← Chapters

ယွီဂျင်ဂိုဏ်းထံ ခိုလှုံလိုခြင်း

Vol. 6 Ch. 88

ယွီဂျင်ဂိုဏ်းထံ ခိုလှုံလိုခြင်း

Vol. 6 Ch. 88

အခန်း (၈၈) ယွီဂျင်ဂိုဏ်းထံ ခိုလှုံလိုခြင်း

ဟန်ကျွယ်ဟာ ရှောင်ယောင်စကားကို ကြားတဲ့အခါမှာ မသက်မသာ ဖြစ်သွားပါတယ်။ ဒီစကားက သူပြောနေကျစကားပါ။ သူပြောနေကျစကားကို တစ်ခြားလူဆီက ပြန်ကြားရတော့ လုံးဝခံစားလို့ မကောင်းပါဘူး။

ဟန်ကျွယ်ဟာ ရှောင်ယောင်ကို မကြောက်တဲ့အတွက် အသံလွှင့်ပြီး ထပ်ပြောလိုက်ပါတယ် “ကျုပ်တို့နှစ်ယောက် ကောင်းကင်မှာ တိုက်ကြတာပေါ့”

ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ပျံထွက်ပြီး တိမ်ပင်လယ်အထက်ကို ရောက်ရှိသွားပါတယ်။ ရှောင်ယောင်လည်း ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။

စကားအပိုပြောမနေဘဲ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားကို သူ့ကိုယ်ပေါ်က စိတ်ဝိညာဉ်ရတနာအားလုံးထဲ လောင်းထည့်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ကိုယ်ပေါ်ကနေ တောက်ပတဲ့အလင်းရောင် ထွက်ပေါ်လာပြီး သေမျိုးဘုံကို ဝိဇ္ဇာတစ်ပါး ဆင်းသက်လာသလိုမျိုး ဖြစ်သွားပါတယ်။

ရှောင်ယောင်ဟာ မျက်မမြင်ဆိုပေမဲ့ နတ်အာရုံရှိနေသေးတာကြောင့် မျက်စိမြင်ခြင်း မမြင်ခြင်းက အရေးမကြီးပါဘူး “များလိုက်တဲ့ စိတ်ဝိညာဉ်ရတနာတွေပါလား...”

ရှောင်ယောင်ဟာ မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက်ဆိုသလို ယွီဂျင်ဂိုဏ်းကို စိတ်ဝင်စားသွားပါတယ် ‘ဒီပုဂ္ဂိုလ်မှာ ကျင့်ကြံမှုကို ဖုံးကွယ်နိုင်တဲ့ နည်းလမ်းရှိရမယ်၊ သူ့ကျင့်ကြံမှုက အခြေခံအဆင့် နဝမအဆင့်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ရှောင်ယောင်ဟာ သူ့လက်ဝါးကို မြှောက်ကာ ပြောလိုက်ပါတယ် “ခင်ဗျားက ဒီလောက် စိတ်ဝိညာဉ်ရတနာ အများကြီးကို ဝတ်ဆင်ထားမှတော့ ကျုပ်လည်း အားမနာတော့ဘူး၊ အစွမ်းကုန်ထုတ်သုံးမယ်”

‘တော်တော် သတိကြီးတာပဲ’

‘သူက ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့် ရှိနေတာတောင် အစွမ်းကုန် သုံးချင်တယ်ဆိုတော့ ငါ့ကို သတ်ချင်နေတာလား၊ ဒါမှမဟုတ် စကားနဲ့ ခြိမ်းခြောက်ချင်တာလား’

ဟန်ကျွယ်ဟာ တော်‌တော်ရယ်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရပေမဲ့ အပေါ်ယံမှာတော့ တည်တည်ငြိမ်ငြိမ်ပါပဲ “ခင်ဗျားရဲ့ လက်ဝါးရိုက်ချက်ကို ကျုပ် ခံနိုင်ရင် ခင်ဗျား ယွီဂျင်ဂိုဏ်းထဲဝင်ပြီး ဂိုဏ်းချုပ်စကားကို နာခံမှာလား”

