← Chapters

နတ်သားရဲအား သတ်ဖြတ်ခြင်း၊ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း

Vol. 6 Ch. 85

နတ်သားရဲအား သတ်ဖြတ်ခြင်း၊ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း

Vol. 6 Ch. 85

အခန်း (၈၅) နတ်သားရဲအား သတ်ဖြတ်ခြင်း၊ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း

“အဲဒါဘာလဲ” ချန်အာက ကြောက်လန့်တကြား မေးလိုက်ပါတယ်။ ဒီလိုကြောက်ဖို့ကောင်းတဲ့ မြင်ကွင်းကို ချန်အာ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။

ရွှင်ချန်အန်းဟာ ချန်အာဘေးကို လျှောက်သွားပြီး ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါမှာ သူလည်းပဲ ထိတ်လန့်သွားပါတယ်။

သူတို့နှစ်ယောက်တင် မဟုတ်ပါဘူး။ တောင်ထိပ်ဆယ့်ရှစ်ထိပ်၊ အတွင်းဂိုဏ်း၊ အပြင်ဂိုဏ်း တပည့်အကုန်လုံး ဒီမြင်ကွင်းကြောင့် အံဩထိတ်လန့်သွားကြပါတယ်။

ယွီဂျင်ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ တပည့်တွေဟာ တစ်ယောက်ပြီးတစ်ယောက် လေပေါ်ပျံတက်ပြီး မိုးကုပ်စက်ဝိုင်းဆီကို ကြောက်လန့်တကြား ကြည့်လိုက်ကြပါတယ်။

“အဲဒါ ဘာကြီးလဲ”

“အဲဒါ နေလုံးကြီး ထင်တယ်”

“ဘုရားရေ... နတ်ဆိုးတွေ ထပ်တိုက်တာလား”

“တော်တော်ပူတာပဲ၊ အဝေးကနေတောင် ဒီလောက်ပူနေရင် ငါတို့ဆီ ရောက်လာလို့ကတော့ ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားလောက်တယ်”

“ငါ အမြင်မှားနေတာလား”

“သွားပြီ၊ ငါတို့တွေ ဘာလုပ်သင့်လဲ၊ ဂိုဏ်းကာရှင်းချန်ကို အသက်သွင်းသင့်လား”

တပည့်တွေ ကြောက်လန့်တကြား ဆွေးနွေးနေတုန်းမှာပဲ ယွီဂျင်ဂိုဏ်းအကြီးအကဲတွေကို ဂိုဏ်းကာရှင်းချန်ကို အသက်သွင်းလိုက်ပါတယ်။

လီချင်းဇဲ့ဟာ ဝီရိယတောင်ကနေ ထွက်လာခါစ အဓိကတောင်ထိပ်ကို ပြန်မရောက်ခင် ကျိုတုတ်ကို မြင်လိုက်ရတာပါ။ လီချင်းဇဲ့ဟာ သရဲတစ်ကောင်ကို မြင်လိုက်ရသလို မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။

[နတ်သားရဲကျိုတုတ်သည် ဖူစန်းသစ်ပင်အား အပိုင်ယူရန်အတွက် တိုက်ခိုက်ရန် လာနေပြီ ဖြစ်သည်။]

[ကျိုတုတ်: ခန္ဓာကိုယ်ပေါင်းစပ် ပဥ္စမအဆင့်၊ ကပ်ဘေးနတ်သားရဲ။ ပြဒါးငှက်၏ သားဖြစ်သည်။ ကြမ္မာဆိုးသယ်ဆောင်သူ ဖြစ်ပြီး ကမ္ဘာဖျက်နိုင်သည့် နေမီးလျှံများ တောက်လောင်နေ၏။]

ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘နတ်သားရဲ ကျိုတုတ်၊ ကပ်‌ဘေးနတ်သားရဲလား’

ဟန်ကျွယ်ဟာ လိုဏ်ဂူထဲကနေ ရုတ်ခြည်းပျောက်ကွယ်သွားပြီး ချောက်ကမ်းပါးစွန်းမှာ ရုတ်ခြည်းပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ကို ကြည့်လိုက်တဲ့အခါမှာ နေဝင်ရီတရောအချိန်လို နီရဲနေတာ တွေ့လိုက်ရပါတယ်။

နတ်သားရဲ ကျိုတုတ်ဟာ တဖြည်းဖြည်း အရွယ်အစား ကြီးမားလာပြီး ယွီဂျင်ဂိုဏ်းနဲ့ နီးသထက် နီးလာပါတယ်။

