နတ်သားရဲကျိုတုတ်
Vol. 6 Ch. 84
အခန်း (၈၄) နတ်သားရဲကျိုတုတ်
ရန်ဒေသမြောက်ပိုင်း၊ ကျင့်ကြံခြင်းလိုဏ်ဂူတစ်ဂူ အတွင်း။
နတ်ဆိုးဘုရင်တန်စုဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ သူ ယွီဂျင်ဂိုဏ်းကနေ ပြန်လာကတည်းက သူခံစားနေရတဲ့ အိပ်မက်ဆိုးကနေ ကင်းလွတ်သွားတာကြောင့် ယနေ့အချိန်မှာဆိုရင် နတ်ဆိုးဘုရင်တန်စုဟာ အတော်လေး နာလန်ပြန်ထူနေပါပြီ။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ နတ်ဆိုးဘုရင်တန်စုဟာ မသက်မသာ ခံစားနေရပါတယ်။ ဒီမသက်မသာခံစားချက်က ဘယ်ကလာလဲဆိုတာကို အစရှာမရပါဘူး။ နတ်ဆိုးဘုရင်တန်စုရဲ့ သွေးနှစ်တောင် ခလောက်ဆန်နေပါတယ်။
“ဘာဖြစ်ပြန်ပြီလဲ၊ အဲဒီဝိဇ္ဇာက ငါ့ကို ထပ်ဒုက္ခပေးမလို့လား”
နတ်ဆိုးဘုရင်တန်စုဟာ တွေးလေ ပိုစိတ်ဆင်းရဲလေ ဖြစ်လာပါတယ်။ နှစ်ပေါင်းနှစ်ထောင်ကျော် ချိပ်ပိတ်ခံရပြီးနောက်မှာ ကလဲ့စားမချေနိုင်တဲ့အပြင် အပြင်းအထန်တောင် ဒဏ်ရာရလိုက်ပါသေးတယ်။ နတ်ဆိုးဘုရင်တန်စုဟာ သူ့ငယ်သားတွေက သူ့ကို ကွယ်ရာမှာ လှောင်ပြောရယ်မောနေတယ်လို့ ခံစားလိုက်ရပါတယ်။ နတ်ဆိုးဘုရင်တန်စုဟာ ပိုတွေးလေလေ စိတ်ဓာတ်ကျလေလေ ဖြစ်လာပြီး ရင်ထဲမှာ မိစ္ဆာမီးတောက်လာပါတယ်။ နတ်ဆိုးဘုရင်တန်စုဟာ ရန်ဒေသတစ်ခုလုံးကို သွေးပင်လယ်ဖြစ်အောင် လုပ်ချင်စိတ် ပေါက်သွားပါတယ်။
‘ထားလိုက်ပါတော့... ငါ သည်းခံရမယ်’
နတ်ဆိုးဘုရင်တန်စုဟာ သက်ပြင်းချလိုက်ပြီး ဆက်လက်အားထုတ်ပါတယ်။
…
တိမ်ပင်လယ်ထက်မှာ မှန်ပုံသဏ္ဌာန် ရေကန်ကြီးတစ်ကန် ရှိနေပြီး တိမ်ပေါင်းစုံ ဝန်းရံထားတာကြောင့် ပန်းချီကားတစ်ချပ်လို ရှုမငြီးအောင် လှပနေပါတယ်။
ရွှမ်ချင်းကျွင်းနဲ့ ခရမ်းရောင်အမျိုးသမီးတစ်ဦးဟာ ကန်ပေါ်မှာ ထိုင်နေကြပါတယ်။ ခရမ်းရောင်အမျိုးသမီးဟာ ကျိုးဖန်ကို ကယ်တင်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ပါ။
“အစ်မ... အထက်ဘုံကို ဘာလို့ မတတ်သေးတာလဲ” ခရမ်းရောင်အမျိုးသမီးဟာ ခေါင်းလှည့်ပြီး မေးလိုက်ပါတယ်။
ရွှမ်ချင်းကျွင်းဟာ မျက်လုံးမဖွင့်ဘဲ ပြန်ဖြေပါတယ် “အချိန်မကျသေးဘူး”
ခရမ်းရောင်အမျိုးသမီး လျှတစ်လစ် ထုတ်လိုက်ပါတယ် “ကျွန်မ အစ်မတို့ကို နားမလည်နိုင်တော့ဘူး၊ ကပ်ဘေးလွန်မြောက်အဆင့်မှာကတည်းက အထက်ဘုံ တက်လို့ရတဲ့ဟာ၊ အခုအစ်မက ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပြီပဲ၊ ဝိဇ္ဇာနယ်ပယ်မှာတောင် နေရာတစ်ခု ရနေပြီ၊ ဘာကို စောင့်နေသေးတာလဲ”