“ကျုပ်က ပြောပြီးသားစကားကို ဘယ်တော့မှ မရုတ်သိမ်းဘူး၊ ကျုပ်လည်း နေထိုင်ဖို့ နေရာတစ်ခု လိုတယ်၊ ယွီဂျင်ဂိုဏ်းက ဂိုဏ်းကောင်းတစ်ခုပဲ”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ရှောင်ယောင်တိုက်ခိုက်မှာကို စောင့်နေလိုက်ပါတယ်။

ရှောင်ယောင်ဟာ သူ့ညာလက်ကို မြှောက်လိုက်တဲ့အခါမှာ တိမ်ပင်လယ်အထက်မှာ တိုက်ခိုက်နေတဲ့လေဟာ ရပ်တန့်သွားပြီး လေထုတစ်ခုလုံး လူသတ်ငွေ့တွေ ပျံ့နှံ့သွားပါတယ်။

ရှောင်ယောင်ဟာ မျက်စိမမြင်ပေမဲ့ ဟန်ကျွယ်က လုံးဝမကြောက်ဘူးဆိုတာကို ခံစားသိရှိလိုက်ရပါတယ်။ ရှောင်ယောင်ဟာ သူ့လက်ဝါးထဲကို စွမ်းအားကုန် စုစည်းလိုက်ပြီး ဟန်ကျွယ်ရင်ဘက်ကို လှမ်းရိုက်လိုက်ပါတယ်။

“ဝုန်း...”

သူတို့နှစ်ဦး ခြေထောက်အောက်က တိမ်ပင်လယ်ဟာ လွှင့်စဉ်ထွက်သွားပြီး ရှောင်ယောင်လည်း ထိတ်လန့်သွားပါတယ်။ ဘာလို့လဲဆိုတော့ အင်အားကြီးမားတဲ့ တန့်ပြန်စွမ်းအားကို ခံစားလိုက်ရတာကြောင့်ပါ။

အငိုက်မိသွားတဲ့ ရှောင်ယောင်ဟာ အနောက်ကို လွှင့်ထွက်သွားပါတယ်။

ခန္ဓာကိုယ်ပေါင်းစပ်ခြင်း ဒုတိယအဆင့် ရောက်နေတဲ့ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း နဝမအဆင့်မှာပဲ ရှိနေသေးတဲ့ ရှောင်ယောင်ကို ရှုံးဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်ပါဘူး။ တမင်သက်သက် အရှုံးမပေးရင်ပေါ့။

ဟန်ကျွယ်ဟာ ရှောင်ယောင်ကို ကြောက်သွားစေချင်တဲ့အတွက် စွမ်းအားကုန်းသုံးပြီး တောင့်ခံလိုက်တာပါ။ ရှောင်ယောင်ဟာ နောက်ကိုလွှင့်ထွက်သွားပြီး သွေးတစ်လုတ် အန်ထွက်သွားပါတယ်။

ရှောင်ယောင်ဟာ ထိတ်လန့်သွားပြီး အံကြိတ်လိုက်ပါတယ် “ခန္ဓာကိုယ်ပေါင်းစပ်အဆင့်”

ကနဦးဝိညဉ်ကျင့်ကြံသူက ဂိုဏ်းချုပ်ဖြစ်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်းမှာ ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူတစ်ဦး ပုန်းအောင်းနေလိမ့်မယ်လို့ ရှောင်ယောင် ဘယ်တော့မှ ထင်မထားခဲ့ပါဘူး။ ယွီဂျင်ဂိုဏ်းမှာရှိတဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူက စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်မှာပဲ ရှိလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါမှမဟုတ် ဒီထက်အားနည်းတဲ့အဆင့်မှာပေါ့။

ဟင်းလင်းပြင်းပေါင်းစပ်ခြင်း ကျင့်ကြံသူတောင် မရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းမှာ ခန္ဓာကိုယ်ပေါင်းစပ် ကျင့်ကြံသူတစ်ဦး ရှိနေတာက တကယ့်ကို ထူးဆန်းတဲ့ကိစ္စတစ်ခုပါ။

ရှောင်ယောင်ဟာ မတ်မတ်ပြန်ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ် “အခုအချိန်ကစပြီး ကျုပ်က ယွီဂျင်ဂိုဏ်းဝင်ပဲ”