ဟန်ကျွယ်ဟာ အလွန်ကြောက်မက်ဖွယ်‌ကောင်းတဲ့ အပူကို ခံစားလိုက်ရတာကြောင့် ယွီဂျင်ဂိုဏ်းကာရှင်းချန်က တစ်စက္ကန့်တောင် မခုခံနိုင်ဘူးဆိုတာ တန်းသိလိုက်ပါတယ်။ ဝီရိယတောင်ပေါ်ကို ကျိုတုတ် နားလိုက်တာနဲ့ တောင်ပေါ်မှာရှိတဲ့ အရာအားလုံး ပြာကျသွားမှာပါ။ ဒါတင်မကသေးဘဲ ယွီဂျင်ဂိုဏ်းတစ်ခုလုံး ပျက်ဆီးသွားနိုင်ပါတယ်။

“သခင်... ပြေးရအောင်” ငရဲကြက်နက်ဟာ ဟန်ကျွယ်ဆီ ပျံလာပြီး ကြောက်ရွံ့စွာအော်ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပြီး ငရဲကြက်နက်ကို ဘာမှပြန်မပြောပါဘူး။ အဲဒီအစား ကျိုတုတ်ဆီ အသံလွှင့်စကား ပြောလိုက်ပါတယ် “ရပ်လိုက်ပါ”

ဒါပေမဲ့ နတ်သားရဲကျိုတုတ်ဟာ ဟန်ကျွယ့်စကားကို ဂရုမစိုက်တဲ့အပြင် ပိုပြီးတော့မြန်မြန် ပျံသန်းလာပါတယ်။

ကြောက်မက်ဖွယ်ကောင်းတဲ့ အပူချိန်ကြောင့် မြေပြင်မှာရှိတဲ့ တောအုပ်ဟာ မီးထတောက်ပြီး ယွီဂျင်ဂိုဏ်းဆီကို ယုံစရာမကောင်းတဲ့အရှိန်နဲ့ ပြန့်နှံ့လာပါတယ်။ ဒီအချိန်မှာ တပည့်အကုန်လုံးဟာ တုန်လှုပ်ချောက်ချားနေကြပါပြီ။

လီချင်းဇဲ့ဟာလည်း ဝီရိယတောင်ရှိရာကို အလိုလိုပျံသန်းမိသွားပြီး ဟန်ကျွယ်ကို အကူအညီတောင်းပါတယ်။ ဒါပေမဲ့ လီချင်းဇဲ့ ဝီရိယတောင်ထဲ မဝင်ခင်မှာပဲ တောင်ထဲကနေ ဓားအလင်းတန်းတစ်ခု ပျံသန်းထွက်လာပြီး ကောင်းကင်ကို ဆုတ်ဖြဲသွားပါတယ်။ ဒီဓားအလင်းတန်းဟာ နီရဲတောက်ပနေတဲ့ ကောင်းကင်မှာ ညဘက်ကြယ်ကြွေသလို သိသာထင်ရှားလှပါတယ်။ ဒီမြင်ကွင်းကို တပည့်အများကြီး မြင်လိုက်ကြပါတယ်။

ဒီဓားအလင်းတန်းက ဟန်ကျွယ်ဆီက ထွက်လာတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ ဓားစီးပျံသန်းတာ မဟုတ်ဘဲ ဓားကိုင်ပြီး ကျိုတုတ်ဆီ တဟုန်ထိုးပျံသန်းသွားတာပါ။ ဟန်ကျွယ်ဟာ နတ်သားရဲကျိုတုတ်ကို ယွီဂျင်ဂိုဏ်းနား အကပ်မခံနိုင်ပါဘူး။ မဟုတ်ရင် ယွီဂျင်ဂိုဏ်းတစ်ခုလုံး ပျက်သုဉ်းသွားမှာပါ။ ဟန်ကျွယ်ဟာ နှစ်နှစ်ရာကျော် တည်ဆောက်ထားခဲ့ရတဲ့ သူ့တောင်ပျက်စီမှာကို လုံးဝလက်မခံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ဟွမ့်သွမ့်ဓားကို ထုတ်ယူလိုက်ပြီး သူ့ကိုယ်ပေါ်က စိတ်ဝိညာဉ်ရတနာတွေ အကုန်လုံးကို အသက်သွင်းလိုက်ပါတယ်။