ရွှမ်ချင်းကျွင်းဟာ ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်ပါတယ် “ကျိုးဖန် ဘယ်လိုနေလဲ”
“သူ့အကြောင်း မပြောစမ်းပါနဲ့၊ အရင်ဘဝနဲ့ယှဉ်ရင် ဒီကောင်လေးက ဒီဘဝမှ လုံးဝကွဲပြားခြားနားတယ်၊ စိတ်အရမ်းတိုတယ်၊ နည်းနည်းလေးတောင် သည်းမခံနိုင်ဘူး၊ ကျွန်မ သူ့ကို ထပ်ကယ်ရအုန်းမယ် ထင်တယ်၊ ဒါပေမဲ့ သူက ကျွန်မကိုတော့ လုံးဝယုံကြည်နေပြီ”
“ဟုတ်တယ်၊ ဒီကောင်လေးက အစ်မတို့အစီအစဉ်ရဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခုပဲ၊ သူ့ကို မသေစေနဲ့၊ ညီမလေး စကားနားထောင်အောင် လုပ်ထားချည်”
“သူ မလုပ်ပါဘူး၊ ဒီကောင်လေးက ငယ်ငယ်ကတည်းက အချစ်မခံခဲ့ရဘူး၊ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင် သူက ညီမလေးတို့ကို သစ္စာဖောက်မှာ မဟုတ်ဘူး”
“စကားစပ်လို့ ပြောရအုန်းမယ်၊ ယွီဂျင်ဂိုဏ်းမှာ အစ်မရဲ့ တာအိုလက်တွဲဖော်တစ်ယောက် ရှိတယ်”
“အာ... အစ်မက တကယ်ပဲ လက်တွဲဖော် ရှာထားတာလား” ခရမ်းရောင်အမျိုးသမီးဟာ မျက်လုံးပြူးသွားပြီး အရမ်းစိတ်ဝင်စားသွားတာကြောင့် အဲဒီလူအကြောင်းကို ဆက်တိုက်မေးပါတော့တယ်။
ရွှမ်ချင်းကျွင်းဟာ အတိတ်ကို ပြန်တွေးပြီး ပြုံးလိုက်ပါတယ် “အစ်မက အဲဒီတုန်းကို ကျိုးဖန်ကို သွားကြည့်တာ၊ ကောင်လေးတစ်ယောက်ကို ကြိုက်မိသွားလိုက်မယ်လို့ ကိုယ်ကိုကိုယ် ထင်မထားခဲ့ဘူး၊ ဒီကောင်လေးက ခြိုးခြံသူ၊ ဒီလောက်နှစ်တွေကြာပြီဆိုတော့ သူလည်း စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ကို ရောက်လောက်ပြီ”
ခရမ်းရောင်အမျိုးသမီးက တအံတဩ မေးလိုက်ပါတယ် “သူ့စွမ်းရည်က ကျိုးဖန်နဲ့ မတိမ်းမယိမ်းလား”
“ဟုတ်တယ်၊ နောက်တစ်ခါကျရင် ညီမလေးကို သူ့ကို ခေါ်သွားပေးမယ်” ဟန်ကျွယ်အကြောင်းကို ပြောရင်း ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပါတယ်။ ရွှမ်ချင်းကျွင်းဟာ လောကတစ်ခွင် ခြေဆန်ခဲ့ပေမဲ့ ဟန်ကျွယ်ထက် ချောတဲ့လူကို ရှာမတွေ့ခဲ့ပါဘူး။ ဒီအပြင် ဟန်ကျွယ်ရဲ့ ကိုယ်ရေကိုယ်သွေးကလည်း အရမ်းနှစ်သက်ဖို့ကောင်းပါတယ်။
ဒီအချိန်မှာ
