မိစ္ဆာသခင်၊ ရှောင်ယောင်၏ စိန်ခေါ်မှု
Vol. 6 Ch. 87
အခန်း (၈၇) မိစ္ဆာသခင်၊ ရှောင်ယောင်၏ စိန်ခေါ်မှု
‘ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်’
‘လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်က ကောင်းကင်ဝိဇ္ဇာစံအိမ်ရဲ့ နံပါတစ်တစ်ပါရမီရှင်’
‘မိုးကောင်ကင်းဂိုဏ်းရဲ့ တစ်ဦးတည်း ရှင်ကျန်သူ’
‘ကောင်းကင်ပြစ်ဒဏ်ကြောင့် မျက်စိနှစ်ဖက်စလုံး ကန်းခဲ့တယ်’
ဟန်ကျွယ်ဟာ ဒီစာကြောင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။ ဒီလိုနောက်ခံရှိတာတောင် ရှောင်ယောင်က ကောင်းမွန်တဲ့ကံတရားနဲ့ မွေးဖွားလာတဲ့သူ မဟုတ်ပါဘူး။
ဟန်ကျွယ်က လီချင်းဇဲ့က မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... မိုးကောင်းကင်ဂိုဏ်းကို ကြားဖူးလား”
“ကျုပ် ကြားဖူးတယ်၊ ဒီဂိုဏ်းက လွန်ခဲ့နှစ်ငါးထောင်က ဂိုဏ်းကြီးတစ်ခုပဲ၊ ဒါပေမဲ့ ဝိဇ္ဇာနဲ့ သူတော်စင်တွေကို အပြစ်ပြုမိလို့ ဒဏ်ခတ်တာခံရပြီး ဂိုဏ်းတစ်ခုလုံး ပျက်သုဉ်းသွားတယ်၊ အကြီးအကဲဟန်... မိုးကောင်ကင်ဂိုဏ်းအကြောင်း ဘာလို့ မေးရတာလဲ၊ ကျုပ်တို့တွေ ရှာတွေ့ထားတဲ့ ဒီနယ်မြေပျက်က မိုးကောင်းဂိုဏ်းကလား”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြလိုက်ပါတယ် “ကျုပ် တွက်ချက်ကြည့်တော့ ဒီရှောင်ယောင်ဆိုတဲ့လူက မိုးကောင်ကင်ဂိုဏ်းကပဲ”
လီချင်းဇဲ့ဟာ မျက်လုံးပြူးသွားပြီး အသက်ရှူမြန်သွားပါတယ်။ လီချင်းဇဲ့ဟာ ရှောင်ယောင်ကို မကြားဖူးပေမဲ့ မိုးကောင်းကင်ဂိုဏ်းကိုတော့ ကြားဖူးပါတယ်။
“ဒါဆို ကျုပ်တို့တွေ ဘာလုပ်ကြမလဲ၊ နယ်မြေပျက်ကို စွန့်လွတ်လိုက်ရမလား” လီချင်းဇဲ့က ဂရုတစိုက် မေးလိုက်ပါတယ်။
လီချင်းဇဲ့ဟာ ယွီဂျင်ဂိုဏ်း ပြဿနာတက်မှာကို သေလောက်အောင် ကြောက်ပါတယ်။ သူမျှော်လင့်တာက အေးအေးချမ်းချမ်းနဲ့ တိုးတက်လာဖို့ပါ။ ယွီဂျင်ဂိုဏ်းက အချိန်တစ်ခုကို ရောက်တာနဲ့ ကောင်းကင်သွေးမီးလျှံဂိုဏ်းနဲ့ အသွင်မဲ့ဂိုဏ်းလို ဂိုဏ်းကြီးတွေ ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဒါကိုတော့ ဂိုဏ်းချုပ်ကိုယ်တိုင် ဆုံးဖြတ်၊ ကောင်းကင်ပြစ်ဒဏ်က အလွယ်လေး ပေးလို့ရနေရင် ရှောင်ယောင်က အခုအချိန်ထိ အသက်ရှင်နေမှာ မဟုတ်ဘူး၊ မိုးကောင်းကင်ဂိုဏ်း ပြန်မပေါ်လာရင် ဒီရတနာတွေက အန္တရာယ်ကင်းပါတယ်”