စိတ်ဝိညာဉ်ရတနာ သတ္တမအဆင့် ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ။

ပဥ္စအဆင့် ကြယ်ကိုးစင်းဖိနပ်။

စတုတ္ထအဆင့် ရေခဲဘုရင်ရဲ့ သရဖူ။

တတိယအဆင့် မြေဧကရာဇ်ရဲ့ ဝိညာဉ်ပဝါ။

တတိယအဆင့် နှလုံးကာ နတ်ဆွဲကြိုး။

ဆဋ္ဌမအဆင့် မီးမိစ္ဆာခေါင်းလောင်းကတော့ ဟန်ကျွယ်‌ခေါင်းထက်ကနေ ကာကွယ်ပေးပါတယ်။

ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ကျိုတုတ်ရဲ့ အပူချိန်ကို မခံစားရတော့ပါဘူး။

ကျိုတုတ်ဟာ သူ့ဆီပျံသန်းလာတဲ့ ဟန်ကျွယ်ကို မြင်လိုက်ရတာကြောင့် ဟန်ကျွယ်ကို မြိုချဖို့ ပါးစပ်ဟလိုက်ပါတယ်။

[နတ်သားရဲကျိုတုတ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

‘သေစမ်း... တော်တော်မုန်းဖို့ကောင်းတဲ့ တိရစ္ဆာန်ပဲ’

‘အခုမှတွေ့ရုံ ရှိသေးတယ်၊ မုန်းတီးမှုက ကြယ်ငါးပွင့် ဖြစ်နေပြီ၊ သွားသေလိုက်...’

ဟန်ကျွယ် မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ ထိုးထွက်လာပြီး ကျိုတုတ်ကို လက်ထဲကဓားနဲ့ ရုတ်တရက် ခုတ်ချလိုက်ပါတယ်။ ပြန်လည်မွေးဖွားခြင်း ဓားငွေ့ဟာ ဓားသွားနဲ့ ပေါင်းစပ်နေတာမို့ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်အားဟာ ဓားချီအသွင် ပြောင်းလဲသွားပြီး မီးတောင်ပေါက်ကွဲသလို ထွက်ပေါ်လာပါတယ်။

အနက်ရောင်ဓားချီဟာ ကောင်းကင်ယံမှာ လခြမ်းကွေးသဏ္ဌာန် ပေါ်လာတာကြောင့် ယွီဂျင်ဂိုဏ်းတပည့်တွေဟာ ထိတ်လန့်အံဩသွားရပါတယ်။

ကောင်းကင်ဒဏ်ပေး တစ္ဆေဓား။

“ဝုန်း...”

ဓားချီဟာ ကျိုတုတ်နဲ့ တိုက်မိပြီး ပေါက်ကွဲထွက်သွားတာကြောင့် နတ်သားရဲကျိုတုတ်ဟာ ရပ်တန့်သွားပါတယ်။

ဒါပေမဲ့ နတ်သားရဲကျိုတုတ်က မသေသေးပါဘူး။

နတ်သားရဲကျိုတုတ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် ပဥ္စအဆင့်ဆိုပေမဲ့ နတ်သားရဲ ဖြစ်တာကြောင့် သာမန်လူတွေထက် ရုပ်ခန္ဓာရော နာမ်ခန္ဓာရော ပိုသန်စွမ်းပါတယ်။ ဒါတောင် ဟန်ကျွယ်ရဲ့ ပြင်းလွန်းတဲ့ဓားချက်ကြောင့် ကြောင်တောင်တောင် ဖြစ်သွားရပါတယ်။

ဟန်ကျွယ်ဟာ တိုက်ခိုက်တာ မရပ်ဘဲ သူ့ဓားကို ကောင်းကင်ယံဆီ ညွှန်ပြလိုက်တဲ့အခါ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားချီဟာ ကောင်းကင်ယံကို ထိုးတက်သွားပြီး မျက်စိနဲ့ မြင်နိုင်လောက်တဲ့ ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာကာ လေထဲမှာ ဓားအရိပ်တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပါတယ်။

သုံးလောက သန့်ရှင်းခြင်း။

တစ်စက္ကန့်တောင် မကြာတဲ့အချိန်လေးအတွင်းမှာ ဓားအရိပ်ပေါင်း တစ်သောင်းကျော်ဟာ ကျိုတုတ်ဆီကို အရပ်ဆယ်မျက်နှာကနေ ပျံသန်းသွားပါတယ်။

ယွီဂျင်ဂိုဏ်းတပည့်တွေဟာ ဓားရောင်ကိုသာ လက်ခနဲ မြင်လိုက်ရပါတယ်။ ပြီးတဲ့အခါမှာတော့ ဓားချီတွေ ပေါက်ကွဲထွက်သွားပါတယ်။ ဓားချီတွေ ပေါက်ကွဲထွက်ရာက ထွက်ပေါ်လာတဲ့ အလင်းရောင်ဟာ နေအလင်းရောင်ထက်တောင် စူးရှတောက်ပလွန်းပြီး လောကတစ်ခုလုံး အရောင်မဲ့သွားသလို ဖြစ်သွားတာကြောင့် ယွီဂျင်ဂိုဏ်းတပည့်တွေဟာ မျက်လုံးမှိတ်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ အကောင်းဆုံး တိုက်ခိုက်ပြီးပါပြီ။ ဒါတောင်မှ ကျိုတုတ်ကို မသတ်နိုင်ဘူးဆိုရင် ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာမှာ မလွဲဧကန်ပါပဲ။