မှန်မျက်နှာပြင်ဟာ ချက်ချင်း နီရဲသွားပြီး လေပြင်းထန်ကာ အပူလိုင်းတွေဟာ တိမ်တိုက်တွေကြား ပြန့်နှံ့သွားပါတယ်။
ရွှမ်ချင်းကျွင်းနဲ့ ခရမ်းရောင်အမျိုးသမီးဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။ သူတို့ဟာ အောက်ငုံ့ကြည့်လိုက်တဲ့အခါမှာ တောင်ပံအလျား ပေတစ်ထောင်နီးပါးရှိတဲ့ မီးငှက်တစ်ကောင် လျင်မြန်စွာ ပျံသန်းလာတာကို တွေ့လိုက်ရပါတယ်။
ခရမ်းရောင်အမျိုးသမီးဟာ အလွန်အံအားသင့်သွားပါတယ် “နတ်သားရဲ ကျိုတုတ်ပါလား၊ ဒီကောင်ကို ကပ်ဘေးကို ကိုယ်စားပြုတဲ့ ဒဏ္ဍာရီထဲက နတ်သားရဲမလား”
ရွှမ်ချင်းကျွင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီကျိုတုတ်က အရွယ်မရောက်သေးပေမဲ့ ကြမ္မာဆိုးရောင်ဝါတွေ ပြည့်နှက်နေပြီ၊ သူ့ကို တစ်စုံတစ်ခုက ဆွဲဆောင်နေတာပဲ ဖြစ်ရမယ်”
“ကျွတ်... ကျွတ်... ဘယ်လိုနေရာမျိုးက ကျိုတုတ်ကို ဆွဲဆောင်ရတဲ့အထိ ကံဆိုးရတာလဲဆိုတာ သိတောင် သိချင်သွားပြီ”
…
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင် ညတိုင်းလှုပ်ခါတာကို ရှာတွေ့ပြီးနောက်ပိုင်း မသက်မသာ ခံစားလာရပါတယ်။ ဖူစန်းသစ်ပင်က သားရဲတစ်ကောင်ကောင်ကို ဆင့်ခေါ်နေတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
‘ဒဏ္ဍာရီထဲက ရွှေကျီးကန်းများလား... မဖြစ်နိုင်ဘူး၊ ရွှေကျီးကန်းက နေမင်းပဲ၊ နေအောက်နိမ့်လာတာကိုလည်း ငါမမြင်မိပါဘူး’
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ဂရုစိုက်နေရတာကြောင့် ကျင့်ကြံခြင်းကိုတောင် အာရုံမစိုက်နိုင်ပါဘူး။ ဒီလိုနဲ့ ရက်အနည်းငယ် ကြာတဲ့အခါမှာ လီချင်းဇဲ့ အလည် ရောက်လာပါတယ်။ လီချင်းဇဲ့ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲဝင်ပြီး ထိုင်ခုံတစ်ခုံမှာထိုင်ကာ အပြုံးနဲ့ ပြောလိုက်ပါတယ်။
“အကြီးအကဲဟန်... ယွီဂျင်ဂိုဏ်းမှာ ဒီရက်ထဲ ပျော်စရာကြီးပဲ၊ ကျုပ်တို့တွေ ရင်းမြစ်အများကြီးရှိတဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုရဲ့ နယ်မြေပျက်ကို ရှာတွေ့ထားတယ်၊ ဒီထဲမှာ ကျင့်စဉ်တွေ ရတနာတွေ အများကြီးပဲ၊ ဝိညာဉ်ရတနာတောင် ပါတယ်၊ အကြီးအကဲဟန် တစ်ချက်လောက် မကြည့်ချင်ဘူးလား”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ဒီသတင်းက ပြန့်သွားပြီလား” ဒီလိုအခွင့်အရေးမျိုးကို ပြန့်သွားရင် လောကမှာရှိတဲ့ ကျင့်ကြံသူအားလုံးကို မြေကြီးလက်ခတ်မလွှဲ ဆွဲဆောင်နိုင်ပါတယ်။