လီချင်းဇဲ့ဟာ ဟန်ကျွယ်အမြင်ကို သဘောတူပါတယ်။ သူလည်းပဲ ဒီလိုရင်းမြစ်အများကြီးကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်မခံနိုင်ပါဘူး။ အခုအချိန်မှာ အကြီးအကဲတွေက ရင်းမြစ်အချို့ကို ခွဲဝေပြီးသွားပါပြီ။
“ရှောင်ယောင်ကို ခဏမေ့ထားလိုက်၊ သူကြိုက်သလို နေပါစေ၊ ကျုပ်တို့တွေ မြင်းရေသောက်အောင် တွန်းအားပေးလို့မရဘူး၊ သူ ရေငတ်ရင် အလိုလို လာသောက်လိမ့်မယ်” ဟန်ကျွယ်က ထပ်ပြောလိုက်ပါတယ်။
လီချင်းဇဲ့ဟာ ဟန်ကျွယ်စကားကို မငြင်းဆန်ပါဘူး။ ရှောင်ယောင်က မိုးကောင်းကင်ဂိုဏ်းကလို့ ကြားလိုက်တာနဲ့ လီချင်းဇဲ့ရဲ့ ပထမဆုံးအတွေးက ဂိုဏ်းထဲကနေ နှင်ထုတ်ပစ်ဖို့ပါ။ ဒါပေမဲ့ ဒုတိယတစ်ခါ ပြန်တွေးကြည့်တော့ ရှောင်ယောင်ကို သူ အနိုင်မယူနိုင်တဲ့အတွက် ဂိုဏ်းထဲက နှင်ထုတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အဲဒီနောက်မှာ လီချင်းဇဲ့ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ရှောင်ယောင်နဲ့ တိုက်ခိုက်ပါတယ်။
ဆယ်စက္ကန့်အကြာမှာတော့
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အတော်လေး အံအားသင့်သွားပါတယ် “ဒီလူက တစ်ခုခုတော့ တစ်ခုခုပဲ၊ သူ့ဆန်းကြယ်စွမ်းအားတွေက တော်တော်လေး ဝေ့လည်ကြောင်ပတ် လုပ်နိုင်တာပဲ” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ခြင်း ဖြစ်ပါတယ်။
ရှောင်ယောင်ဟာ ကိုယ်ပွားတစ်သောင်း ခွဲနိုင်တဲ့အတွက် ဟန်ကျွယ်က သူ့ကို ချက်ချင်း မသတ်နိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုအောက်မှာ ဆယ်စက္ကန့်ကြာ ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ကို ဆယ်စက္ကန့် ခုခံနိုင်တဲ့အတွက် စွမ်းအားကြီးမားတယ်ဆိုတာ ငြင်းမရပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ရှောင်ယောင်နဲ့ ဆက်တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်က ရှောင်ယောင်ကို ဘယ်လိုသတ်ရမလဲဆိုတာ နည်လမ်းရှာဖွေချင်လို့ပါပဲ။
ဂိမ်းထဲက နောက်ဆုံးအဆင့် မွန်းစတားကြီးကိုသတ်ဖို့ ဗျူဟာရှာနေသလိုမျိုး ခံစားလိုက်ရတာကြောင့် ဟန်ကျွယ်ဟာ ပျော်သွားပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရှောင်ယောင်ကို အမြန်ဆုံး ဘယ်လိုသတ်ရမလဲဆိုတာ သိသွားပါတယ်။ ဒီတစ်ခါမှာတော့ တိုက်ပွဲစတာနဲ့ ရှောင်ယောင်က ကိုယ်ပွဲတွေခွဲပြီး အရပ်ဆယ်မျက်နှာကို ဖြန့်ကျက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပြောစရာစကားမရှိ ဖြစ်သွားရှာပါတယ်။