[နတ်သားရဲအား ပထမဆုံးသတ်ဖြတ်ခြင်း ဖြစ်သည့်အတွက် ဓားတာအိုဆန်းကြယ်စွမ်အားအမွေကို ရရှိပါသည်။]

[မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း: ဓားတာအို ဆန်းကြယ်စွမ်းအားဖြစ်ပြီး လက်ချောင်းများမှ ဓားချီထုတ်လွှတ်ကာ မိုင်တစ်သောင်းအကွာရှိ ရန်သူအား သတ်ဖြတ်နိုင်သည်။ ဓားချီ၏ စွမ်းအားနှင့် အကွာအဝေးသည် အသုံးပြုသူ၏ ကျင့်ကြံမှုပေါ် မူတည်သည်။]

ဒီစာကြောင်းသုံးကြောင်းကို ဖတ်ပြီး ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။

ကံကောင်းထောက်မပြီး နတ်သားရဲကျိုတုတ် သေဆုံးသွားပါပြီ။

…

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာ နတ်သားရဲကျိုတုတ် မြေပေါ် ပြုတ်ကျသွားတာကို တွေ့လိုက်ရပါတယ်။ သူ့ကိုယ်ပေါ်က နေမီးလျှံတွေဟာ ကျုံ့သွားပြီး အပေါက်အပေါက်ဖြစ်နေတဲ့ အရေပြား ထွက်ပေါ်လာပါတယ်။ တကယ့်ကို ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုပါပဲ။

သုံးလောက သန့်ရှင်းခြင်းအောက်မှာ နတ်သားရဲကျိုးတုတ်အလောင်းဟာ သွေးအလူးလူး ဖြစ်နေပါပြီ။

“ဝုန်း...” နတ်သားရဲကျိုတုတ်ရဲ့ အလောင်းဟာ မြေကြီးပေါ် ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ လေနတ်သားသိုင်းကို အသုံးပြုပြီး မီးတောက်မီးလျှံတွေကို ငြိမ်းသတ်လိုက်ပါတယ်။ တော်သေးတာက ဒီမီးလျှံတွေဟာ နေမင်းမီးလျှံ အစစ်မဟုတ်လို့ပါပဲ။ မဟုတ်လို့ကတော့ ဒီလိုလက်ဝှေ့ယမ်းရုံနဲ့ ငြိမ်းသွားမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ နတ်သားရဲကျိုတုတ်ရဲ့ အလောင်းကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။ ဒီအချိန်မှာ တရင်းတနှီးရှိတဲ့ ရောင်ဝါတစ်ခုကို အပြေးလာနေတာကို သတိပြုမိသွားတာကြောင့် ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါမှာ ငရဲကြက်နက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

“သခင်... အလောင်းကို မဖျက်ဆီးပါနဲ့၊ ကျွန်တော့်ကို ပေးပါ” ငရဲကြက်နက်ဟာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘ဒီကြက်က ဘာလုပ်ချင်တာလဲ’

ငရဲကြက်နက်ဟာ ကျိုတုတ်ရဲ့ အလောင်းရှေ့မှာ ဆင်းသက်လိုက်ပြီး သူ့ကိုယ်ကို တဖြည်းဖြည်း ကြီးလိုက်တဲ့အခါမှာ တောင်တစ်တောင်ထက် ပိုကြီးတဲ့ တိုင်တန်ကြက် ဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ ကျိုတုတ်အလောင်းကို စပြီး ထိုးဆိတ်စားသောက်ပါတော့တယ်။

‘နတ်သားရဲကို စားတာလား’

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ငရဲကြက်နက်ကို ဆက်ဂရုမစိုက်တော့ဘဲ သူ့တောင်ဆီ ပြန်ပါတယ်။

တောင်ဝမှာစောင့်နေတဲ့ လီချင်းဇဲ့က ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “အကြီးအကဲဟန်... အဲဒီကောင်က ဘယ်လိုနတ်ဆိုးမျိုးလဲ”

