← Chapters

မဟာညီညွှတ်မှုမြေဝိဇ္ဇာ၊ ကောင်းကင်ဝိဇ္ဇာစံအိမ်၏ နံပါတ်တစ် ပါရမီရှင်

Vol. 6 Ch. 86

မဟာညီညွှတ်မှုမြေဝိဇ္ဇာ၊ ကောင်းကင်ဝိဇ္ဇာစံအိမ်၏ နံပါတ်တစ် ပါရမီရှင်

Vol. 6 Ch. 86

အခန်း (၈၆) မဟာညီညွှတ်မှုမြေဝိဇ္ဇာ၊ ကောင်းကင်ဝိဇ္ဇာစံအိမ်၏ နံပါတ်တစ် ပါရမီရှင်

‘နတ်သားရဲပြဒါးငှက်လား’

ဟန်ကျွယ် သတိပြန်ဝင်လာပြီး ပထမဆုံးတွေးလိုက်တာက ဒီပြဒါးငှက် ရူးသွားပြီ ဆိုတာပါပဲ။

‘ဒီကောင်က ကိုယ့်‌ကလေးကို ကိုယ့်ဘာသာ မထိန်းသိမ်းနိုင်ပဲနဲ့ သေတော့မှ ငါ့ကို အပြစ်လာတင်နေတာလား၊ သူ ဒီကိုလာတဲ့လမ်းမှာ သေဆုံးခဲ့တဲ့ သက်ရှိတွေကလည်း မနည်းမနောပဲဟာကို’

ဒါပေမဲ့ ပြဒါးငှက်က နာမည်ကျော်လွန်းတာကြောင့် ဟန်ကျွယ်ဟာ သူ့လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။ ပြဒါးငှက်က ဟန်ကျွယ်တွေးထာတဲ့ငှက်ပုံနဲ့ လုံးဝကွက်တိပါပဲ။

[ပြဒါးငှက်: မဟာညီညွှတ်မှု မြေဝိဇ္ဇာ အလယ်အဆင့်၊ မွေးရာပါနတ်သားရဲ။ ထိုငှက်သည် ကံတရားကောင်းမွန်သူ ဖြစ်ပြီး သူ့သားအား သတ်ဖြတ်ခဲ့ခြင်းအတွက် သင့်အား အလွန်မုန်းတီးနေသည်။ သင် အထက်ဘုံသို့တက်လျှင် ကျိန်းသေပေါက် လက်စားချေလိမ့်မည်။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

‘မဟာညီညွှတ်မှု မြေဝိဇ္ဇာလား၊ တော်တော် စွမ်းအားကြီးမဲ့ပုံပဲ’

“ဂလု..”

ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ်။

ကောင်းကင်ဘုံဝင်အဆင့်နဲ့ မဟာညီညွှတ်မှု မြေဝိဇ္ဇာအဆင့်က ဘယ်လောက်ထိ စွမ်အားကွာခြားလဲဆိုတာ ဟန်ကျွယ် မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအဆင့်နှစ်ခုစလုံးက ဟန်ကျွယ် ပြန်တိုက်နိုင်တဲ့အဆင့်တွေ မဟုတ်ပါဘူး။

‘နေပါအုန်း... ပြဒါးငှက်က ဘာလို့ ငါ အထက်ဘုံတက်မှ လက်စားလာချေမှာလဲ၊ ဖြစ်နိုင်တာက သူ မော်တယ်ဘုံကို ဆင်းသက်လို့ မရလို့လား’

‘ဟုတ်တယ် ဒါဖြစ်နိုင်တယ်’

‘ဒါက ဝိဇ္ဇာဥပဒေပဲ ဖြစ်ရမယ်’

‘ကြည့်ရတာ ငါ အထက်ဘုံကို တက်မယ်ဆိုရင် ပြဒါးငှက်ထက် စွမ်အားကြီးအောင် လုပ်ပြီးမှ တက်ရမယ်၊ မဟုတ်ရင် တော်တော်လေး အန္တရာယ်များမှာ’

ဟန်ကျွယ်ဟာ တိတ်ဆိတ် တွေးတောလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီစာအုပ်နဲ့ နတ်သားရဲကို ကျိန်စာတိုက်လို့ရမလားဆိုတာ စမ်းသပ်ချင်သွားပါတယ်။ ဟန်ကျွယ်ဟာ အတန်ကြာ ကျိန်စာတိုက်ပေမဲ့ ဘာဆိုကျိုးမှ မခံစားရပါဘူး။