[ရှောင်ယောင်သည် သင့်အား အကောင်းမြင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

‘သူက ငါ့ကို အကောင်းမြင်သွားပြီလား၊ ကြည့်ရတာ ဒီလူက တော်တော်လေး လိမ္မာပါးနပ်ပုံပဲ’

ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပြီး ရှောင်ယောင်ကို သတိပေးစကား ဆိုလိုက်ပါတယ် “ငါရဲ့ကျင့်ကြံမှုအကြောင်းကို ဘယ်သူကိုမှ မပြောနဲ့”

ဟန်ကျွယ်စကားကြောင့် ရှောင်ယောင်ဟာ အံအားသင့်သွားပါတယ် “ဂိုဏ်းက မသိဘူးလား”

“ငါ့ ကျင့်ကြံခြင်းအဆင့်နဲ့ ယွီဂျင်ဂိုဏ်းမှာ ဆက်ရှိနေတာက ထူးဆန်းရာ ရောက်လွန်းတယ်၊ ဒီကိစ္စကြောင့် ဂိုဏ်းပြဿနာတက်မှာကို ငါမလိုချင်ဘူး၊ ထာဝရအသက်ကလွဲရင် ငါ ဘာကိုမှ စိတ်မဝင်စားဘူး၊ ငါက အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ချင်ရုံပဲ” ဟန်ကျွယ်က ရှင်းပြလိုက်ပါတယ်။

ရှောင်ယောင်ဟာ ဟန်ကျွယ်ကို အထင်မကြီးဘဲ မနေနိုင်အောင် ဖြစ်သွားပါတယ်။

“ငါပြောစရာ ကုန်ပြီ၊ ဂိုဏ်းချုပ်ကို သွားရှာချည်၊ သူက မင်းအတွက် လိုအပ်တာတွေ စီစဉ်ပေးလိုက်ပါတယ်” ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။

ရှောင်ယောင်ကတော့ တိမ်ပင်လယ်ထက်မှာ အတွေးများစွားနဲ့ ကျန်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရှောင်ယောင်ဟာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အဓိက‌တောင်ထိပ်ဆီ ပျံသန်းသွားပါတော့တယ်။

ဟန်ကျွယ် ကျင့်ကြံခြင်းလိုဏ်ဂူဝကို ပြန်ရောက်တဲ့အခါမှာ ဖူစန်းသစ်ပင်ပေါ်က ငရဲကြက်နက်က စောဒက တက်ပါတယ် “သခင်... အဲဒီကောင်ကို ဘာလို့ သင်ခန်းစာ မပေးလိုက်တာလဲ၊ အဲဒီကောင်က တော်တော်ဘဝမြင့်လွန်းတယ်၊ သခင် သူ့ကို ဓားနဲ့တစ်ချက်လောက် ခုတ်ပစ်လိုက်ရမှာ”

ရွှင်ချန်အန်းဟာ ငရဲကြက်နက်လောက် ကျင့်ကြံမှုအဆင့် မမြင့်မားတဲ့အတွက် ဟန်ကျွယ်နဲ့ ရှောင်ယောင် တိုက်ခိုက်တာကို မသိပါဘူး။

ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်ပါတယ် “ငါ မင်းကို တစ်ချက် တိုက်မယ်လေ၊ မင်း ခံရဲလား”

‘ဒီကြက်က နည်းနည်း ဘဝမြင့်လာပါလား၊ မဖြစ်ဘူး... ငါ သူ့ကို နှိပ်ကွပ်ပစ်ရမယ်၊ သတိကြီးတဲ့ကြက်ပုံစံကို ဆုံးရှုံးသွားလို့ မဖြစ်ဘူး’

ငရဲကြက်နက်ဟာ ဟန်ကျွယ်အမေးကြောင့် ကြောက်လန့်တကြား ခေါင်းခါလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ဖက်ကိုလှည့်လိုက်ပြီး ငရဲကြက်နက်ဆီ အသံလွှင့်စကား ပြောလိုက်ပါတယ် “ဒီကောင်က ဝိဇ္ဇာနဲ့ နတ်ဘုရားတွေရဲ့ မုန်းတီးခြင်းကို ခံထားရတာ၊ သူ့မျက်လုံးကို မင်းတွေ့လား၊ အဲဒီလိုဖြစ်သွားတာ ဝိဇ္ဇာနဲ့ နတ်ဘုရားတွေရဲ့ ကျိန်စာကြောင့်ပဲ”