“ဘယ်လိုလုပ်ပြီး ပြန့်မှာလဲ၊ ဒီဟာက ကျုပ်တို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ၊ ဒီနယ်မြေပျက်ကို အကြီးအကဲကွမ်းက အကြီးအကဲငါးဦး အဓိကတပည့်တစ်ရာနဲ့ စောင့်ကြပ်နေတယ်၊ ပေါ်တယ်ကလည်း တည်ဆောက်လို့ ပြီးတော့မှာ၊ အဲဒီအချိန်ရောက်ရင် ယွီဂျင်ဂိုဏ်းတပည့်တွေက ပေါ်တယ်ကနေ ဒီနယ်မြေပျက်ထဲကို တန်းဝင်လို့ရပြီ”
လီချင်းဇဲ့ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ ဒီနှစ်တွေမှာ ယွီဂျင်ဂိုဏ်းဟာ တဖြည်းဖြည်း တိုးတက်ကာ အင်အားကြီးမားလာပါတယ်။ ဘယ်သူကိုမှလည်း ရန်မစတာကြောင့် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေဟာ ယွီဂျင်ဂိုဏ်းထဲ ဝင်လာကြပါတယ်။
ရန်ဒေသက ကျင့်ကြံသူအများစုဟာ နတ်သတ်အကြီးအကဲဆိုတဲ့နာမည်ကို မေ့သွားကြပါပြီ။ ဒါပေမဲ့ ဂိုဏ်းအသီးသီးရဲ့ အထက်ပိုင်းလူကြီးတွေကတော့ နတ်သတ်အကြီးအကဲကို အမှတ်ရနေကြပါသေးတယ်။ ဒါကြောင့် ဘယ်သူမှ ယွီဂျင်ဂိုဏ်းကို ရန်မစရဲပါဘူး။ တိုးတက်တာ ရပ်သွားအောင်လည်း မလုပ်ရဲကြပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကောင်းတယ်၊ ဒါပေမဲ့ ကျုပ် မသွားဘူး၊ ဂရုတော့စိုက်နော်၊ ဒီလိုနယ်မြေပျက်မျိုးက ကန့်သတ်စည်းတွေ ရှိနိုင်တယ်”
“ကျုပ် နားလည်ပါတယ်၊ စိတ်ဝိညာဉ်ချီ တိုးတက်စေတဲ့ ရတနာတွေ ရှာတွေ့ခဲ့ရင် လူလွှတ်ပြီး ပို့လိုက်ပါမယ်”
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်”
“ရပါတယ်”
သူတို့နှစ်ဦးဟာ တစ်ခဏ စကားပြောဆိုကြပြီးနောက် လီချင်းဇဲ့ဟာ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်စိတ်လည်း နေသာထိုင်သာ ရှိသွားပါတယ်။
ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်း တစ်နေ့တစ်ခြား အင်အားကြီးမားလာတာကို ကျေနပ်အားရသွားပါတယ်။ ယွီဂျင်ဂိုဏ်း အင်အားကြီးလေလေ သူ စိတ်အေးလက်အေး ကျင့်ကြံနိုင်လေပါပဲ။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်မှာ ရွှင်ချန်အန်း မရှိတာကို သတိပြုမိသွားတာကြောင့် နတ်အာရုံနဲ့ လိုက်ရှာတဲ့အခါမှာ အတွင်းဂိုဏ်းမြို့ထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။
‘ဟင်...’
