာ ယင်ချင်းလိန်၏ ကြံစည်မှုကြောင့် သေဆုံးခဲ့ရလေသည်။
ဤနည်းပြများထဲတွင် ယင်ချင်းလိန်ကို ထောက်ခံသူ အနည်းငယ်လည်း ရှိကြသည်။ သို့သော် အမှန်တရားကို သိရှိသွားကြသောအခါ သူတို့အားလုံးမှာ ရှက်ရွံ့သွားကြပြီး အမုန်းတရားများဖြင့် ပြည့်နှက်သွားကြလေသည်။
“အားလုံးပဲ... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ကြပါနဲ့”
ကျန်းရွှိက အလျင်အမြန် နှစ်သိမ့်လိုက်သည်။
“ခင်ဗျားတို့အားလုံးကို ယင်ချင်းလိန်က လှည့်စားခဲ့တာပါ။ သူ့ရဲ့ အမှားတွေက ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ပါဘူး”
ရှုပ်ထွေးမှုများ ပြီးဆုံးသွားပြီးနောက် လူများ၏ စိတ်နှလုံးကို တည်ငြိမ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျန်းရွှိ ကောင်းစွာ သိထားလေသည်။
“အခု ယင်ချင်းလိန်က ရေခဲငှက်မွေးကျောင်းတော်ရဲ့ ရာဇဝတ်သား ဖြစ်သွားပြီဆိုတော့ ကျောင်းအုပ်ငယ်လေးက ကျောင်းအုပ်ကြီးရာထူးကို ဆက်ခံဖို့ အချိန်ရောက်လာပြီပဲ”
ရွှီစီးချီက အခွင့်အရေးယူကာ ဝင်ပြောလိုက်လေတော့သည်။