‘ကြည့်ရတာ အလုပ်ဖြစ်ပုံပဲ၊ နောက်ကျရင် ခိုက်မင်မွန်းစတားအိုကြီးနဲ့ ဒီပြဒါးငှက်ကို မကြာခဏ ကျိန်စာတိုက်ရမယ်’

နောက်နေ့ မနက်ခင်းမှာတော့ ရွှင်ချန်အန်းဟာ ဖူစန်းသစ်ပင်အောက် ပြန်‌ရောက်လာပြီး မှိုင်တွေတွေ ဖြစ်နေပါတယ်။ မနေ့ညက ရွှင်ချန်အန်းဟာ တည်းခိုးခန်းမှာ မူးရူးတဲ့အထိ သောက်စားခဲ့ပါတယ်။ ယွီဂျင်ဂိုဏ်းရဲ့ အရက်က သာမန်မဟုတ်တဲ့အတွက် ကျင့်ကြံသူတွေ သောက်တာများရင် မူးနိုင်ပါတယ်။

ဒီအမူးကြောင့် ရွှင်ချန်အန်းဟာ အချစ်ဒုက္ခထဲ လုံးဝကျသွားပါတော့တယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပြီး ရွှင်ချန်အန်းရှေ့မှာ မတ်တတ်ရပ်လိုက်ပါတယ်။ မိန်းမောတွေဝေနေတဲ့ ရွှင်ချန်အန်းဟာ ဟန်ကျွယ် ရောက်လာတာကို လုံးဝသတိမပြုမိပါဘူး။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရွှင်ချန်အန်းနောက်ခံကို ပြန်စဉ်းစားလိုက်ပါတယ်။

[ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း ပြန်ဝင်စားသူ ဖြစ်၏။ အရင်ဘဝ၌ တချန်ဘုန်းကြီးများလက်ထဲတွင် ကြီးပြင်းလာခဲ့ပြီး နတ်ဆိုးမိန်းကလေးတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့သည်။ ဤကိစ္စကို တချန်ဖူ သိသွားသောအခါ အလွန်ဒေါသထွက်ပြီး စိတ်ခံစားမှုကပ်ဘေးကို နှစ်ပေါင်းတစ်သောင်း ခံစားရန် သေမျိုးနယ်ပယ်သို့ ပို့ခဲ့၏။

မိမိကိုယ်ကို မေ့ပျောက်ပြီး ခံစားချက်များကို သုတ်သင်နိုင်မှသာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းမှ လွတ်မြောက်မည် ဖြစ်သည်။ ဤဘဝသည် ရွှင်ချန်အန်း၏ ၃၉ ဘဝမြောက်ဖြစ်၏။ ရွှင်ချန်အန်းသည် ကျင့်ကြံချင်းမိသားစု၌ မွေးဖွားခဲ့ပြီး အရည်အချင်း ရှိသော်လည်း ရုပ်ဆိုးလွန်းသော်ကြောင့် ချန်အာ၏ မေတ္တာတရားကို မရရှိခဲ့ချေ။ ချန်အာ၏ ငြင်းဆိုမှုကို အကြိမ်တိုင်းခံရသောကြောင့် ဝမ်းနည်းပက်လက်ဖြစ်ပြီး ဆံချ၍ ဘုန်ကြီးဝတ်ခဲ့သည်။]

ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို အသုံးပြုပြီး မနေ့က ရွှင်ချန်အန်းနဲ့ ချန်အာ စကားပြောဆိုနေတာကို ဖမ်းယူလိုက်ပါတယ်။

‘ကျွတ်... ကျွတ်... တော်တော်လည်း သနားစရာကောင်းတဲ့ တစ်ဖက်သတ်အချစ်ပါလား’

ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို ဘယ်လိုဖြောင်းဖျရမလဲမသိ ဖြစ်သွားပါတယ်။ ဒီဟာက အချစ်ဒုက္ခဖြစ်တာကြောင့် စကားနဲ့ ဖြောင်းဖျဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။

“တပည့်”

ရွှင်ချန်အန်းဟာ တဒင်္ဂမှင်သက်သွားပြီးနောက် ဟန်ကျွယ်ကို တွေ့သွားတာကြောင့် ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ရွှင်ချန်အန်းရဲ့ ခံစားချက်တွေဟာ ပွင့်အန်ထွက်လာပြီး အားရပါးရ ငိုကြွေးပါတော့တယ် “ဆရာသခင်... ကျွန်တော့် ရင်ဘက်တစ်ခုလုံး ပူလောင်နေတယ်....”

ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကိုကြည့်ပြီး ပါကျဲကို သတိရသွားပါတယ်။ သူတို့နှစ်ယောက်အဖြစ်က တစ်ထပ်တည်းပါပဲ။

ဟန်ကျွယ်ဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “တပည့်... ယောက်ျားနဲ့ မိန်းမရဲ့ အချစ်က ခါးသီးလွန်းတယ်၊ ဒါကြောင့် ဆရာက အပြင်မထွက်ဘဲ ဂူအောင်းပြီး ကျင့်ကြံနေရတာ”

“ဒါပေမဲ့ ဘာဖြစ်လို့... ဘာဖြစ်လို့ မိန်းမလှအများကြီးက ဆရာသခင်ဆီကို သူတို့ဘာသာ ရောက်လာရတာလဲ၊ ကျွန်တော်က မိန်းမတစ်ယောက်တည်းကိုပဲ ချစ်မိခဲ့တာပါ၊ ဒါပေမဲ့ သူမက...”

ရွှင်ချန်အန်းဟာ ဝမ်းနည်းစွာ ငိုကြွေးပါတော့တယ်။

တောင်လယ်မှာ အိပ်နေတဲ့ ငရဲကြက်နက်ဟာ ရွှင်ချန်အန်းရဲ့ ငိုသံကြောင့် နိုးသွားပါတယ်။

“အရူး... အေးအေးဆေးဆေး မကျင့်ကြံနိုင်ဘူး” ငရဲကြက်နက်ဟာ ကျိုတုတ်ကို စားပြီးတဲ့နောက်မှာ သူ့သွေးစည်းပြောင်းလဲလာတာကို သိသိသာသာ ခံစားလာနိုင်တာကြောင့် အရမ်းစိတ်လှုပ်ရှားသွားပါတယ်။ ငရဲကြက်နက်ဟာ ပဋိပက္ခကောင်းကင်ခွေး ပြန်လာာပြီး စိန်ခေါ်မှာကို မျှော်တလင့်လင့် ဖြစ်နေပါတယ်။

‘အို... ခွေးလေး၊ မင်းအဖေက စွမ်းအားဘယ်လောက်ကြီးလဲဆိုတာ ပြရတာပေါ့’

တစ်ခြားတစ်ဖက်မှာတော့ ရွှင်ချန်အန်းရဲ့ မေးခွန်းကို ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်ပါတယ် “ဘာဖြစ်လို့လဲဆိုတော့ ဆရာက စွမ်းအားကြီးလို့ပဲ၊ ဒီလောကမှ သန်မာတဲ့သူက လေးစားခံရမှာပဲ၊ မင်းကျင့်ကြံမှုက လောကမှာ အကောင်းဆုံးဆိုရင် ဘယ်မိန်းမက မင်းကို မကြိုက်ဘဲ နေမလဲ၊ မင်းကျင့်ကြံမှုကလည်း သာမန်၊ ရုပ်ရည်ကလည်း မကောင်းဘူးဆိုတော့ ဘယ်မိန်းကလေးက မင်းကို လိုချင်မှာလဲ၊ မင်းရဲ့စိတ်ရင်းစေတနာလား”

“စိတ်ရင်းစေတနာက လောကမှာ တန်ဖိုမရှိဆုံးပဲ”

“ဆရာသင်ပေးထားတဲ့ နှလုံးသားမဲ့ဓားသိုင်းကိုသာ လေ့ကျင့်ပါ၊ ဒီသိုင်းက မင်းကို လောကမှ နံပါတ်တစ်ဖြစ်လာအောင် ကူညီပေးလိမ့်မယ်”

ဟန်ကျွယ်စကားကြောင့် ရွှင်ချန်အန်းဟာ မော့ကြည့်လိုက်ပါတယ်။ နဂိုကတည်းက ရုပ်ဆိုးလွန်းတဲ့ မျက်နှာဟာ မျက်ရည်တွေကြောင့် ပိုလို့ရုပ်ဆိုးနေပါတယ်။ ဟန်ကျွယ်ဟာ ရွံ့ရှာလွန်းလို့ တစ်ဖက်လှည့်ချင်စိတ်တောင် ပေါက်သွားပါတယ်။