ငရဲကြက်နက်ဟာ မျက်လုံးပြူးသွားပါတယ် ‘ဝိဇ္ဇာနဲ့ နတ်ဘုရား ကျိန်စာ’

“အပြင်လောကက အရမ်းအန္တရာယ်များတယ်၊ သိပ်ပြီး ဘဝမြင့်မနေနဲ့၊ မင်းက နတ်သားရဲ ကျိုးတုတ်ကို စားခဲ့တယ်၊ အဲဒီကျိုတုတ်က ဘယ်ကလာလဲ မင်းသိလား၊ အဲဒီနတ်သားရဲကျိုတုတ်က နတ်သားရဲ ပြဒါးငှက်ရဲ့သားပဲ၊ အဲဒီ အထက်ဘုံက ပြဒါးငှက်က မင်းကို စောင့်ကြည့်နေပြီ၊ တစ်နေ့ကျလို့ ပြဒါးငှက် လက်စားလာချေရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် ကြိုးကြိုးစားစား အားထုတ်၊ ငါ့တွက်ချက်မှုအရ ဒီပြဒါးငှက်က မင်းနဲ့ငါ့ကို တော်တော့်လေး မုန်းနေတာ၊ အဲဒါကြောင့် ငါလည်း ဂူအောင်းကျင့်ကြံတော့မယ်”

ဟန်ကျွယ်ရဲ့ အသံလွှင့်စကားကြောင့် ငရဲကြက်နက်ဟာ လုံးဝတုန်လှုပ်ချောက်ချားသွားပါတယ်။

‘ပြဒါးငှက်လား’

“ဂလု...”

ငရဲကြက်နက်ဟာ ရုတ်တရက်ဆိုသလို ပျို့အန်ချင်သလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ သူအန်ချင်ရင်တောင် အန်ထုတ်လို့ မရတော့ပါဘူး။

ဟန်ကျွယ်ဟာ ငရဲကြက်နက်ရဲ့ တုန်လှုပ်ချောက်ချားသွားတဲ့ အမူအရာကို မြင်ရတဲ့အခါမှာ ကျေနပ်အားရသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲဝင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။

ရွှင်ချန်အန်းဟာ ငရဲကြက်နက် တုန်လှုပ်ချောက်ချားနေတာကို မြင်ရတဲ့အခါမှာ ခေါင်းခြောက်သွားပါတယ်။ ဘာဖြစ်လို့ ငရဲကြက်နက်က ဒီလောက်ထိ ကြောက်လန့်နေမှန်း ရွှင်ချန်အန်း ဘယ်လိုမှ စဉ်းစားလို့မရပါဘူး။

နောက်နေ့မှာတော့ ယွီဂျင်ဂိုဏ်းဟာ ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အကြီးအကဲတစ်ဦး ရှိလာပြီဖြစ်ကြောင်း ကြော်ငြာလိုက်ပါတယ်။ ဒီကြော်ငြာချက်ကြောင့် ဂိုဏ်းတစ်ခုလုံး စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်သွားပါတယ်။ ဒီအဆင့်ဟာ ဂိုဏ်းတည်ထောင်သူဘိုးဘေး ရောက်ရှိနေတဲ့ အဆင့်ဖြစ်တာကြောင့် ယွီဂျင်ဂိုဏ်းဝင်တွေ ဘယ်လောက်ထိ ပျော်ရွှင်သွားကြမလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။

ရှောင်ယောင်ရဲ့ နာမည်ကလည်း ဂိုဏ်းတစ်ခုလုံးကို တစ်ခဏချင်း ပျံ့နှံ့သွားပါတယ်။

လီချင်းဇဲ့ဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ်။ ရှောင်ယောင်က စွမ်းအားကြီးပေမဲ့ ဟန်ကျွယ်ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပါဘူး။ ဒီထက်ပိုပြီးအရေးကြီးတာက တိုက်ခိုက်မှန်းကို မသိလိုက်ရတာပါ။

ဒါကို ဘာကိုဆိုလိုလဲဆိုတော့...