ရှောင်ယောင်ရဲ့ အစွမ်းကို နားလည်လာလေလေ ဟန်ကျွယ်ဟာ သူ့ကို ပိုစိတ်ဝင်စားလေလေပါပဲ။ ဒီလိုကျင့်ကြံသူမျိုးသာ ယွီဂျင်ဂိုဏ်းထဲဝင်မယ်ဆိုရင် တစ်ချို့ကိစ္စတွေကို ဟန်ကျွယ် ကိုယ်တိုင် ထွက်ရှင်းစရာ လိုတော့မှာ မဟုတ်ပါဘူး။
အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်ကြည့်လိုက်ပါတယ်။
[သင့်တပည့် စုချီသည် မိစ္ဆာသခင် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် မိစ္ဆာသခင်နှင့် သူ့သားမြေးစဉ်ဆက်၏ ကံတရားအထောက်အပံ့သည် လျော့ကျသွားပြီ ဖြစ်သည်။]
[သင့်တပည့် ရန်ထျန်တုန်းသည် သားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၈၇၂
[သင့်နတ်သားရဲ ပဋိပက္ခကောင်းကင်ခွေးသည် ကြမ်းတမ်းသောသားရဲတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။]
[သင့်မိတ်ဆွေကောင်း ကျိုးဖန်သည် အရင်ဘဝမှ ဆန်းကြယ်စွမ်းအား နိုးထလာခဲ့သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားပါပြီ။]
[သင့်မိတ်ဆွေကောင်း ကွမ်းယိုကုန်းသည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂
[သင့်နတ်သားရဲ ငရဲကြက်နက်သည် နတ်သားရဲကျိုးတုတ်ကို စားသောက်ပြီးနောက် သွေးစည်း ပြောင်းလဲကာ ကပ်ဘေးအထောက်အပံ့ကို ရရှိခဲ့သည်။]
[သင့်မိတ်ဆွေကောင်း တာအိုသခင်ကတျန်ကုန်းသည် လက်ယာကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၈၂၃
…
‘တာအိုသခင်တျန်ကုန်းက ကောင်းကင်သွေးမီးလျှံဂိုဏ်းကပဲ၊ သူ ဒီလောက် တိုက်ခိုက်ခံရပုံထောက်ရင် ကောင်းကင်သွေးမီးလျှံဂိုဏ်းနဲ့ အသွင်မဲ့ဂိုဏ်းကြားက တိုက်ပွဲစနေလောက်ပြီ’
‘စုချီနဲ့ ရန်ထျန်တုန်းလည်း ပြဿနာတက်နေပါ့လား’
‘စုချီကတော့ ပူစရာမလိုဘူး’
‘ရန်ထျန်တုန်းက ရန်ဒေသမှာ မရှိတော့ဘူးနဲ့တူတယ်၊ မဟုတ်ရင် နတ်ဆိုးဘုရင်ရဲ့ မွေးစားသားကို ဘယ်နတ်ဆိုးက တိုက်ခိုက်ရဲမှာလဲ’
‘ဒီခွေးစုတ် နောက်ဆုံးတော့ ဝဋ်လည်ပြီပဲ၊ အသိတရားရပြီး ငါ့ဆီ မြန်မြန် ပြန်လာပါတော့’
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက်အားထုတ်ပါတယ်။