ဟန်ကျွယ်ဟာ ချန်အာကို ရုတ်တရက် နားလည်လိုက်ပါတယ်။

ဒီကိစ္စတွေအကုန်လုံးက တချန်ဖူရဲ့ လက်ချက်ပါ။ သူတို့တွေက ရွှင်ချန်အန်းကို ဒီလောက်ထိ ရုပ်ဆိုးအောင် တမင်သက်သက် လုပ်ထားတာပါ။ ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရဲ့ ရုပ်ရည်ကို ပြောင်းလဲဖို့ကြိုးစားပေမဲ့ တစ်ခဏချင်း ရုပ်ဆိုးတဲ့မျက်နှာ ပြန်ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ ဒါက တော်တော်လေး ထူးဆန်းပါတယ်။

ရွှင်ချန်အန်းဟာ မျက်လုံးပြူးသွားပါတယ် “တကယ်လား”

“ဆရာက မင်းကို ဘာလို့ ညာရမှာလဲ”

တစ်ခြားတစ်ယောက်က ဒီလိုစကားမျိုးပြောရင် ရွှင်ချန်အန်း လုံးဝယုံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဆိုရင်တော့ လုံးဝယုံကြည်ပါတယ်။ အခုအချိန် ရွှင်ချန်အန်း သိသမျှ ကျင့်ကြံသူတွေထဲမှာ ဟန်ကျွယ်က အစွမ်းထက်ဆုံးပါ။

ဟန်ကျွယ်အပေါ်ထားရှိတဲ့ ရှင်းဟုန်ရွှမ်ရဲ့ အပြုအမူကို တွေးမိပြီး ရွှင်ချန်အန်းဟာ စိတ်ဓာတ်တက်ကြွသွားပါတယ် ‘နှလုံးသားမဲ့ဓားသိုင်း... ဒီဓားသိုင်းကို အဆုံးထိရောက်အောင် ငါ လေ့ကျင့်မယ်’

ဟန်ကျွယ်ဟာ သိပ်အများကြီး မပြောပါဘူး။ ဘာလို့ဆို တစ်ချို့စကားလုံးတွေက အဓိပ္ပာယ်မရှိလို့ပါပဲ။

ဟန်ကျွယ်ပြောခဲ့တဲ့ စကားတွေက အကုန်လုံး မှန်တာတော့ မဟုတ်ပါဘူး။

လူသားတွေက ဝိရောဓိဖြစ်လွန်းတဲ့ သက်ရှိတွေပါ။ အားနည်းတဲ့အချိန်မှာ စိတ်ရင်းစေတနာကို အထင်သေးပြီး သန်မာလာဖို့ပဲ စိတ်ကူးရှိကြပါတယ်။ ဒါပေမဲ့ သန်မာလာရင်တော့ စိတ်ရင်းစေတနာကို ပြန်အလိုရှိကြပြန်ရော။

ဟန်ကျွယ်ဟာ တောင်ပေါ်ကဆင်းပြီး ငရဲကြက်နက်ကို ရှာဖွေပါတယ်။ ငရဲကြက်နက် ဘာမှမဖြစ်ဘူးဆိုတာ သေချာအောင် စစ်ဆေးပြီးမှာ သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။

ပြဒါးငှက်ရဲ့ မုန်းတီးမှုကို ခံရပြီးတဲ့နောက်မှာ ဟန်ကျွယ်ဟာ အလောသုံးဆယ် ပြန်ဖြစ်လာပါတယ်။ ဒီပြဒါးငှက်က အခုဆင်းမလာနိုင်ပေမဲ့ အနာဂတ်မှာ ဆင်းမလာနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ အမြန်ဆုံး စွမ်းအားကြီးလာဖို့ လိုအပ်နေပါတယ်။

…

သုံးနှစ်ကြာပြီးနောက်။

ယွီဂျင်ဂိုဏ်းကို နတ်သားရဲကျိုတုတ် တိုက်ခိုက်ခဲ့တဲ့ကိစ္စဟာ အနည်ကျသွားပြီး လူနည်းနည်းပဲ ဒီအကြောင်းကို ပြောကြပါတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှတော့ အုတ်အော်သောင်းနင်း ပွတ်လောရိုက်သွားပါတယ်။