“ကျုပ်လည်း သေချာတော့မသိဘူး၊ ဒါပေမဲ့ အခုသေသွားပြီ၊ ကျုပ်ကြက်က အဲဒီကောင်းအလောင်းကို စားနေတယ်၊ တစ်ခြားအကြီးအကဲတွေကို မနှောင့်ယှက်ဖို့ ပြောပေးပါ”

ဟန်ကျွယ်ဟာ နတ်သားရဲလို့ မပြောရဲပါဘူး။ နတ်သားရဲကို သတ်လိုက်တာလို့ ပြောလိုက်လို့ကတော့ သူတို့တွေ လန့်သေသွားလောက်ပါတယ်။

နတ်သားရဲလို့ ခေါ်ရတဲ့အကြောင်းရင်းကတော့ လူတွေရဲ့စိတ်ထဲမှာ ဝိဇ္ဇာတွေနဲ့ တန်းတူသတ်မှတ်ထားလို့ပါပဲ။၊

လီချင်းဇဲ့ဟာ ခေါင်းညိတ်လိုက်ပြီးနောက် ဟန်ကျွယ်နေရာကနေ လျင်မြန်စွာ ထွက်ခွာကာ ယွီဂျင်ဂိုဏ်းတပည့်တွေကို နှစ်သိမ့်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းကို အမွေဆက်ခံပါတယ်။

တည်းခိုခန်းထဲမှာ ရွှင်ချန်အန်းဟာ သူ့နဖူးပေါ်က ချွေးတွေကိုသုတ်ပြီး ပြုံးလိုက်ပါတယ် “အဲဒါ ငါ့ဆရာသခင်ပဲ ဖြစ်ရမယ်၊ ဆရာသခင်လှုပ်ရှားရင်တော့ ကပ်ဘေးက ရှင်းလင်းပြီးသွားပြီ၊ ဘာတွေပဲဖြစ်ဖြစ် မင်းအပေါ့်ထားတဲ့ ငါ့ခံစားချက်ကတော့ လုံးဝပြောင်းလဲမှာ မဟုတ်ဘူး”

ချန်အာဟာ တအံတဩ ဖြစ်သွားပါတယ် “ရှင့်ဆရာက ယွီဂျင်ဂိုဏ်းရဲ့ နာမည်ကျော် နတ်သတ်အကြီးအကဲလား”

ရွှင်ချန်အန်းဟာ ခေါင်းညိတ်လိုက်ပါတယ်။

“နတ်သတ်အကြီးအကဲက အရမ်းချောတယ်လို့ ကျွန်မကြားထားတယ်၊ အဲဒါ အမှန်ပဲလား”

ရွှင်ချန်အန်းရဲ့ အပြုံးဟာ အေးခဲသွားပါတယ်။

တစ်ခြားတစ်ဖက်မှာတော့ ယွီဂျင်ဂိုဏ်းတပည့်တွေဟာ နတ်သားရဲကို ဘယ်သူသတ်လိုက်လဲဆိုတာ သေချာမမြင်တွေ့ကြပါဘူး။ ဒါပေမဲ့ ဓားအလင်းတန်းက ဝီရိယတောင်ကနေ ထွက်‌ပေါ်လာတာကြောင့် ဂိုဏ်းရဲ့ အလျှို့ဝှက်ဆုံးအကြီးအကဲပဲ ဖြစ်ရမယ်လို့ မှန်းဆလိုက်ကြပါတယ်။

နာရီနည်းနည်း ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းကို နားလည် သဘောပေါက်သွားပါတယ်။

ယွီဂျင်ဂိုဏ်းဟာ အရင်လိုပဲ ပြန်တည်ငြိမ်သွားပါတယ်။ ငရဲကြက်နက်ဟာ နတ်သားရဲကျိုတုတ်ကို စားသောက်ပြီးတဲ့နောက် ဝီရိယတောင်နောက်က တောအုပ်ကိုပြန်ပြီး အနားယူပါတယ်။ ငရဲကြက်နက်ဟာ သူစားထားတဲ့ နတ်သားရဲကျိုတုတ်ရဲ့ အသွေးအသားကို သန့်စင်ဖို့အတွက် အချိန်ယူရအုန်းမှာပါ။

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းပတ်ဝန်းကျင်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

‘တော်တော်လေး အန္တရာယ်များတာပဲ’

ဒီကပ်ဘေးဟာ ဖူစန်းသစ်ပင်ကြောင့် ဖြစ်လာတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ ဒီလျှို့ဝှက်ချက်ကို ထုတ်ပြောမှာ မဟုတ်ပါဘူး။

[နတ်သားရဲ ပြဒါးငှက်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

ရုတ်တရက်ပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်အပြုံးဟာ အေးခဲသွားပါတယ်။

All Chapters