ခန္ဓာကိုယ်ပေါင်းစပ် ဒုတိယအဆင့်ကို ရောက်သွားပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်သွေးမီးလျှံးဂိုဏ်းနဲ့ အသွင်မဲ့ဂိုဏ်းကို လုံးဝမကြောက်တော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အခုလောလောဆယ်မှာ အန္တရာယ်မရှိရင်တောင် အနာဂတ်ကိုတွေးပြီး သက်သောင့်သက်သာ မနေရဲပါဘူး။
ပြဒါးငှက်က ဘယ်အချိန်မှာ သေမျိုးဘုံကို ဆင်းသက်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြိုးကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ အပျင်းထူနေဖို့ အချိန်မရှိပါဘူး။
…
မှောင်မိုက်လှတဲ့ တောင်ကြားတစ်ခုအတွင်း။
စုချီဟာ ထောင့်တစ်ထောင့်မှာ ထိုင်နေပြီး မလှမ်းမကမ်းက ပုဂ္ဂိုလ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ပါတယ်။ ဒီပုဂ္ဂိုလ်ကို နတ်ဆိုးချီတွေ ဝန်းရံနေပြီး သူ့မျက်နှာမှာလည်း သွေးရောင်ကြေးခွံတွေ ရှိနေတာကြောင့် တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။
စုချီဟာ အံကြိတ်လိုက်ပါတယ် “မိစ္ဆာသခင်... ကျွန်တော်က မော်တယ်လေးပဲ၊ ကျွန်တော့်ကို ချမ်းသာပေးပါ”
မိစ္ဆာသခင်ဟာ မျက်လုံးမှိတ်လျက်နဲ့ ဆက်ကျင့်ကြံနေတုန်းပါပဲ။
စုချီဟာ ဒေါသထွက်သွားပေမဲ့ ဘာမှမပြောရဲပါဘူး။
အတန်ကြာတဲ့အခါမှာတော့ မိစ္ဆာသခင်ဆီက စကားသံ ထွက်ပေါ်လာပါတယ် “ကောင်လေး... ငါမင်းကို သတ်ချင်တယ်ဆိုရင် မင်းသေနေတာကြာပြီ၊ မင်းအခုအချိန်အထိ အသက်ရှင်နေသေးတာက မင်းမှာ အခွင့်အရေးကောင်းရှိနေလို့ပဲ၊ စိတ်ရှည်ရှည်နဲ့ စောင့်စမ်းပါ”
‘အခွင့်အရေးကောင်း’
စုချီဟာ မျက်လုံးပြူးသွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် “မိစ္ဆာသခင်က ကျွန်တော့်ကို ပညာသင်ပေးမလို့လား” စုချီဟာ အရမ်းစိတ်လှုပ်ရှားသွားပါတယ် ‘ရုပ်ဖျက်လာတဲ့ ကံကောင်းမှုပဲ’
“အင်း... ဒီလိုပြောလို့ရတယ်၊ ငါမင်းကံကြမ္မာကို ဖတ်လို့မရဘူးဆိုတော့ မင်းမှာရှိတဲ့ ကံတရားအထောက်အပံ့က သာမန်မဟုတ်နိုင်ဘူး၊ မင်းက ငါ့အမွေကို ဆက်ခံနိုင်လောက်တယ်၊ ဒီတစ်သက် ငါ့ဆန္ဒမပြည့်ဝခဲ့ရင် မင်းကို လက်လွှဲပေးရမှာပဲ” မိစ္ဆာသခင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်ပါတယ်။
စုချီက မေးလိုက်ပါတယ် “ဘာဆန္ဒလဲ”
“လူသားတွေကို အစုလိုက်အပြုံလိုက် သတ်မှာ”