ကျိုတုတ် ရန်ဒေသကို ဖြတ်လာခဲ့တုန်းက သက်‌ရောက်မှု အတော်လေးကြီးမားခဲ့ပါတယ်။ လူအများကြီးကလည်း မြင်ခဲ့ပါတယ်။

ယွီဂျင်ဂိုဏ်းထဲမှာ ဂိုဏ်းအသီးအသီးက ကင်းထောက်တွေ ရှိပါတယ်။ ဂိုဏ်းအသီးအသီးဟာ နတ်သားရဲကျိုတုတ်ကို နတ်သတ်အကြီးအကဲက ချက်ချင်းသတ်လိုက်မှန်းလည်းသိရော အရမ်းတုန်လှုပ်ချောက်ချားသွားပြီး ယွီဂျင်ဂိုဏ်းနဲ့ ရန်သူမဖြစ်ရဲတော့ပါဘူး။ ဂိုဏ်းအသီးအသီးဟာ ယွီဂျင်ဂိုဏ်းနဲ့ မိတ်ဆွေဖြစ်အောင် ကြိုးစားလာကြပါတယ်။

ယွီဂျင်ဂိုဏ်းထဲမှာ နတ်ဆိုးသူလျှိုတွေ မရှိပါဘူး။ ဂိုဏ်းအသီးအသီးကလည်း သူတို့ရထားတဲ့ သတင်းကို လူသိရှင်ကြား ချမပြတာကြောင့် နတ်ဆိုးတွေဟာ နတ်သားရဲကျိုတုတ်သေသွားတာကို မသိကြပါဘူး။

နတ်ဆိုးဘုရန်တန်စုဟာ ကျိုတုတ်ဘယ်သွားလဲဆိုတာကို အရမ်းသိချင်ပါတယ် ‘ယွီဂျင်ဂိုဏ်းနဲ့များ ဆက်နွှယ်နေလား’ နတ်ဆိုးဘုရင်တန်စုဟာ ယွီဂျင်ဂိုဏ်းကို ပထမဆုံး ကြောက်သွားပါတယ် ‘ဒီဂိုဏ်းက မရိုးရှင်းဘူးပဲ’

ဒီနေ့မှာတော့ လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီ အလည်ရောက်လာပါတယ်။

လီချင်းဇဲ့ဟာ ဟန်ကျွယ်ရှေ့ ရောက်လာပါတယ်။ လီချင်းဇဲ့ ပါးစပ်မဟခင် ဟန်ကျွယ်က အရင် ပြောလိုက်ပါတယ် “အခွင့်အရေးတွေနဲ့ ပတ်သတ်ပြီး ကျုပ်ကို လာမရှာနဲ့၊ ကျုပ် မသွားဘူး”

လီချင်းဇဲ့ဟာ ချောင်းတစ်ချက်ဆိုးကာ ပြောလိုက်ပါတယ် “ဒီတစ်ခါက သတင်းကောင်း မဟုတ်ဘူး”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးဖွင့်လိုက်ပါတယ်။

လီချင်းဇဲ့ဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “ဝေ့ဒေသက ကောင်းကင်သွေးမီလျှံဂိုဏ်းနဲ့ ကုယွမ်ဒေသက အသွင်မဲ့ဂိုဏ်းတို့ စစ်ဖြစ်ကြတယ်၊ ဒီဂိုဏ်းနှစ်ဂိုဏ်းက အင်အားကြီးမားပြီး သူတို့ကြားမှာ ရန်ဒေသနဲ့ အနောက်ပိုင်း အသူရာချောက်ဒေသတို့ ရှိနေတယ်၊ ဒီစစ်ပွဲစရင် ကျုပ်တို့ဒေသနှစ်ခုလုံး ဝါးမြိုခံရဖို့များတယ်”

ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ဒီနှစ်ဂိုဏ်းက ဒီလောက်ဝေးနေတာတောင် သူသေကိုယ်သေ တိုက်အုန်းမှာလား... သူတို့တွေက ဒီလောက်အောင် အားနေကြတာလား’