ဟန်ကျွယ်က ရှောင်ယောင်ထက် အများကြီးစွမ်းအားကြီးတဲ့အတွက် တိုက်ပွဲက တစ်ခဏချင်း ပြီးသွားတယ်လို့ ဆိုလိုနေပါတယ်။

‘အကြီးအကဲဟန်က ယွီဂျင်ဂိုဏ်းရဲ့ တကယ့်ထောက်တိုင်ကြီးပဲ’

ဒီလိုတွေးမိတဲ့ လီချင်းဇဲ့ဟာ အကြီးအကဲတွေကို တစ်ဦးချင်းလိုက်တွေ့ပြီး ရှောင်ယောင်ကို မျက်နှာသာပေးချင်တာနဲ့ ဟန်ကျွယ်ကို လျစ်လျူမရှူဘဲ လိုက်သတိပေးပါတယ်။

ဟန်ကျွယ်ရဲ့ လိုအပ်ချက်က ယွီဂျင်ဂိုဏ်းရဲ့ ထိပ်တန်းအရေးကြီးကိစ္စ ဖြစ်တာကြောင့် ဘယ်သူမှ ပေါ့ပေါ့ဆဆ မလုပ်ရဲပါဘူး။

…

ငါးနှစ်တာကာလဟာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပြီး ရန်ဒေသတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လာခဲ့ပါတယ်။

ဝေ့ဒေသက ကောင်းကင်သွေးမီးလျှံဂိုဏ်းဟာ ရန်ဒေသကို ရှောင်ကွင်းပြီး ကုယွမ်ဒေသက အသွင်မဲ့ဂိုဏ်းကို တိုက်ခိုက်ပါတယ်။ ဒီဂိုဏ်းနှစ်ဂိုဏ်းစလုံးဟာ နက်ရှိုင်းတဲ့ အုတ်မြစ်တွေ ရှိကြပါတယ်။

ဝေ့ဒေသကို မစုစည်းခင်ကတည်းက ကောင်းကင်သွေးမီးလျှံဂိုဏ်းဟာ အလွန်အင်အားကြီးပြီး ပတ်ဝန်းကျင်ဒေသက ကျင့်ကြံခြင်းဂိုဏ်းတွေကို နာမည်ကြားရုံနဲ့တင် ကြောက်ရွံ့စေပါတယ်။ ဒါပေမဲ့ ကောင်းကင်သွေးမီးလျှံဂိုဏ်းက အသွင်မဲ့ဂိုဏ်းကို တိုက်ခိုက်တဲ့အခါမှာတော့ တိုက်ပွဲအခြေအနေက လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။

ကောင်းကင်သွေးမီးလျှံဂိုဏ်းဟာ အသွင်မဲ့ဂိုဏ်းကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ လုံးဝဖိနှိပ်ခံလိုက်ရပါတယ်။ ကောင်းကင်သွေးမီးလျှံဂိုဏ်းရဲ့ ခန္ဓာကိုယ်ပေါင်းစပ်အဆင့် ဧည့်အကြီးအကဲဟာလည်း ပြင်းထန်စွာ ဒဏ်ရာရပြီး ဒဏ်ရာပြန်ကုဖို့ တစ်နေရာရာမှာ ပုန်းအောင်းနေရပါတယ်။

ဒီအချိန်မှာ အသွင်မဲ့ဂိုဏ်းက ဝေ့ဒေသကို ချီတက်လာပါတယ်။ သူတို့က ကောင်းကင်သွေးမီးလျှံဂိုဏ်းကို လုံးဝဖျက်ဆီးချင်တာ ထင်ရှားပါတယ်။

ကျင့်ကြံခြင်းလောကက ဂိုဏ်းအကုန်လုံးဟာ တုန်လှုပ်ချောက်ချားနေပါတယ်။ ဒီဂိုဏ်းကြီးနှစ်ခုရဲ့ တိုက်ပွဲဟာ ဂိုဏ်းတော်တော်များများကို သက်ရောက်မှု ရှိပါတယ်။