စုချီဟာ ကြက်သေသေသွားပါတယ် ‘မိစ္ဆာသခင်ဆိုတဲ့ နာမည်နဲ့ လိုက်ပါပေတယ် ဒီလိုဆိုရင် ငါသူ့ကို အခွင့်အရေးရှာပြီး သတ်ပစ်ရမယ်’ စုချီဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။
စုချီဟာ သူ့ကိုယ်သူ ကြင်နာတက်တဲ့လူလို့ ခံယူထားပါတယ်။ ယွီဂျင်ဂိုဏ်းထဲ ဝင်ခဲ့တာကလည်း ယွီဂျင်ဂိုဏ်းက လက်ယာဂိုဏ်းမို့လို့ပါ။
ဟန်ကျွယ်က သူ့ကို နတ်ဆိုးနိုင်ဂိုဏ်းဆီ စေလွှတ်လိုက်တာကလည်း ကောင်းကင်ကိုယ်စား တရားမျှတအောင် ဆောင်ရွက်ချင်တာကြောင့်လို့ စုချီက ခံယူထားပါတယ်။ စုချီဟာ နတ်ဆိုးနိုင်ဂိုဏ်းထဲ ဝင်ပြီးနောက် နတ်ဆိုးနိုင်ဂိုဏ်းရဲ ရက်စက်ယုတ်မာမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာကြောင့် ဒီလိုဂိုဏ်းမျိုးက ကောင်းကင်က ဘယ်လိုမှသည်းခံမှာ မဟုတ်ဘူးလို့ တွေးမိလိုက်ပါတယ်။
စုချီဟာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ့မျက်လုံးတွေမှာ ပြတ်သားတဲ့အရိပ်အယောင်တွေ ထင်ဟပ်လာပါတယ်။
‘ဘာပဲဖြစ်ဖြစ် ဆရာသခင်က ငါ့ကို လျှို့ဝှက်ပြီး ကာကွယ်နေတာပဲ၊ ဆရာသခင်ကို စိတ်ပျက်စေလို့ မဖြစ်ဘူး’
…
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားလိုက်တာ ဆယ်နှစ်တာကာလဟာ မျက်စိတ်တစ်မှိတ်ပါပဲ။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ပေါင်းစပ် တတိယအဆင့်ကိုရောက်ဖို့ နည်းနည်းလိုနေပါသေးတယ်။ ဟန်ကျွယ်ဟာ တတိယအဆင့်ကို ထိုးဖောက်ပြီးမှာ အနားယူမယ်လို့ ဆုံးဖြတ်ထားပေမဲ့ ဖူစန်းသစ်ပင်က ထပ်လှုပ်လာပါတယ်။
‘ပြီးခဲ့တဲ့တစ်ခေါက်က နတ်သားရဲကျိုတုတ်ကို ဆွဲဆောင်ခဲ့တယ်၊ ဒီတစ်ခါကရော ဘာကို ဆွဲဆောင်နေတာလဲ’
ဟန်ကျွယ်ဟာ တစ်ကိုယ်လုံး တောင့်တင်းသွားပါတယ် ‘ဒီလိုဆက်ဖြစ်နေလို့ မရဘူး၊ ငါ ဘာလုပ်သင့်လဲ’
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုနေသလို ငရဲကြက်နက်ကို တွေးမိသွားပါတယ် ‘ငါ့ကြက်က ဖူစန်းသစ်ပင်ကို နေရာယူထားလိုက်ရင် တစ်ခြားနတ်သားရဲတွေ ထပ်လာအုန်းမှာလား’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ငရဲကြက်နက်ကို ဖူစန်းသစ်ပင်ဆီ ရွှေ့ပြောင်းဖို့ ညွှန်ကြားလိုက်ပါတယ်။
နတ်သားရဲကျိုတုတ်ကို စားပြီးတဲ့နောက်မှာ ငရဲကြက်နက့် ကျင့်ကြံမှုက စိတ်ဝိညာဉ်ပြောင်းလဲခြင်း နဝမအဆင့်ကို ထိုးတက်သွားပြီး ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်နဲ့ ခြေတစ်လှမ်းသာ လိုပါတော့တယ်။