…
ရန်ဒေသမြောက်ပိုင်းရဲ့ ကောင်းကင်မှာ မီးတောက်မီးလျှံတွေ ပေါ်လာတာကြောင့် မြေကြီးပေါ်က နှင်းနဲ့ရေခဲတွေဟာ ချက်ချင်း အရည်ပျော်ကျသွားပါတယ်။ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေဟာ ဂူထဲကနေထွက်လာပြီး မိုးကုပ်စက်ဝိုင်းဆီ ကြည့်လိုက်ကြပါတယ်။ ဒီအထဲမှာ နတ်ဆိုးဘုရင်တန်စုလည်း အပါအဝင်ပါ။
တန်စုဟာ လိုဏ်ဂူဝမှာရပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာ မီးရောင်က သူ့မျက်နှာကို လာဟပ်ပါတယ်။ နတ်ဆိုးဘုရင်တန်စုဟာ မျက်လုံးပြူးသွားပြီး သူများ အမြင်မှားလေသလားလို့ သူ့မျက်လုံးကို ပွတ်သပ်ကာ ထပ်ကြည့်လိုက်ပါတယ်။
“ဒါ... ကျိုတုတ်ပဲ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“အို မဟုတ်ဘူး”
နတ်ဆိုးဘုရင်တန်စုဟာ အကြောက်ကြီး ကြောက်သွားပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ချက်ချင်း ပြန်ဝင်ပါတယ်။ လိုဏ်ဂူဝက ရွှံတွေဟာ အပေါ်ကိုမြင့်တက်လာပြီး တောင်နံရံတစ်ခုအသွင် ပြောင်းလဲကာ ကျင့်ကြံခြင်းလိုဏ်ဂူဝကို ပိတ်ဆိုလိုက်ပါတယ်။
နတ်သားရဲကျိုတုတ် တောင်ပံဖြန့်ပြီး ပျံသန်းသွားတာက ဒဏ္ဍာရီထဲက ရွှေကျီးကန်း လောကကို လှည့်လည်သလိုပါပဲ။ ကျိုတုတ် ဖြတ်သွားတဲ့ နေရာတိုင်းက ရေခဲမှန်သမျှဟာ အရည်ပျော်ကျပြီး ရေကန်တွေက ရေခမ်းခြောက်ကုန်ပါတယ်။
ကျိုတုတ်ဟာ ခွေးခေါင်း ခြေသုံးချောင်းရှိတဲ့ မီးငှက်းဖြစ်ပြီး သူ့လက်သည်းတွေက ငှက်လည်းနဲ့ မတူဘဲ နဂါးလက်သည်းနဲ့ နည်းနည်းဆင်တူပါတယ်။ တစ်ကိုယ်လုံးခြုံကြည့်ရင်တော့ အလွန်တရာစွမ်းအားကြီးပြီး ဘယ်အရာကမှာ မတားဆီးနိုင်တဲပုံပါ။
ကျိုတုတ်ရဲ့ မီးလျှံအောက်မှာ မိုင်ထောင်ချီတဲ့နှင်းတွေ ပျော်ကြကုန်ပါတယ်။
ကျိုတုတ်ရဲ့ မျက်လုံးအစုံဟာ သာမန်ထက် ပိုတောက်ပနေပြီး ယွီဂျင်ဂိုဏ်းရှိတဲ့ဘက်ကို ကြည့်လိုက်ပါတယ်။
…
ယွီဂျင်ဂိုဏ်း အတွင်းစည်းမြို့ တည်းခိုခန်းတစ်ခုအတွင်း။
အခန်းတစ်ခုအတွင်းမှာ ရွှင်ချန်အန်းဟာ အရက်ခွက်တစ်ခွက်ကိုင်ရင်း ထိုင်နေပါတယ်။ ရွှင်ချန်အန်းဟာ ပြုံးပြီး ပြောလိုက်ပါတယ် “ချန်အာ... ယွီဂျင်ဂိုဏ်းမှာ အဆင်ပြေရဲလား၊ ငါက ယွီဂျင်ဂိုဏ်းထဲဝင်တာ ကြာပြီဆိုတော့ မင်း ပြဿနာတစ်ခုခုတက်ရင် ငါ့ကို အချိန်မရွေး လာရှာနိုင်တယ်”