ပြောရမယ်ဆိုရင် ဒီနှစ်ဂိုဏ်းလုံးက ဟန်ကျွယ်နဲ့ ရန်ငြိုးရှိပါတယ်။

“အသွင်မဲ့ဂိုဏ်းရဲ့ ပါရမီရှင် တုန်းဝမ်ရှန်းက ကောင်းကင်သွေးမီးလျှံဂိုဏ်းချုပ်ရဲ့ သားကို သတ်ပစ်လိုက်တယ်၊ ကောင်းကင်သွေးမီးလျှံဂိုဏ်းက စိတ်ဓာတ်တက်ကြွနေတာဆိုတော့ ဒီကိစ္စကို ဘယ်လိုမှ လက်မခံနိုင်ဘဲ ချက်ချင်း ပြန်တိုက်တယ်၊ အဲဒီခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူကလည်း အသွင်မဲ့ဂိုဏ်းကို ဦးဆောင်တိုက်ခိုက်နေပြီ”

လီချင်းဇဲ့ရဲ့ လေသံဟာ မနာလိုမှုတွေ ပြည့်နေပါတယ်။

‘ငါ့ယွီဂျင်ဂိုဏ်းမှာ ဘယ်တော့မှ ခန္ဓာကိုယ်ပေါင်းစပ်ကျင့်ကြံသူ ရှိလာမှာလဲ’

‘မဟုတ်ဘူး... ဟင်းလင်းပြင်ပေါင်းစပ် ကျင့်ကြံသူနဲ့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ အများကြီးရရင်ပဲ ကျေနပ်ပါပြီ’

“ဘာမှမဖြစ်ဘူး၊ သူတို့ဘာသာ တိုက်ကြပါစေ၊ သူတို့တွေ ယွီဂျင်ဂိုဏ်းကို မခြိမ်းချောက်ရင် ပြီးတာပဲ၊ သူတို့တွေက ယွီဂျင်ဂိုဏ်းကို ဖျက်ဆီးချင်တယ်ဆိုရင်တော့ ကျုပ်ဓားက လူရွေးနေမှာ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ ပြဒါးငှက်နဲ့တောင် ရန်သူဖြစ်ခဲ့ပြီမို့ ဒီဂိုဏ်းလေးနှစ်ဂိုဏ်းကို စိတ်ကူးထဲ မထည့်တော့ပါဘူး။

“နောက်တစ်ခုရှိသေးတယ်၊ ကျုပ်တို့တွေ ရှာတွေ့ထားတဲ့ ရှေးဟောင်းဂိုဏ်းရဲ့ နယ်မြေပျက်ထဲမှာ မျက်မမြင်အဘိုးကြီးတစ်ဦး ပေါ်လာတယ်၊ သူ့အစွမ်းကလည်း မသေးဘူး၊ ကျုပ်တို့တွေ သူ့ကို စည်ရုံးပေမဲ့ သူက အခုထိ သဘောမတူသေးဘူး၊ သူ အခု အတွင်းဂိုဏ်းမြို့ထဲမှာ နေနေတယ်၊ အကြီးအကဲဟန်... သူ့ကို ဝိုင်းဖြောင်းဖျပေးပါလား” လီချင်းဇဲ့ဟာ မျက်နှာပူစွာ ပြောလိုက်ပါတယ်။

တစ်စုံတစ်ဦးကို ဖြောင်းဖျဖို့အတွက် နတ်သတ်အကြီးအကဲရဲ့ အကူအညီကို လိုအပ်နေတုန်းပါပဲ။ ဒါက သူ့မှာ လုံလောက်တဲ့ အရည်အချင်း မရှိသေးဘူးဆိုတာကို ပြနေပါတယ်။

လီချင်းဇဲ့စကားကြောင့် ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းမှာ သူကလွဲလို့ အစွမ်းထက်ဆုံးလူကို စစ်ဆေးလိုက်ပါတယ်။

[ရှောင်ယောင်: ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်။ လွန်ခဲ့သော နှစ်ငါးထောင်က ကောင်းကင်ဝိဇ္ဇာစံအိမ်၏ နံပါတ်တစ်ပါရမီရှင်ဖြစ်ပြီး ရှေးဟောင်း မိုးကောင်းကင်ဂိုဏ်း၏ တစ်ဦးတည်းသော ရှင်သန်ကျန်ရစ်သူ ဖြစ်သည်။ မျက်လုံးအစုံမှာ ကောင်းကင်ပြစ်ဒဏ်ကြောင့် ကွယ်ခဲ့ခြင်း ဖြစ်သည်။]

All Chapters