ဒီဟာက ဂိမ်းထဲမှာဆို ခိုးဆော့တာပါ။
ဒါပေမဲ့ သေချာတွေးကြည့်မယ်ဆိုရင် ဒီဟာက အဓိပ္ပာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိုတုတ်က နတ်သားရဲဖြစ်ပြီး ငရဲကြက်နက်ကိုယ်တိုင်က အထက်ဘုံက နတ်ဆိုးပညာရှိ ပြန်ဝင်စားတာ ဖြစ်နေလို့ပါပဲ။
ဟန်ကျွယ်ရဲ့ အမိန့်ကို ကြားရတဲ့အခါမှာ ငရဲကြက်နက်ဟာ ကလန်ကဆန်မလုပ်တဲ့အပြင် စိတ်လှုပ်ရှားသွားပါတယ်။ ငရဲကြက်နက်ဟာ ဖူစန်းသစ်ပင်ဆီ အလျင်အမြန် ပျံသန်းသွားပြီး သစ်ကိုင်းတစ်ကိုင်းမှာ ကောက်ထိုင်လိုက်ပါတယ်။
လေးငါးရက် ကြာတဲ့အခါမှာတော့ ဖူစန်းသစ်ပင်ဟာ လှုပ်ခါတာ ရပ်သွားပါတယ်။ ဒီတော့မှာပဲ ဟန်ကျွယ်ဟာ သက်ပြင်းချနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဆက်လက်အားထုတ်ဖို့ ပြင်လိုက်စဉ်မှာပဲ တောင်အောက်ရောက်နေတဲ့ ရောင်ဝါတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ပါတယ်။ ဒီရောင်ဝါက တောင်အောက်ခြေမှာရှိတဲ့ ကျောက်ပြားရှေ့မှာ ထိုင်နေတာပါ။
ဒီရောင်ဝါရဲ့ ပိုင်ရှင်ကတော့ မျက်မမြင်ရှောင်ယောင်ပါ။
ဟန်ကျွယ်ဟာ တဒင်္ဂတွေးတောလိုက်ပြီး အသံလွှင့်မေးလိုက်ပါတယ် “တာအိုရောင်းရင်း... ဘာကိစ္စရှိလို့ပါလဲ”
ရှောင်ယောင်ရဲ့ ဆံပင်တွေဟာ ဖြူစွတ်နေပေမဲ့ သူ့မျက်နှာက တော်တော်လေး ငယ်ရွယ်ပါတယ်။ အပေါ်ယံကြည့်ရင် အသက်သုံးဆယ်ပဲ ရှိသေးတယ်လို့ ထင်ရပါတယ်။ ရှောင်ယောင်ရဲ့ မျက်ခွံတွေက မည်းနက်ပြီး ရှုံ့တွနေပါတယ်။ သူဟာ စုတ်ပြတ်နေတဲ့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်ပြားကိုမှီကာ မှိန်းနေပါတယ်။
ဟန်ကျွယ်ရဲ့ အသံလွှင့်စကားကို ကြားရတဲ့အခါမှာ ရှောင်ယောင်ဟာ အပျင်းကြောဆန့်လိုက်ပြီး နှေးနှေးကွေးကွေး မတ်တတ်ရပ်ကာ ပြန်ပြောလိုက်ပါတယ် “မင်းတို့ဂိုဏ်းချုပ်က ကျုပ်ကို ဂိုဏ်းထဲဝင်ဖို့ အမြဲတမ်း ဖိတ်ခေါ်နေတယ်၊ ကျုပ်လည်း ယွီဂျင်ဂိုဏ်းမှာနေတာ ကြာပြီ၊ ခင်ဗျားက ယွီဂျင်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး နတ်သတ်အကြီးအကဲ ဟုတ်တယ်မလား၊ ယွီဂျင်ဂိုဏ်းထဲဝင်ဖို့က ကျုပ်အတွက် အပန်းမကြီးပါဘူး၊ ခင်ဗျားသာ ကျုပ်ရဲ့ လက်ဝါးတစ်ချက်ကို ခုခံနိုင်ရင် ယွီဂျင်ဂိုဏ်းထဲ ကျုပ်ဝင်မယ်”