ကောင်းကင်သွေးမီးလျှံဂိုဏ်း။

နားနေဆောင်ထဲမှာ တာအိုသခင်တျန်ကုန်းနဲ့ ဂိုဏ်းချုပ်လျူပုမီဟာ စကားပြောနေကြပါတယ်။ လျူပုမီရဲ့ မျက်နှာဟ ဖြူဖတ်ဖြူရော် ဖြစ်နေပါတယ်။ အင်အားကြီးမားတဲ့ အသွင်မဲ့ဂိုဏ်းကို သူ ဆက်ပြီး တောင်မခံနိုင်ထားတော့ပါဘူး။ ကောင်းကင်သွေးမီးလျှံဂိုဏ်းသာ ပျက်စီးသွားရင် ဘိုးဘေးတွေကို သူ မျက်နှာပြရဲမှာ မဟုတ်တော့ပါဘူး။

တာအိုသခင်တျန်ကုန်းဟာ သက်ပြင်းချပြီး ပြောလိုက်ပါတယ် “ဧည့်အကြီးအကဲတောင် ထွက်ပြေးသွားပြီဆိုတော့ ကျုပ်တို့တွေ အသွင်မဲ့ဂိုဏ်းကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး”

လျူပုမီဟာ အံကြိတ်လိုက်ပါတယ် “အဲဒါဆိုရင် ကျုပ်တို့တွေ ဘာလုပ်သင့်လဲ၊ ကျုပ်တို့တွေက သူသေကိုယ်သေ ရန်သူတွေ ဖြစ်နေပြီ၊ အညံခံလို့ မရတော့ဘူး”

ကောင်းကင်သွေးမီးလျှံဂိုဏ်းဟာ ကျင့်ကြံခြင်းလောကရဲ့ ပြက်လုံးတစ်ခု ဖြစ်လာခဲ့ပါပြီ။ သူတို့တွေဟာ အရင်တုန်းက မာနအရမ်းကြီးခဲ့ကြပါတယ်။ အခု သူတို့တွေ ဒုက္ခရောက်တော့ ဘယ်သူမှ မကူညီကြတော့ပါဘူး။

တာအိုသခင်တျန်ကုန်းက ပြောလိုက်ပါတယ် “ကျုပ်တို့တွေ တစ်ခြားဂိုဏ်းကို အညံခံလို့ရတာပါ၊ ကျုပ်တို့ရဲ့ အမွေအနှစ်ကို ဆက်ထိန်းသိမ်းထားနိုင်ဖို့ ကျင့်ကြံခြင်းလောကက အင်အားစုတစ်စုရဲ့ လက်အောက်ခံဖြစ်တာက ရှက်စရာမှ မဟုတ်တာ”

“ကျုပ်လည်း အဲဒါကို တွေးထားပါတယ်၊ ဒါပေမဲ့ ဝေ့ဒေသက ပတ်လည်က ဂိုဏ်းတွေထဲမှာ ကျုပ်တို့ကောင်းကင်သွေးမီးလျှံဂိုဏ်းထက် အင်အားကြီးတဲ့ဂိုဏ်း ရှိလို့လား၊ အသွင်မဲ့ဂိုဏ်းကို ယှဉ်တိုက်နိုင်တဲ့ဂိုဏ်းတွေက ကျုပ်တို့နဲ့ အဝေးကြီးမှာပဲ ရှိတယ်”

လျူပုမီဟာ ပြောလေ စိတ်သောကရောက်လေ ဖြစ်လာပါတယ် ‘ကြည့်ရတာ ကောင်းကင်က ကောင်းကင်သွေးမီးလျှံဂိုဏ်းကို ပျက်သုဉ်းစေချင်တဲ့ပုံပဲ’

“ကျုပ်တို့တွေ ယွီဂျင်ဂိုဏ်းဆီမှာ ခိုလှုံလို့ရတယ်” တာအိုသခင်တျန်ကုန်းဟာ သူ့မျက်လုံးကို ကျဉ်းလိုက်ပါတယ်။

All Chapters