ရွှင်ချန်အန်းဟာ ပြတင်းပေါက်နားမှာ ထိုင်ကာ အပြင်ဘက်ကိုကြည့်နေတဲ့ အမျိုးသမီးတစ်ဦးကို ကြည့်လိုက်ပါတယ်။ သူမဟာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးထိရှည်လျားတဲ့ ပိတုန်းရောင်ဆံနွယ် ဖြူလတ်တဲ့ အသားအရေ ရှိပါတယ်။ သူမဟာ မြို့ပျက်စေလောက်တဲ့အထိ အရမ်းကြီးမလှပပေမဲ့ သာမန်ထက် ပိုလှပတာကိုတော့ ငြင်းမရပါဘူး။
ချန်အာလို့ခေါ်တဲ့ အမျိုးသမီးဟာ ဆံနွယ်စတွေကို နားနောက် သပ်တင်ကာ ပြောလိုက်ပါတယ် “ချန်အန်း... ရှင် ကျွန်မကို ဒီလိုဆက်ဆံစရာ မလိုပါဘူး၊ ကျွန်မတို့နှစ်ယောက်က ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ရှင်က ယွီဂျင်ဂိုဏ်းမှာ အဆင်ပြေနေတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ အကျိုးအမြတ်အတွက် မရောင်းစားနိုင်ဘူး”
ရွှင်ချန်အန်းဟာ ချန်အာရဲ့စကားကြောင်း နှလုံးသားတစ်ခုလုံး တဆစ်ဆစ် နာကျင်သွားပါတယ်။ ရွှင်ချန်အန်းဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ၊ ငါ့ရုပ်ရည်ကြောင့်လား၊ ငါ့မျက်နှာကို ချောမောအောင် ထားလို့ရပါတယ်။
ချန်အာဟာ ရွှင်ချန်အန်းကို လှည့်ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးတွေက မကျေနပ်မှုတွေ အထင်းသားပါ။
“အစစ်က အစစ်၊ အတုက အတု၊ ကျွန်မသာ ရှင့်ကိုချစ်တယ်ဆိုရင် ပင်လယ်တစ်ခုလုံး ခမ်းခြောက်သွားရင်တောင် ကျွန်မနှလုံးသားက ပြောင်းလဲမှာ မဟုတ်ဘူး၊ ကျွန်မ ရှင့်ကို မချစ်ဘူးဆိုရင်လည်း လောကတစ်ခုလုံး ပျက်ဆီးသွားလို့ ရှင်နဲ့ ကျွန်မပဲ ကျန်မယ်ဆိုရင်တောင် ရှင့်ကို လုံးဝချစ်မှာ မဟုတ်ဘူး”
ရွှင်ချန်အန်းဟာ နှလုံးသားတစ်ခုလုံး ချေမွဖျက်ဆီးခံလိုက်ရသလို ခံစားလိုက်ရပါတယ်။
ရွှင်ချန်အန်းဟာ သူ့လက်ထဲကို အရက်ခွက်ကို ချေမွပစ်လိုက်ပါတယ်။ ရွှင်ချန်အန်းလက်က သွေးမထွက်ပေမဲ့ နှလုံးသားကတော့ သွေးထွက်သွားပါတယ်။
ဒီအချိန်မှာ
ချန်အာနောက်ကျော်ဘက်ကနေ မီးရောင်တောက်ပလာပြီး လေပူတိုက်ခိုက်လာပါတယ်။ ရွှင်ချန်အန်းဟာ မျက်လုံးပြူးသွားပါတယ်။
ချန်အာလည်း အလိုလို လှည့်ကြည့်မိတဲ့အခါမှာ ကောင်းကင်တစ်ခုလုံး နီရဲလာတာကို တွေ့လိုက်ရပါတယ်။ တောက်ပတဲ့နေမင်းဟာ မိုးကုပ်စက်ဝိုင်းကနေ သူတို့ဆီကို အလွန်လျင်မြန်တဲ့အရှိန်နဲ့ လာနေပါတယ်။
နတ်သားရဲ ကျိုတုတ်။